ကျမနဲ့ အငိုမျက်ရည်
ငိုတယ်ဆိုတာ လူဖြစ်လို့မွေးဖွားလာကတည်းက အစပြုခဲ့တာပဲမဟုတ်ပါလား။
ကျမတို့ကိုမွေးတုန်းက ငိုလိုက်တဲ့အသံဟာ မိဘတွေကို ပီတိဖြစ်စေခဲ့တယ်။
နောက်တော့ လသားအရွယ်မှာ ဗိုက်ဆာလို့ အချီခံချင်လို့ငိုတဲ့အခါ အမေတွေကပြုံးရင်းချီပိုးခဲ့ကြတယ်။
သည်လိုနဲ့ နဲနဲကြီးလာတော့ လိုချင်တာတခုခုရှိရင်ငိုတတ်ခဲ့တယ်။ မကျေနပ်တာကို အငိုမျက်ရည်နဲ့ ပြခဲ့တယ်လေ။
အသက် ၂နှစ် ၃နှစ်လောက်ဆိုရင် အမေအလုပ်သွားတာ ဈေးသွားတာကိုစောင့်ရင်း အမေကိုမတွေ့ရလို့ငိုမိခဲ့သေးတာပေါ့။
ကလေးတယောက်ရဲ့ အလွမ်းဟာ မျက်ရည်နဲ့ ပြခဲ့ရတယ်။
အသက် ၅နှစ် ၆နှစ်လောက်ဆိုရင် မကျေနပ်တာတွေကိုပြရင်း စိတ်ကောက်တတ် ငိုတတ်ခဲ့ပြီ။
အသက် ၉နှစ်လောက်ဆိုရင် အပြင်အကြောင်းအရာလေးတွေကိုလည်း ခံစားတတ်ပြီလေ။ သူများကိုကြည့်ရင်း ၀မ်းနည်းတတ်ခဲ့ပြီ။
၁၀နှစ်လောက်မှာ အဖေကဆူရင် စိတ်ဆိုးရင်း မျက်ရည်မကျအောင်ကြိတ်နေတတ်ပြီ။ ဒါပေမယ့် စိတ်ထဲကတော့ ငိုလို့ပေါ့။
၁၁နှစ်လောက်က သူငယ်ချင်းက အဝေးကိုပြောင်းသွားရင် ငိုချင်ပြီလေ။ ကလေးဘ၀မှာ တစုံတယောက်ကခွဲသွားတဲ့အခါ၊ အိမ်ကကြောင်ကလေးသေတဲ့အခါ တယောက်ထဲမျက်ရည်ကျခဲ့ဖူးတယ်လေ။
၁၂နှစ်လောက်ရောက်တော့ ရှက်လို့ငိုခဲ့ရတာတွေလည်းရှိခဲ့တယ်။ လူကြီးတွေကစရင် ရှက်လို့ငိုတဲ့အခါတွေလည်းရှိခဲ့တယ်။
၁၃နှစ် ၁၄နှစ်လောက်ဆို အမေနဲ့ ဆန့်ကျင်ဘက်အတွေးက၀င်ပြီလေ။ ကိုယ်ဖြစ်ချင်တာလုပ်ချင်တာတွေမလုပ်ရရင် ကြိတ်မျက်ရည်ကျပြီ။
၁၅နှစ် ၁၆နှစ်မှာ အတွေးတွေစိတ်ကူးတွေရှိလာပြီ၊ တခြားတယောက်အတွက် ခံစားတတ်လာပြီပေါ့။
တခါတလေအလကားနေငိုချင်နေတတ်ခဲ့တယ်။ ၀ထ္တုဖတ်ရင်း ရုပ်ရှင်ကြည့်ရင်း သူများပြောတာတွေနားထောင်ခံစားရင်း ငိုချင်နေပြီပေါ့။
အသက် ၂၀လောက်ကစပြီး အပြင်လောကရဲ့ သောကတွေ ပူပန်မူတွေကို ဝေမျှခံစားတတ်လာပြီ။ သောကနဲ့ ငိုတတ်လာခဲ့ပြီပေါ့။ အဲဒီအချိန်ကစပြီး မကျေနပ်တဲ့ ဒေါသ၊ လောဘတွေ၊ ခံစားမူတွေကြောင့် ငိုတတ်ခဲ့တယ်။ မုန်းတဲ့သူကြောင့်၊ ချစ်တဲ့သူကြောင့် ငိုမိခဲ့တယ်။ အချိန်တွေကြာလာတော့ ကလေးတုန်းက ငိုခဲ့တာတွေ မေ့နေခဲ့ပေမယ့် ဆက်ငိုနေတုန်းပါပဲ။ ချစ်သူကို စိတ်ဆိုးလို့ ငိုခဲ့တာ၊ ချစ်သူနဲ့ လမ်းခွဲရလို့ ငိုခဲ့ရတာတွေဟာ အချစ်ကြောင့် မျက်ရည်တွေကျခဲ့တယ်လို့ ပြောရမလား… တကယ်တော့ သည်မျက်ရည်တွေဟာ ကိုယ့်အတ္တအတွက်ဆိုလည်းမမှားပါဘူး။ ကိုယ်လိုချင်တာတစုံတရာဆုံးရှုံးသွားတဲ့အခါ ငိုတာမဆန်းပေမယ့် အချစ်အတွက်လို့ ဆိုကြတယ်လေ။
မိန်းကလေးတယောက်အနေနဲ့ ငိုခဲ့မျက်ရည်ကျခဲ့တာတွေဟာ တစုံတရာကို ပြောချင်ပေမယ့် ပြောမထွက်တဲ့ ခံစားချက်တွေရဲ့ သက်သေတွေပါ။ ကလေးဘ၀ကတည်းက ခံစားချက်တခုခုကိုပြတဲ့သဘောပါပဲ။
ပျော်လို့ စိတ်လှုပ်ရှားရင်းမျက်ရည်ကျခဲ့တဲ့အခါလည်းရှိခဲ့ဖူးပါတယ်။ မျက်ဝန်းနဲ့ မျက်ရည်တွေဟာ ခံစားချက်ကိုဖုံးထားလို့မရတဲ့အရာတွေပါပဲ။
ကျမဟာ မေမေ့အိမ်နဲ့ အဝေးကြီးမှာရှိတဲ့ တနေရာမှာ ပညာသင်ဖို့ထွက်လာတော့ တစိမ်းတွေကြားမှာအထာမကျတဲ့အခါ အိမ်ကိုလွမ်းတဲ့စိတ်နဲ့ မျက်ရည်ကျခဲ့ရတယ်။ နောက်တော့ နေထိုင်မကောင်းတော့ ပိုဆိုးပါတယ်။ ဆေးရုံပေါ်မှာတယောက်ထဲ အားငယ်ဝမ်းနည်းစိတ်နဲ့ ငိုခဲ့တယ်။ မျက်ရည်တွေကျခဲ့တယ်။ ချစ်သူက အားပေးတော့ ၀မ်းနည်း ၀မ်းသာစိတ်နဲ့ မျက်ရည်ကျခဲ့ပြန်တယ်။
တခါတလေ သူက သူ့ကြောင့်မျက်ရည်ကျရတာကို အလိုက်မသိတတ်ပဲ "ဘာလို့ငိုရတာလဲ တိတ်"လို့ပြောရင် သူ့ကို စိတ်ပိုဆိုးလို့ငိုခဲ့မိသေးတယ်။ မိန်းကလေးတွေမှာငိုတဲ့အခါ ခံစားချက်တခုခုရှိလို့ပေါ့။ ဘာလဲဆိုတာ မသိတတ်ရင် ပိုငိုချင်တတ်တယ်လေ။ သူက ကျမကို "…. မောင်မကြိုက်ဘူး မငိုနဲ့"လို့ မျက်ရည်တွေသုတ်ပေးရင်းအမိန့်သံနဲ့ပြောတော့ ပိုငိုမိတယ်။ " မောင့်ကိုချစ်ရင်မငိုနဲ့၊ ခုတိတ်တော့နော်"လို့ပြောတော့ အငိုတိတ်လိုက်ပေမယ့် ရင်ထဲမှာတော့ရှိုက်တုန်း ငိုနေတုန်းဆိုတာ သူမသိဘူးလေ။ တခါတလေ သူက ကျမငိုနေတာကြည့်ရင်း ကလေးကျနေတာပဲဆိုပြီး စရင်းရီ(ရယ်)နေတတ်တယ်။ ကျမကလည်းတခုခုဆို အငိုလွယ်တယ်။ ကျမငိုနေတုန်းတခြားတယောက်နဲ့ဖုံးပြောနေတယ်။ အဲလိုအခါတွေမှာ ကျမပိုပြီး ငိုချင်ခဲ့တယ်။ ဒေါသနဲ့ထပ်မျက်ရည်ကျခဲ့တယ်။
တခါတလေတွေးမိတယ်။ ကလေးငယ်လေးတွေစိတ်ဆိုးပြီး ဒေါသနဲ့ခြစ်ငိုတာကို လူကြီးတွေကရီနေခဲ့ကြတယ်။ ပြုံးပြီးကြည့်ခဲ့ကြတယ်။ ကျမလည်းသည်လိုပဲ ပြုံးမိခဲ့တယ်။ ချစ်တဲ့စိတ်နဲ့ပါ။ ကလေးလေးကတော့ စိတ်ဆိုးမှာပေါ့နော်။ ငါငိုတာသူတို့က ကြည့်ပြီးပြုံးနေတယ်လို့။ နောက်မှ ချော့မော့ရတယ်။ ကလေးတွေက ငိုလည်းချစ်ဖို့ကောင်းတာကိုး။ ဒါပေမယ့် သူတို့မှာလည်း တခုခုအလိုမကျခံစားရလို့ ငိုတာမျက်ရည်ကျတာပါ။ သူက ကျမကို တခါတလေ အဲသည်လို ဆက်ဆံရင်အတော်ခံရခက်ပါတယ်။ သူ့ဆီကတစုံတခု ကြင်နာမူလိုချင်လို့ဆိုတာ တခါတရံမေ့များနေသလားပဲ။ ကျမကိုယ်တိုင်လည်း တခါတလေမေ့နေမိတတ်ခဲ့ပါတယ်။
မျက်လုံးထဲကနေ စီးကျ၊ထွက်ကျလာရတဲ့မျက်ရည်ဆိုတာ ခံစားချက်တွေပါလာတယ်ဆိုတာ အားလုံးသိမှာပါ။ မျက်ရည်တွေကုန်ခမ်းသွားရင်တော့ အားလုံးကိုလစ်လျှူရှုလိုက်ပြီဆိုတဲ့သဘောပါပဲ။ ခုထိတော့ ကျမဘာကိုမှသိပ်လစ်လျှူမရှုနိုင်သေးပါ။ ကျမရဲ့ မျက်ရည်တွေ ဘယ်တော့ ကုန်သွားမလဲဆိုတာ တွေးရင်း...
အင်ကြင်း
10: 57 pm
5 Jan. 2012

0 comments:
Post a Comment