Tuesday, January 3, 2012

ခြောက်ခြားဖွယ်ရာ ည

by K Aung Soe on Tuesday, January 3, 2012 at 6:22pm
 
ကျွန်တော်တို့ မြန်မာပြည်တွင် အသုဘအိမ်ဆိုလျှင် လူသေပြီး ရက်မလည် မခြင်း ( ၇ )ရက် မပြည့်မခြင်း ညတိုင်း ဖဲဝိုင်းရှိတတ်သည် ။ အသုဘအိမ်တွင်ကစားသော ဖဲဝိုင်းကို ရဲမဖမ်းချေ အိမ်ရှင်ကပင် လိုလိုလားလားဖြင့်ပင် ခွင့်ပြုပြီးသကာလ စားသောက်ဖွယ်ရာများဖြင့်ပင် တည်ခင်းဧည့်ခံတတ်သေးသည် ။ ထို့ကြောင့် ဖဲကစားတာ ဝါသနာပါသူတို့က မိမိတို့နေထိုင်ရာ ရပ်ကွက် (သို့) မြို့တွင်း၌ အသုဘအိမ်ရှိမရှိကို လိုက်လံ နားစွန့်နေတတ်ကြသည် ။ အသုဘအိမ်ရှိပါက ( ၇ ) ရက်မပြည့်မခြင်း ညစဉ်သွား၍ ရိုက်ကြသူများလည်းရှိ၏ ။ အကယ်၍ တစ်စုံတစ်ယောက်က အသုဘ အိမ်တွင် ဘာကြောင့် ဖဲဝိုင်းရှိသလဲ ဘယ်တုန်းက စပေါ်ခဲ့တဲ့ ဓလေ့လဲ ဟုမေးလာပါက တိတိပပ ဖြေနိုင်သူ အင်မတန် နည်းပေလိမ့်မည် ။ ကျွန်တော်ကိုယ်တိုင်လည်း တိတိပပ မဖြေနိုင်ပါ သို့ပေမယ့် ကျွန်တော် စိတ်အထင်အတိုင်း ချရေးပါမည် သဘောမတူနိုင်လျှင်လည်း ကိစ္စမရှိပါ ။


မိသားစု တစ်စုတွင် မိသားစုဝင် တစ်ဦးဦး သေခဲ့ပါက ထိုလူသေ အလောင်းအား အနည်းဆုံးတော့ သုံးလေးရက် ထားတတ်ကြသည် ။ ထိုအခါ မိမိတို့ မည်မျှပင် ချစ်ခင်အားကိုးသောသူ ဖြစ်စေအုံးတော့ ညအိပ်သည့် အခါတွင် အိမ်၌ လူသေအလောင်းကောင်ကြီးရှိနေသောကြောင့် ကြောက်စိတ်တော့ ဖြစ်ကြပေမည် ။ ( သေပြီးသောလူသေသည် ဖုတ်မကောင်းဆိုးဝါးဝင်ပူးကာ ထ၍စားသောက်ဖွယ်ရာများ ယူစားခြင်း လူတို့အား နှိပ်စက်ခြင်း စသော ပုံပြင်များသည် ယနေ့ခေတ်လူငယ်များထိတိုင်ပင် ခြောက်လှန့်နေဆဲ ဖြစ်သလို အကယ်၍ အာဠာဝက ၊ ပုဏ္ဏက စသော အထက်လမ်း အောက်လမ်း ဆရာတို့၏ အစီအရင်ဖြင့်လောကီဆေးများ စုတ်ထိုးထားသော သူသေပါက ၄င်း အလောင်းအား ကြောင်အနက်က ဖြတ်ကျော်ခဲ့လျှင် ပြန်ထတတ်သည်ဟူသော့ အယူအဆကြောင့် လူသေအား သေပြီဆိုတာ သေချာသည်နှင့် မကောင်းဆိုးဝါး ဝင်ပူး၍ ဒုက္ခမပေးစေရန် လောကီနည်း အစီအရင်ဖြင့် လည်းကောင်း ပရိတ်ကြိုးဖြင့်လည်းကောင်း ခြေမ ခြင်းပူးချည်ထားသော အလေ့အထ သည်ယနေ့ထိတိုင် ရှိနေတတ်ကြသည်မှာ မငြင်းနိုင်ချေ ။ ) ယနေ့လို သိပ္ပံပညာ တိုးတက်နေသော ခေတ်တွင်ပင် ၄င်း အယူအဆလေးတွေ မစွန့်ပယ်နိုင်ကြသေးလျှင် ရှေးကဆို ပိုမို၍ အယူသည်းကြောက်လန့်ကြမည်မှာ ဆိုဖွယ်ရာမရှိချေ ။

ထိုသို့သော အယူအဆများကြောင့် အသုဘရှင်များ ကြောက်လန့်အားငယ်ခြင်း မဖြစ်စေရန် ရပ်ထဲ ရွာထဲမှ လူများ ညဘက်တွင် လာရောက် စောင့်ပေးကြပေမည် ။ ထိုအခါ လူတို့ ညဘက်တွင် အိပ်ငိုက်ခြင်း မဖြစ်စေရန် လောင်းကစားရာတွင် ဝါသနာထုံလေ့ရှိကြသော လူတို့၏ အကျင့်အရ ဖဲ သို့မဟုတ် အခြားသော လောင်းကစားနည်းဖြင့် ခြောက်ခြားဖွယ်ရာညကို ဖြတ်သန်းဖို့ စိတ်ကူးရရှိခဲ့ဖြင်းဖြစ်ပေမည် ။ ထိုမှတဆင့် ယနေ့တိုင် အစဉ်အလာ မပျက် အသုဘ အိမ်ဆိုလျှင် ဖဲ ဝိုင်းသည် အလိုအလျောက် ပေါ်ပေါက်လာတတ်စမြဲ ဖြစ်ပေမည် ။

ရန်ကုန်မြို့စွန်တစ်နေရာတွင် ကျွန်တော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း တစ်ယောက် ငယ်ငယ်ရွယ်နှင့်ဆုံးပါးသွားရှာလေသည် ။ ၄င်းမှာ မိခင်အိုကြီးကို လုပ်ကျွေးနေသူဖြစ်သောကြောင့် အမေတစ်ခု သားတစ်ခုဘဝသာဖြစ်၍ ၄င်းသေဆုံးသွားသည့် အခါ လုပ်ကိုင်ပေးမည့်သူ မရှိသောကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ကြသော နိုင်ထူး ၊ သံလွင် ၊ မျိုးသက်ပိုင် ၊ သြကာ စည်သူ ၊ ဝင်းမင်းဦး စသောသူတို့သည် အလျှိုလျှိုရောက်လာကြရတော့သည် ။ မိခင်အိုကြီး တစ်ဦးတည်းရှိသောအိမ်ဖြစ်သောကြောင့် အစစ အရာရာ ကျွန်တော်တို့ကပင် တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ကိုင်ရလေတော့သည် ။

သို့နှင့် ညချမ်းရောက်လာသည့်အခါ အလောင်းကို စောင့်ရန်အတွက် ဖဲဝိုင်းစီစဉ်ရလေတော့သည် လျှပ်စစ် ကျွမ်းကျင်သူ နိုင်ထူးမှာလည်း မီးပျက်သွားပါက အသင့်သုံးရန် မီးစက် ငှားလာခဲ့ကာ မီးဆင်ထားသည် ။ ရပ်ကွက်ထဲမှ နီးစပ်ရာ လူငယ် လေးငါး ဆယ်ယောက်ခန့် လာရောက်၍ မသာစောင့်ရင်း ဖဲရိုက်ကြလေသည် ။ အိမ်မှာလည်း အနည်းငယ်ကျဉ်းသောကြောင့် ဖဲ့ဝိုင်းသုံးဝိုင်းနှင့်ပင် အိမ်ဧည့်ခန်း ပြည့်လုနီးဖြစ်သွားသည် ။ ဆင်းရဲ နွမ်းပါသော အိမ်ဖြစ်သောကြောင့် လူသေ အလောင်းမှာလည်း ခုတင် မရှိ၍ ကြမ်းခင်းပေါ်မှာပဲ ထားရသည် ။ ကျွန်တော်တို့တစ်တွေ လူသေအလောင်းရဲ့ မနီးမဝေး အနေအထားတွင် ဖဲဝိုင်းထောင်၍ ရိုက်ကြလေသည် ။ မောင်သံလွင် ဒိုင်ကိုင်သည့် ဝိုင်းမှာ အခြေအနေမကောင်း ထို့ကြောင့် ည ၁၂ နာရီခန့်တွင်ပင် ပါသမျှ တက်တက်ပြောင်အောင် ကုန်သွားလေသည် ထို့ကြောင့် သစ်ကိုင်းလက်လွတ်ဖြစ်ကာ မြေပေါ်ကျသော မျောက်ကို မျောက် အသိုင်းအဝိုင်းက ဝိုင်းကျဉ်သကဲ့သို့ ဖဲဝိုင်းမှ လူများလည်း သူ့အား ဖဲဝိုင်းနားကပ်ခွင့်မပေးတော့ချေ မောင်သံလွင်မှာ အိမ်ပြန်ယူရမှာလည်း ကြောက်သောကြောင့် ချောင် တစ်ချောင်တွင် ကုပ်၍ နေရရှာလေတော့သည်။ ထို့နောက်တွင် ဖဲဝိုင်းတွင် အားသန်နေကြ၍ မောင်သံလွင်အား မည်သူမျှ ဂရုမပြုမိကြတော့ချေ အကယ်၍ ထိုအချိန်ပင် လူသေအလောင်းထလာလျှင်ပင် ဂရုစိုက်မိမည်မဟုတ်ချေ မီးကလည်း လင်းထိန်နေပြီးလျှင် ဖဲဝိုင်းမှာ အားသန်၍ မဲ နေကြသည်ကိုး … ။

ဒီလိုနှင့် ည ၂ နာရီအရောက်တွင် မီးများပျက်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမည်းသွားလေသည် ထိုအခါနိုင်ထူးမှာ ဆဲဆို၍ ဖဲဝိုင်းမှ ထ သွားပြီးလျှင် မီးစက်ရှိရာသို့ထွက်သွားလေသည် ။ မီးပျက်ပြီး မှောင်မည်းသွားကာမှ ဖဲဈာန်တက်နေသော ကစားသမားများသည် ဖဲ ဈာန်များပျောက်ကွယ်ကာ မိမိတို့လက်ရှိအခြေအနေကို ဂရုစိုက်မိသွားပြီး လူသေအလောင်းသာ ဒီအချိန်ထလာခဲ့ရင် ဆိုသော မယုံမရဲ အတွေးလေးကိုယ်စီနှင့် ကြောက်လန့်ငြိမ်သက်စွာ အမှောင်ထဲတွင် ထိုင်နေမိကြသည် ။ လ ကမသာပေမယ့် အလင်းရောင် အနည်းငယ်ရှိသောကြောင် လူတွေ အခြင်းခြင်း လူလုံးမကွဲပေမယ့် ခပ်ရေးရေးလေးတော့ မြင်နေရသည် ။ နိုင်ထူး မီးစက်နိုးပြီး မီးလင်းလာမည့် အချိန်ကိုစောင့်ရင်း မသိမသာ အလောင်းဘက်ကို အာရုံစိုက်နေမိခိုက်တွင် အလောင်းရှိရာ နေရာမှ ရုတ်တရက်

“ ဟီး … ” ဆိုသော ညဉ်းသံပေးကာ ကမန်းကတန်း ထလာသဖြင့် ရှိသမျှလူများ ဆံပင်မွှေးများထောင်အောင် ကြောက်လန့်သွားကာ အသံမျိုးစုံဖြင့် အော်ဟစ်လျက် အိမ်ပေါ်မှ ဝရုန်းသုန်းကား ခုန်ချ ထွက်ပြေးကြလေသည် ။ အောက်မှ နိုင်ထူးကလည်း ဘုမသိ ဘ မသိဖြင့်လိုက်ပြေးရလေသည် ။ ထိုအချိန်တွင်မှ ပတ္တရောက်လည့်လာသော ရဲများနှင့်တွေ့ကာ ဘာဖြစ်တာလဲ ဟုဝိုင်းမေးသည် ထိုအခါ မျိုးသက်ပိုင်မှ သတ္တိရှိစွာဖြင့် “ အ အလောင်းကောင် ထလာလို့ဗျ ” ဟုတုန်တုန်ယင်ယင်ဖြင့် ဝင်ဖြေလိုက်သည် ။ မေးမြန်းလာသော ရဲ အရာရှိသည်ပင် အံ့အားသင့်သွားရသည် ယုံရခက် မယုံရခက်ဖြစ်နေသည် ထိုအခိုက်မှ လျှပ်စစ်မီးများ ပြန်လင်းလာသဖြင့် အသုဘ ရှိရာအိမ်သို့ ပြန်သွားကြရန် ရဲအရာရှိမှ တိုက်တွန်းသဖြင့် အားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်လာရလေသည် ။

အသုဘ အိမ်သို့ရောက်သော် အလောင်းမှာ နေရာမယွင်း မူလ အနေအထား မပျက် ထိုအခါ ရဲအရာရှိမှ

“  ဒါဆို မင်းတို့ထဲက တစ်ယောက်ယောက်နောက်တာပဲ နေမှာ မင်းတို့လူတစ်တွေ ဖဲစရိုက်ကတည်းက ဒီလူတွေပဲလား အဝင်အထွက် ဘယ်သူရှိသလဲ မသင်္ကာစရာလူ ဘယ်သူဖြစ်နိုင်မလဲ ဆိုတာ ပြန်စဉ်းစားကြည့်ကြစမ်း ” ဟုဆိုလာသဖြင့် အားလုံးထဲမှ လူကြီးဖြစ်သော ကိုဝင်းမင်းဦးမှ ဖဲဝိုင်းမှ စောစောစီးစီးပျောက်သွားသော မောင်သံလွင်ကို သတိထားမိသွားသည် ။ ထို့နောက် မောင်သံလွင်ကို လိုက်ရှာကြည့်ရာ လှေခါးရင်းတွေ ခွေခွေလေးလဲကျနေကာ ညဉ်းညူနေသည်ကိုတွေ့ရသည် ။ ထို့ကြောင့် ကိုဝင်းမင်းဦးမှ မောင်သံလွင်ကိုမေးလိုက်သည်။
“ ဟေ့ကောင် မင်းဖဲဝိုင်းကနေ စောစောစီးစီးထွက်သွားပြီး ဘာလုပ်နေတာလဲ ဘယ်သွားနေတာလဲ ” ဟုမေးရာ မောင်သံလွင်မှ

“ ကျွန်တော်လည်း ပါသမျှ ပိုက်ဆံကုန်သွားတော့ ဖဲဝိုင်းနားကပ်လို့ မရတော့တာရယ် နေ့လည်က အလုပ်ပင်ပန်းနေတာကြောင့် အိပ်ချင်လာတာနဲ့ လွတ်တဲ့နေရာရှာပြီး အိပ်မလို့နေရာကြည့်တော့ အလောင်းထားတဲ့နေရာနားမှာပဲ လွတ်တာဆိုတော့ အစကတော့ ကြောက်သွားသေးတယ်ဗျ နောက်တော့ ခင်များတို့လည်း ရှိနေတာကြောင့် အလောင်းဘေးမှာပဲ ဝင်အိပ်လိုက်ရတာ အိပ်လို့ပျော်သွားပြီး တရေးနိုးလာတော့ ပတ်ဝန်းကျင် အကုန်လုံးကလည်း မဲမှောင်နေတယ် ခင်များတို့ကြည့်တော့လည်း မမြင်ရတော့ဘူးလေ ဒီတော့ ဟာ … ငါအလောင်းဘေးမှာ အိပ်နေတုန်း ဒီလူတွေ ငါ့ကိုထားခဲ့ပြီနေမှာလို့ တွေးမိပြီး အထိတ်တလန့်နဲ့ ထထိုင်မိတော့ ခင်များတို့တစ်တွေက ဝူးဝူးဝါးဝါးနဲ့အော်ပြီး ထပြေးတာကြောင့် ကျွန်တော်လည်း လန့်ပြီးပြေးရတာပေါ့ မမြင်စမ်းဝါးနဲ့ဆိုတော့ လှေခါးကနေချော်ကြပြီး ခြေထောက်နာသွားပြီး  မထနိုင်လို့ ဒီမှာ ငြိမ်နေရတယ်ဗျ ဘာဖြစ်ကြတာတုန်း ”

ဟုဖြေလိုက်သဖြင့် ကျွန်တော်တို့တစ်တွေ စိတ်ထဲကမှာ ကြောက်လန့်နေတဲ့ အကြောက်တရားတို့ လွင့်ပျယ်သွားပြီး မိမိတို့ အဖြစ်သည်း အသည်းငယ်မိပုံကိုတွေးမိကာ တခွိခွိနဲ့ ကျိတ်ရယ်ကြတယ် နောက်တော့မှ အားလုံးပဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့တယ် ခင်များ …. ။

အော် …ခြောက်ခြားဖွယ်ရာညရယ် …. ။

သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ အဖြစ်အပြက်လေးကို ဖြည့်စွပ်ရေးသားလိုက်ပါသည် … ။

နည်းနည်းလေးပဲ ဖြစ်ဖြစ်ပြုံးဖြစ်တယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်ဗျာ … ။

K Aung Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...