ချစ်ခင်တဲ့သူ ဘယ်လောက်ရှိပါသလဲ
ဒီတစ်ပတ်တော့ အမှတ်မထင် ပြောလိုက်ကြတဲ့ စကားလေးတစ်ခွန်းကို စဉ်းစားရင်းနဲ့
ထွက်ပေါ်လာတဲ့ အတွေးလေးတစ်ခုအကြောင်း ဆွေးနွေးကြည့်ချင်ပါတယ်။ တခြားတော့
မဟုတ်ပါဘူး၊ အများရဲ့ ချစ်ခင်လေးစားမှုတွေနဲ့ သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေရဲ့
တန်ဖိုးတွေအကြောင်းပဲဖြစ်ပါတယ်။ ကျနော်ဆွေးနွေးမယ့်အကြောင်းအရာက
ကွယ်လွန်သူတွေနဲ့ ဆက်စပ်ပတ်သက်နေတာမို့ နှစ်သစ်အခါသမယမှာ မင်္ဂလာမရှိဘူးလို့
ယူဆမယ်ဆိုရင်တော့ ခွင့်လွှတ်စေချင်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း အခုရက်ပိုင်းအတွင်းမှာပဲ ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ ဈာပနအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကောလိပ်တစ်ခုက စာသင်ခန်းထဲမှာ စကားဆက်စပ်ပြောဆိုမိကြပါတယ်။ အရင်ဆုံး ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနကို တစ်ရက်တည်းမှာတင် လူပေါင်း ၂ သန်းလောက်က သွားရောက်ဂါရဝပြုကြတဲ့အကြောင်း ဆရာမ ဖြစ်သူက ကျောင်းသားတွေ ကို ပြောပြပါတယ်။ (လွန်ခဲ့တဲ့ ၇ နှစ်က အာရ်အက်ဖ်အေ မှာ အသံလွှင့်ခဲ့တဲ့ ဆောင်းပါးကို ပြန်တင်ပေးတာပါ။)
ပြီးတော့ သူက “ကြည့်စမ်း .. လူတစ်ယောက်ရဲ့ ဈာပနကို လူပေါင်း ၂ သန်းလောက်က သွားပြီး ကြည့်ကြတယ်။ ဒီလို လူအများကြီးက ဈာပနကို ရောက်လာဖို့ဆိုတာ ထင်လောက်စရာတောင် မရှိဘူး။ ဘယ့်နှယ့်လဲ မင်းတို့ သေရင်ရော လူ ဘယ်နှစ်ယောက်လောက် လာလိမ့်မယ်လို့ ထင်လဲ။ သူ့လိုပဲ လူ ၂ သန်းလောက် လာမယ် ထင်လား” လို့ မေးပါတယ်။ တပည့်တွေကို မေးတယ်ဆိုပေမယ့် သူ့ကိုယ်သူလည်း ပြန်မေးတဲ့ ပုံစံပါပဲ။
ဒီလို မေးလိုက်တဲ့အချိန်မှာပဲ ကျနော်ကလည်း အများရဲ့ လေးစားချစ်ခင်မှုနဲ့ အဲဒီလို လေးစားမှုရအောင် လုပ်ဆောင်ခဲ့သူတွေ အကြောင်းကို တွေးလိုက်မိပါတယ်။ မော်ကွန်းရုပ်ရှင်က မှတ်တမ်းတင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဈာပနအခမ်းအနားမှာ လူပေါင်း ထောင်သောင်းချီပြီး လိုက်လံပို့ဆောင်ကြတာကို ကြည့်ခဲ့ဖူးပါတယ်။ ဒီလိုပဲ အိန္ဒိယက လွတ်လပ်ရေးဖခင် မဟတ္တမ ဂန္ဒီရဲ့ ဈာပနအခမ်းအနားကိုလည်း လူအများကြီး သွားရောက် ပို့ဆောင်ခဲ့ကြပါတယ်။ ဗြိတိသျှ အိမ်ရှေ့မင်းသမီး ဒိုင်ယာနာရဲ့ ဈာပနဆိုရင်လည်း ပို့လိုက်ကြတဲ့ ပန်းခြင်းတွေ၊ ပန်းစည်းတွေက ပန်းပင်လယ်ကြီး ဖြစ်လောက်အောင်ကို များပြားခဲ့တာပါပဲ။ ဒါက အထင်ကရ လူပုဂ္ဂိုလ်တွေရဲ့ ဈာပနမြင်ကွင်းတချို့သာ ဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်က လူမှုဝန်ထမ်း ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေရဲ့ ဈာပနတွေကိုလည်း လူအများက သွားရောက်ပို့ဆောင်ခဲ့ကြတာပါပဲ။ ရုပ်ရှင်မင်းသမီးတစ်ယောက်သေလို့ သူ့ရဲ့ဈာပနကို ရောက်လာမယ့် ရုပ်ရှင် မင်းသားမင်းသမီးတွေကို ကြည့်ချင်လို့ သွားယောက်ခဲ့ကြသူတွေ ရှိပေမယ့် ကွယ်လွန်သွားသူကို နှမြောလို့၊ လေးစားလို့၊ ချစ်ခင်လို့ လိုက်လံပို့ဆောင်ကြသူတွေ ကလည်း တပုံကြီးပါ။ ဒါက ဘာကိုပြသလဲဆိုတော့ လူတစ်ယောက်ဟာ သူ့ရဲ့သက်တမ်းအတွင်းမှာ တန်ဖိုးရှိရှိ နေထိုင်ခဲ့သလား၊ လုပ်ရပ်ကောင်းတွေ ရှိခဲ့သလားဆိုတာကို ကျန်ရစ်တဲ့သူတွေက အဆုံးအဖြတ် ပေးလိုက်တာပဲဖြစ်ပါတယ်။
ဒီနေရာမှာ အမိန့်တွေ အာဏာတွေနဲ့ အတင်းအကျပ် လုပ်ဆောင်တွေမှုက မေတ္တာတရားကို အနိုင်ရမှာလားဆိုတဲ့ အကြောင်းကိုလည်း ဆက်စပ်ပြီး တွေးကြည့်လိုက်မိပါတယ်။ အာဏာရှိတဲ့ လူတစ်ယောက်အနေနဲ့ သူ အသက်ထင်ရှား ရှိနေတုန်းမှာ ကြိုက်သလို အမိန့်ပေး၊ ကြိုက်သလို စေခိုင်းလို့ရပါတယ်။ သူမှာ လုပ်ပိုင်ခွင့်အားလုံး ရှိနေတယ်ဆိုတော့ အားလုံးကလည်း ကြောက်စိတ်နဲ့ ဦးညွတ်ကြမှာပါပဲ။ ဆန္ဒရှိမယ်ဆိုရင် “ကျုပ်ကို လေးစားကြရရဲ့လား၊ ကြည်ညိုကြရဲ့လား”လို့ မေးပြီး အာဏာနဲ့ ခေါင်းညိတ်ခိုင်းလို့တောင် ရနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ သေဆုံးသွားတဲ့အချိန်မှာတော့ တချိန်လုံး ငါ့ရှေ့မှာ ခေါင်းငုံ့ခဲ့သူမှန်သမျှ ငါ့ဈာပနကို လိုက်ပို့ရမယ်။ ငါ့ဈာပနကို ဂါရဝ ပြုရမယ်လို့ အမိန့်ပေးလို့ မရနိုင်တော့ပါဘူး။ ကြိုပြီး အမိန့်ပေးခဲ့မယ်ဆိုရင်တောင် လိုက်နာကြမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လူအများက ကြည်ညိုလေးစားတဲ့ လူပုဂ္ဂိုလ်ရဲ့ ဈာပနကိုတော့ အန္တရာယ်တွေကြားကတောင် လိုက်လံပို့ဆောင်တဲ့သူတွေက အများကြီးပါ။ ဒီလို သာဓကတွေက ကျနော်တို့တိုင်းပြည်မှာလည်း အများကြီး ရှိနေပါတယ်။ ဥပမာအားဖြင့် ထောင်နဲ့ချီတဲ့ လူတွေက ဒေါ်ခင်ကြည်ရဲ့ ဈာပနကို လိုက်လံပို့ဆောင်ခဲ့သလို၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ဈာပနပွဲကို လိုက်ပို့ခဲ့လို့ ထောင်ကျခဲ့ရတဲ့သူတွေတောင် ရှိပါတယ်။ ဒီဈာပနပွဲတွေဆိုရင် စစ်ထောက်လှမ်းရေးပေါင်း များစွာက ပြောင်ပြောင်တင်းတင်း ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် လုပ်နေတဲ့ကြားက ကိုယ့်ဆန္ဒနဲ့ကိုယ် လိုက်လံပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ သေဆုံးသွားသူတွေက တောင်းဆိုလို့၊ ကျန်ရစ်တဲ့သူတွေက ပန်ကြားလို့မဟုတ်ဘဲ လေးစားကြည်ညိုစိတ်၊ ချစ်ခင်စိတ်တွေနဲ့ လိုက်လံ ပို့ဆောင်ခဲ့ကြတာသာ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ ကောင်းမွန်တဲ့ အမူအကျင့်၊ ကောင်းမွန်တဲ့ စိတ်ဓာတ်၊ ကောင်းမွန်တဲ့လုပ်ရပ်တွေ ရှိခဲ့လို့သာ အခုလို အသိအမှတ်ပြုကြတာဖြစ်ပါတယ်။
ဒီလို လူပုဂ္ဂိုလ်တွေအကြောင်းကို စဉ်းစားကြည့်လိုက်တဲ့အခါ ကျနော်တို့က ကိုယ့်ကိုယ်ကို သိမ်ငယ်သွားသလိုတောင် ခံစားလိုက်ရပါတယ်။ ကိုယ်လေးစားလို့၊ ကိုယ်ကြည်ညိုလို့ တစုံတယောက်ရဲ့ ဈာပနကို လိုက်ပို့ခဲ့ပေမယ့် ကိုယ့်အလှည့်မှာ ကိုယ့်ကို ကြည်ညိုလေးစားတဲ့သူက ဘယ်လောက်ရှိမှာလဲ။ ကိုယ့်အတွက် ဘယ်သူတွေက နှမြောတသကြမှာလဲ ဆိုတာကလည်း တွေးကြည့်စရာ ပါ။ ဘယ်သူမဆို တိုတောင်းတဲ့ လူ့ဘဝအတွင်းမှာ ချစ်သူ မုန်းသူ ဘယ်လောက်ရှိသလဲ၊ ဘယ်လိုလူတွေက ကိုယ့်ကို ချစ်ပြီး ဘယ်လိုလူတွေက ကိုယ့်ကိုမုန်းတာလဲ စတဲ့ မေးခွန်းတွေကို ဆင်ခြင်ကြည့်ရင်း ကိုယ့်အတွက်ရော အများအတွက်ပါ အဆင်ပြေစေနိုင်တဲ့ လုပ်ဆောင်မှုတွေကို ချန်ခဲ့နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ။
ထိန်လင်း
၁၁၊ ၄၊ ၂ဝဝ၅

0 comments:
Post a Comment