Saturday, December 3, 2011

Transparency International အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု ကမ္ဘာ့ အဆိုးဆုံးမှာရှိ



နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်အရေးအဖွဲ့ကြီး (Transparency International) က နှစ်စဉ် ကမ္ဘာ့နိုင်ငံများရဲ့ အဂတိလိုက်စားမှု အခြေအနေကို အစီရင်ခံစာ ထုတ်ပြန်လေ့ရှိပြီး၊ ယခု ၂၀၁၁ ခုနှစ် နိုင်ငံပေါင်း ၁၈၂ နိုင်ငံအတွက် အစီရင်ခံစာကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
TI အဖွဲ့က ကမ္ဘာ့နိုင်ငံတွေရဲ့ ခြစားမှုအခြေအနေကို ဖော်ပြရာမှာ၊ ပြည်သူ့ဘဏ္ဍာငွေကို တစ်ဦးချင်းကိုယ်ကျိုးအတွက် အလွဲသုံးမှုများ၊ ရုံးဌာန လာဘ်ပေးလာဘ်ယူမှုများ၊ နိုင်ငံတကာလှုဒါန်းငွေ အလွဲသုံးမှုများ စတဲ့အချက်တွေပေါ် အခြေခံပြီး စစ်တမ်းကောက်ယူ ဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံ ၁၈၂ နိုင်ငံအတွက် အဂတိလိုက်စားမှု ညွှန်းကိန်းကို (၀) နှင့် (၁၀) ကြား သတ်မှတ်ထားသည်။
ရမှတ် (၀) ရှိတဲ့ နိုင်ငံက အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး၊ ရမှတ် (၁၀) ရှိတဲ့ နိုင်ငံက အဂတိလိုက်စားမှု အကင်းရှင်းဆုံး အသန့်ရှင်းဆုံးနိုင်ငံ ဟု သတ်မှတ်ထားသည်။
၎င်းညွှန်းကိန်းအရ နယူးဇီလန် (၉.၅)၊ ဒိန်းမတ် (၉.၄)၊ ဖင်လန် (၉.၄)၊ ဆွီဒင် (၉.၃)၊ စင်္ကာပူ (၉.၂) ငါးနိုင်ငံက ရမှတ်မြင့်မားပြီး အဂတိလိုက်စားမှု အကင်းရှင်းဆုံး ထိပ်ဆုံးငါးနိုင်ငံအဖြစ် သတ်မှတ်ခံရသည်။
၂၀၁၁ ခုနှစ်မှာ ရမှတ်အနည်းဆုံးနဲ့ အဂတိလိုက်စားမှု အဆိုးရွားဆုံး ဖြစ်နေတဲ့ အောက်ခြေ ငါးနိုင်ငံကတော့ ဥဇဘက်ကစ္စတန် (၁.၆)၊ အာဖဂန်နစ္စတန် (၁.၅)၊ မြန်မာ (၁.၅)၊ မြောက်ကိုရီးယား (၁)၊ ဆိုမားလီယား (၁) တို့ ဖြစ်သည်။
နိုင်ငံပေါင်း ၁၈၂ နိုင်ငံအတွက် အဂတိလိုက်စားမှုအဆင့် သတ်မှတ်ရာမှ မြန်မာနိုင်ငံက အောက်ဆုံး အဆင့် ၁၈၀ မှာရှိပြီး၊ ၄င်းအောက်မှာ နှစ်နိုင်ငံက မြောက်ကိုရီးယားနှင့် ဆိုမားလီးယား တို့သာ ရှိသည်။ စစ်ပွဲများဖြစ်နေသည့် အာဖဂန်နစ္စတန် ထက်ပင် မြန်မာက အဂတိလိုက်စားမှု ပိုများနေသေးသည်။
နောက် ကုလသမဂ္ဂက နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (ပညာရေး၊ ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ) နဲ့ တိုင်းတာလေ့ရှိသည်။ လူသားဖွံ့ဖြိုးမှု ညွန်းကိန်း (HDI) တွက်ချက်မှုမှာ ရမှတ် (၀) နဲ့ (၁) ကြား သတ်မှတ်ထားပြီး၊ ရမှတ် (၀) က အညံ့ဖျင်းဆုံး၊ (၁) မှာ အကောင်းဆုံးဖြစ်သည်။
၂၀၁၁ ခုနှစ့် မြန်မာနိုင်ငံရဲ့ HDI ရမှတ်မှာ (၀.၄) ဖြစ်ပြီး နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အဆင့်က ၁၄၉ မှာ ရှိသည်။ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားသော၊ ဗုဒ္ဓသာသာနာ ထွန်းကားသော မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ညွှန်းကိန်း ဖော်ပြချက်အရ ကမ္ဘာ့ပေါ်တွင် သူခိုးအပေါဆုံး နိုင်ငံဖြစ်နေပြီး၊၊ ဖွံ့ဖြိုးမှု ညွန်းကိန်းအရ (ကျန်းမာရေး၊ ပညာရေး၊ တစ်ဦးချင်းဝင်ငွေ စသည်) ကမ္ဘာ့အညံဖျင်းဆုံးနိုင်ငံ အုပ်စုထဲတွင် ရောက်ရှိနေသည်။
အောက်ပါဇယားတွင် နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုညွန်းကိန်းကို အလျားလိုက် ပြထားပြီး၊ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းကို ထောင်လိုက် ပြထားပါသည်။ နယူးဇီလန်၊ နော်ဝေ၊ စင်္ကာပူ တို့က မျဉ်းကွေးရဲ့ ထိပ်ဆုံးမှာ ရှိနေပြီး၊ မြန်မာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ကွန်ဂိုတို့က မျဉ်းကွေး အောက်ဆုံးပိုင်းမှာ ရှိသည်။ မြန်မာပြည်ကို ချစ်သော ရွှေမြန်မာတိုင်း လက်ရှိ မြန်မာ့အခြေအနေကို ပကတိရှုမြင်ကြပါကုန်။

ဝင့်ထန်း
Source: Transparency International & UN & EIU
မောက္ခ ပညာရေး မဂဇင်းမှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...