Saturday, December 3, 2011

လူ့အခွင့်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကျော်များ အပိုင်း (၈) ။

by သား လိမ် မာ on Saturday, December 3, 2011 at 7:05pm
 
အမေရိကန်လူ့အခွင့်အရေးသမိုင်းမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း အသက် ရဝ ကျော် အရွယ်မှာမှ ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံခဲ့ရတဲ့ အမျိုးသမီးကြီးတယောက် ရှိခဲ့ဖူးပါတယ်။ သူ့ကို အလုပ်သမားတွေက မာသာဂျုံးစ်လို့ ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ အမေဂျုံးစ်ပေါ့။ အမေဂျုံးက ကြွေးကြော်ခဲ့တဲ့စကားတခွန်း ရှိပါတယ်။ “အလုပ်သမား တိုက်ပွဲရှိတဲ့ နေရာမှာ အမေဂျုံးစ် အမြဲရှိတယ်” ဆိုတဲ့စကားပါ။ အမေဂျုံးစ်တို့လို သက်ကြီးရွယ်အိုတွေ ကိုယ်တိုင် ဒီလို စိတ်အားထက်ထက်သန်သန် တိုက်ပွဲဝင်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားအခွင့်အရေးတွေကို ခံစားခဲ့ရတာ ဖြစ်ပါတယ်၊၊
ဒါကြောင့်လည်း အမေဂျုံးစ်ကို အမေရိကန်လူ့အခွင့်အရေးသမိုင်းမှာ နေရာတခု ပေးနေရဆဲပါ။ အမေရိကန်မှာထုတ်ဝေတဲ့ နာမည်ကျော် မာသာဂျုံးစ်မဂ္ဂဇင်းဟာ သူ့ကိုရည်စူးဂုဏ်ပြုပြီး ထုတ်ဝေတာဖြစ်ပါတယ်။
အမေဂျုံး စ်ရဲ့ အမည်ရင်းက မာရီဟဲရစ်စ်ဂျုံးစ်ဖြစ်ပါတယ်။ ၁၈၃၇ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ အိုင်ယာလန်နိုင်ငံမှာ မွေးဖွားခဲ့တာပါ။ မာသာဂျုံးစ် အဖေဘက်က တော်လှန်ရေးသမားတွေပါ။ သူ့အဖိုးက ကြိုးပေးသတ်တာ ခံခဲ့ရသလို သူ့အဖေဟာလည်း နိုင်ငံရေးလုပ်ရင်း အိုင်ယာလန်မှာ နေလို့မရတော့တာနဲ့ အမေရိကကို ထွက်ပြေးလာရပါတယ်။ အဲဒီအချိန်မှာ မာသာဂျုံးစ် အသက်က ၅ နှစ်ပဲ ရှိပါသေးတယ်။
မာသာဂျုံးဟာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ပညာသင်ကြား ကြီးပြင်းလာပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ အထက်တန်း ပညာပြီးဆုံးတော့ သီလရင်ကျောင်းတကျောင်းမှာ ဆရာမ ဝင်လုပ်ပါတယ်။ ၈ လကြာပြီးတဲ့နောက်မှာ ချီကာဂိုမြို့ကို ပြောင်းပြီး အပ်ချုပ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီကနေ မင်းဖစ္စမြို့ကို ရွှေ့ပြောင်းပြီး ကျောင်းဆရာမ လုပ်ပြန်ပါတယ်။ အဲဒီမှာ သံထည်အလုပ်သမား ဂျော့ဂျုံးစ်နဲ့ တွေ့ပြီး အိမ်ထောင်ပြုပါတယ်။ အိမ်ထောင်ပြုတော့ သူ့အသက်က ၃၁ နှစ်ရှိပါပြီ။ ယောက်ျားဖြစ်သူက အလုပ်သမားအဖွဲ့မှာ ပါဝင်လှုပ်ရှားသူဖြစ်တဲ့အတွက် မာသာဂျုံးစ်ဟာလည်း အလုပ်သမားတွေနဲ့ ထိတွေ့ပေါင်းသင်းရင်း သူတို့ရဲ့ ဆိုးရွားနေတဲ့ ဘဝကို ပိုပြီးနားလည်လာပါတယ်။
အသက် ၃၇ နှစ်အရွယ်မှာတော့ မာသာဂျုံးစ်ရဲ့ဘဝမှာ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကို တွေ့ကြုံရပါတယ်၊၊ ယောက်ျားဖြစ်သူရော ကလေးလေးယောက်ပါ အသားဝါရောဂါနဲ့ တပတ်အတွင်းသေဆုံးသွားတဲ့ အဖြစ်ဆိုးကြီးပါ။ ဒီအဖြစ်ဆိုးကြီးကို ကြုံတွေ့ရပြီးနောက်မှာ သူဟာ ချီကာဂိုကိုပြန်ပြီး စက်ချုပ်တဲ့အလုပ်ကို လုပ်နေပြန်ပါတယ်။ စာသင်တဲ့အလုပ်ထက် အထည်ချုပ်ရတဲ့အလုပ်ကို ပိုသဘောကျတယ်လို့ မာသာဂျုံးစ်က ပြောပါတယ်။ အထက်တန်းလွှာတွေအတွက် အဝတ်အထည်ချုပ်လုပ်ပေးရင်း အထက်တန်းလွှာလူတန်းစားနဲ့ အခြေခံအလုပ်သမား လူတန်းစားကြား အခွင့်အရေးနဲ့ လူမှုအဆင့်အတန်း ကွာဟချက်ကိုလည်း ပိုမို သိမြင်လာခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ်မှာ နောက်ထပ် အဖြစ်ဆိုးကြီးနဲ့ ကြုံရပြန်ပါတယ်။ ချီကာဂိုမြို့မှာ မီးအကြီးအကျယ် လောင်ကျွမ်းတဲ့အတွက် မာသာဂျုံးစ်ပိုင်ဆိုင်သမျှဟာလည်း မီးထဲ ပါသွားပါတယ်။ ဒီ့နောက်မှာတော့ မာသာဂျုံးစ်ဟာ အလုပ်သမားအခွင့်အရေးတိုက်ပွဲထဲမှာ အပြည့်အဝ ပါဝင်လာပါတော့တယ်။ ကမ္ဘာ့စက်ရုံအလုပ်သမားအဖွဲ့ကြီးကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါတယ်။
အလုပ်သမားတွေ ဆန္ဒပြတဲ့နေရာတိုင်းမှာ မာသာဂျုံးစ်ဟာ အားပေးကူညီပါတယ်။ တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်လို့ ယုံကြည်သူဖြစ်တဲ့အတွက် လုပ်ခတိုးဖို့၊ အလုပ်ချိန်လျှော့ဖို့ အလုပ်သမားတွေ ဆန္ဒပြသပိတ်မှောက်တာမျိုးကို တိုက်တွန်းခဲ့ပါတယ်။ ဟောပြောတဲ့နေရာမှာ အလွန်အားမာန်ပါတဲ့အတွက် အလုပ်သမားတွေဟာ စိတ်အားတက်ကြွလာပြီး ဘယ်လိုတိုက်ပွဲမျိုး၊ အခက်အခဲမျိုးကိုမဆို ရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်လာတတ်ပါတယ်။ မာသာဂျုံးစ်ဟာ သူတို့အတွက် အမေတယောက်လို ဖြစ်လာပြီး မာသာဂျုံးစ်ပါဝင်တဲ့ ပွဲတိုင်းဟာ အလုပ်သမားတွေအတွက် အရေးပါတဲ့ပွဲတွေ ဖြစ်လာပါတယ်။
၁၉ဝဝ ပြည့်နှစ်ကစပြီး အလုပ်သမားလှုပ်ရှားမှုတွေမှာ သူတို့ရဲ့ဇနီးမယားတွေပါ ပါဝင်လာအောင် မာသာဂျုံးစ်က စည်းရုံးခဲ့ပါတယ်။ အလုပ်သမားတွေ ဆန္ဒပြချီတက်ပွဲလုပ်ရင် သူတို့ဇနီးတွေပါ လိုက်ပါချီတက်အောင် စီစဉ်ပေးပါတယ်။ ၁၉ဝ၁ ခုနှစ်မှာတော့ ရက်ကန်းစက်ရုံမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ၊ အိမ်ဖော်အလုပ်လုပ်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေကို မာသာဂျုံးစ်က စည်းရုံးစီစဉ်ပေးခဲ့ပါတယ်။ မာသာဂျုံးစ်လို သက်ကြီးတယောက်က တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ဒီလိုအလုပ်သမားသပိတ်တွေဟာ အလွန် အရှိန်အဟုန်ကြီးခဲ့ပါတယ်။ ၁၉ဝ၃ ခုနှစ်မှာ ပင်ဆီဗေးနီးယားပြည်နယ် ကန်စင်စတန်မြို့ကနေ နယူးယော့မြို့ကို ကလေးတွေနဲ့ ချီတက်ဆန္ဒပြပွဲတခုကို သူဦးစီး ရှေ့ဆောင်ခဲ့ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးအလုပ်သမားတွေနဲ့ ပတ်သက်ပြီး သမ္မတရူးစဗဲ့ သိအောင် လုပ်ခဲ့တာပါ။
ဒါပေမယ့် အာဏာပိုင်တွေနဲ့ စက်ရုံပိုင်ရှင်များဘက်ကတော့ မာသာဂျုံးစ်ကို အကြမ်းဖက်မှုတွေဖြစ်လာအောင် အလုပ်သမားတွေကို သွေးထိုးပေးတဲ့သူ၊ အကြမ်းဖက်အောင် လှုံ့ဆော်ပေးနေသူလို့ မြင်နေပါတယ်။ ဒါကြောင့်ပဲ မာသာဂျုံးစ်ဟာ နှစ်ကြိမ်အဖမ်းခံခဲ့ရပါတယ်။
ပထမအကြိမ်က ၁၉ဝဂ ခုနှစ်မှာ ဖြစ်တာပါ။ အနောက်ဗာဂျီနီးယားနယ်က သတ္ထုတွင်းအလုပ်သမားတွေ သပိတ်မှောက်ပွဲဖြစ်ရာမှာ သတ္ထုတွင်းပိုင်ရှင်တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းပါတယ်။ ကုမ္ပဏီရဲ့ လုံခြုံရေးအစောင့်တဦး အသတ်ခံခဲ့ရတဲ့အတွက် ဒီသပိတ်ပွဲကို ခေါင်းဆောင်ခဲ့သူ မာသာဂျုံးစ်ကို ဖမ်းပြီး အနှစ် ၂ဝ ထောင်ချခဲ့ပါတယ်။ နောက်ပိုင်းမှာ အထက်လွှတ်တော်က ကော်မရှင်တခု ဖွဲ့စည်းပြီး စုံစမ်းရာမှာ အပြစ်မရှိကြောင်း တွေ့တဲ့အတွက် ပြန်လွတ်လာပါတယ်၊၊ အဲဒီအချိန်မှာ မာသာဂျုံးစ်အသက်က ၇၈ နှစ် ရှိနေပါပြီ။
ဒုတိယအကြိမ် အဖမ်းခံရတာကတော့ ၁၉၁၃ ခုနှစ်မှာ ဖြစ်ပါတယ်။ မာသာဂျုံးစ်ဟာ ကော်လိုရာဒိုပြည်နယ်က အလုပ်သမားသပိတ်တွေကို ဦးစီးခေါင်းဆောင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရတာပါ။ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ မာသာဂျုံးစ်ကို သူနဂိုနေထိုင်ရာ ချီကာဂိုဆီ ပြန်ပို့ပေးပေမယ့် မာသာဂျုံးစ်ကတော့ သပိတ်မှောက်ပွဲဖြစ်ပွားနေတဲ့ ကော်လိုရာဒိုပြည်နယ်ကိုပဲ ပြန်လာပါတယ်။ ဒါကြောင့် ဖမ်းပြီး နှစ်လကျော် ကြာအောင် ထောင်ထဲမှာ ချုပ်ထားခဲ့ပါတယ်။ မာသာဂျုံးဟာ အသက် ၉၃ နှစ်အရွယ်အထိ အဲဒီသပိတ်ထဲမှာ ဆက်လက်ပါဝင်နေခဲ့ပါတယ်။
အသက် ၈၈ နှစ်အရွယ်မှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ပြုစုပါတယ်၊၊ ဖိနှိပ်သူတွေရှိနေတဲ့ကြားကပဲ အလုပ်သမားတွေဟာ အောင်မြင်မှုရလာပြီ … အလုပ်ချိန်တွေ လျှော့လာပြီ … လူနေမှုအဆင့်အတန်း မြင့်လာပြီ … ကမ္ဘာကြီးရဲ့ဓနချမ်းသာကို ဖန်တီးတဲ့ အလုပ်သမားတွေဟာ အဲဒီဓနချမ်းသာကို ခွဲဝေခံစားခွင့် ရလာကြပြီ … လို့ အဲဒီအတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။
မာသာဂျုံး စ်ဟာ အသက် ၉၃ နှစ်ပြည့်ပြီး သုံးလကျော်တဲ့အချိန်မှာ ကွယ်လွန်သွားပါတယ်၊၊ သူကွယ်လွန်ချိန်မှာ သူ့ဈာပနအခမ်းအနားကို လူပေါင်း ၂၀,၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ကွယ်လွန်သွား ပြီးနောက်မှာ “မာသာဂျုံးစ်ကွယ်လွန်ခြင်း” ဆိုတဲ့ အမည်နဲ့ တေးသီချင်းတပုဒ် ပေါ်ထွက်လာခဲ့ပါတယ်။ အမည်မသိ သီချင်းရေးစပ်သူက “မာသာဂျုံးစ်ဟာ အမှန်တရားနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တယ်၊၊ ကြောက်ရွံ့မှုကင်းတဲ့ သံမဏိစိတ်ဓာတ်နဲ့ မြင့်မြတ်စွာ ရပ်တည်ခဲ့တယ်၊၊ မှားယွင်းမှုတွေကို မုန်းတီးပြီး သေဆုံးချိန်အထိ မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့တယ်” လို့ မာသာဂျုံးစ်ကို ဂုဏ်ပြုစပ်ဆိုထားပါတယ်။

ခင်မောင်စိုး ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...