ကျနော်တွေးမိသော တရားဥပဒေ စိုးမိုးရေး
(၁)
နိုဝင်ဘာလအတွင်း ယခင်က တခါမှမကြားခဲ့ဖူးသော ရာဇ၀တ်မှုများကို ကြားလာရသည်။ ပထမ၊ နိုဝင်ဘာ ၂ ရက်နေ့ ညက ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သောအမှု။ ဂျာနယ်ပါ သတင်းများအရ စားသောက်ဆိုင်တွင်း ခိုက်ရန်ဖြစ်ပွားရာမှစ ၍ ကားဘေးကလူကို ကားမောင်းသူက လည်ပင်းကို သိုင်းချုပ်ပြီး ကားမောင်းကာ တရွတ်ဆွဲခေါ်ဆောင်သွားသည်တဲ့။ ထိုအဖြစ်အပျက်က ဘယ်လောက်အထိ မှန် မမှန်တော့ မသိသေး။ ကိုယ်ကိုယ်တိုင် တပ်အပ်မမြင်ရသော်လည်း ကားကို မောင်း၍ တရွတ်ဆွဲခေါ်ဆောင်သွားသည်ကို စိတ်ကူးဖြင့် ပုံဖေါ်ကြည့်ရုံနဲ့ ကြောက်မက်ဖွယ်ရာ။ ထိုသို့ ပုံစံမျိုး နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများတွင်သာ ကြည့်ခဲ့ဖူးသည်။ အနိဋ္ဌာရုံများကြား ဖြတ်သန်းနေရသော သတင်းသမားပင်လျှင် ကြက်သီး ထမိအောင် ရက်စက်လွန်းသည်။
သက်ပြင်းကိုချရုံတင် ရှိသေးသည်။ ပို၍ ရက်စက်ပြီးဗြောင်ကျသော နောက်အမှုတခုက ထပ်ရောက်လာသည်။ ပထမ အ မှုက ဒေါသအလျောက်ဖြစ်သော ရက်စက်မှု၊ ထပ်ကြားရသော ဒုတိယအမှုက သွေးအေးအေးဖြင့် စနစ်တကျ ပြင်ဆင် ထားသော လူသတ်မှု။
မြောက်ဥက္ကလာ၊ က ရပ်ကွက်၊ နွယ်သာကီ ၆ လမ်းမှ အရက်ဆိုင်တွင်ဖြစ်ပွားခဲ့သည်။ အချိန်က နိုဝင်ဘာ ၁၇ ရက်၊ ည ၈ နာရီကျော်၊ က ရပ်ကွက်မှာ လူဦးရေထူထပ်သဖြင့် အခင်းဖြစ်ပွားရာအချိန်မှာ လူအများစည်းကားနေဆဲ အချိန်ဖြစ်သည်။
အသတ်ခံရသူက က ရပ်ကွက်သား နွယ်သာကီ ၈ လမ်းတွင် နေထိုင်သူ၊ သူ အရက်သောနေသော ဆိုင်ရှေ့သို့ စတေ ကာဖြင့် ကားနံပါတ် ဖျောက်ထားသော ကား ၃ စီး အရှိန်ပြင်းပြင်းဖြင့် ရောက်ရှိလာ။ မျက်မြင်တို့၏ အဆိုအရ ကားပေါ် တွင် စုစုပေါင်း လူ ၁၅ ဦးကျော်။ ကားပေါ်မှ ဆင်းလာသော လူ ၆ ဦးမှာ မျက်နှာဖုံးစွပ်ဖြင့် ဓားလွတ်ကိုယ်စီကိုင်ဆောင်၍ ‘မဆိုင်တဲ့သူ အနားမကပ်ကြနဲ့’ ဟု မျက်နှာဖုံးစွပ်တဦးက အော်နေသေးသည်တဲ့။ ဘယ်လောက်ထိ ရုပ်ရှင်ဆန်နေသလဲ ဆိုတော့ အနီးအုတ်ခုံတွင် ထိုင်နေသူတဦးက ဗီဒီယို လာရိုက်သည်ဟုထင်ကာ ‘မင်းသားနဲ့ မင်းသမီး မပါဘူးလား’ ဟု သွားမေးမိသဖြင့် အငေါက်ခံလိုက်ရသေးသည်။
မျက်နှာဖုံးစွပ် ၃ ဦးက ဆိုင်ထဲသို့ဝင်၊ ဓားဖြင့် ၀င်ခုတ်၊ ဆိုင်ပြင်ကို လွတ်ထွက်လာတော့ အပြင်မှာစောင့်နေသော မျက်နှာ ဖုံးစွပ်တဦးက ဓားဖြင့်ထပ်ထိုး၊ ထို့နောက် ကား ၃ စီးစလုံး အရှိန်ပြင်းပြင်းဖြင့် ပြန်မောင်းထွက်သွား၊ အခင်းဖြစ်ပွားရာ နေ ရာနှင့် ဓာတ်မီးတိုင် တတိုင်ကျော်အကွာတွင် က ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးရှိသည်ဟု ရပ်ကွက်သားအချို့က ပြောပြ သည်။
အခြားနည်း တစုံတရာဖြင့် လူတယောက်ကို တိတ်တိတ်ဆိတ်ဆိတ် သတ်နိုင်သော်လည်း လူသတ်သမားများက လူအ များသွားလာချိန်၊ လူအများရှေ့ အရမ်းကို ဗြောင်ကျလွန်းတော့ ဘာကိုမှ ဂရုမစိုက်သည့်သဘော၊ ပြီးတော့ အုပ်စုဖွဲ့သတ် ဖြတ်ခြင်း၊ လူသတ်သမားများ၏ လက်ရဲဇက်ရဲနိုင်မှုကြောင့် သူတို့ သတ်လို သူ သေသွားသော်လည်း မပြီး။ ကျန်ရစ်သူ မိ သားစုရော၊ သေသူ၏ မိတ်ဆွေများရော၊ ရပ်ကွက်သားများပါ အထိတ်တလန့် ဖြစ်ကျန်ခဲ့သည်။ ရက်လည်ပြီးချိန်အထိ ကျန်ရစ်သူ မိသားစုမှ အမျိုးသားနှစ်ဦးမှာ မိသားစုစားဝတ်နေရေးအတွက် ဆိုက်ကားထွက်မနင်းရဲသေးဟု မိသားစုဝင် တဦးက ပြောပြသည်။
ကျနော်တို့ သတင်းအဖွဲ့မှာ အခင်းဖြစ်ပြီးစ ညတွင်လည်း ရောက်။ နောက်ရက်များတွင်လည်း ရောက်။ ရပ်ကွက်သား တော်တော်များများနဲ့ တွေ့ဆုံဖြစ်။ သူတို့ အားလုံး၏ မျက်နှာပေါ်တွင် မခံမရပ်ဖြစ်ခြင်းနှင့် အထိတ်တလန့်ဖြစ်ခြင်းတို့ကို တွေ့ရသည်။
(၂)
ထိုအမှုများကို သိရှိပြီး ကျနော့်နားထဲတွင် တရားဥပဒေ စိုးမိုးရေးဆိုသည့် ဝေါဟာရကို ဆက်တိုက်ကြားနေမိတော့သည်။ ဥပဒေ စိုးမိုးရေးသည် မည်သို့သော နိုင်ငံအတွက်မဆို မရှိမဖြစ်၊ ဥပဒေ စိုးမိုးမှုရှိမှသာ တိုင်းပြည်ငြိမ်းချမ်းမည်။ ပြည်သူ အများ စိတ်လက်ချမ်းသာစွာဖြင့် ရောင်းဝယ်ဖောက်ကားနိုင်မည်။
နိုင်ငံအချို့တွင် ဖြစ်ပွားနေသော ဒုစရိုက်ဂိုဏ်းများအသွင် ကျနော်တို့ဆီတွင် စတင်ရန် သန္ဓေတည်နေပြီလားဟု အထိတ် တလန့် တွေးမိသည်။ ပြတင်းပေါက်များကို ဖွင့်လိုက်လျှင် အမှောင့်ပယောဂအချို့လည်း ရောနှောဝင်လာတတ်သည့် သ ဘောရှိသည်။ ဥပဒေ စိုးမိုးမှုကို ခိုင်သထက် ပိုမိုခိုင်မာလာစေရန် မည်သို့ တည်ဆောက်ကြမလဲဆိုသည်ကို ကျနော်တို့ ၀ိုင်းဝန်စဉ်းစားကြရန် လိုသည်။
တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်ချက်များစွာရှိသည်။ ဥပမာ၊ လူတဥင်္ီးချင်းစီ၏ စီးပွားရေးဘ၀ ကောင်းမွန်ဖို့လိုသည်။ လူအများစု၏ စိတ်ဓာတ်ယဉ်ကျေးမှု မြင့်မားနေဖို့လိုသည်။ လာတ်ပေး လာတ်ယူမှု ကင်းရှင်းရန်လိုသည်။ အစိုးရနဲ့ ပြည် သူကြား အပြန်အလှန် ယုံကြည်လေးစားမှုရှိရန် လိုသည်။ အဆိုပါ အချက်များမှာ ချက်ချင်းလက်ငင်း ဖေါ်ဆောင်နိုင် သည်တော့မဟုတ်။ အချိန်ယူ တည်ဆောက်ရမည့် ကိစ္စရပ်များဖြစ်သည်။ မြောက်ဥက္ကလာ လူသတ်မှုအတွေ့ အကြုံအရ ဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့ လတ်တလော ပြုလုပ်နိုင်သည့်အချက်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကောင်းများ ခန့် အပ်နိုင်ရေးပင် ဖြစ်သည်ဟု ယုံကြည်မိသည်။
ကြီးကြီးမားမား ရာဇ၀တ်မှုမှစ၍ ပြည်သူများကြား လှိုက်စားနေသော နှစ်လုံး သုံးလုံး လောင်းကစား ပပျောက်နိုင်မည်။ တရားဥပဒေ၏ အကာအကွယ်ပေးမှု ကို ပြည်သူအများ အပြည့်အ၀ရရှိမည်ဟု ယုံကြည်သည်။
ကျနော်ငယ်စဉ်က ရပ်ရွာအတွင်း အရေးကိစ္စတစုံတရာပေါ်လာလျှင် ရပ်ကွက်လူကြီးသည် ရှေ့ဆုံးက။ ရပ်ကွက်လူကြီး မသိသေးလျှင် တယောက်ယောက်က ချက်ချင်းပြေးခေါ်၊ ရပ်ကွက်လူကြီးလာပြီဟု အသံကြားတာနဲ့ ၀ိုင်းအုံနေသော လူ များ လမ်းဖွင့်ပေးကြသည်။ ရပ်ကွက်လူကြီးမို့ အရိုအသေပေးခြင်းမဟုတ်၊ ၎င်း၏ တရားမျှတသော အဆုံးအဖြတ်များနှင့် ရပ်ရွာလူထုအပေါ် မတရားဖိနှိပ်မှု မရှိသောကြောင့်ဟု ခံစားမိသည်။
ရပ်ကျေး အုပ်ချုပ်ရေးမှူးဆိုသည်မှာ အခြေခံကျသော ပြည်သူများ၏ အရေးအရာနှင့် အေးချမ်းသာယာရေးအတွက် ဦး ဆောင်တာဝန်ယူသူဟု နားလည်မိသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ရသော အစိုးရ အုပ်ချုပ်ရေး၏ အခြေခံအကျဆုံး ပုဂ္ဂိုလ်ဖြစ်သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ကောင်းများ ပေါ်ထွန်းမှသာလျှင် ပြည်သာနိုင် မည်ဟု ထင်၏။
(၃)
အခြား ကျေးလက်မှ ပြည်သူများ၏ အသံကိုတော့ မကြားမိ။ ကျနော့် ဇာတိမြေမှ ပြည်သူများ၏ အဓိက စိတ်ဝင်စားသော နိုင်ငံရေးမှာ သူတို့စိတ်ကြိုက်ရွေး ချယ်ခွင့်ရမည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စသာ ဖြစ်သည်။ ကျနော် ဖုန်းဆက်သည့်အ ခါတိုင်း သူတို့မေးသည်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ကိစ္စသာ။ သူတို့ ဘ၀နှင့် တိုက်ရိုက်ထိတွေ့ရမည့် ရပ်ကျေးအုပ်ချုပ် ရေးမှူးကို စိတ်ဝင်စားသည်မှာ သဘာဝကျသည်။
ကျနော်က ပြည်သူ့ဆန္ဒအရ ရွေးချယ်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးစနစ်သည် တရားဥပဒေစိုးမိုးရေးကို များစွာ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည့်မိသည်။
မျိုးညွန့် (Popular News)
ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၂၊ အမှတ် ၇၂ မှ ကူးယူဖေါ်ပြသည်

0 comments:
Post a Comment