ကြံ့ဖွတ်အစိုးရရဲ့သံတမာန်အစွမ်းကိုစောင့်ကြည့်ကြရတော့မယ် (နိုင်ငံခြားရေးပေါ်လစီ)
by ကိုကို သစ္စာ on Monday, December 5, 2011 at 11:28am
ဗမာပြည်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရောက်လာတာနဲ့ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ဗမာပြည်ရဲ့ နိုင်ငံ ခြားရေးပေါ်လစီနဲ့ နိုင်ငံတကာအ၀န်းအ၀ိုင်းအကြား လှုပ်ရှားမှုတို့ အကြောင်းတွေ ကမ္ဘာအနှံ့အများအပြား ပြောဆိုနေကြပါတယ်။ ဒါဟာဗမာပြည်ကြံ့ဖွတ်အစိုးရ...ရဲ့ နိုင်ငံခြားရေးဝါဒအလှည့်အပြောင်းကိုဖြစ်စေမလား၊ ဗမာပြည်မြေ ပေါ်မှာ အမေရိကန်နဲ့တရုတ်တို့ခတ်ကြလို့ ဗမာပြည်မြေဇာပင်ဖြစ်တော့မှာလား စတာတွေလည်း အမျိုးမျိုးကြားနေကြ ရပါတယ်။
အခုတချီဟာ ကြံ့ဖွတ်အစိုးရရဲ့ နိုင်ငံခြားရေးဝါဒပြောင်းလဲတာဟုတ်မဟုတ် မသေချာပေမဲ့ အမေရိကန်ဘက် ကတော့ သဘောထား ပြောင်းလာတဲ့သဘောမျိုးတွေတွေ့နေရပါတယ်။ ကြံ့ဖွတ်အစိုးရကို မုန်လာဥပစ်ပေးလိုက် ပြန်ပြီလို့ဆိုနိုင်ပါတယ်။ (သိုးဆောင်းစကားပုံမုန်လာဥနဲ့တုတ်ပေါ်လစီကို ညွှန်းတာပါ)။ ဒီနေရာမှာကြုံတုန်းဖြတ်ပြောသင့် တာတခုက ဗမာပြည်ကစစ်အစိုးရတွေလို ရက်စက်ကြမ်းကြုတ်တဲ့အစိုးရတရပ်အဖို့ နိုင်ငံတကာ့နယ်ပယ်မှာ ရွေးစရာ သိပ်မရှိဘူးဆိုတဲ့အချက်ပါ။ ဒါကြောင့်မို့ အခုသမိုင်းအကွေ့မှာလည်း အမေရိကန်ဘက်ကလှည့်ပြောင်းချင်မှသာ လှည့် ပြောင်းလို့ရတယ်ဆိုတာတွေ့ရပါတယ်။ တကယ်က န၀တ-နအဖစစ်ဗိုလ်တွေလက်ထက်ကစလို့ ဗမာပြည်ကစစ်အစိုးရ တွေဟာ အမေရိကန်နဲ့အဆင်ပြေချင်တာ အားလုံးအသိပါပဲ။ ဗိုလ်အောင်ကြီးကိုတိတ်တိတ်စေလွှတ်ခဲ့တာကအစ ဗိုလ်မှူး အောင်လင်းထွဋ်ပြောပြနေတာတွေအဆုံး နည်းမျိုးစုံနဲ့လုံးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူး။
အခုကမ္ဘာမှာ ဒုတိယစစ်အေးစစ်ပွဲပြန်စတော့မလားလို့ တွေးတောစရာကောင်းတဲ့အချိန်မှာ အိမ်ဖြူတော်ကပုဂ္ဂိုလ် များလည်း ခြေလှမ်းသစ်တွေလှမ်းဖို့ပြင်ကြပါတယ်။ ဒီလိုအခါမှာ တရုတ်ပြည်ပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံအားလုံးဟာ အိမ်ဖြူ တော်ရဲ့အာရုံစိုက်မှုခံရတော့တာပါပဲ။ ဒါကိုဗမာပြည်ကဗိုလ်ချုပ်တွေက “ငါတို့တရုတ်ဖဲချပ်ကစားနိုင်လို့ရတာ”လို့ လက်မ ထောင်ကောင်းထောင်ကြပါလိမ့်မယ်။ ထောင်ချင်လည်းထောင်ကြပါ။ ဒါပေမဲ့ ဒါကပွဲအစပဲရှိသေးတယ်ဆိုတာ မမေ့ဖို့လို ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီဆိုတာဟာ ကိုယ့်တိုင်းပြည်အကျိုးစီးပွားကိုအခြေခံပြီး ချမှတ်ကြတာဖြစ် ပါ တယ်။ ဟိုတန်ဘိုးအတွက်၊ ဒီဝါဒအတွက်ဆိုတာတွေဟာ လူကြားကောင်အောင်ပြောတာတွေသာဖြစ်ပြီး လက်တွေ့မှာ အရံလောက်သာဖြစ်တယ်လို့တောင်ဆိုရခက်ပါတယ်။ ကိုယ့်နိုင်ငံ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေး၊ ဒါမှမဟုတ်ချမ်းသာရေး အတွက် နိုင်ငံတကာအလယ်မှာ လှုပ်ရှားကြရတာဖြစ်ပါတယ်။ ဘယ်နိုင်ငံမှရှောင်လွှဲလို့မရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဗမာပြည်ကစစ်အာဏာရှင်တွေဟာ နိုင်ငံခြားရေးပေါ်လစီချမှတ်ရာမှာ ကိုယ့်တိုင်းပြည်အကျိုးစီးပွားထက် ကိုယ့်အုပ်စုအာဏာတည်မြဲရေးနဲ့ ကိုယ့်အုပ်စုအတွက် စီးပွားရေးအကျိုးအမြတ်ခံစား ရရေးအတွက် လုပ်နေကြတာဖြစ် ပါတယ်။
ဒါကြောင့်မို့ ၁၉၆၂ခုနှစ်နောက်ပိုင်းမှာ ဗမာနိုင်ငံရဲ့နိုင်ငံခြားရေးဝါဒဟာ လေးနက်တည်ကြည်မှုမရှိပဲ ဒီအကွေ့ ဒီတက်နဲ့လှော်၊ ဟိုအကွေ့ဟိုတက်နဲ့လှော်ဆိုသလိုဖြစ်နေခဲ့ပြီး ကျွန်တော်တို့နိုင်ငံဟာနိုင်ငံတကာအလယ်မှာ ဘုန်းကြီး ရူးနဲ့ လှေလူးလိုဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် ဟိုနိုင်ငံလည်းကြောက်ရ၊ ဒီနိုင်ငံလည်းမျက်နှာချိုသွေးရဘ၀ကို ရောက်ခဲ့ရ ပါတယ်။
ဒါကိုပိုရှင်းအောင်ပြောရရင် ဗမာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မှာ ဗမာပြည်ဟာ ပြည်တွင်းစစ်ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကလွဲလို့ နိုင်ငံတကာစင်မြင့်မှာ ဂုဏ်သရေရှိတဲ့နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အရှေ့အနောက် ကွဲပြားနေတဲ့ စစ်အေးစစ်ပွဲကာလမှာကြားနေရေးဝါဒကို ကြေညာကျင့်သုံးနိုင်ခဲ့ပါတယ်။
(ဒီနေ့ကြံ့ဖွတ်အစိုးရအပါ စစ်အစိုး ရအဆက်ဆက်ဟာ မိမိတို့ရဲ့နိုင်ငံခြားရေးဝါဒကို ဘာဖြစ်တယ်ရယ်လို့ ပီပီပြင်ပြင်မပြောကြပါဘူး)
ဒါ့အပြင်အိမ်နီးချင်း နိုင်ငံတွေနဲ့ပြေပြေလည်လည်ဆက်ဆံနေထိုင်ခဲ့ပါတယ်။ ဆီးတိုး(SEATO)၊ စင်တိုး(CENTO)စတဲ့ ပစ်မှတ်ရှိစွာဖွဲ့စည်း ထားတဲ့ ဒေသဆိုင်ရာစစ်အုပ်တွေကိုယ့် ပတ်ဝန်းကျင်မှာပေါ်ပေါက်လာ၊ ကိုယ့်ကိုပါဖို့မြှူဆွယ်ကြပေမဲ့လည်း ဘယ်အထဲမှ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်မို့ ဘန်ဒေါင်းညီလာခံ၊ အာရှအာဖရိကနိုင်ငံများ လှုပ်ရှားမှု၊ ဘက်မလိုက်လှုပ်ရှားမှုစတာတွေမှာ အများလေးစားရတဲ့နိုင်ငံတခုဖြစ်ခဲ့ပြီး ဦးသန့်ကိုကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးခြယ်တင်မြှောက် လိုက်ကြတာဟာ အထွဋ်အထိပ်ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဗိုလ်နေ၀င်းဟာဆိုရှယ်လစ်ဆိုတဲ့စကားနဲ့ စတန့်ထွင်လာတော့အနောက်အုပ်စုက မျက်မှောင် ကုတ်ကြည့်တာခံရသလို ဆိုဗီယက်ကလည်းကိုယ့်လူလားလို့ ယူဆလာတာတွေဖြစ်လာပါတယ်။ ယုန်ထင်ကြောင်ထင် ဖြစ်ကြတာလို့ဆိုနိုင်ပါတယ်။ ဒါကြောင့်ဗိုလ်နေ၀င်းဟာ သူတို့စစ်တပ်နဲ့ စစ်တပ်အတွင်းက ဗမာပြည်ဆိုရှယ်လစ်ပါတီအုပ်စု ရဲ့အစဉ်အလာမိတ်ဆွေကြီးဖြစ်တဲ့ အမေရိကန်ဆီကိုသွားပြီး သူတို့ဟာသစ္စာရှိကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေ ဖြစ် ကြောင်းရှင်းပြခဲ့ပါတယ်။
၁၉၆၆ခုနှစ် စက်တင်ဘာလာထဲမှာပါ။ အဲဒီကနေပြန်လာတော့ သူဟာသူတို့ကိုယ်သူတို့ ၀ါရှင်တန်နဲ့အိုကေသွားပြီရယ်လို့ ဘ၀င်တမျိုးကိုင်လာပြီး တလျှောက်လုံးပြေလည်စွာဆက်ဆံခဲ့တဲ့ တရုတ်ပြည်နဲ့ပြဿနာ ဖန်တီးပါတော့တယ်။ တရုတ်ဗမာအရေးအခင်းဆိုတာပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက်ဗိုလ်နေ၀င်းဒေါသထွက်ပြီး ဘက် မလိုက်လှုပ်ရှားမှုထဲကနှုတ်ထွက်ခဲ့တာ၊ ဒိနောက်မှာ တရုတ်ကိုကိုယ်တိုင်သွားတောင်းပန်ခဲ့တာ စသဖြင့် နိုင်ငံခြားရေးဝါဒ မှာ ဂယိမ်းဂယိုင်တွေအများကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီကြားထဲမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖို့ မှန်တဲ့အချက်ရော မမှန်တဲ့အချက်တွေပါ တင်ပြပြီးဒေ၀ါလီခံပြလိုက်တော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဟာ သမိုင်းမှာအောက်ဆုံးအဆင့်ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့၁၉၈၈ခုနှစ်မှာ ကိုယ့်အာဏာလက်မလွတ်ရေးအတွက် အသေအကြေလုံးပမ်းတဲ့ အခါကျတော့ နိုင်ငံတကာမှာအထီးကျန်လုံးလုံးဖြစ်သွားခဲ့ရပါတယ်။
ဒီနေ့အခါဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအသစ်တခုဆီကိုဦးတည်နေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အင်အားကြီး မဟုတ်တဲ့ နိုင်ငံတွေကအစိုးရတွေဟာ ကိုယ့်တိုင်းပြည်အေးချမ်းသာယာ၊ ချမ်းသာစွာနဲ့ဖြတ်ကူးဖို့လုံးပမ်းကြရပါမယ်။ လှိုင်းကြီးလေကြီးတွေကို ဖြတ်စရာတွေကြုံရနိုင်ပါတယ်။
ဒါကို ကြံ့ဖွတ်ဗိုလ်ချုပ်တွေကကိုယ့်အာဏာတည်မြဲရေးအဓိက၊ နိုင်ငံ့အရေးဒုတိယလုပ်နေကြရင်တော့ အားလုံးဒုက္ခရောက်ကြနိုင်ပါတယ်။ ဒီနေ့ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အင်အားနဲ့မြေဇာပင်ဘ၀ရောက်လိုက်ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးဝံ့စရာပါ။ အရှေ့အုပ်စုနဲ့ရင်းနှီးလိုက်၊ အနောက်အုပ်စုနဲ့ရင်းနှီးလိုက် လုပ်ခဲ့တဲ့ဆာဒမ် ဟူစိန်နဲ့ အီရတ်နိုင်ငံရဲ့ကံကြမ္မာကိုမမေ့သင့်ပါဘူး။
အခုလို ဒုတိယစစ်အေးစစ်ပွဲပြန်စတာမှာ ဗမာပြည်လည်းပါနေတယ်ဆိုရင်တော့ စစ်ဦးဘီလူးနဲ့တွေ့သွားနိုင်တယ်ဆို တာလည်း သတိထားသင့်ပါတယ်။ စစ်မှန်တဲ့ကြားနေ၀ါဒ၊ ပြည်တွင်းကပြည်သူလူထုအပေါ် တည်တံ့ဖြောင့်မတ်စွာကျင့် သုံးပါမှ ဒီတကွေ့ကိုဘေးမသီရန်မခကျော်လွှား
နိုင်ပါလိမ့်မယ်။
ရဲဘော်ဖိုးသံချောင်း
0 comments:
Post a Comment