Thursday, December 22, 2011

မန္တလေးကအရူးတွေ ဖိုးသံ(လူထု)

by Nay Zaw on Thursday, December 22, 2011 at 6:30pm
 


                                                  သရုပ်ဖေါ်ပန်းချီစစ်ငြိမ်းအေး

                ကိုကိုးကျွန်းမှာနေရတုန်းက မြင်းခြံကကျောင်းသားရဲဘော်တွေဟာ “ကျနော်တို့မြို့ကအရူးပျော်တဲ့မြို့ဗျ”လို့ ရယ်ရယ် မောမောပြောလေ့ရှိကြပါတယ်။ သူတို့က ရယ်မောကျီစယ်ကြရင်းပြောတာဖြစ်ပေမဲ့ တချို့အချက်အလက်တွေအပေါ် အခြေခံပြောတယ်ဆိုတာ သတိထားမိပါတယ်။ ဒီလိုနဲ့ပဲတခါမှာတော့ ကျနော်လည်း “တို့မန္တလေးမှာရော အရူးတွေမများ ဘူးလား”လို့ပြန်တွေးမိပါတယ်။
            ဟုတ်ပါတယ်။ ကျနော်တို့ခေတ်တုန်းကတော့
မန္တလေးမှာပ၀တ္ထိသားတွေသိပ်များသေးတာမဟုတ်တော့ မန္တလေးသူ မန္တလေးသားတွေဟာ စည်းစည်းလုံးလုံးရှိကြ၊ တဦးနဲ့တဦးကူညီရိုင်းပင်းကြ၊ မြို့နဲ့ပတ်သက်တဲ့သတင်းမျိုးစုံကိုဖလှယ်ကြ လေတော့ ကာလဒေသံ အဂ္ဂါဒနံဆိုတာလို ကိုယ်တွေ့ရမြင်ရတာတွေကို ပြောစရာတွေများလှပါတယ်။ အဲဒီအထဲမှာ စိတ် မနှံ့သူများအကြောင်းလည်းပါတတ်ပါတယ်။ ဒါကြောင့်အဲဒီတုန်းက မန္တလေးသူ မန္တလေးသားတွေမေ့မရတဲ့ စိတ်မနှံ့သူများ အကြောင်းစမ်းရေးကြည့်မိပါတယ်။
            ထိပ်ဆုံးကပြောသင့်တယ်ထင်တာက “ဗိုလ်ချဉ်ပေါင်”ဖြစ်ပါတယ်။ ကလေးတွေဂျစ်ကန်ကန်လုပ်နေရင်၊ ငိုနေရင် လူကြီးတွေက “ဟော ဗိုလ်ချဉ်ပေါင်လာပြီ”လို့ပြောလိုက်တာပါပဲ။ ကလေးအငိုတိတ်သွားပါရော။ တကယ်က ဗိုလ်ချဉ်ပေါင် ကို ကလေးတွေမှကြောက်တာမဟုတ်ပါဘူး။ လူကြီးတွေလည်းလန့်ပါတယ်။ အကြောင်းက ဗိုလ်ချဉ်ပေါင်ဟာကြမ်းလို့ပါ။
ကြမ်းပုံက-။ ထုံးစံအတိုင်း အ၀တ်အစားကပေတေစုတ်ပြတ်နေပါတယ်၊ အရှက်တော့လုံတယ်။ နောက်ပြီး သူ့လက်ထဲမှာ သံပန်းကန်ပြားအစုတ်တချပ်အမြဲကိုင်ထားပြီး ပစပ်ကလည်းညစ်ညစ်ပတ်ပတ် ဆဲရေးနေတတ်ပါတယ်။ တကယ်လို့များ တယောက်ယောက်က“ဗိုလ်ချဉ်ပေါင်-ကြက်သူခိုး”လို့အော်ခေါ်လိုက်ရင် သူက သူ့ကိုနောက်တယ်လို့သူထင်တဲ့လူဆီကို အဲဒီသံပန်း  ကန်ပြားအစုတ်နဲ့လှမ်းပစ်လိုက်တော့တာပါပဲ။ နောက်ချင်တဲ့ကလေးတွေ၊ ကျောင်းသားလေးတွေနဲ့ လူငယ် တွေက အဲဒီလိုအော်ပြီးပြေးတယ်ဆိုရင် ကံဆုံးသူခံပေရော့ပဲ။ စိတ်မနှံ့ဘူးဆိုပေမဲ့ ဗိုလ်ချဉ်ပေါင်လို့ခေါ်ရင် သူကသူ့ကိုခေါ်မှန်း၊ နောက်မှန်းသိပါတယ်။ အဲဒါကလွဲလို့တော့ ဘာမှမသိဘူး။ သွက်သွက်ခါရူးနေသူလို့ဆိုရမှာပါ။
            သူနဲ့လုံးဝဆန့်ကျင်ဘက်လို့ဆိုရမယ့် နောက်စိတ်မနှံ့သူတဦးကတော့ ဦးသာလှတဲ့။ အသက်၅၀လောက်ရှိပြီးထင် ပါရဲ့။ အဖြူရောင်တ၀က်သန်းနေပြီးဖြစ်တဲ့ ဆံပင်တိုတိုနဲ့ နှုတ်ခမ်းမွေးမုတ်ဆိတ်မွှေးကို မရိတ်တာကြာတဲ့အခါတွေ့ရ တတ်ပါတယ်။ သူကအမြဲပင်နီတိုက်ပုံလေးနဲ့၊ မာစရိုက်လုံချည်လေးဝတ်လို့။ ဒါ့အပြင်သူ့လက်ထဲမှာအမြဲပဲ ကြေးစည်လေး တလက်ပါပြီး မျက်နှာကလည်းပြုံးချိုနေရှာတာ။ သူက အမများနဲ့နေတယ်ဆိုလားပဲ။ ဒါကြောင့်လူကိုကြည့်လိုက်ရင် လူက သိပ် သပ်သပ်ယပ်ယပ်သိပ်ရှိတယ်။ သူကနေ့တိုင်းလိုလို ၈၄လမ်းတလျှောက်မှာ ကြေးစည်လေးကိုတနောင်နောင်ထုပြီး ဘုရားကြီးကိုသွားဝတ်ပြု တာ။ ပူပေ့ဆိုတဲ့မန္တလေးနေအောက်မှာ ထီးမပါဦးထုပ်မပါသွားတာ။ အဲတော့လူတွေကသူ့ကို သံ ယောဇဉ်ရှိကြ၊ သနားကြပါတယ်။
            နောက်တယောက်ပြောချင်တာက “ဂျွန်နီ”ဆိုတဲ့စိတ်မနှံ့လူငယ်တဦးပါ။ သူကရှပ်အင်္ကျီဖြူ၊ ဘောင်းဘီရှည်အဖြူ ၀တ်လေ့ရှိပါတယ်။ သူ့ရုပ်ကကုလားစပ်သလိုပါပဲ။ အသက်မကြီးသေးပါဘူး။ သူ့လိုဗိုလ်နာမည်မရှိပေမဲ သူလိုပဲဗိုလ်စကား တွေမပြတ်ပြောလေ့ရှိတဲ့ နောက်လူငယ်တယောက်က မောင်မောင်ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော်ကစိန်ပီတာ ကျောင်းမှာ အထက်တန်းတက်နေတုန်းပါ။ ၁၃-၄နှစ်အရွယ်ဆိုပါစို့။ မောင်မောင်ဟာ စိန်ပီတာကျောင်းသားဟောင်းလို့ ပြောကြတာမို့ သူ့ကိုစိန်ပီတာကျောင်းသားများက ပိုအရေးတယူရှိတယ်ဆိုရင် မှန်မလားပါပဲ။ ကျောင်းသားတွေဟာ သူ့ကို အင်္ဂလိပ်စကားပြေအောင် စကားစရတာကိုပဲ ပျော်ကြ၀မ်းသာကြပါတယ်။ သူကအင်္ဂလိပ်စကားကို ပြောတတ်လှချည့် လို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်မနှံ့သူတို့ထုံးစံအတိုင်း စကားတွေလျှောက်ပြောတယ်ဆိုရင် သူက အင်္ဂလိပ်လိုတွေ ပြောတတ်ပါတယ်။ သူကလည်းဒါနဲ့ပဲ စားစရာ၊ မုန့်ဘိုးစတာတွေ ရနိုင်တယ်လို့သိနေဟန်တူပါတယ်။ ဒါကြောင့်သူဟာ စာသင်ကျောင်းတွေ တ၀ိုက်မှာကျက်စားလေ့ရှိပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၂၀မပြည့်တပြည့်လို့ထင်ရပါတယ်။ ၀တ်တာစားတာ သိပ် စုတ်စုတ်ပြတ်ပြတ်မဟုတ်ပေမဲ့ ဦးသာလှလိုတဦးဦးက စောင့်ရှောက်ထားတဲ့ပုံတော့မရှိပါဘူး။
            နောက်တဦးက “လူကို”လို့အသိများကြတဲ့ စိတ်မနှံ့သူပါ။ သူ့ကိုဒီနာမည်ပေးထားတာကတော့ သူဘာကြောင့်မှန်း မသိ ပစပ်က “လူကို-လူကို နဲ့”တတွတ်တွတ်ရွတ်ရင်း လမ်းပေါ်လူသွားလမ်းပေါ်မှာ ရှေ့သွားနောက်ဆုတ်လုပ်နေလို့ ပါပဲ။ တခါတလေများ တနေရာထဲမှာ ရှေ့ကို ၆လှမ်း ၇လှမ်းလောက်တိုးသွားလိုက်၊ နောက်ကို ၄-၅လှမ်းဆုတ်လာလိုက်နဲ့၊ ကိုယ်ကသာ ကိုယ့်ကိစ္စနဲ့ကိုယ်မို့ သူ့ကိုမြင်နိုင်တဲ့နေရာကနေခွာသွားတယ်၊ သူကတော့ တကိုယ်တည်းရှန်တိန်လုပ်ရင်း ကျန်ခဲ့ပါတယ်။
            ဒီနေရာမှာ ပြောသင့်တယ်ထင်တဲ့အချက်တခုက စိတ်မနှံ့တဲ့အမျိုးသမီးတွေကို လမ်းပေါ်မှာသိပ်တွေ့ရခဲတာပါပဲ။ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် စိတ်မနှံ့မဖြစ်တတ်လို့လားဆိုတာကတော့ ပြောရခက်ပါတယ်။ သေချာတာ တခုကတော့ ဗမာ့လူ့အဖွဲ့အစည်းဟာ စိတ်မနှံ့တဲ့အမျိုးသမီးတွေကို အတတ်နိုင်ဆုံးလမ်းထဲမထွက်အောင်လုပ်ကြတယ် ဆိုတာပါပဲ၊ အခုပြန်စဉ်းစားလိုက်ရင့် “အရူးမမသန်း”ဆိုတဲ့မိန်းမကြီးလို ယဉ်ယဉ်လေးပေါက်နေတဲ့ စိတ်မနှံ့သူအမျိုးသမီး တဦးစ နှစ်ဦးစလောက်ပဲလမ်းပေါ်မှာတွေ့ဖူးပါတယ်။ နောက်ပြီး ဒီ“အရူးမမသန်း”ဆိုတာကလည်းအရူးသာဆိုတယ်၊ သနပ် ခါးတွေအဖွေးသားနဲ့ပါ။ ပန်းတွေပန်ထားလိုက်တာကလည်းဝေလို့။
            နောက်တယောက်- နောက်တပါးလို့ဆိုရင်ပိုမှန်ပါမယ်- ကတော့ မန္တလေးထောင်ထဲမှာကြုံခဲ့ရတဲ့ “ဗိုလ်ကြိမ်လုံး” ဆိုတဲ့ကိုယ်တော်ဖြစ်ပါတယ်။ သူဟာ ၁၉၆၅ခုနှစ် မန္တလေးသံဃာ့အရေးအခင်းမှာ အဖမ်းခံရတဲ့ကိုယ်တော်ဖြစ်ပါတယ်။ သူ့ရဲ့“ဗိုလ်ကြိမ်လုံး”ဘွဲ့ဟာ ထောင်ထဲမရောက်ခင်တုန်းက မန္တလေးမှာ အင်္ကျီပါးဝတ်တဲ့မိန်းကလေးတွေကို သူက ကြိမ်လုံးနဲ့လိုက်ရိုက်တယ်လို့ သတင်းစာထဲမှာပါတာကနေ ရခဲ့တာလို့ဆိုပါတယ်။ ကျနော်က ၁၉၆၆ခုနှစ်မှာ ထောင်ထဲကို ရောက်သွားတာပါ။ ထောင်ဆိုတာက ည၉နာရီထိုးလို့အိပ်ချိန်ရောက်တယ်ဆိုတာနဲ့ လုံးဝလိုလို တိတ်ဆိတ်သွား တာမျိုးဖြစ်ပါတယ်။ ဒီလိုနဲ့ ကျနော်ထောင်ထဲကိုရောက်ပြီးလို့ ရက်ပိုင်းပဲရှိသေးတယ် ၉နာရီ ထောင်အိပ်ချိန်ကို လွန်တာနဲ့ ချက်ခြင်းဆိုသလိုပဲ အင်မတန်ကျယ်လောင်တဲ့ မိန့်ခွန်းလိုလို၊ တရားဟောတာလိုလို အသံကိုကြားလိုက်ရပါတယ်။ ထင်မထားတော့ လန့်တောင်လန့်သွားပါတယ်။ သူက တရားဟောနေတာ နာရီဝက်နီးပါး လောက်ရှိတယ်ထင်ပါတယ်။ နောက်မှသိရတာက သူဟာ ဗိုလ်ကြိမ်လုံးဆိုတဲ့ကိုယ်တော်ဖြစ်ပြီး စိတ်မနှံ့ရှာဘူးလို့သိရပါတယ်။ အဲဒီတုန်းက မန္တလေး နန်းတွင်းကထောင်ထဲမှာ သံဃာတော်တွေကို ထောင်ကျဆောင်ကြီးအပေါ်ထပ်၊ အရှေ့ ဘက်ထိပ်ဆုံးအခန်းမှာထားပြီး ကျနော်ကတော့ အဲဒီအဆောင်အောက်တည့်တည့်က (၁)တိုက်ထဲမှာနေရတာပါ။ ဒါကြောင့် သူ့အသံကိုအကျယ်ကြီး ကြားနေရတာပါ။ သူမိန့်ခွန်းပေးတယ်ဆိုရင် အမြဲလိုလို “ဤမဟာဘဒ္ဒကမ္ဘာ၌”ဆိုတာနဲ့ စပါတယ်။ အဲဒီကနေ တဖြည်းဖြည်း လျှောက်ပြောလာလိုက်တာ သမိုင်းကြောင်း၊ နိုင်ငံရေးအကြောင်းတွေရောက်လာ၊ ထောင်တွင်းအခြေ အနေတွေရောက်လာပြီး အဆုံးမှာ ထောင်ပိုင်တွေ၊ ထောင်မှူးတွေ၊ ထောင်ဝါဒါတွေကို မအေ-နှမနဲ့ တစ်တစ်ခွခွကိုင်တုပ် တာနဲ့အဆုံးသတ်ပါတယ်။ သူဟောပြောတာတွေမှာ တခါနဲ့တခါ ရှေ့ပိုင်းကအကြောင်းအရာတွေကွဲကောင်းကွဲပေမဲ့ အဆုံးသတ်ကတော့ ဒါနဲ့ချည်းပြီးပါတယ်။ သူဟာ ထောင်ကသစ်သားတန်းတွေကိုကိုင်ပြီး ထောင်ပိုင်အိမ်ရှိတဲ့ ထောင်ဗူး ဘက်ကိုလှည့်အော်တာဖြစ်တယ်လို့ နောက်မှသိရပါတယ်။ သူ့ခများအဲဒီလောက်အထိစိတ်ရောဂါကပြင်းထန်ပါ။ ဒါပေမဲ့ ကျနော်တို့တတွေ ကိုကိုးကျွန်းအပို့ခံရတဲ့အချိန်၊ သူ့ထောင်သက် လေးနှစ်ပြည့်ကာနီးအချိန်အထိတော့ သူဟာထောင်ထဲ မှာကျန်နေခဲ့ပါတယ်။
            အဲဒီလိုပဲ အရူးဒီပနီဖွင့်လိုက်ရင် မကုန်နိုင်မဆုံးနိုင်အများကြီးရေးလို့ရပါတယ်။ အဆုံးသတ်အနေနဲ့ရေးပြချင်တဲ့ စိတ် ရောဂါသည်ကတော့ ကျနော့်အရင်းအနှီးဆုံး သူငယ်ချင်းတဦးရဲ့ဖခင်အရင်းဖြစ်ပါတယ်။ ဒီသူငယ်ချင်းနဲ့ကျနော်ဟာ ၁တန်းကနေ တက္ကသိုလ်ဝင်တန်းအထိတတန်းထဲတက်လာကြသူတွေဖြစ်ပြီး တစာပွဲထဲထိုင်းခဲ့ကြတဲ့နှစ်တွေလည်း မနည်း ပါဘူး။ ဒါ့အပြင် သူ့အမေနဲ့ ကျနော့်အမေနဲ့ရင်းနှီးကြတဲ့အတွက် ကျနော်ဟာသူ့အိမ်ကို မကြာခဏ၀င်ထွက်သွားလာလေ့ ရှိပါတယ်။ ဒီလိုနဲ့ ကျနော် ၁၂နှစ် ၁၃နှစ်အရွယ်လောက်၊ တနေ့မှာကျနော်အပြင်ကပြန်လာတော့ ကျနော်တို့အိမ်ရှေ့မှာ စိတ်မနှံ့တဲ့လူကြီးတယောက် ရောက်နေတာနဲ့သွားတိုက်ဆိုင်နေပါတယ်။ အဲဒီလူကြီးကကျနော့်စိုက်ကြည့်နေပါတယ်။ ကျနော်လည်းသူ့ကို ဒီလိုပုံနဲ့တွေ့လိုက်ရတော့ ၀မ်းနည်းအံ့အားလည်းပြီး အကြီးအကျယ်ထိတ်လန့်သွားပါတယ်။ ကြောက်လည်းကြောက်မိပါတယ်။ အခုထက်ထိသူ့ပုံကြီးကို မြင်ယောင်နေတုန်းပါ။ ကိုယ်လေးစားရတဲ့ သူငယ်ချင်းရဲ့ ဖခင်ဟာ လမ်းပေါ်မှာ သွက်သွက်ခါဆိုရလောက်အောင် ပေါက်နေတာဖြစ်ပါတယ်။ ကျနော်အိမ်ထဲကိုဝင်ပြေးပြီး ပြတင်း ပေါက်ကနေ ပြန်ခိုးကြည့်မိပါသေးတယ်။ သူကတော့ လူထုတိုက်တံခါးပေါက်ကြီးကိုပဲ စိုက်ကြည့်နေပါတယ်။ စိတ် မကောင်းဖြစ်လိုက်ရဖြစ်ခြင်း။ အဲဒီသူငယ်ချင်းနဲ့တွေ့တော့လည်း မမေးခဲ့၊ ဒီကိစ္စစကားမစခဲ့ပါဘူး။ ဒီနေ့အထိလို့ဆိုပါစို့။
            ကျနော့်မိဘနဲ့ အသိုင်းအ၀ိုင်းက သင်ပေးလေ့ရှိတဲ့ စိတ်ရောဂါသည်တွေအပေါ်စာနာရမယ်ဆိုတာကို ဒီအဖြစ် ကြောင့် ကျနော့် အသဲထဲမှာနစ်နေအောင်စွဲသွားခဲ့ပါတယ်။
            သူတို့လိုမြို့ထဲမှာသွားလာနေတတ်တဲ့ စိတ်မနှံ့သူတွေကို လူတွေကသိကြ၊ မှတ်မိကြပေမဲ့ သူတို့ဟာဘယ်အရပ်၊ ဘယ်သူဘယ်ဝါ့သားသမီးစတာတွေကိုတော့ သိလည်းမသိ၊ စနည်းလည်းမနာကြပါဘူး။ ဒါ့အပြင်သူတို့တတွေ မသိတဲ့ အရပ်က၊ မသိတဲ့အချိန်မှာပေါ်လာပြီး မသိတဲ့အရပ်၊ မသိတဲ့အချိန်မှာပျောက်သွားတာကိုလည်း သတိမထားမိကြပါဘူး။ တခါတလေ မမြင်တာကြာတာကို မတွေ့တာကြာပြီ၊ သေရှာပြီထင်ပါရဲ့လို့ပဲ မှတ်ချက်ချမိတတ်ကြပါတယ်။
            အထက်မှာပြောခဲ့တဲ့ မြင်းခြံဘက်က ရဲဘော်တွေရဲ့ပြောတဲ့စကားကိုရော၊ အခုရေးခဲ့တာတွေကိုပါပေါင်းပြီးစဉ်းစား လိုက်တော့ ဗမာပြည်မှာအရူးတွေက မြင်းခြံမှာသာပျော်တာမဟုတ်ပါဘူး။ မြို့တကာ ရွာတကာမှာလွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ကြီးနေထိုင်ကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ကျနော်တို့မြန်မာနိုင်ငံသားတွေရဲ့ စိတ်ရင်းစေတနာ ကြောင့်ဖြစ်ပါတယ်။ မရှိဆင်းရဲသူတွေ၊ ကိုယ်အင်္ဂါမသန်စွမ်းသူတွေ၊ စိတ်ရောဂါဝေဒနာသည်တွေကို စာနာသနား၊ ကူညီချင်ကြတာဟာ ဗမာပြည်သားတွေရဲ့ ဂုဏ်တခုပဲဖြစ်တယ်မဟုတ်ပါလား။

ဖိုးသံ(လူထု)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...