လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆက်စပ်မှု ကွာခြားမှု
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆက်စပ်မှု ကွာခြားမှုနဲ့ ပတ်သက်ပြီး ပုံပြင်ကလေးတခုကို ပြန်လည် ဖေါက်သည် ချလိုပါတယ်။
ရှေးအခါက ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံမှာ လူသုံးထောင်လောက် နေထိုင်ကြတဲ့
ရွာကြီးတရွာရှိသတဲ့။ ရွာကသာမန်ဆင်းရဲသား၊ လယ်သမားတွေ အနေများကြတဲ့ ရွာဖြစ်သတဲ့။ ငယ်စဉ်ကထဲက
မိဘ နှစ် ပါးလုံး ဆုံးပါးသွားပြီး ဆွေမျိုးများနဲ့နေထိုင်ရတဲ့ မိန်းမပျိုကလေး တယောက်ဟာ
တနေ့တော့ ရွာကနေမျက်ရည် စက်လက်နဲ့ ထွက်ခွာသွားသတဲ့။ သူမ ဘာကြောင့် ဒီလို ၀မ်းနည်းပက်လက်နဲ့
ထွက်ခွာသွားကြောင်း ဘယ်သူ့ ကိုမှလဲမပြော၊ ဘယ်သူမှလည်းမသိလိုက်ကြဘူးတဲ့။
ရွာသူရွာသားတွေလည်းကြာတော့
ဒီမိန်းကလေး အကြောင်းကို မေ့သွားကြသတဲ့။
နှစ်ပေါင်းသုံးဆယ်ကျော်ကြာပြီးတဲ့
တနေ့မှာ သစ်လွင်ကောင်းမွန်ပြီး တကယ့်သူဌေးကြီးတွေမှသာ စီးနိုင်တဲ့ ဇိမ်ခံကားကြီးတစီးဟာ
ရွာထဲကို တဖြေးဖြေးမောင်းဝင်လာသတဲ့။ ရွာသားတွေလဲ
ဒီလောက်
ကောင်းတဲ့ကားကြီး ရွာကိုလာတာမမြင်ဘူးတော့ ထွက်ကြည့်ကြသတဲ့။ ကားကြီးဟာ
ရွာသူကြီးအိမ်ရှေ့မှာ
ရပ်ပြီး စိန်တွေရွှေတွေ ညွှတ်နေအောင်ဝတ်ထားတဲ့ မိန်းမကြီးတယောက်နဲ့
သူ့အဖေါ်တွေဆင်းလာသတဲ့။
ပြီးတော့ အဲဒီမိန်းမကြီးက
ရွာသားတွေအားလုံးအတွက် လက်ဆောင်ပေးစရာပါလာတဲ့အတွက် မနက်ဖြန်
ကြရင် ရွာလည်ကဓမ္မာရုံကြီးမှာ လူစုပေးဘို့ ရွာသူကြီးကိုပြောသတဲ့။
ရွာသူကြီးကလည်း မိန်းမကြီးရဲ့အရှိန်
အ၀ါကိုစိုးရွံ့တာရော၊ လက်ဆောင်ပစ္စည်းလိုခြင်တာရော နှစ်ခုပေါင်းပြီး
လူစုပေးဘို့ သဘောတူလိုက်သတဲ့။
နောက်တနေ့နံနက်
ဓမ္မာရုံကြီးမှာလူစုံတဲ့အခါကျတော့ မိန်းမကြီးကမတ်တပ် ရပ်လိုက်ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်လောက်တုံးက ဒီရွာကထွက်သွားတဲ့ မိန်းကလေးဟာ ကျမဘဲလို့ပြောလိုက်သတဲ့။
အဲဒီအခါမှာ ရွာသားတွေအားလုံးဟာ အံ့သြလွန်းအားကြီးတဲ့အတွက် “ဟင်” ဆိုတဲ့ အသံကြီးထွက်လာသတဲ့။ မိန်းမကြီးကလည်း သူ့မအဖြစ်ကိုသူမ
အကျဉ်းချုံးပြီးပြန်ပြောပြသတဲ့။ ဒီရွာကထွက်ကာစမှာ သူမဒုက္ခအမျိုးမျိုး ရောက်ခဲ့သတဲ့။
နောက်ဆုံးမှာ ကံအားလျှော်စွာ အလွန်ချမ်းသာတဲ့ သူဌေးကြီးတဦးနဲ့အိမ်ထောင်ကျပြီး အခြေ
အနေကောင်းသွားသတဲ့။ အခုသူဌေးကြီးကွယ်လွန်သွားပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းတထောင်ကျော်
လောက် သူမအတွက်ချန်ထားခဲ့သတဲ့။ အဲဒီငွေတွေထဲကနေ သူမအတွက် နည်းနည်းပါးပါးဘဲချန်ထားပြီး
သန်းတထောင်လုံးကို သူမငယ်စဉ်က ကြည့်ရှူစောင့်ရှောက်ခဲ့တဲ့ ကျေးရွာကို လုခြင်ပါသတဲ့။
မိန်းမကြီးရဲ့
အဲဒီပြောစကားကို ကြားလိုက်တဲ့အခါမှာ ရွာသားတွေအားလုံးဟာ အံ့သြ၀မ်းသာဖြစ်ပြီး ကျယ်လောင်စွာနဲ့
လက်ခုပ်သြဘာတွေ ပေးကြသတဲ့။ ဒါပေမယ့် မိန်းမကြီးဆက်ပြောတဲ့စကားကို ကြားလိုက် ရတဲ့ အခါမှာတော့
ရွာသားတွေအားလုံးဟာ မီးကိုရေနဲ့သတ်လိုက်သလို ငြိမ်သွားကြသတဲ့။
မိန်းမကြီးကဘာပြောသလဲဆိုတော့ “ကျမဒီရွာကနေမျက်ရည်စက်လက်နဲ့ ထွက်သွားရတာဟာ
လူယုတ်မာ တယောက်ကြောင့် ဖြစ်ပါတယ်။ အခုဒီလူဟာ ဒီပရိသတ် ထဲမှာဘဲရှိနေပါတယ်။ ကျမရွာမှာ
စါရင်းငှားလုပ် ခဲ့စဉ်က လယ်ပိုင်ရှင် ဦးကောက် ဆိုသူပါဘဲ။ ဒီလူဟာ စီးပွားရေးအရကျမက
သူ့အပေါ် မှီခိုနေရတာကို အကြောင်းပြု အထက်စီးယူပြီး ကျမကိုအကြိမ်များစွာ မုဒိန်းကျင့်ခဲ့တဲ့အပြင်
ကိုယ်ဝန်ရှိလာတဲ့အခါမှာလည်း ဆေးကြွေးပြီးကိုယ်ဝန်ကို အတင်းအဓမ္မဖျက်ချပစ်ခဲ့တယ်။ ကျမရှက်လည်းရှက်ခဲ့၊
သူ့အန္တရယ်လည်း ကြောက်ရ တော့ ထုတ်လည်းမပြောရဲတာကြောင့် ရွာကနေထွက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အခုအချိန်မှာ ကျမကရွာကို ပြန်ပြီးကျေးဇူးပြုမှာဖြစ်သလို ကျမကိုမတော်မတရားလုပ်ခဲ့တဲ့
လူယုတ်မာ ဦးကောက်ကို ရွာ ကနေ အဆုံးစီရင်ပေးကြပါ” လို့ တောင်းဆိုသတဲ့။
မိန်းမကြီးရှင်းပြတဲ့စကားကို နားထောင်ပြီး ရွာသားတွေဟာ မိန်းမကြီး
မျက်နှာကိုကြည့်လိုက် ဦးကောက်ရဲ့ မျက်နှာကိုကြည့်လိုက်နဲ့ ဘာဆုံးဖြတ်ရမှန်းမသိအောင်
ကြောင်နေကြသတဲ့။ ဦးကောက်ဟာလည်း ကြောက် လွန်းအားကြီးတဲ့အတွက် မျက်နှာတခုလုံးဖြူပြီး သွေးမရှိတော့ဘူး။ မိန်းမကြီးက ရွာကိုလုမယ့် ဒေါ်လာ သန်း တထောင်ဆိုတာ
နဲတဲ့ငွေမဟုတ်ဘူး။ ရွာလမ်းတွေ အားလုံးကောင်းသွားမယ်။ ရွာမှာလိုအပ်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊
သက်ကြီးရွယ်အိုတွေအတွက် လူအိုရုံတွေဆောက်နိုင်မယ်။ တရွာလုံးအတွက် အကျိုးရှိမှာက တော့
အသေအချာဘဲဖြစ်တယ်။
ခဏကြာတော့ ရွာသားတယောက်က မတ်တတ်ရပ်လိုက်ပြီး …
“ ဒီလိုလုပ်လို့တော့မဖြစ်ဘူးထင်တယ်။
အဖြစ်အပျက်တွေကလဲကြာပြီ။ သက်သေအထောက်အထား တွေလည်း မရှိတော့ဘူး။ လူတယောက်ရဲ့အသက်ကို
ဒီလိုလွယ်လွယ်နဲ့တော့ အဆုံးမစီရင်သင့်ဘူးထင်တယ်” လို့ မရဲတရဲနဲ့ ပြောလာတယ်။
အဲဒီအခါမှာ နောက်ထပ်ရွာသားတယောက်က ပထမရွာသားပြောတာကို လက်မခံဘူး။
သူကထပြီး … “အခုဦးကောက် ဘာမှပြန်မပြောဘဲ ငြိမ်နေတာကိုကြည့်ရင် မိန်းမကြီးပြောတဲ့အဖြစ်အပျက်ဟာ
မှန်ပုံရတယ်။ ဦးကောက်ဟာ မုဒိန်းလဲကျင့်ခဲ့တယ်။ ကလေးလည်းဖျက်ချပြီး လူလည်းသတ်ခဲ့တယ်။
ဒီလိုလူယုတ်မာမျိုးကို သေဒဏ်စီရင်သင့်တယ်” လို့ပြောတယ်။
တတိယ ရွာသားတဦးက ဒုတိယရွာသားရဲ့အဆိုကို ထောက်ခံတယ်။ ဒါပေမယ့်
သူစဉ်းစားပုံက ဒုတိယ ရွာသားနဲ့ မတူဘူး။ သူက
… “ မိန်းမကြီး တောင်းဆိုချက်ကို လိုက်လျှောသင့်တယ်လို့ထင်တယ်။
ဦးကောက်လုပ်ခဲ့တဲ့ကိစ္စ သက်သေခိုင်လုံတာ မခိုင်လုံတာထားဦးတော့
တယောက်ကိစ္စနဲ့ တရွာလုံးအကျိုး ဖြစ်နေတယ်။ လိုအပ်ရင် တရွာလုံးအကျိုး လူ့အဖွဲ့အစည်းတခုလုံးအကျိုးအတွက်
တယောက်တလေ အနာခံ သင့်ရင် ခံရမယ်”
စတုတ္တရွာသားတဦးက မတ်တပ်ရပ်လိုက်ပြီး သူ့အမြင်ကိုဆွေးနွေးပြန်တယ်။
ဒါပေမယ့် သူ့စဉ်းစားပုံကလည်း ဒုတိယရွာသားနဲ့ရော တတိယရွာသားနဲ့ ပါမတူဘူး။ နောက်တမျိုးဖြစ်နေပြန်တယ်။
“ အခုဆွေးနွေးသူတွေရဲ့ အရေအတွက်ကို အကြမ်းဖျင်းလေ့လာကြည့်လိုက်တဲ့အခါ
မိန်းမကြီး တောင်းဆို ချက်ကို လိုက်လျောရမယ့်ဘက်က များနေပုံရတယ်။ ဒါပေမယ့် အတိအကျတော့
မပြောနိုင်သေးဘူး။ အခု ဓမ္မာရုံထဲမှာလည်း ရွာသားတွေ အားလုံးနီးပါးရောက်နေကြပြီ။ သေချာသွားအောင်
ဦးကောက်ကို အဆုံးစီရင် သင့် မသင့် ဒီမိုကရေစီနည်းနဲ့အညီ အားလုံးရဲ့သဘောဆန္ဒကိုရယူပြီး
မှဆုံးဖြတ်လိုက်ကြရင်ကောင်းမယ် ထင်တယ်”
ပုံပြင်ကလေးကတော့ ဒါပါဘဲ။
စာဖတ်သူသာ အဲဒီရွာက ရွာသားတဦးဖြစ်ရင် မိန်းမကြီးတင်ပြတဲ့ပြသနာအပေါ်မှာ
ဘယ်လို သဘောထား ပေးမလဲ ဆိုတာကို ဖြေကြားပေးစေလိုပါတယ်။
ရွာသားလေးဦးစလုံး၏ အဆိုပြုချက်တွေအပေါ် ပြသနာနဲ့ ယှဉ်တွဲပြီး
သုံးသပ်တင်ပြပါမယ်။
ပထမရွာသားက သက်သေအထောက်အထားတွေလဲ မရှိတော့ဘူးရယ်လို့ အလွယ်တကူ
နိဂုံးချုပ်ခဲ့တယ်။ အဲဒီအချိန်အထိ သက်သေအထောက်အထားရှိမရှိ ဘယ်သူမှအတိအကျ မပြောနိုင်ပါ။
“လူတယောက်ရဲ့ အသက်ကို ဒီလို လွယ်လွယ်နဲ့တော့ အဆုံးမစီရင်သင့်ဘူး” ဆိုပြီး သတိပေးသွားတာက
လွဲလို့ သက်သေ အထောက်အထား ကို ဘယ်လို ရှာဖွေသင့်တယ်။ ဘယ်လို အရေးယူဆောင်ရွက်သင့်တယ်ဆိုတာကို တိတိကျကျ
တင်ပြနိုင်ခြင်း မရှိပါ။
ဒုတိယရွာသားရဲ့ တင်ပြပုံဟာ အန္တရာယ်ကြီးပါတယ်။ လူတဦးရဲ့ တိုင်တန်းချက်ကို
အလွယ်တကူ လက်ခံ ယုံကြည်ပြီး၊ အခြားလူတဦးကို အရေးယူနိုင်တဲ့ သဘောဖြစ်နေပါတယ်။
တတိယရွာသားရဲ့ တင်ပြပုံက ပိုပြီး အန္တရာယ် ကြီးပါတယ်။ လူ့လောက ပြသနာရပ် တွေကို ချည်းကပ်ရာမှာ လူ့အဖွဲ့အစည်းကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊
အများကောင်းကျိုး၊ တော်လှန်ရေးအကျိုးစီးပွား စသဖြင့် တခုလုံးနဲ့ဆိုင်တဲ့အကျိုးကို ဖေါ်ဆောင်ဘို့ဆိုတဲ့
အကြောင်းပြချက်နဲ့ လူတဦးရဲ့အခွင့်အရေးကိစ္စကို ပေါ့ပေါ့ သဘောထားပြီး စီမံလုပ်ဆောင်သွားနိုင်ပါတယ်။
အဲဒါမျိုးသာ အစဉ်အလာဖြစ်သွားမယ်ဆိုရင် လူ့အဖွဲ့အစည်း
တရပ်လုံးအတွက် အန္တရယ်ကြီးလှပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီအစိုးရဟာ တိုင်းပြည်အကျိုးစီးပွား၊ တော်လှန်ရေးအကျိုးစီးပွားရယ်လို့
ကြွေးကြော်ပြီး လူနှစ်သန်းကျော်မျှ သတ်ဖြတ်သွားခဲ့တယ်။ ခမာနီတို့လောက်
အရေအတွက်မများပေမယ့် တကမ္ဘာလုံးမှာတိုင်းပြည်အကျိုးစီးပွား၊ တခုလုံးအကျိုးစီပွား၊ တော်လှန်ရေးအကျိုးစီးပွားဆိုတဲ့
ကြွေးကြော်သံ အောက်မှာ အလွယ်တကူ စီရင်ခံခဲ့ရပြီး အသက်ပျောက်ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူပေါင်းမြောက်များလှစွာ ရှိပါတယ်။
စတုတ္တရွာသားရဲ့ တင်ပြချက်ဟာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို
ကွဲပြားစွာနားမလည်သူတွေအတွက် ယုံထင်ကြောင်ထင်ဖြစ်သွားစေနိုင်ပါတယ်။ ဦးကောက်အပေါ် အဆုံးစီရင်သင့်မသင့်ကို
ရွာသားအများစု ကြီးက ဆုံးဖြတ် ရင် ရ မလိုလို ဖြစ်နေတယ်။ “ ဒီမိုကရေစီဆိုတာ နိုင်ငံရေးကိစ္စရပ်များအပေါ်မှာသာ
ဆုံးဖြတ်ရမှာဖြစ်တယ်။ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များကို
ဒီမိုကရေစီနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာကို အဲဒီ ရွာသား နားမလည်လို့ဖြစ်တယ်” ဆိုပြီး
စောဒကတက်လိုသူများလည်း ရှိကောင်းရှိနိုင်ပါတယ်။
ဒီမျှနှင့် မလုံ လောက်မပြည့်စုံပါ။ လက်တွေ့နယ်ပယ်မှာ နိုင်ငံရေးကိစ္စရပ်တွေနဲ့
ဥပဒေကိစ္စရပ်တွေ ရောထွေးနေလေ့ရှိပါ တယ်။ အာဏာပိုင်တွေဟာ ကြိမ်ဖန်များစွာဘဲ နိုင်ငံရေးကိစ္စ ရပ်တွေကို
ဥပဒေနဲ့ ဖြေရှင်းခိုင်းလေ့ရှိတယ်။ ဥပဒေ တွေကိုလည်း မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်များ အတွက်
အသုံးချခဲ့ပေါင်းများလှပါပြီ။
လူထုဆန္ဒကိုအခြေပြုပြီး အချုပ်အခြာအာဏာပိုင်ဆိုင်မှု စနစ်ကျင့်သုံးတာကို
ဒီမိုကရေစီအဖြစ် အများနားလည် ကြတယ်။ ဒါပေမယ့် လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့်
ကျင့်သုံးလာကြတဲ့ မျက်မှောက်ကာလမှာ မိမိတို့ လူ့အဖွဲ့အစည်း (ဒါမှမဟုတ်) နိုင်ငံမှ နိုင်ငံသားအများစုရဲ့
ဆန္ဒပါဆိုတဲ့ အကြောင်းပြချက်နဲ့ အခြေခံလူ့အခွင့် အရေးတွေနဲ့ ဆန့်ကျင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရပ်
(သို့မဟုတ်) အခြားဥပဒေတရပ်ရပ် ပြဌာန်းတာကို ဖြစ်စေ၊ လုပ်ဆောင်ချက်တရပ်ရပ် လုပ်ဆောင်တာကိုဖြစ်စေ
လက်မခံကြတော့ပါ။ သက်ဆိုင်ရာနိုင်ငံက နိုင်ငံသား တကယ့်အများစုကြီးရဲ့ဆန္ဒ အစစ်အမှန် ဖြစ်ကောင်းဖြစ်မယ်။ ဒါကြောင့် ဒီမိုကရေစီ ကျကောင်း ကျမယ်။ ဒါပေမယ့်
အဲဒီဆန္ဒ (ဒါမှမဟုတ်) လုပ်ဆောင်လိုတဲ့ အရာ (ဒါမှမဟုတ်) ဥပဒေ တရပ်ရပ်ပြဌာန်းခြင်း ဟာ
လူတဦးခြင်းစီရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဆန့်ကျင်နေရင်
လက်မခံနိုင်တဲ့လမ်းကြောင်းသို့ ယနေ့ ကမ္ဘာ့နိုင်ငံ အများစုကြီးက ဦးတည်လျှောက်လှမ်းလျှက်
ရှိပါတယ်။
အထက်ပါ ပုံပြင်ကလေးမှာ
ဖေါ်ပြထားတဲ့ပြသနာကို အခြေခံလူ့အခွင့်အရေး ရှုဒေါင့်ကနှေ စဉ်းစားမယ် ဆိုရင်လွယ်လွယ်ရှင်းရှင်း အဖြေထုတ်နိုင်ပြီး လူတိုင်းလည်း လွယ်လင့်တကူ
နားလည်နိုင်ပါတယ်။
“ အသက်ရှင်သန်ပိုင်ခွင့်” ဟာ အခြေခံလူ့အခွင့်အရေးဖြစ်တယ်။ ဒုတိယ
ရွာသားပြောသလို လူတဦးရဲ့ အသက် ကို ရော်ရမ်းမှန်းဆပြီးသံသယနဲ့ အဆုံးစီရင်ပိုင်ခွင့်မရှိပါ။ တတိယရွာသားပြောသလိုလည်း
တရွာလုံးရဲ့ ကောင်းကျိုးပင် ဖြစ်နေပါစေ၊ လူတဦး၏အသက်ကို အဆုံးစီရင်ခြင်းအပေါ် လူ့အခွင့်အရေး အယူအဆက
ခွင့်မပြုပါ။ စတုတ္တ ရွာသားပြောသလိုလည်း ရွာသူကြီး၊ ရွာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့
အပါအ၀င်၊ တရွာလုံးရှိ ရွာသားအားလုံးကပင် သဘောတူကြပါစေ၊ ဒီမိုကရေစီဆိုပြီး အထက်ပါ ဓမ္မာရုံအစည်းအဝေးမှာ
ဆုံးဖြတ်ချက် ချကာ ဦးကောက်ကို အဆုံးစီရင်ခွင့်မရှိပါ။ “ အသက်ရှင်သန်ပိုင်ခွင့်” ဟာ
မည်သူမျှ ရုပ်သိမ်းလို့မရတဲ့ ဦးကောက်ရဲ့အခွင့်အရေး အတိတကျဖြစ်ပါတယ်။ ဦးကောက်ဟာ ဘယ်လောက်ဘဲ
မိန်းမကြီးအပေါ် ယုတ်မာခဲ့ သူဖြစ်ပါစေ၊ သက်သေအထောက် အထားခိုင်လုံမှုအပေါ် တရားရုံးရဲ့
ဆုံးဖြတ်ချက်အရမဟုတ်ရင် ဦးကောက်ရဲ့ အသက်ကို မည်သူတစုံတယောက်ကမျှ ထိပါးလို့မရပါ။ ဒါဟာ
ပြသနာကို လူ့အခွင့်အရေးအခြေခံကနေ ရှင်းလင်းစွာစဉ်းစားခြင်းဖြစ်ပါတယ်။ လူတယောက်ရဲ့ အခွင့်အရေး၊
လူ့အခွင့်အရေး အခြေခံကိုလေးစားလိုက်နာ ပြီး ဖေါ်ဆောင်တည်ဆောက်တဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း
(Civil Society) ကို လူထုအဓိက လူ့အဖွဲ့အစည်း ရယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။
အောင်ထူး
အထွေထွေ အတွင်းရေးမှုး
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
0 comments:
Post a Comment