Tuesday, December 6, 2011

စာနယ်ဇင်းနှင့် နိုင်ငံရေး (ဇဝန)၊ အပိုင်း (၃)

by Thant Ko Ko Maung on Wednesday, December 7, 2011 at 9:58am
 
 
မြန်မာပြည်၏ နိုင်ငံရေးသည် ၁၉၂၀ ပြည့်နှစ် ကောလိပ်သပိတ်ကြီး ပေါ်ခဲ့ပြီးသည့်နောက်
ဒီရေအလား တဟုန်ထိုး ထိုးတက်လာခဲ့သည်။ ပြည်သူ့ ဘက်တော်သား စာနယ်ဇင်းများလည်း
အတန်အသင့် ပေါ်ထွက် လာခဲ့သည်။ ထိုစာနယ်ဇင်း အများစုသည် ပြည်သူ့ ထင်မြင်ချက်များ
ပေါ်တွင် သြဇာလွှမ်းမိုး နိုင်ခဲ့ကြသည့် အလျောက် တစ်ပြည်လုံးက ဟုမ္မရူးကိုသာ အုံးအုံးကြွက်ကြွက်
တောင်းဆို လာကြအောင် ရှေ့ဆောင်နိုင်ခဲ့ ကြလေသည်။

ထိုအချိန် မတိုင်မီမှာပင် မြန်မာ့ နိုင်ငံရေးကို တွန်းအားပေးသော ကလောင်ရှင်ကြီး နှစ်ဦး ပေါ်ထွန်းခဲ့
လေသည်။ တစ်ဦးမှာ ဇာတိမာန် စာဆိုကြီးဖြစ်သော မစ္စတာမောင်မှိုင်းခေါ် သခင်ကိုယ်တော်မှိုင်း
ဖြစ်ပြီး၊ နောက်တစ်ဦးမှာ ကာတွန်းဆရာ ရွှေတလေးခေါ် ဦးဘကလေး ဖြစ်လေသည်။ တစ်ခါတစ်ရံ မစ္စတာမောင်မှိုင်းနှင့် ရွှေတလေး တို့သည် နှစ်ဦးပေါင်းပြီး ပြည်သူတို့အား နိုင်ငံရေး အသိပညာ
ပေးခဲ့ကြလေသည်။


နဝမမြောက် ကွန်ဖရင့်ကြီး ပြီးသည့်နောက် မြန်မာပြည်အား မည်သည့် အုပ်ချုပ်ရေးမျိုး ပေးသင့်သည်ကို စုံစမ်းရန်
ဝှိုက်ကော်မတီသည် မြန်မာပြည်သို့ ရောက်ရှိ လာလေသည်။ ထိုအခါ မြန်မာ သတင်းစာဆရာ ၁၃ ဦးတို့က
ဝှိုက်ကော်မတီသည် မြန်မာလူမျိုး အပေါင်းတို့အား ဟုမ္မရူး အုပ်ချုပ်ခွင့်ကို ဆောလျင်စွာ ရရှိစေရန် လုံးလုံး
မစီမံနိုင်သည် ဖြစ်သောကြောင့်၊ ယင်းဝှိုက်ကော်မတီအား အသိအမှတ်ပြုသည် ရှိသော် မြန်မာပြည်နှင့် မြန်မာ
အမျိုးသားတို့အား များစွာ အကျိုးယုတ် နစ်နာစေလိမ့်မည်ဟု ထင်မြင်သဘော ရရှိကြောင်း ထုတ်ပြန် ကြေငြာ
ကြလေသည်။

လက်မှတ်ရေးထိုး ကြသူတို့ကား သူရိယ ဦးတုတ်ကြီး၊ နယူးဘားမား ဦးကွန်း၊ အော့ဗဇားဗား
ဦးခင်မောင်၊ ပညာ့အလင်း မောင်ပုကလေး၊ လစ်ဘာတီ ဦးရွှေကြူး၊ ဖရီးဘားမား ဦးထွန်းသန်း၊
အာဇာနည် မောင်ရွှေဘ၊ မြန်မာ့ဝန်ထမ်း ဦးမောင်မောင်၊ မြန်မာ့အလင်း မောင်မောင်ကြီး၊
လွတ်ငြိမ်းဘွယ် မောင်ထွန်းမြင့်၊ မော်ဒန်ဘားမား ဦးတင်၊ ဗန္ဓုလ မောင်စိန်၊ ဝရဇိန် မောင်ကြွယ်တို့
ဖြစ်ကြသည်။

မြန်မာ သတင်းစာ ဆရာများသည် ပြည်တွင်း နိုင်ငံရေးတွင် သဘော ကွဲလွဲသည့်အခါ ကွဲလွဲ
ကြသော်လည်း နယ်ချဲ့တို့နှင့် ရင်ဆိုင်ကြသည့် အခါ၌မူ စည်းလုံးညီညွတ်မှု ရှိကြခြင်းကို သတင်းစာ
သမိုင်းတွင် ပထမဦးဆုံး ပြသလိုက်ကြခြင်း ဖြစ်ပေသည်။

ဤကြေငြာချက်နှင့် စပ်လျဉ်း၍ မစ္စတာမောင်မှိုင်းက “ဒါယကာ တကျိတ်သုံးတို့သည် သပိတ်လုံးကြီးနှင့် တူသော
ကြော်ငြာရိုက်ပြီးသော် ဝှိုက်ကော်မတီကို ငြင်းဆန်မည်ဟု၊ အတင်း  ခံနေသည်များကို ကြားရသောအခါ၊ မန္တလေး
သြဘာစာနှင့်၊ သဘောသကာအသုံး မထူးရကား၊ ဟုမ္မရူး ရပေါက်လမ်းနှင့်၊ အလှမ်းဖြင့် မကွာတော့ဘူးဟု၊
အထူးဘဲ အားတက်မိပြန်လေ၏” ဟူ၍ ရေးသားခဲ့လေသည်။

ယင်းသို့ တစ်ပြည်လုံးက ဟုမ္မရူးကိုသာ လိုလားလျက် ရှိကြရာတွင် ၂၁ ဦး ဂျီစီဘီအေ၏ အသံဖြစ်သော သူရိယ
သတင်းစာက ဒိုင်အာခီကို ပြည်သူတို့ လက်ခံချင်အောင် အမျိုးမျိုး လှုံ့ဆော် ဝါဒဖြန့်ခဲ့လေသည်။ မြန်မာ့အလင်း
သတင်းစာသည် စောစောပိုင်းက ပြတ်သားသောဝါဒ မရှိခဲ့ပဲ အများအကြိုက်ကို လိုက်၍ ရေးသား နေခဲ့ရာက
မန္တလေး ဦးကိုကိုကြီးလက်မှ ကြံခင်း ဦးမောင်မောင်ကြီး (ပုလိပ် အင်စပိတ်တော်ဟောင်း) ၏ ဇနီး ဒေါ်ဒေါ်စု
လက်သို့ ရောက်ရှိ သွားပြီးနောက် အောင်ဇေယျတု ဦးဘိုးဘတို့နှင့် ပေါင်းမိသည့် အချိန်မှစ၍ ၂၁ ဦးအား
လုံးလုံးလျားလျား ထောက်ခံသော သတင်းစာ ဖြစ်သွားလေသည်။

(မြန်မာ့အလင်း သတင်းစာပိုင်ရှင် ဦးကိုကိုကြီးသည် မြန်မာ့အလင်း သတင်းစာသစ်ကို စတင်
ထုတ်ဝေ၍မှ မကြာမီမှာပင် ဆရာသင် ဓားထိုး၍ အသတ်ခံရခြင်း၊ မိမိကိုယ်တိုင်လည်း သတင်းစာတွင်
ပါလာသည့် သတင်း တစ်ပုဒ်ကြောင့် အရိုက် ခံခဲ့ရခြင်း၊ ဝေလမင်းသား အလည်လာစဉ်က ဦးစိန်းအား
နယ်နှင်ဒဏ် ပေးခြင်းတို့ကြောင့် သတင်းစာ လုပ်ငန်းတွင် စိတ်ကုန်ခမ်းသွားဟန် တူသည်။
၁၉၂၁ ခုနှစ် အကုန်လောက်တွင် မြန်မာ့အလင်း သတင်းစာတိုက်ကို ရောင်းချပစ်လိုက်ပြီး
မန္တလေးသို့ပြန်၍ မိမိ တတ်ကျွမ်းလာခဲ့သော ယက္ကန်းလုပ်ငန်းကို ထူထောင် လုပ်ကိုင်
နေလေတော့သည်။)

ပညာ့အလင်း သတင်းထောက် အယ်ဒီတာ ဦးပုကလေးသည် တစ်ကျိပ်သုံးယောက်သော သတင်းစာ ဆရာတို့၏
ဝှိုက်ကော်မတီ ကြေငြာစာတန်းကို ပညာ့အလင်းကိုယ်စား လက်မှတ် ရေးထိုးခဲ့သဖြင့် တိုက်ပိုင်ရှင် ဦးတင်နှင့်
ပြဿနာ ပေါ်ဘွယ်ရာ ရှိသည်။ အကြောင်းမှာ ပညာ့အလင်းသည် အစိုးရ အလိုတော်ရိကြီးများ ဖြစ်ကြသော
“တူသာသင်း” ဂိုဏ်း၏ သြဇာခံသတင်းစာ ဖြစ်သောကြောင့်တည်း။ ထိုကြေငြာစာတမ်းကို ဦးပုကလေး လက်မှတ်
ရေးထိုးခဲ့ပြီး မကြာမီမှာပင် ဦးပုကလေးသည် ကြယ်တံခွန် သတင်းစာတိုက်သို့ ရောက်ရှိ သွားလေသည်။

ဦးပုကလေးသည် ဆရာသင် ဓားထိုး၍ အသတ်ခံရမှုတွင် ပညာ့အလင်းဦးတင်၏ ပယောဂ မကင်းကြောင်းကို
သိရှိထားခဲ့သည်။ သို့ရာတွင် ပညာ့အလင်းမှာ လုပ်စဉ်က ထိုကိစ္စကို မျိုသိပ် ထားခဲ့သည်။ ပညာ့အလင်းမှ
ထွက်လာခဲ့ပြီးသည့် နောက်မှ ထိုအကြောင်းကို ဖော်ကောင် လုပ်ခဲ့လေသည်။ သို့ဖြစ်၍ အစိုးရက ဦးတင်ကို
ဖမ်းဆီး အရေးယူရကာ ငမိုးကို တကျွန်းမှ ပြန်၍ ခေါ်ပြီးလျှင် အမှုကို ပြန်လည် စစ်ဆေးရလေသည်။ ဦးတင်မှာ
မျက်နှာဖြူ တရားဝန်ကြီးများ အပေါ်တွင် သြဇာညောင်းသော ဝတ်လုံ အော်စကာ ဒီဂလန်ဗီ၏ ကောင်းမှုကြောင့်
ထိုအမှုမှ လွတ်မြောက် ခဲ့ရသော်လည်း တရားစရိတ်ကြောင့် ပညာ့အလင်း သတင်းစာတိုက်မှာ အခြေပျက်ကာ
ရပ်ပစ်လိုက်ရသည့် အဖြစ်သို့ ရောက်ရှိသွားလေသည်။

၁၉၂၁ ခုနှစ် ခရစ္စမတ်ပွဲ မတိုင်မီ အချိန်တွင် အဋ္ဌမမြောက် ဧဒွက် ဘုရင်းလောင်းလျာ ဖြစ်သော
ဝေလမင်းသား (နောင်အခါ ဝင်စာမြို့စားကြီး) သည် မြန်မာပြည်သို့ တိုင်းခန်းလှည့်လည် ရောက်ရှိ
လာလေသည်။ ထိုအခါတွင် အလိုတော်ရိကြီးများက သမီးကညာများဖြင့် ပန်းစည်းဆက်၍ ကြိုဆိုကာ
ကပွဲများ၊ ဧည့်ခံပွဲများကို ခမ်းနား ကြီးကျယ်စွာ ပြုလုပ်ရန် စီစဉ် ထားကြလေသည်။ သတင်းစာများ
ကမူ သပိတ်မှောက်ဘို့ရန် လှုံ့ဆော် ရေးသား ကြလေသည်။ ထိုသို့ လှုံဆော် ရေးသားကြသည့် အတွက်
ဦးချစ်လှိုင်အား ဟုမ္မလင်းသို့၎င်း၊ ဦးစိန်း (မြန်မာ့အလင်း) အား ကလေးဝသို့၎င်း၊ ဦးဘလှိုင်
(နယူးဘားမား) အား မော်လိုက်သို့၎င်း၊ ပဟိုရ်စည် ဦးဘဦးအား စစ်တွေသို့၎င်း နယ်နှင်ဒဏ်
ပေးလိုက်လေသည်။

ထိုအခါက မြန်မာ့အလင်း သတင်းစာသည် ဝေလမင်းသား လာရောက် နေထိုင်သွားသည့်
သုံးရက်စလုံး သတင်းစာ လုံးဝမထုတ်ပဲ ပိတ်၍ ဆန္ဒ ပြခဲ့လေသည်။

ကြယ်တံခွန် သတင်းစာ အယ်ဒီတာ ဦးပုကလေး (ပညာ့အလင်း လက်ထောက် အယ်ဒီတာဟောင်း) သည်
“ဝေလမင်းသားနှင့် ဆေးဖယောင်းတိုင်” ခေါင်းစဉ်တပ်ကာ မြန်မာ အမျိုးသမီးကလေး များနှင့် ဝေလမင်းသား
ဆက်ဆံပုံကို မထောက်မညှာ ရေးသားထားသည့် ဆောင်းပါးကို ရေးသားထည့်သွင်း ဖော်ပြခဲ့သည့်အတွက်
ညစ်ညမ်းသောစာများ ထုတ်ဝေမှုဖြင့် အလုပ်မရှိ ထောင်ဒဏ်နှစ်လ အပြစ်ပေး ခံရလေသည်။

၁၉၀၆ ခု ဇန်နဝါရီလ အတွင်းကလည်း ပဉ္စမမြောက် ဂျော့ဘုရင် လောင်းလျာဖြစ်သော ဝေလမင်းသားနှင့်
ကြင်ယာတော် မေရီမင်းသမီးတို့ မြန်မာပြည်သို့ တိုင်းခန်းလှည့်လည်ကာ ရောက်လာ ခဲ့ကြသေးသည်။ သို့ရာတွင်
ထိုစဉ်က ပြည်သူ့ဘက်တော်သား သတင်းစာ ဆရာများ မပေါ်ခဲ့ကြသေး၍ သပိတ်မှောက် ဆန္ဒပြရန် လှုံ့ဆော်မှု
မရှိခဲ့ပေ။ ထိုစဉ်က ရန်ကုန်ဂေဇက် သတင်းစာတိုက်မှ မြန်မာဘာသာဖြင့် ထုတ်ဝေသော
မြန်မာအဆွေ သတင်းစာက ဝေလမင်းသား ကြွရောက်လာသည့် သတင်းနှင့် စော်ဘွား
ကြီးငယ်များ၊ တောင်တန်းသားများ လာရောက် ဖူးမျှော်ကြသည့် သတင်းများကို ရှည်လျားစွာ
ဖော်ပြခဲ့၍ ထိုသတင်းများကို ဟံသာဝတီ သတင်းစာက တဆင့်ကူးယူ ဖော်ပြခဲ့လေသည်။

၁၉၂၂ ခု နိုဝင်ဘာလထဲတွင် ဒိုင်အာခီ အုပ်ချုပ်ရေးကို အသက်သွင်းမည့် ဥပဒေပြု ရွေးကောက်ပွဲ
ကျင်းပသည့် အခါ ၂၁ ဦးတို့က ဒိုင်အာခီကို ပူးသတ်မည်ဟူသော ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ
ဝင်ခဲ့ကြသည်။ လှိုင်ပုကျော်၊ ဝံသာနု ဂျီစီဘီအေက ဟုမ္မရူးရမှ ယူမည်ဆိုကာ ရွေးကောက်ပွဲကို
သပိတ်မှောက်ကြသည်။ သို့ဖြင့် ပထမဆုံး ဒိုင်အာခီ ရွေးကောက်ပွဲတွင် ၂၁ ဦးတို့နှင့် အင်ဒီပင်းဒင့် ပါတီခေါ်
ရွှေတောင်ကြား ပါတီတို့သာ ယဉ်ပြိုင်ခဲ့ကြ ရလေသည်။ ထိုစဉ် တစ်နိုင်ငံလုံးတွင် ဟုမ္မရူး လိုချင်သူက များ၍
နေလေရာ မဲဆန္ဒရှင် ၁၇၆၀၀၀၀ ကျော် ရှိကြသည့်အနက် ၆.၉ ရာခိုင်နှုန်းမျှသာ မဲပေးခဲ့ကြလေသည်။

သတင်းစာများသည် ပြည်သူတို့၏ အမြင်ကို ဖန်တီးနိုင်၊ လွှမ်းမိုးနိုင်စွမ်း ရှိကြသော်လည်း
နိုင်ငံရေးသမားတို့၏ ခြေလှမ်းကို မတားဆီး နိုင်ခဲ့ကြသဖြင့် ၆ ဒဿမ ၉ ရာခိုင်နှုန်း မျှသော
မဲဆန္ဒရှင်တို့၏ ထောက်ခံမှုဖြင့် ၁၉၂၃ ခု ဇန်နဝါရီ လဆန်းစရက်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးသည်
မြန်မာပြည်တွင် ဖွားသန့်စင်ခဲ့ လေတော့သည်။

၁၉၂၅ ခုနှစ်ထဲသို့ ရောက်လာသောအခါ ဒုတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲတွင်
ကျင်းပမည်ဟု အစိုးရက ကြေငြာလေသည်။ ဤအကြိမ်တွင်မူ ဟုမ္မရူးနှင့် သရာဇ နိုင်ငံရေးသမား
အချို့တို့က ၂၁ ဦးတို့ကို အားကျကာ ရွေးကောက်ပွဲ ဝင်ဘို့ရန် ဆုံးဖြတ်ကြသည်။ ရွှေတောင်ကြား
(အင်ဒီပင်းဒင့်) တို့ကလည်း “ဗဟု” ဟူ၍ ကင်ပွန်းတပ် ခံရသော တစ်သီး ပုဂ္ဂလများနှင့် ပေါင်းကာ
ရွေးကောက်ပွဲ ဝင်ကြသည်။

ဦးဘကလေး၏ ရွှေတလေး ကာတွန်းများသည် သူရိယမဂ္ဂဇင်းတွင် ၁၉၁၇ ခုနှစ်လောက်က စ၍ ၁၉၂၀ ခုနှစ်အထိ
ပါရှိခဲ့ပြီးနောက် အဆက်ပြတ်သွားရာက ၁၉၂၅ ခုနှစ်တွင် ပြန်၍ ပေါ်လာလေသည်။ ထိုအချိန်တွင် ၂၁ ဦး
ပါတီသည် လွှတ်တော်တွင် အမတ်အင်အား နည်းသဖြင့် အစိုးရ မဖွဲ့နိုင်ပဲ အတိုက်အခံ ဖြစ်လာလေရာ ၂၁ ဦး၏
အသံဖြစ်သော သူရိယသည် ဦးဘကလေးအား ပြန်လည် ချဉ်းကပ်၍ ရွှေတလေး ကာတွန်းများကို စနေနေ့တိုင်း
ထည့်ကာ အစိုးရကို၎င်း၊ မိမိတို့နှင့် အတိုက်အခံ ပါတီများကို၎င်း နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲခဲ့လေသည်။

၁၉၂၀ ပြည့်နှစ် မတိုင်မီက ရွှေတလေး၏ ကာတွန်းများမှာ နိုင်ငံရေးထက် လူမှုရေးဆိုင်ရာ ကာတွန်းက များခဲ့
လေသည်။ ၁၉၂၅ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲမှစ၍ နိုင်ငံရေးကို အလေးပေးသော သတင်းစာ
အာဘော်ဖြစ်သည့် ကာတွန်း (Editorial Cartoon) တွေ များလာသည်။ ပို၍လည်း ပြောင်မြောက်လာသည်။
လက်ရာလည်း အံ့သြလောက်အောင် တိုးတက်လာသည်။ သို့သော် ၁၉၁၈ ခုနှစ်က ရေးခဲ့သော “တူသာသင်းနှင့်
ဆာရယ်ဂျီနယ် ကရက်ဒေါက်” တို့၏ ကာတွန်းနှင့် ၁၉၂၄ ခုနှစ်က ဟိုက်ကုတ်ရုံးတွင် စစ်ဆေးနေသည့် ဦးဥတ္တမ
အမှုကို ဘုရင်မ ပန်းခြံတွင်းမှ နားထောင်နေသည့် လူထုကြီးကို ဂေါ်ရာပုလိပ်တို့က မြင်းနှင့်တိုက်၍ လူစုခွဲပုံကို
သရုပ်ဖော်သော ကာတွန်း နှစ်ခုမှာ ကာတွန်းသမိုင်းတွင် မော်ကွန်း တင်ရမည့် ကာတွန်းများ ဖြစ်ကြသည်။

ထိုအချိန်က ကာတွန်းဖြင့် အများဆုံး ထိုးနှက် လှောင်ပြောင် ခံရသော နိုင်ငံရေး ပုဂ္ဂိုလ်တစ်ဦးမှာ
သာယာဝတီ ဦးပု ဖြစ်လေသည်။ ဦးပုက ဒိုင်အာခီကို မဟတ္တမဂန္ဒီက သပိတ်မှောက်သည် ဆိုကာ၊
ဒိုင်အာခီကို အလိုမရှိ၊ ဟုမ္မရူးရမှ ယူမည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် သူ့ကို “ဂန္ဒီပု” ဟု ခေါ်ခဲ့ကြသည်။
နောင်တွင် သပိတ် မှောက်သင့်မှ မှောက်ရမည်ဆိုကာ ၂၁ ဦး ဖြစ်လာသည်။ နောက်ဆုံးတွင်
အလိုတော်ရိ ဖြစ်သွားလေသည်။ ဦးဘကလေးသည် နိုင်ငံရေးသိက္ခာ မဲ့သူများကို အကွက်ပေါ်တိုင်း
နာနာနှက်လေ့ ရှိသည်။

၁၉၂၅ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲးကြီး ပြီးသည့်နောက် ဂျီစီဘီအေသည်
အစိတ်စိတ်ကွဲကာ နိုင်ငံရေးသည်လည်း အီလယ်လယ် ဖြစ်နေခဲ့ရာက ၁၉၂၆-၂၇ ခုနှစ်တွင်
တစ်နိုင်ငံလုံးက စိတ်ဝင်စားကြပြီး သတင်းစာများ အနေဖြင့် နိုင်ငံရေး ကစားစရာအဖြစ်
ရေးကွက် ကောင်းလှသော အရေးအခင်းတစ်ခု ပေါ်ပေါက် လာခဲ့လေသည်။ ထိုအရေးမှာ
“တောပုန်းကြီးစံဖဲ” ကိစ္စ ဖြစ်ပေသည်။

မိတ္ထီလာမြို့နယ် မဲတောရွာသား စံဖဲသည် သူကြီးနှင့် မတည့်သဖြင့် သူကြီးက ပုလိပ်နှင့်ပေါင်းကာ စံဖဲကို
ကျော်ဇောမှုဖြင့် ဖမ်းပြီး ထောင်ကျအောင် လုပ်ခဲ့လေသည်။ သူသည် ထောင်က ထွက်သည့်အခါ မယားဖြစ်သူကို
နယ်ပိုင်ဝန်ထောက်၏ တပည့်က သိမ်းပိုက်ထားသည်ကို တွေ့ရ၍ မယားခိုးသူကိုသတ်ပြီး ထွက်ပြေးရာက
အဖမ်းခံရပြန်ရာ ရာဇဝတ်အုပ်ကို သတ်၍ ထွက်ပြေး ပြန်လေသည်။

သည်တစ်ကြိမ်တွင် စံဖဲကို လိုက်လံ ဖမ်းဆီးကြသော်လည်း မမိဘဲ ရှိကြရာ သတင်းစာများက သူ့ကို
လူစွမ်းကောင်းကြီးအဖြစ် ပုံကြီးချဲ့၍ ရေးသားခဲ့ကြသဖြင့် လူသတ်သမား အဖြစ်ဖြင့် ဝရမ်းပြေး
နေရသော စံဖဲသည် ဗြိတိသျှ နယ်ချဲ့အစိုးရကို တော်လှန်သော သူပုန်ကြီးအဖြစ် ကျော်ကြား
သွားခဲ့လေသည်။ အချို့က သူ့အား ဆင်းရဲသား တို့ဘက်မှ မားမားမတ်မတ် ရပ်တည်ပြီး အစိုးရနှင့်
ဓနရှင်တို့ကို တိုက်ခိုက်ခဲ့သည့် အင်္ဂလန်မှ အင်္ဂလန်မှ တောပုန်းကြီး ရော်ဘင်ဟုနှင့် နှိုင်းယှဉ်၍
ရေးသား ချီးကျူးခဲ့ကြသည်။ ပြည်သူတို့ကလည်း နယ်ချဲ့အစိုးရကို ခုခံ တော်လှန်ရဲသည့်
လူစွမ်းကောင်းများကို မျှော်လင့်၍ နေကြရာ စံဖဲ၏ သတင်းများမှာ လူတိုင်း၏ ပါးစပ်ဖျားတွင်
ရေပန်းစား၍ နေခဲ့လေသည်။ အစိုးရသည် စံဖဲကို စစ်ဗာရီ တပ်များဖြင့် တောနင်း၍ ရှာသည့်တိုင်အောင်
တစ်နှစ်နီးပါးခန့် ကြာမျှ မမိဘဲ ရှိခဲ့သည်။ နောက်ဆုံးတွင် စံဖဲသည် ငှက်ဖျားမိ၍ မထနိုင်ဘဲ ရှိနေစဉ် တပည့်
တစ်ဦးက ဆုငွေ ၅၀၀၀ ကျပ် လိုချင်သည့်အတွက် အသားထဲက လောက်ထွက်ခဲ့သောကြောင့် အဖမ်းခံရကာ
စက်တိုင် တက်ခဲ့ရရှာလေသည်။

ယခုလို သတင်းစာတို့က စံဖဲကို အရင်းပြု၍ နိုင်ငံရေး ကစားလိုက်ကြသည့် အတွက် စံဖဲလို
တောပုန်းလေး တစ်ယောက်ကိုပင် အလွယ်တကူ မဖမ်းနိုင်သော ဗြိတိသျှ အစိုးရကို လူအင်အား
ကောင်းကောင်းဖြင့် တော်လှန် တိုက်ခိုက်လျှင် အောင်မြင်နိုင်သည် ဟူသော အတွေးအခေါ်သည်
နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်သော ဝံသာနုတို့၏ နှလုံးသားထဲတွင် ဝင်ရောက်ခိုအောင်း
လာခဲ့လေသည်။

စံဖဲကို အကြောင်းပြု၍ လက်ငင်းအကျိုး ခံစားရသူကား ဗန္ဓုလ ဦးစိန် ဖြစ်ပေသည်။ ဦးစိန်သည်
စံဖဲ၏ ကျေးဇူးကြောင့် ရုပ်ရှင်လုပ်ငန်းကိုပင် ထူထောင်နိုင်သည့် အခြေသို့ ရောက်ရှိ သွားခဲ့ပေသည်။
ထိုအရေးတွင် ဗန္ဓုလ ဂျာနယ်သည် နေ့စဉ် သတင်းစာများကိုပင် ကျော်လွှား အောင်မြင်ကာ
အနိုင်ယူနိုင်ခဲ့ လေသည်။

ဆက်ရန် ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...