သိကိန်းတို့ဖြင့် အတိတ်နှင့် မသိကိန်းတို့နှင့် အနာဂတ်
by မက်စင်ဂျာ ဂျာနယ် on Wednesday, December 7, 2011 at 6:13pm
အနာဂတ်တို့သည် ပစ္စုပ္ပန်ကိုဖြတ်၍ အတိတ်သို့ ရောက်ကြသည်။ အနာဂတ်ကာလကို ကြိုတင် ပြင်ဆင်၍ ရင် ဆိုင်ခွင့်ရှိနေသော်လည်း၊ အတိတ်သို့ ချဉ်းနင်းဝင်ရောက်သွားသောအခါ ပြင်ဆင်ခွင့် မရှိတော့ချေ။ အတိတ်သည် အမှတ်အသားတစ်ခုအဖြစ်လည်းကောင်း၊ သင်ခန်းစာယူဖွယ်ရာတစ်ခုအဖြစ်လည်းကောင်း၊ သမိုင်းဆိုင်ရာ ရုပ်ပုံကားချပ်တစ်ခု အဖြစ်လည်းကောင်း ပြတိုက်တို့၌သာ လျောင်းစက်နေလေ့ ရှိရပါသည်။
အနာဂတ်သည် မသိကိန်းတို့ဖြင့် ပြည့်နှက်နေ၏။ တွေးဆ၍လည်းကောင်း၊ မျှော်မှန်း၍လည်းကောင်း၊ အချို့ အားသန်သူများက တွက်ချက်၍လည်းကောင်း ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ကြ၏။ အချို့ ရေစုန်မျောသူများက ပစ္စုပ္ပန် သို့ရောက်မှသာ တော်သည့်တက်ဖြင့် လှော်လေ့ ရှိသည်။
ကြိုတင် မျှော်လင့် ပြင်ဆင်သူနှင့် နဖူးတွေ့ ဒူးတွေ့ခါမှ သင့်သည့် တက်ဖြင့် လှော်ကြသူတို့၏ ရလဒ်မှာ တူနိုင်မည် မဟုတ်၊ တစ်နည်းဆိုရလျှင် အတိတ်အဖြစ် ချန်ရစ်ခဲ့ကြရာ၌ တန်ဖိုးချင်း တူနိုင်ကြမည် မဟုတ်ချေ။ လူသည် အသိခေါက်ခက် အဝင်နက်သူဟု ဆိုထားရာ ... အတိတ်သည် ပြန်လည်၍ သွားရောက် ပြင်ဆင်ရန် မရတော့သောနေရာဟူသည်ကို အလေးအနက်စွဲသူတို့ နည်းပါးခဲ့ချေသည်။ အတိတ်ဆိုးအဖြစ် ကျန်ရစ်ကြရာမှ နောင်တရလေ့ ရှိကြသည်။
အခြေအနေနှင့်လားရာ
အခြေအနေနှင့်လားရာသည် အတော်အတန် အနာဂတ်ကို ပုံဖော်ရာတွင် များစွာ အထောက်အကူပြုပါသည်။ (၁၉၇ဝ-၈ဝ) ကာလများတွင် စနစ်ကြီးတစ်ခု ကျဆုံးခန်းနှင့် အခြား ပြိုင်ဘက်စနစ်ကြီးတစ်ခု အင်အားကောင်းလာသော အခါဖြစ်၍ ထိုအခြေအနေပေါ်မူတည်ကာ နိုင်ငံအချို့က လားရာ ခန့်မှန်းနိုင်ခဲ့ကြပြီး၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် နိုင်ခဲ့ကြသည်၊ အချို့သောနိုင်ငံများမှာ အခြေအနေနှင့် လားရာကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိခဲ့ကြ။ မိမိတို့ စွဲယူထား သော ဝါဒပေါ်တွင်သာ မျက်လုံးစုံမှိတ်၍ လက်တွေ့အခြေအနေနှင့် ကင်းလွတ်သော သဘောတရားကိုသာ အကောင် အထည်ဖော်ရန် ကြိုးစားခဲ့ကြသည်။ ထိုနိုင်ငံတို့ မတိုးတက်ခဲ့၊ မြန်မာနိုင်ငံလည်း တစ်နိုင်ငံ အပါအဝင် ဖြစ်ခဲ့ပါသည်။
သဘောတရားရေးရာ၊ ဝါဒရေးရာဆိုသည်မှာ စတင်ဖော်ထုတ်ခဲ့သူတို့သည် ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်၊ ကောင်း စားရေးအတွက် သင့်တော်မည်ဟု ယူဆသော လမ်းစဉ်တစ်ခုသာ ဖြစ်သည်၊ ရည်ရွယ်ချက်မှာ နိုင်ငံကောင်းစားရေးသာ ဖြစ် သည်၊ နိုင်ငံရေး အန္တိမရည်မှန်းချက် (Political End) မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသာ ဖြစ်သည်၊ ဝါဒရေးရာနှင့် လမ်းစဉ် စတင်ဖော်ထုတ်ခဲ့သူတို့မှာ ကောင်းနိုးရာရာကို ရှာကြံခဲ့သူများဖြစ်၍ မအောင်မြင်ခဲ့ခြင်းအပေါ် အပြစ်ဆိုစရာ မရှိခဲ့ပါချေ။
သို့သော်လည်း စနစ်တစ်ခု၊ ဝါဒတစ်ခုကို ကာလကြာရှည် ကျင့်သုံးခဲ့ပြီး မအောင်မြင်မှန်းသိလျက် သဘော တရားရေးရာ မပြောင်းနိုင်ဘဲ အစွဲကြီးကြီးဖြင့် ဆက်လက် လက်ကိုင်ထား မျက်လုံးဇွတ်မှိတ် နေကြသူများအတွက်မူ မေး စရာ ဖြစ်လာပါ၏။ စနစ်တစ်ခုအတွက် ရှင်သန်ရသည့်နိုင်ငံ ဖြစ်သင့်သလား၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးသော စနစ် ဖြစ်သင့်သည်လား၊ မည်သည့်စနစ်မှ ထာဝရ မှန်ကန်နေနိုင်မည် မဟုတ်ပါချေ။ တစ်ချိန်က ဂရိတွင် ဒီမိုကရေစီ ရှင် သန်ခဲ့၏။ ကာလတစ်ခုလွန်သောအခါ ကွယ်ပျောက်သွားသည်၊ ဖက်ဆစ်၊ နာဇီတို့ အားကောင်းခဲ့သည့်ကာလများလည်း ရှိခဲ့ ပြန်သည်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ စန်းပွင့်သည့်ကာလလည်း အတိုင်းအတာတစ်ခုအထိ ရှည်ကြာခဲ့ပါသေးသည်။
မျက်မှောက်ခေတ်သစ် အရင်းရှစ်စနစ်နှင့် ဈေးကွက်စီးပွားရေးတို့၏ အတွဲအစပ်ကာလ တာစားသည့်အချိန် ဖြစ်နေသည်၊ ဤ ပလက်ဖောင်းပေါ်လျှောက်၍ နိုင်ငံများစွာတို့ တိုးတက်သွားခဲ့ကြပြီး၊ ဤ ပလက်ဖောင်းပေါ် မလျှောက် လှမ်းနိုင်သော နိုင်ငံအတော်များများ ကျန်ခဲ့ပါသည်၊ အချို့နိုင်ငံများ ဆန့်ကျင်ဘက်စနစ်ကို ကျင့်သုံးနေကြဆဲ ဖြစ်သည်၊ အလားအလာကောင်းများ မတွေ့ရသေးချေ။
မြန်မာတွေ လမ်းကြောင်းမှန်ပေါ်ရောက်
(၁၉၈၈) တွင် မြန်မာနိုင်ငံ၏လားရာ တစ်ဆစ်ချိုး ပြောင်းခဲ့သည်၊ စီးပွားရေးတွင် ဈေးကွက်စီးပွားရေးကို ကျင့်သုံးခဲ့၏။ သို့သော်လည်း လက္ခဏာတို့ မပြည့်စုံခဲ့၊ စီးပွားရေးတွင် အတော်အတန် လွတ်လပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ခရိုနီက ပို၍ အားကောင်းသွားခဲ့သည်၊ နိုင်ငံရေးစနစ်တွင် ဦးခေါင်းမလှည့်နိုင်ခဲ့၍ ဖြစ်၏။ စစ်အစိုးရဖြစ်၍ ပြန်လည် ထိန်းညှိမှုများ မထားနိုင်ခဲ့၊ နိုင်ငံရေးပါတီစုံကဲ့သို့ အယှဉ်အပြိုင်မရှိခြင်းသည် ဈေးကွက်စီးပွားရေး ကြန်အင်လက္ခဏာကို ပြည့်စုံခွင့်မပေးခဲ့သော အကြောင်းရင်း ဖြစ်ခဲ့ပါ၏။ ထားတော့၊ ယခု မြန်မာနိုင်ငံသည် ပါတီစုံစနစ်ဖြင့် နိုင်ငံရေး အကျပ် အတည်းကို စတင် ကျော်လွှားလွန်မြောက်စ ဖြစ်လာပြီ ဖြစ်သည်၊ စီးပွားရေးတွင်လည်း အဓိက အဟန့်အတားဖြစ်သော ခရိုနီစနစ်ကို ဖယ်ရှား၍ ဈေးကွက်စီးပွားရေး၏ ကြန်အင်လက္ခဏာများကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေပြီ ဖြစ် သည်။
တစ်ခုတော့ ရှိသည်၊ နှစ်ပေါင်း (၅ဝ) ခန့်မျှ ယဉ်ကျေးမှုဟောင်းကို ခဝါမချနိုင်သေးသော ဗျူရိုကရက်များ၏ အမူအကျင့်နှင့် လုပ်နည်းကိုင်နည်းတို့သည် ခပ်လွယ်လွယ်နှင့် ကျော်လွှား၍ရမည်တော့ မဟုတ်ချေ။ ဤအချက်မှလွဲ၍ ကျန်သော အခြေအနေအရပ်ရပ်အရ မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ် စတင်ရောက်ရှိပြီး ရှိသင့်သော အလျင်နှုန်း ဖြင့် စတင် ရွေ့လျားနေသည်ဟု ယုံကြည်နိုင်ပြီ ဖြစ်သည်၊ နောက်ကြောင်းပြန်လှည့်နိုင်ခြင်း ရှိ/မရှိကိစ္စတွင်လည်း ရည်းစား ဘဝထက်ကျော်၍ စေ့စပ်ကြောင်းလမ်းခြင်းအဆင့် ရောက်ပြီဖြစ်၍ရှေ့မှာ လက်ထပ်ထိမ်းမြားရန်သာ ရှိပါတော့သည်၊ နောက်ကြောင်းပြန် အငွေ့အသက်တို့ကို လုံးဝ မတွေ့ရတော့ပါ။
သိကိန်းများဖြင့်အတိတ်
အတိတ်သည် သမိုင်း၏ အစွန်းအစတစ်ခုဖြစ်သဖြင့် မြန်မာနိုင်ငံကြီးအပါအဝင်၊ ဦးဆောင်သူတို့ မည်သို့ မည်ပုံ ဆောင်ရွက်ခဲ့ကြပြီး၊ မည်သို့မည်ပုံ အဆိုးသံသရာတွင်း ရောက်ခဲ့ကြသည်ကို တွေ့နိုင်မည် ဖြစ်သည်။ သိကိန်းများဖြင့် အတိတ်ဖြစ်၏။ ကြီးမားသော သံသယများ၊ စူးရှသောအတ္တများ၊ 'ရန်-ငါ' (Us-them) ခွဲခြားမှုများကြောင့် လွတ်လပ်ရေး ရပြီး မကြာခင်မှာပင် အကွဲကွဲအပြားပြား ဖြစ်ခဲ့ကြရပါသည်။ လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ခိုက်ရာတွင် တစ်စု တစ်စည်းတည်း ရှိခဲ့သလောက်၊ လွတ်လပ်ရေးရပြီး ကက်ဘိနက်နှင့် လွှတ်တော်တို့အတွင်း အာဏာခွဲဝေရာ၌ ညီညွတ်မှု မရှိ ခဲ့ကြချေ။ အတိုက်အခံသဘောထက် များစွာပိုသော 'ရိုက်ချက်ပြင်းပြင်း' များဖြင့်သာ ခရီးနှင်ခဲ့ကြပါသည်၊
နောက်ဆုံး ကွဲပြားခြားနားမှုများက ပြန်လည်စေ့စပ်မရတော့သည်အထိ ဖြစ်ခဲ့၍ (၁၉၆၂) ၌ တစ်ပါတီစနစ် အောက်သို့ ရောက်သွားခဲ့ရပါသည်၊ (၁၉၆၂) ရှေ့ပိုင်းကို သင်ခန်းစာအဖြစ် ရယူနိုင်ကြရာသည်၊ လွတ်လပ်ရေးတိုက်ပွဲဝင်စဉ် က ရှုံးမှုမျိုးကိုလည်း သင်ခန်းစာအဖြစ် ရယူနိုင်ကြနိုင်သည်။ (၁၉၄၈) ရှေ့ပိုင်းနှင့် (၁၉၄၈-၆၂) ကာလအတွင်း ရလဒ်ရပုံ ချင်း အတော် ခြားနားသည်၊ စည်းရုံးကြပုံချင်း အတော် ခြားနားသည်။
မြန်မာနိုင်ငံသည် ယခုအခါ ပါတီစုံစနစ်ဖြင့် (၁၉၄၈) နောက်ပိုင်းကာလကဲ့သို့ အလားသဏ္ဍာန်မျိုး ဖြစ်သည်၊ ဒီမိုကရေစီ အလေ့အကျင့်များ၊ ပါတီစုံအလေ့အကျင့်များဖြင့် မပြည့်ဝသေးသော်လည်း ကာလတစ်ခုကို ဖြတ်သန်းကြပြီး လျှင် ယဉ်ကျေးမှုအသစ်တို့ဖြင့် အတော်အတန် အသားကျသွားနိုင်မည် ဖြစ်သည်၊ အစိုးရသစ်လက်ထက် ပါတီစုံစနစ်ဖြင့် ဒီမိုကရေစီလမ်းကြောင်းအမှန်ကို ဖော်ဆောင်လိုသည်ဖြစ်၍ ဘယ်သူမှ မမျှော်မှန်းထားသော ဥပဒေတချို့ကို ပြင်ဆင်၍ အဓိက အတိုက်အခံပါတီကြီးတစ်ခုကို ကြားဖြတ်ရွေးကောက်ပွဲများဝင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။ နောက်ကြောင်း ပြန်ခရီး ဟုတ်/မဟုတ် သုံးသပ်နိုင်ပါသည်။
မသိကိန်းများဖြင့်အနာဂတ်
အနာဂတ်သည် မသိကိန်းတို့ဖြင့် ပြီးတတ်သည့်သဘော ရှိသည်၊ ယနေ့ကဲ့သို့ တိုးတက်ပြောင်းလဲလာလိမ့်မည်ဟု လွန်ခဲ့သော ငါးလကျော်လောက်က မည်သူမျှ မှန်းဆခဲ့မည်မဟုတ်၊ ထို့ကြောင့် အစိုးရသစ် ပထမရက် (၁ဝဝ) အပေါ်တွင် ပင် ကြီးစွာသော ဝေဖန်မှုများ ပြုခဲ့ကြခြင်း ဖြစ်သည်၊ မသိကိန်းများကို မျှော်မှန်းပြင်ဆင် ဖြတ်သန်းရင်း ... အများ မမျှော် လင့်ထားသော အပြောင်းအလဲကြီးများကို ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးအကျပ်အတည်းများကို ဦးစွာ ဖြေလျော့ပြီး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသော ကဏ္ဍများကိုလည်း အစိုးရသစ်အနေဖြင့် ပြင်းပြင်းထန်ထန် လုပ် ဆောင်ရဦးမည် ဖြစ်သည်၊ မည်သို့သော အခက်အခဲများကို ဖြတ်သန်းရဦးမည် မသိသေးချေ။ သိကိန်းများရှိ၍ မျှော်မှန်း ပြင်ဆင်နိုင်သလို၊ မသိကိန်းများလည်း မြောက်များစွာ ရှိနေပါသေးသည်။ လောလောဆယ် အီးယူဘက်တွင် စီးပွားရေး ညွှန်းကိန်းများသည် အားမကောင်းလှ၊ အမေရိကန်သည်လည်း အားကောင်းမောင်းသန် များစွာ ရှိလှသည် မဟုတ်၊
အာဆီယံ လွတ်လပ်ကုန်သွယ်မှုကလည်း သတ်မှတ်နှစ်နှင့် နီးသထက်နီးလာပြီ ဖြစ်သည်၊ အခွန်များ လျော့ချ တစ်ပြေးညီဖြစ်ပါက ကိုယ့်နိုင်ငံ၏ ယှဉ်ပြိုင်စွမ်းအား မည်မျှရှိ၍ စီးဝင်လာသော လွတ်လပ်ကုန်ပစ္စည်းများကို မည်မျှ ခုခံ ရင်ဆိုင်နိုင်ပါမည်နည်း၊ ဤအတွက် နိုင်ငံတကာကုန်သွယ်မှုဟန်ချက်ကို မည်မျှ ထိန်းသိမ်းသွားနိုင်ပါမည်နည်း၊ ဖြည့်ဆည်း ရန်များသည် နည်းနည်းနောနောတော့ မဟုတ်ချေ။ တန်းမမီ၊ ပေမမှီဖြစ်ခဲ့သော ပညာရေးတွင်လည်း ပြုပြင်ပြောင်းလဲမှု များစွာကို ဆောင်ရွက်ကြရဦးမည် ဖြစ်သည်၊ ပညာခေတ်ဖြစ်၍ ပညာမထက်လျှင် နိုင်ငံတကာနှင့် ရင်ဆိုင်မှုတိုင်း၌ ကိုယ့် ဘက်က အသာစီးရရန် မမြင်ချေ။ ပေမှီ၊ တန်းမှီ ပညာဆင့်သို့ရောက်ရန်အတွက် တစ်ရက်၊ တစ်မနက်၊ တစ်နှစ်၊ နှစ်နှစ်ဖြင့် ဆောင်ရွက်၍ရသည်မဟုတ်၊ ကပ်လျက်ပါလာသော ကိစ္စရပ်များမှာ လူမှုရေး၊ ကျန်းမာရေးတို့ ဖြစ်သည်။
မသိကိန်းများစွာ ပြည့်နှက်နေသော အနာဂတ်၏ မုန်တိုင်းကြားမှာ ဒီမိုကရေစီယဉ်ကျေးမှု နုနယ်သေးသော မြန်မာနိုင်ငံအနေဖြင့် ကြိုးစားဖြတ်သန်းနေရချိန် ဖြစ်ပါသည်၊ သည်ကြားထဲတွင် 'ငါမပါမပြီး' နိုင်ကြသူများက ရှိနေကြပါ သည်။ အနာဂတ်၏ သဘာဝသည်မှာကိုပင် မသိကိန်းများစွာဖြင့် ရှိနေပြီး ဖြစ်ပါသည်၊ အနည်းဆုံး မျိုးဆက်တစ်ခုစာမျှ လောက်ကာလအတွင်း ခရီးကြမ်းကို နှင်ကြရဦးမည် ဖြစ်ပါသည်။ ထိုသဘောရှိသော မသိကိန်းများထက်၊ ကိုယ့်အတ္တ အကျိုးကြောင့် မသိကိန်းတချို့တို့ကို ထပ်မတိုးစေချင်၊ တစ်ခါ လမ်းချော်လျှင် မျိုးဆက်နှစ်ဆက်စာ အစတေးခံရတတ် သော အတိတ်က သိကိန်းသင်ခန်းစာများကို မမေ့သင့်ကြဟု ယူဆပါသည်။
0 comments:
Post a Comment