Saturday, December 10, 2011

ဖိုခနောက်ဆိုင်ပေါ်က ရေနွေးအိုး

by Lwin Aung Soe on Sunday, December 11, 2011 at 11:46am


“လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးသာဖြစ်ပြီး ဥပဒေများ ပီပြင်ပြည့်စုံစွာ ပြုနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ပီပြင်မှသာ လွှတ်တော်လုပ်ငန်း တာဝန်များကို ပီပြင်စွာဆောက်ရွက်နိုင်မည်”    (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း - ၉-၁၂-၂ဝ၁၁ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရန်ကုန် (ရုံးခွဲ) ဖွင့်လှစ်ပွဲမှ)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောတဲ့ အထက်ပါစကားက သိပ်မရှင်းလှပါဘူး။ တကယ်တမ်း ဖြစ်သင့်တာကတော့ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို ပီပြင်ပြည့်စုံအောင် ရေးဆွဲပြဌာန်းနိုင်မှ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်ရဲ့ လုပ်ငန်းတာဝန်တွေကို အခြေခံဥပဒေအတိုင်း  အကောင်အထည် ဖော်နိုင်တာ ဖြစ်ပါတယ်။
လွှတ်တော်လုပ်ငန်း တာဝန်တွေ ပီပြင်စွာ ဆောင်ရွက်နိုင်ဖို့ ဆိုတာက လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို အဆင်ပြေအောင် စီမံထားဖို့သာ လိုအပ်မှာ ဖြစ်ပါတယ်။

ဥပမာတခုအနေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို သမ္မတက အတည်ပြုပြီးလိုက်တာတောင်မှ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လိုအပ်သော အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ မထုတ်ပြန်ရသေးလို့ ခွင့်ပြုမယ်၊ ငြင်းပယ်မယ် ဆိုတာကို ပြည်ထဲရေးဝန်ကြီးဌာနက မဆုံးဖြတ်နိုင်တဲ့ အဖြစ်မျိုး ရှိသွားခဲ့ရပါတယ်။

ဒါကိုကြည့်ရင် ဥပဒေပြုရေးကိုသာ တာဝန်ယူတဲ့ လွှတ်တော်ကနေ ဥပဒေတရပ်ကို အောင်မြင်စွာ ပြဌာန်းလိုက်နိုင်ပေမယ့် အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်မှာ အလျင်မီအောင် မလိုက်နိုင်သေးတာကို တွေ့ရပါတယ်။

အခုဆိုရင် “တည်ဆဲဥပဒေများကို ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုပယ်ဖျက်မလဲ” ဆိုတာကို အစပြုနေကြပါပြီ။ နိုင်ငံသားအားလုံးနဲ့ဆိုင်ပြီး တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် အထောက်အကူပြုရမယ့် အင်မတန် အရေးတကြီး လိုအပ်နေတဲ့ ကိစ္စဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။

ဥပဒေပြု လွှတ်တော်ကတော့ လုပ်ပေးလိုက်ပေမယ့် အကောင်အထည်ဖော်မယ့် တရားရေးမဏ္ဍိုင်ဘက်မှာ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကလို  နည်းဥပဒေ အစရှိတဲ့ မဖြည့်ဆည်းရသေးတဲ့ သဘောမျိုး ဖြစ်နေရင်လည်း ရည်မှန်းချက် အောင်မြင်မှာ မဟုတ်ပါဘူး။ အားကြိုးမာန်တက် လုပ်ထားသလောက် တိုးတက်မလာရင် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို ထိခိုက်စေပါတယ်။

ဒီမိုကရေစီစနစ်ကို ဆက်လက်ရှင်သန်အောင် ဆောင်ရွက်နိုင်ဖို့က စီးပွားရေးအပြောင်းအလဲ တစ်ဆင့်ပြောရမယ် ဆိုလို့ရှိရင် လူမှုစီးပွားရေးစနစ် ကောင်းမွန်လာဖို့ ဒီဟာအရေးကြီးတယ်။ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း - ၉-၁၂-၂ဝ၁၁ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရန်ကုန် (ရုံးခွဲ) ဖွင့်လှစ်ပွဲမှ)

ဒီနေရာမှာ ကျနော့်အမြင်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ရှင်သန်စေဖို့အတွက် ပြည်သူတွေကို အကျိုးပြုနိုင်တဲ့ “လူမှုစီးပွားရေးစနစ်” အောင်မြင်ဖို့ အရေးကြီးတာကို လက်ခံပါတယ်။ ဒါပေမယ့် အဲဒီ “လူမှုစီးပွားရေးစနစ်” အောင်မြင်ဖို့ တကယ်လိုအပ်နေတာက အုပ်ချုပ်ရေးမဏ္ဍိုင်ကို ပကတိ လိုအပ်ချက်တွေအတိုင်း အရင်ဆုံး ပြင်သင့်တာတွေ ပြင်နိုင်ပြီးမှ ဖြစ်နိုင်ပါလိမ့်မယ်။ သမင်မွေးရင်း ကျားစားရင်း မဖြစ်စေရအောင် တရားရေးမဏ္ဍိုင်ကိုလည်း ပြင်သင့်တာ ပြင်ပြီး ဒီမိုကရေစီ စံနှုန်းတွေ ပြည့်ဝတဲ့ တရားဥပဒေ စိုးမိုးရေးကို ခိုင်ခန့်စေမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

မဏ္ဍိုင် ၃ ရပ်စလုံးမှာ အတက်ကြွဆုံး၊ အအောင်မြင်ဆုံးနဲ့ လူထုလိုလားချက် ဖြည့်ဆည်းမှု အရှိဆုံးဟာ ဥပဒေပြုမဏ္ဍိုင်ဖြစ်နေပြီး ဒီအတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ရဲ့ ကောင်းမွန်တဲ့ ဦးဆောင်နိုင်စွမ်းကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ကျနော့်တဦးတည်း သဘောအရဆိုရင်တော့ ဥပဒေပြုမဏ္ဍိုင် လိုအပ်ချက်တွေ အများကြီး ရှိနေသေးပေမယ့်လည်း လုပ်ဆောင်ပြီးသမျှအတွက် တကယ်ပဲ ချီးကျူး အားပေးလိုက်ပါတယ်။ နောင်လာမယ့် လွှတ်တော်သက်တမ်းအတွင်းမှာ အခုလက်ရှိစံချိန်ထက် အဆများစွာ ပိုကောင်းအောင် လုပ်ဆောင်လာနိုင်တော့မယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ တကယ်တော့ ဒါမျိုးဟာ ဒီမိုကရေစီ နိုင်ငံတိုင်းရဲ့ လွှတ်တော်တွေမှာ ပြည်သူတွေအလိုကျ ကောင်းသထက်ကောင်းအောင် လုပ်မယ်ဆိုတဲ့ သဘာဝပါပဲ။

အနှစ်ချုပ်ကတော့ ဥပဒေပြု မဏ္ဍိုင်ဘက်က ဘယ်လောက် အရှိန်ကောင်းကောင်းနဲ့ တာထွက်ပစေဦး၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေမဏ္ဍိုင်မှာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားပြီး ဖြစ်မှသာ ဖိုခနောက်ပေါ်မှာ ရေနွေးအိုးတည်နိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၁၁-၁၂-၂ဝ၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...