Saturday, December 10, 2011

သွေးနှင့် ရေးသားနေဆဲ မြန်မာ့သမိုင်း

by Hla Shwe on Saturday, December 10, 2011 at 9:48pm
 
ကျနော် တော်လှန်ရေးနယ်မြေကို မရောက်မှီ ရှေးဟောင်းသုတေသန ပါမောက္ခ ဦးလှထွန်းဖြူ ဆီကိုမကြာခဏ ရောက် ဖြစ်ပါတယ်။ ဆရာရဲ့ အိမ်ကိုရောက်ဖြစ်တော့ နိုင်ငံရေးအကြောင်း ဆွေးနွေးဖြစ် ကြပါတယ်။ ဆရာက ပညာရှိသလို၊ စိတ်ဓါတ်ကလည်းအင်မတန်မှ ခိုင်မာတည်ကြည်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်လောက်ထင်ပါတယ်။ ဆွေးဆွေးမြေ့မြေ့ပြောတဲ့ ဆရာ့စကားကို အခုထိမှတ်မိနေပါသေးတယ်။  
“ကမ္ဘာ့ရန်သူဖြစ်တဲ့ ပါလစ္စတိုင်းနှင့် အစ္စရေးတွေတောင် မျက်နှာချင်းဆိုင်ပြီး ငြိမ်းချမ်းရေးစကား ပြောနိုင်တယ်၊ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတာကို ကြားနေရတယ်၊ ဒို့မြန်မာအချင်းချင်း ဘာဖြစ်လို့ငြိမ်းချမ်းရေး စကား မပြောနိုင်ရတာလဲ၊ တိုင်းရင်းသားတွေနဲ့ဘာဖြစ်လို့ ငြိမ်းချမ်းရေးစကား မပြောနိုင်ရတာလဲ” လို့ကျနော့်ကို မေးခွန်း မေးသလိုနဲ့ စကားပြောဖြစ်ကြတယ်။
ဆရာတဦးရဲ့ ပြည်တွင်းစစ်နှင့် မြန်မာ့နိုင်ငံရေး မရေမရာ ဖြစ်နေမှုကို အဆုံးသတ်စေလိုတဲ့ ဆန္ဒတွေလို့ မြင်ပါတယ်။ ဆရာဟာ ရှေးဟောင်းသုတေသနဌာနကို မရောက်မှီ မေမြို့စစ်တက္ကသိုလ်မှာ ကထိကအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသေးတယ်။

တိုင်းရင်းသားတွေရဲ့ ခုခံစစ် (ကချင်)

အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်းရာကျော် နေထိုင်လာတဲ့ မြန်မာတွေဟာ ၂၀ ရာစုအစပိုင်းမှာ အမျိုးသားရေး စိတ်ဓါတ်နိုးကြားလာပြီး လွတ်လပ်ရေးတောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အင်္ဂလိပ်တွေကလည်း တိုင်းရင်းသားတွေနှင့် သဘောတူညီမှု ရရှိမှ လွတ်လပ်ရေးပေးမှာ ဖြစ်တဲ့အတွက် (၁၉၄၇) မှာပင်လုံညီလာခံ ပေါ်ပေါက်လာခဲ့ပါတယ်။ ပင်လုံစာချုပ်ရဲ့ အချက် (၉) ချက်မှာ နံပါတ် (၆) အချက်က ဒီလိုဖွင့်ဆိုထားပါတယ်။  
  1. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.
၆။ ။  (ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခု နယ်နမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရနောက်ဆက်တွဲ စာရင်းပါ အပိုင်း(၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်) လို့ဆိုထားပါတယ်။
ပင်လုံစာချုပ်အရဆိုရင် ကချင်၊ ချင်းနှင့် ရှမ်းတို့ဟာ မြန်မာနိုင်ငံ အတွင်းမှာ တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်စနစ်နဲ့ ပူးပေါင်းခဲ့တာပါ။ ဒီလိုပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ကချင်တွေဟာ ၁၉၆၁ ခုနှစ်မှာ ကချင်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်ခဲ့ရတယ်။ ခုအချိန်မှာတော့ ကချင်တွေရဲ့ မနောမြေမှာ သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ အပြစ်မဲ့တဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားတွေဟာ စစ်ဒဏ်ကြောင့် တောတောင်တွေထဲမှာ ပြေးလွှား နေကြရပါတယ်။
စီပွားရေးမကောင်းလို့ ကလေးတွေ ပညာမသင်နိုင်တာကြည့်ပြီး စိတ်မကောင်း ဖြစ်နေတဲ့ သူတွေကို စစ်ကြောင့်ထွက်ပြေးနေရတဲ့ ကလေးတွေက ကျည်၊ မြေမြှုတ်မိုင်း၊ အဆိုးဆုံးက ငှက်ဖျား ဒဏ်တွေနဲ့ နပန်းလုံးနေရတာကို တွေ့မြင်စေချင်တယ်။ တိုင်းရင်းသားတွေအပေါ် စာနာပါတယ် ဆိုတဲ့သူတွေ သွားရောက်လေ့လာစေချင်တယ်။ Kachin Diaspora ဖြစ်နေပါပြီ။

စံချိန်တင်တဲ့ ခုခံစစ် (ကရင်)

ကမ္ဘာ့ စံချိန်ချိုးတဲ့ တော်လှန်ရေးက ကရင်အမျိုးသားတွေရဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ကရင်တွေနဲ့ ဗမာလူမျိုးတွေကြား မကြေနပ်မှုက အင်္ဂလိပ်ခေတ်ကတည်းက စတင်ပေါ် ပေါက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၁၈၀၀ ကျော်ကတည်းက အနောက်နိုင်ငံက သာဿနပြုတွေ ကရင်နယ်တွေဆီကို ရောက်နေပါပြီ။ ၁၈၂၄-၁၈၅၂ အင်္ဂလိပ်-မြန်မာစစ်ပွဲတွေ အပြီးမှာ ခရစ်ယာန်ဘာသာဝင် ပညာတတ်ကရင်တွေဟာ အင်္ဂလိပ် လက်အောက်မှာ အမှုထမ်းတွေ ဖြစ်လာကြတယ်။
လွတ်လပ်ရေးအကြိုကာလ ၁၉၄၆ မှာအင်္ဂလန် နိုင်ငံကို သွားရောက်ခဲ့တဲ့ (Karen National Association-KNA) ရဲ့ခေါင်းဆောင် စောသာဒင် က ဒုတိယကမ္ဘာစစ်အတွင်း ကရင်လူမျိုးတွေကို သတ်ဖြတ်ပြီး၊ ကရင်ရပ်ရွာတွေကို မီးရှို့ခဲ့တဲ့ ဗမာလူမျိုးတွေကို ဘယ်လိုမှ မယုံကြည်နိုင်ဘူးလို့ အင်္ဂလန်မှာ ပြောဆိုခဲ့တယ်။ ဘီအိုင်အေ တပ်တွေဟာ အင်္ဂလိပ်တွေအပေါ် သစ္စာရှိခဲ့တဲ့ ကရင်တွေကို မြောင်မြခရိုင်အတွင်းမှာ သတ်ဖြတ်မှုတွေ ဖြစ်ရာကနေ လူမျိုးရေး အဓိကရုန်း ဖြစ်ပေါ်ခဲ့တယ်။
ကရင်တွေဟာ ပင်လုံညီလာခံကို လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အင်္ဂလိပ်လက်အောက်မှာ မြန်မာမျိုးချစ်တွေ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုတော့ ကရင်ခေါင်းဆောင် တဦးဖြစ်တဲ့ စံစီဖိုးက ဆန့်ကျင်ခဲ့ပါတယ်။ စံစိဖိုး ရေးသားခဲ့တဲ့ Burma and Karen စာအုပ်မှာ တိုင်းရင်းသား တွေများပြားတဲ့ မြန်မာနိုင်ငံဟာ တောင့်တင်းခိုင်မာတဲ့ နိုင်ငံဖြစ်ဖို့ သံသယ ရှိတယ်လို့ တင်ပြခဲ့ပါတယ်။
၁၉၄၈ လွတ်လပ်ရေး ရပြီးတဲ့နောက် အုပ်ချုပ်သူတွေဟာ တိုင်းရင်းသား အရေးကို လျစ်လျူရှုခဲ့ကြတယ်။ မဟာဗမာဝါဒနဲ့၊ နိုင်ငံရေး အယူဝါဒရေးရာရဲ့အောက်မှာ တိုင်းရင်းသားအရေး ပျောက်ခဲ့ရတယ်။ တိုင်းရင်းသားတို့ရဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးမှု မရှိဘဲ ငြိမ်းချမ်းတဲ့နိုင်ငံကို ဘယ်တော့မှ တည်ထောင်လို့မရဘူး ဆိုတာ နှစ်ပေါင်း ၆၂ ကြာပြည်တွင်းစစ်က သက်သေဖြစ်ပါတယ်။

သွေးနဲ့ရေးတဲ့ မြန်မာ့သမိုင်း (၁၉၄၈-၂၀၁၁)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှုကို အချို့သော တိုင်းရင်းသားခေါင်းဆောင်တွေ အကြွင်းမဲ့ ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်ပြောတဲ့ “ကရင်တကျပ် ဗမာတကျပ်” က တိုင်းရင်းသားတို့ရဲ့ ယုံကြည်မှုကို ပုံအောတဲ့ အချက်ဖြစ်လာ ခဲ့တယ်။  ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ ရိုးသားမှုမရှိတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ပင်လုံစာချုပ်နှင့် တိုင်းရင်းသားတွေအပေါ် အမျိုးမျိုးလှည့်စားရာကနေ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ လွတ်လပ်ခွင့်ကို တိုက်ယူမှ ရမယ်ဆိုတဲ့ အတွေးအခေါ်ကနေ လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ၀န်ကြီးချုပ် ဦးနုက “လက်နက်နဲ့ ဒီမိုကရေစီ” အလဲအလှယ် ကမ်းလှမ်းခဲ့ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို လက်နက်စွန့်ပြီးရင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့ခွင့်ပေးပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ် ပြိုင်စေခဲ့တယ်။ ရခိုင်နှင့်မွန်တွေဟာ ကျော့ကွင်းမိခဲ့တယ်။ ကရင်တွေကတော့ ငြိမ်းချမ်းရေး သဘော တူညီမှုမရှိဘဲ လက်နက်မချနိုင်ဘူး ဆိုတဲ့မူနဲ့  တိုက်ပွဲဝင်ခဲ့တာ ဒီနေ့အချိန်ထိပါဘဲ။
ကချင်နှင့်ရှမ်းလူမျိုးတွေဟာ (၁၉၄၇) ခုနှစ် ပင်လုံစာချုပ်အရ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေရမယ့် အစား ပင်လုံစာချုပ်အရ ခွင့်ပြုထားတဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းခံခဲ့ရတယ်။ ကချင်ပြည်နယ်ထဲက ရွာသုံးရွာကို တရုတ်လက်ထဲ ထိုးအပ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေ ဘက်ကလည်း ဗမာလူမျိုးတို့ရဲ့ ဗိုလ်ကျ စိုးမိုးမှုကို မခံလိုတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ရတယ်။  ၁၉၆၁ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဌာန်းလိုက်တာဟာ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကရင်၊ ကချင်၊ ချင်း နှင့်ကရင်နီ တို့အပေါ် မထီမြဲ့မင်ပြုလိုက်တာဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်က ငြိမ်းချမ်းခဲ့တဲ့ တိုင်းရင်းသားနယ်တွေမှာ သွေးချောင်းစီး တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တယ်။
တိုင်းရင်းသားတွေနဲ့ တရွာတည်းနေ တရေတည်းသောက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကြွေးကြော်နေတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်မှာ တည်ဆောက်လာတဲ့ စစ်တပ်အင်အား တပ်ရင်းပေါင်း ၅၄၂ ရင်းနှင့် တိုင်းရင်းသား နယ်နမိတ်တွေကို ထိမ်းချုပ်ထားဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့ နေရာမှာ နေထိုင်ခွင့်မရတဲ့ တိုင်းရင်းသားတွေရဲ့ အရေးက ဘယ်တော့မှ ရှေ့တန်းနေရာမှာ မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကာလမှာလည်း တိုင်းရင်းသားတွေရဲ့ အရေးကိုပြောရင် အမြင်ကျဉ်းတယ် ဆိုတဲ့အမြင်မျိုးနဲ့ လျစ်လျူရှုခဲ့တယ်။ အခုလည်း ဒီမိုကရေစီရသွားရင် တိုင်းရင်းသားတွေရဲ့ အရေးက ကျွဲကူးရေပါ ဖြစ်လာမှာပါ ဆိုတဲ့ မရေရာတဲ့ စကားလုံးတွေနဲ့ မျက်နှာလွှဲ နေတာကို မြင်နေရပါတယ်။
ဒါကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းမှာ သတ်ဖြတ်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ တိုင်းရင်းသူ တွေအပေါ် မုဒိမ်းကျင့်မှု၊ တိုင်းရင်းသားတွေပိုင် သဘာဝ သယံဇာတကို အဓမ္မလုယူမှု စတာတွေ ဟာ တိုင်းရင်းသားစည်းလုံးရေးကို ဖြစ်စေမှာမဟုတ်ဘဲ ကြယ်လေးပွင့်တပ် ကမ္ဘာကျော် လူမိုက်တွေကို ပေါ်ပေါက်စေခဲ့တာ သမိုင်းက သက်သေပြနေပါတယ်။ ၆၃ နှစ်ကြာ လွတ်လပ်တဲ့ မြန်မာနိုင်ငံ သမိုင်းကို “သွေးနဲ့ ရေးခဲ့ကြတယ်၊ ရေးနေဆဲ” လို့ပြောချင်ပါတယ်။

အာရပ်၊ အစ္စရေးလို ခါးသီးတဲ့ အတွေ့အကြုံမှ ငြိမ်းချမ်းရေး ဆီသို့

ဂျူးလူမျိုးတွေဟာ ဘီစီ ၃၀၀၀ ကနေလက်ရှိ ပါလစ္စတိုင်းဒေသမှာ ( Canaanite) ယဉ်ကျေးမှုကို တည်ထောင်ပြီးနေထိုင်လာခဲ့တဲ့ သူတွေပါ။ အေဒီ (၂) ရာစုမှာ ရိုမန်တွေဝင်တိုက်တဲ့အတွက် စစ်ရှုံးပြီး ဂျူးတွေ တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။ သမိုင်းမှာတော့ Jewish Diaspora လို့ခေါ်ပါတယ်။ အေဒီ (၁၃၅) မှာစစ်ရှုံးတဲ့အတွက် ဖမ်းမိတဲ့သူတွေကို ရောမအင်ပါယာ တ၀ှမ်းသို့ ကျွန်အဖြစ်ရောင်းချခဲ့သလို၊ ကမ္ဘာ့နေရာအနှုံ့ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းကနေ ဂျူးလူမျိုးတွေက နိုင်ငံပျောက်သူတွေဖြစ်ခဲ့ ရပါတယ်။
အေဒီ (၇) ရာစုမှာ အာရပ်တွေဝင်ရောက်လာပြီး၊ ပါလစ္စတိုင်းဒေသဟာ အစ္စလမ်ဘာသာဝင် အာရပ်အများစုနေထိုင်တဲ့ နေရာဖြစ်လာခဲ့ပါတယ်။ အေဒီ (၁၆) ရာစုမှာ အော်တိုမန် လက်အောက်ကို ကျရောက်ခဲ့ပြန်ပါတယ်။
နှစ်ပေါင်း ၂၀၀၀ လောက်အဖနိုင်ငံကနေ ထွက်ပြေးနေရတဲ့ ဂျူးတွေဟာ ရောက်ရာအရပ်မှာ မတူတဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုတွေကြောင့် ဖိနှိုပ်မှုကို ခံခဲ့ရတာကြောင့် ၁၉ ရာစုအစမှာ ဂျူးနိုင်ငံ ပြန်လည် ထူထောင်ရေးကို စိုင်းပြင်းလာပါတယ်။ ဟစ်တလာရဲ့ ဂျူးမျိုးဖြုတ်သန့်စင်ရေးအပြီးမှာ ဂျူးတွေရဲ့ဇာတိမြေမှာ အမေရိကန်ရဲ့အကူအညီနဲ့ အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ နိုင်ငံကို တည်ထောင်ပြီးတဲ့အချိန်ကစပြီး စစ်ပွဲကြီးပေါင်း ၅ ကြိမ် အာရပ်နိုင်ငံတွေနှင့် ဖြစ်ပွားခဲ့ပါတယ်။
ဘယ်လောက်ဘဲခါးသီးတဲ့ အတွေ့အကြုံရှိပါစေ ပါလစ္စတိုင်းနဲ့ အစ္စရေး ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး မဟုတ်ရင် တောင် ရန်သူနှစ်ဦးအကြား နားလည်မှုနှင့်တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးက ရှိနေပြီဖြစ်ပါတယ်။ တချိန်က ရန်သူတွေဖြစ်ခဲ့ကြတဲ့ အာရာဖတ် နှင့် ရာဘင်တို့ဟာ ငြိမ်းချမ်ရေး နိုဗယ်ဆိုကို (၁၉၉၄) မှာပူးတွဲရယူ ခဲ့ကြပါ တယ်။ ကြည်နူးဖွယ်ရာ ငြိမ်းချမ်းရေး ဇာတ်လမ်းမဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေပါ။
ကျနော်တို့ တိုင်းရင်းသားတွေမှာ အာရပ်၊ အစ္စရေးတွေလို ခါးသီးတဲ့အမုန်းမရှိပါဘူး။ တိုင်းရင်းသား တွေရဲ့ အဓိက တောင်းဆိုမှုက သူတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ရရေးနဲ့ သူတို့ပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ်ကို ဂုဏ်သိက္ခာရှိရှိ ထုတ်ယူသုံးစွဲ နိုင်ရေးက တိုင်းရင်းသားတွေရဲ့ လိုချင်တဲ့ အချက်တွေပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ နှစ်ဦးနှစ်ဘက် ရေရှည်တည်တံ့ ကောင်းမွန်မယ့် ငြိမ်းချမ်းရေးမျိုးကို လှမ်းသင့်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား အချင်းချင်းကြား သွေးခွဲရေး မဟုတ်သလို၊ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် အောက်မှာ အင်အားတည်ဆောက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေ စဉ်းစားရမယ့် အချက်က ၂၁ ရာစုမှာ ကမ္ဘာ့အင်အားချိန်ခွင်က အာရှ ပစ္စဖိတ် ဒေသကိုပြောင်းလာတာရယ်၊ အမေရိကန် တနိုင်ငံတည်း ကမ္ဘာ့ ပုလိပ်ကြီး လုပ်နေရာက ပါဝါချိန်ခွင်ချာ ဖြစ်လာမည့် တရုတ်နဂါးကြီးတို့ရဲ့ နိုင်ငံရေး ကစားကွက်ကြားမှာ ဘယ်လို ကစားကြမလဲ။ ကျနော်တို့ တိုင်းရင်းသားညီအကို မောင်နှမတွေ စည်းလုံးမှုရှိနေရင် ကောင်းမွန်တဲ့ အနာဂါတ်ကို တည်ဆောက်နိုင်မယ် လို့ယုံကြည်ပါတယ်။

လှရွှေ
  1. Multination States in Asia: Accommodation Or Resistance  By Jacques Bertrand, André Laliberté
  2. 2.        Revolution as Development: The Karen Self-Determination Struggle Against  Ethnocracy  By Jack Fong
  3. 3.        The State in Burma by Robert H. Taylor
  4. 4.        Myanmar, A New Peace Initiative by ICG report
  5. 5.        Jewish Diaspora, Wikipedia 
  6. 6.        History of Burma, Curriculum project

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...