ကလင်တန်ခရီးစဉ်အပေါ် ရောဘတ်တေလာအမြင်
by Sein Soe on Monday, December 5, 2011 at 5:02pm
( မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ရောဘတ်တေလာရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ပေးပို့လာတဲ့သူက Strait Time သတင်းစာမှာ ပါတယ်လို့ ပြောပေမယ့် ရက်စွဲ ဖော်ပြမထားပါ။ ရောဘတ်တေလာဟာ City University of Hong Kong ရဲ့ ဧည့်ပါမောက္ခ ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ အကြောင်း စာအတော် များများကို သဘောတူပေမယ့် ဒီ ဆောင်းပါးပါ အယူအဆတွေကိုတော့ သဘောမတူပါဘူး။ သို့သော် မတူတဲ့ အယူအဆများကို တင်ပြလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဆီလျော်အောင် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။ )
အမေရိကန်တွေက ဘယ်တော့မှ သမိုင်းကို မလေ့လာဘူး။ သူတို့က နိုင်ငံငယ်တွေကို မနေ့တစ်နေ့ကမှ မွေးလာပြီး စူပါ ပါဝါဖြစ်တဲ့ အမေရိကန်ဆီက အကူအညီရဖို့ လက်ဖြန့် တောင်းနေတဲ့ သူတွေလို့ပဲ မြင်တယ်။ အမေရိကန်- မြန်မာ ဆက်ဆံရေးက အဲဒီ ဖြစ်စဉ်တွေထဲက အစွန်းအရောက်ဆုံး သာဓကပဲ။
ကလင်တန်ရဲ့ ရန်ကုန်- နေပြည်တော် ခရီးစဉ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေကို ကြည့်လိုက်ရင် နိုင်ငံခြားရေး ၀န်ကြီး ဒါးလပ်စ်ခရီးစဉ် အပြီး နှစ်ပေါင်း ခြောက်ဆယ်လောက် မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတွေ လည်ပတ်ခဲ့တာ မရှိတဲ့အတွက် အခု ခရီးစဉ်က သမိုင်းဝင် ခရီးစဉ် ဖြစ်ကြောင်း၊ ကလင်တန်က မြန်မာနိုင်ငံမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်အောင် တွန်းအား ပေးမယ့် အကြောင်း၊ သူက မြန်မာနိုင်ငံကို အမှောင်ထဲကနေ ထွက်နိုင်ဖို့ ကူညီမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာနဲ့ တရုတ် ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်တဲ့ အကြောင်း ဒါတွေပဲတွေ့ရမှာပါ။ အဲဒီ အယူအဆတွေက မခိုင်မာလှပါဘူး။
တကယ်တော့ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် လောက်က နိုင်ငံခြားရေးဝန်ကြီး ဒါးလပ်စ် ခရီးစဉ်ဟာလည်း အမေရိကန်တွေ ဘယ်လောက် အခြေအနေမှန်နဲ့ ကင်းကွာခဲ့တယ် ဆိုတာ သက်သေပြတဲ့ ခရီးစဉ်ပဲ။ အဲဒီတုံးက ဒါးလပ်က မြန်မာနိုင်ငံကို ထိုင်းလိုပဲ ဆီတိုး အဖွဲ့ထဲမှာပါဖို့ လာပြီး စည်းရုံးတာပါ။ ဒါပေမယ့် သူက မြန်မာနိုင်ငံရဲ့ ဘက်မလိုက် မူဝါဒအပေါ် ခိုင်ခိုင် မာမာ ရပ်တည်နေမှုကို အလေး မထားခဲ့သလို မြန်မာနိုင်ငံထဲကို ကျူးကျော်လာတဲ့ ကူမင်တန်တပ်တွေကို တရုတ် ကွန်မြူနစ်တွေကို တိုက်ဖို့ အကြောင်းပြပြီး အမေရိကန်က အကူအညီ ပေးတဲ့တာကို မြန်မာဘက်က မမေ့သေးဘူး ဆိုတာလည်း ထည့်မတွက်ခဲ့ဘူး။ သူ့မျက်နှာပြ လိုက်တာနဲ့ လိုချင်တာ ရမယ်လို့ ထင်ခဲ့တယ်။
တကယ်တော့ အခု သမ္မတ ဦးသိန်းစိန် လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေဟာ အမေရိကန်တွေရဲ့ ဝေဖန် တိုက်ခိုက်မှုတွေ ကြားက လုပ်ခဲ့တာပါ။ အမေရိကန်က အခု အစိုးရသစ် ပေါ်ထွက် လာစေတဲ့ ရွေးကောက်ပွဲကိုရော၊ အဲဒီ ရွေးကောက်ပွဲကို ဖြစ်စေတဲ့ အခြေခံ ဥပဒေကိုရော အတုအယောင်တွေ ဆိုပြီး ဝေဖန်ခဲ့တာပါ။ အမေရိကန်က မြန်မာအစိုးရရဲ့ မူဝါဒလမ်းစဉ် ၇ ရပ်ကို အဆင့်တိုင်းမှာ ဆန့်ကျင် တိုက်ခိုက်ခဲ့တာပါ။ ဒါတောင်မှ အမေရိကန်ရဲ့ အကြံဉာဏ်၊ အကူအညီနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ပိုလုပ်စေမယ်လို့ ပြောနိုင်သေးတယ်။
မြန်မာ- တရုတ် ဆက်ဆံရေးကလည်း အမြဲတမ်း အဆင်ပြေခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာ ဘက်က အစဉ်တစိုက် ရပ်တည် ကူညီခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ နေပြည်တော်မှာ မေ့ကြဦးမှာ မဟုတ်သေးပါဘူး။ ဘယ်နိုင်ငံမှ ကြက်ဥတွေ အားလုံး ခြင်းတောင်း တစ်တောင်းထဲမှာ ထည့်မထားချင်တဲ့ အတွက် မြန်မာလည်း အဲဒီလို သဘောထား ရှိမှာပဲ။ ဒါပေမယ့် မြန်မာအနေနဲ့ အရှေ့တောင် အာရှမှာ၊ အာဆီယံထဲမှာ၊ အာရှနဲ့ အာဖရိကဒေသမှ စိတ်ချရတဲ့ မိတ်ဆွေတွေ ရှိပြီးသားပါ။ မြန်မာဟာ အမေရိကန် အကူအညီ မရှိပဲနဲ့ ဒါမှမဟုတ် နည်းနည်းလေး ပေးခဲ့တာနဲ့ နေခဲ့တာ ဆယ်စုနှစ် အတော် များခဲ့ပြီ။ ဒီတော့ အခုမှ အမေရိကန်ကို ပြေးကပ်စရာ အကြောင်း မရှိလှပါဘူး။ မြစ်ဆုံဆည် ရပ်ဆိုင်းတာနဲ့ ပတ်သက်ရင်လည်း အဲဒီနောက်ပိုင်းမှာ တရုတ်ဘက်က ပူးပေါင်း ဆောင်ရွက်ချင်တဲ့ သဘောတောင် ပိုပြနေသေးတယ်။
တကယ်တော့ ကလင်တန် ခရီးစဉ်က မြန်မာကို အထီးကျန်ဘ၀က ဆွဲထုတ်ဖို့ထက် အမေရိကန်ကို အာရှတိုက်ထဲ ပြန်ဆွဲ သွင်းဖို့သာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး အိုဘားမား အစိုးရဟာ အာရှဒေသထဲက နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်လည် ထိန်းညှိဖို့ ကြိုးစားခဲ့တာပါ။ သမ္မတ သက်တမ်း နှစ်နှစ်အတွင်းမှာ အောင်မြင်မှု သိပ်မရှိခဲ့ဘဲ လာမယ့်နှစ်မှာ ရွေးကောက်ပွဲနဲ့ ရင်ဆိုင်ရတော့မယ့် အိုဘားမား အစိုးရဟာ အရင်သမ္မတ ဘုရှ်လုပ်ခဲ့တဲ့ လမ်းကြောင်း အတိုင်း လိုက်နေရတဲ့ ဘ၀ကနေ ထွက်ပြီး ကိုယ်ပိုင် မဟာဗျူဟာ ရှိတယ်ဆိုတာ ပြရမယ့် အချိန်ကို ရောက်နေပါပြီ။ အရှေ့အလယ်ပိုင်းနဲ့ တစ်ခြားဒေသတွေမှာ အိုဘားမားဟာ ဘုရှ်လုပ်ခဲ့တဲ့ မူဝါဒတွေ နောက်ကပဲ လိုက်နေခဲ့ရတာပါ။ အာရှဒေသမှတော့ အဲဒီလို မဟုတ်ကြောင်း ပြသဖို့ အခွင့်အရေး ရှိပါတယ်။ မြန်မာနဲ့ ပြန်လည် ဆက်ဆံပြီး အဲဒီနိုင်ငံရဲ့ ပြဿနာတွေ၊ အခြေအနေတွေကို ပကတိအတိုင်း ရှုမြင် ကိုင်တွယ်တာဟာ ဘုရှ်နဲ့ မတူကြောင်း ပြနိုင်ဖို့ အခွင့်အရေးတွေထဲက တစ်ခု ဖြစ်ပါတယ်။
ကလင်တန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောနေသမျှထဲမှာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ကောင်းခဲ့တုံးက အကြောင်းတွေ တစ်ခုမှ မပါဘူး။ အဲဒီလို ဆက်ဆံရေး ကောင်းတဲ့ အချိန်တုံးက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ပို့ချတာ၊ အကူအညီ ပေးတာတွေ ဘာမှမပါဘဲ နှစ်ဘက် အကျိုးစီးပွားကြောင့် ဆက်ဆံရေး ကောင်းခဲ့တာပါ။ ၁၉၆၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ၀ါရှင်တန်ကို သွားရောက် လည်ပတ်ပြီး သမ္မတဂျွန်ဆင်က လှိုက်လှိုက် လှဲလှဲ ကြိုခဲ့တဲ့အချိန်က နှစ်ဘက်ကြား ဆက်ဆံရေး အမြင့်ဆုံး အချိန်ပဲ။ အဲဒီတုံးက ဗိုလ်ချုပ်ကြီး နေ၀င်းက အမေရိကန်ကို ဝေဖန်တာ မရှိခဲ့သလို သမ္မတ ဂျွန်ဆင်ကလည်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး မူဝါဒနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကွန်မြူနစ်ကို အံတုနေတဲ့ အခြေအနေကို လေးစားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အပြန်အလှန် လေးစားတဲ့ ဆက်ဆံမှုဟာ ၁၉၈၈ ခုနှစ်အထိ ကြာခဲ့တယ်။
၁၉၈၈မှာ အမေရိကန် မူဝါဒက ပြောင်းသွားတယ်။ ဒါပေမယ့် ရယ်ဖို့ ကောင်းတာက ၁၉၈၈ နောက်ပိုင်း အာဏာ ရလာတဲ့ အစိုးရဟာ မြန်မာ့သမိုင်းမှာ အရင်းရှင် စီးပွားရေးစနစ်ကို အလိုက်ဆုံး၊ အမေရိကန်ဘက် အယိမ်းဆုံး အစိုးရ ဖြစ်ခဲ့တာပဲ။ ဒါပေမယ့် အမေရိကန် ပြည်တွင်း နိုင်ငံရေးနဲ့ တစ်ခြား အကြောင်းတွေကြောင့် ဆက်ဆံရေး ပျက်သွားခဲ့တာ အခုအချိန်ထိပဲ။ အမေရိကန် ဘက်ကတော့ အခု ကလင်တန် ခရီးစဉ်ကို မြန်မာဘက်က ဆက်ဆံရေး အခြေအနေတွေ တိုးတက်ဖို့ အတွက် အဓိက အခွင့်အရေး အဖြစ် ရှုမြင်လိမ့်မယ်လို့ ယူဆနေပုံပဲ။ ကျွန်တော်ကတော့ မြန်မာဘက်က အဲဒီလို မြင်လိမ့်မယ်လို့ မထင်ဘူး။ ဆက်ဆံရေး တိုးတက်ဖို့ အတွက် လိုအပ်တဲ့ ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှုတွေ မရှိသေးပါဘူး။ အဲဒီလိုရှိဖို့ လိုချင်မှလည်း လိုမှာပါ။
ဦးနေ၀င်း ၀ါရှင်တန်သွားတော့ အမေရိကန်ဆီက ဘာမှ မတောင်းခဲ့ဘူး။ ဟိုကလည်း ဘာမှ မပေးလိုက်ဘူး။ ဒါပေမယ့် သူဟာ နောက်ထပ် ၂၂ နှစ် တိုင်းပြည်ကို အုပ်ချုပ် သွားခဲ့တယ်။ ဦးသိန်းစိန်က အဲဒီလောက် ရည်မှန်းချက် ကြီးချင်မှ ကြီးမှာပါ။ ဒါပေမယ့် သူခေါင်းဆောင်တဲ့ အစိုးရမှာတော့ ရေရှည် မျှော်မှန်းချက်တွေ၊ အကျိုးစီးပွားတွေ ရှိမှာပါ။
ကလင်တန်ဟာ သူ့ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံ တွဲရိုက်ခွင့်တော့ ရမှာပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမေရိကန်တွေက ဘယ်လောက်ပဲ ချီးမွမ်းခဲ့ ချီးမွမ်းခဲ့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ လိုတယ်လို့ အာပေါက်အောင် ပြောခဲ့၊ ပြောခဲ့ ကလင်တန်ရော၊ ဘုရှ်ရော၊ မယ်ဒလင်း အောဘရိုက်ရော သူတို့ အတွေ့အကြုံတွေကို ပြန်ရေးပြီး စာအုပ်ထုတ်ခဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရော၊ မြန်မာ အကြောင်းပါ တစ်ခွန်းမှ မပြောခဲ့ဘူး ဆိုတာ သတိရ စေချင်ပါတယ်။
Posted by ပိတောက်မြေ
0 comments:
Post a Comment