Thursday, December 8, 2011

ခြသေ့င်္ကမွေးတိုင်း ခြင်္သေ့ဖြစ်သလား

 ( မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၁ )
by Ko Thaung on Thursday, December 8, 2011 at 5:19pm
 
ကျနော်အင်တာနက်သုံးရင် အများဆုံး အချိန်ကုန်တာက သတင်းဖတ်တာလောက်ပါဘဲ။ အချက်အလက်ရှာဖွေတာ၊ သီချင်းနားထောင်တာ၊ ဖတ်စရာစာအုပ်တွေရှာတာက အချိန်သိပ်မပေးရတော့ ကွန်ပြူတာဖွင့်ပြီး အင်တာနက်သုံးပြီဆို သတင်းဆိုဒ်တွေထဲ ဟိုဝင်၊ ဒီထွက် ဟိုကြည့်ဒီကြည့်နဲ့ စိတ်မောဖြစ်ပြီး ကျန်ခဲ့တာက များများပါ။
ဒီနေ့လဲ (10 Aug, 2011) မှာ သတင်းတွေကို ရှာဖတ်ရင်းနဲ့ သတင်းတခုနဲ့ပတ်သက်ပြီး အတွေးက အစ်ကိုသူငယ်ချင်းပြောခဲ့ဘူးတဲ့ စကား တခွန်းကို မှတ်မှတ်ထင်ထင် သတိရမိတယ်။ သူပြောခဲ့တာက ကျနော်တို့သောက်ကြစားကြရင်း ပြောခဲ့တဲ့စကားဆိုတော့ မေ့မေ့ပျောက် ပျောက်ပါဘဲ။ ဘာတဲ့ ….“ညီလေးရ … ခြင်္သေ့ကမွေးတိုင်း ခြင်္သေ့ကြီးပဲမွေးတာ မဟုတ်ဘူးကွ။ ခြင်္သေ့စိတ်ထားနိုင်ကြတာ မဟုတ်ဘူးကွ” တဲ့။

ကျနော်က ပြောင်ပြောင်နောက်နောက်နဲ့ အကိုရာ ခြင်္သေ့ကမွေးပြီး ခြင်္သေ့မဖြစ်ရင်တော့ အဲဒီအကောင်ဖမ်းချုပ်ပြီး လူတွေကို ပြထားမှာပေါ့ဗျ လို့တောင် ပြန်ပြောမိခဲ့တယ်ထင်ပါရဲ့။ နိုင်ငံခြားမှာ သောက်ကြစားကြ၊ နိုင်ငံရေးအကြောင်း လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ အ ကြောက်တရားမရှိဘဲ ပြောခဲ့ကြတာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဆွေးနွေးကြရင်းနဲ့ ဗိုလ်ချုပ်သားအကြီး သြရသ ဦးအောင်ဆန်းဦးအကြောင်းရောက်သွားရင်း ပြောဖြစ်ခဲ့တာကိုတော့ သတိရမိတယ်။
အခုလဲ ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ရိပ်သာလမ်း အိမ်ပိုင်ဆိုင်လိုမှု အမှုအတွက် ဦးအောင်ဆန်းဦးရဲ့မော်နီတာဂျာနယ်ကိုပြောသွားခဲ့တဲ့စကားကို သဘောမကျလို့ တရားစွဲမယ်ဆိုတဲ့သတင်းကိုဖတ်မိရင်း အဲဒီအကို ပြော ခဲ့တဲ့“ခြင်္သေ့ကမွေးတိုင်း ခြင်္သေ့မဖြစ်” ဆိုတဲ့ အဓိပ္ပါယ်ကို ပိုမိုပြီးခံစားမိလာတယ်။
ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ အမိမရှိတော့ရင်၊ အမိအဘမရှိတော့ရင် သားသမီးထဲက အကြီးဆုံး သား၊ သမီးက အိမ်ထောင့်တာဝန်ကို ဘယ်သူမှမခိုင်းရဘဲ ဆက်ထမ်းသွားတာ ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုတခုပါ။
တစ်ခါက အညာဘက်ကို ကျနော်ခရီးသွားရင်း ပူပြင်းခြောက်သယောင်းထနေတဲ့အညာမြို့လေးရဲ့ တခုတည်းသော ဘတ်စ်ကားဂိတ်ဘေးမှာရှိတဲ့ သူငယ်ချင်းအိမ်မှာ တည်းခိုခဲ့ဘူးတယ်။ လာသမျှ၊ နားသမျှ ကားတွေကို အသံလေး စာစာ၊ စာစာနဲ့ သနပ်ခါး အဖွေးသား သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ ကြွက်ကြော်လိုက်ရောင်းနေတဲ့ ချာတိတ်တစ်ကောင်ကို သတိထားမိခဲ့တယ်။ ဒီကောင်လေး အသက်အလွန်ဆုံးရှိလှမှ ၁၂ နှစ်ပေါ့။ နာမည်တော့ ကျနော် မေ့နေပါပြီ။ ချာတိတ်က ကျနော် အိပ်ယာထတဲ့မနက်ခင်း ၈ နာရီဆို သူတို့စတည်းချတဲ့ထမင်းဆိုင်ကြီးကို ရောက်နေပြီ။ ဆိုင်ကို သန့်ရှင်း၊ ရေခပ်၊ ရေဖြန်းတောင် လုပ်ပြီးခါနီး။ ပြီးမှ သူ့ရောင်းကုန် ကြွက်ကြော်တွေကို ဗန်းကြီးထဲမှာ လှလှပပ ပြင်လို့ ဆင်လို့။

သူစကားပြောပုံ၊ လူတွေကို ကြည့်ပုံတွေက ယဉ်ယဉ်ကျေးကျေး၊ ရီရီမွန်မွန်။ ကျနော့်စိတ်ထဲက အညာက ချာတိတ်တွေ ရိုင်းရိုင်းလေးတွေဘဲဆိုတဲ့စိတ်ခံစားမှုနဲ့ ဆန့်ကျင်ဖက်ဆိုတော့ ပိုလို့တောင် ကျနော်သတိထားမိလာတယ်။ ဒါနဲ့ သူငယ်ချင်းကိုမေးတော့ ချာတိတ်လေးကို ပိုလို့တောင်လေးစားမိတယ်။ သူ့မှာ ညီတယောက်နဲ့ ညီမတယောက်ရှိတယ်။ အမေက စက်ချုပ်တယ်။ အဖေက သူလေးတန်းနှစ်မှာ ဆုံးသွားတယ်တဲ့။ သူ့အဖေဆုံးဆုံးချင်း အမေကလဲ ကျောင်း မထုတ်ဘဲ ဆက်တက်ခိုင်းပြီး ကျောင်းနေစေခဲ့သေးတယ်တဲ့လေ။ ဒါပေမယ့် ကောက်ကာငင်ကာနဲ့ အမေကြီးနေမကောင်းတော့ အိမ်ထောင့်တာဝန်ကို ဘယ်သူမှ သူ့ကိုမခိုင်းရ မပေးရဘဲ ကြွက်ကြော်ရောင်း၊ ဆိုင်ကြီးကိုကူရင်း ညီနဲ့ ညီမကို ကျောင်းထားဖို့ သားအမိနှစ်ယောက် ကြိုးစားနေကြတယ်တဲ့လေ။ သားကြီးပီပီ လေးတန်းကျောင်းသားအကောင်က သူ့မိသားစုဘ၀ကို သူတတ်နိုင်တဲ့သူ့အင်အားလေးနဲ့ တာဝန်ယူနေတာ တွေ့ခဲ့ရတော့ ကျနော့်မှာ အတွေးတွေက မဆုံးနိုင်တော့ဘူး။
တကယ်ဆို ဦးအောင်ဆန်းဦးက ကျနော်တို့ရဲ့ တုနှိုင်းမဲ့ခေါင်းဆောင်ကြီး ကေသရာဇာခြင်္သေ့စိတ်ရှိတဲ့ မြင့်မြတ်တည်ကြည်လွန်းပြီး ကိုယ်ကျင့်တရား အလွန်ကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းက မွေးခဲ့တဲ့သူပါ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတုံးက အောင်ဆန်းဦးလေးက မခံမရပ်စိတ်၊ မဟုတ်မခံချင်စိတ်နဲ့ “ဒါဆို ကျနော်တို့က ဒီအတိုင်းခံရမှာလားလို့” လူကြီးတွေကို မေးခဲ့တယ်လို့ ဖတ်မှတ်သားဖူးပါတယ်။ ဒီလို မခံချင်စိတ်၊ မဟုတ်မခံချင်စိတ်လေးက “ ဘမျိုးဘိုးတူ” ဘဲလို့တောင် ကျနော် တွေးမိခဲ့တယ်။
ကျနော်သာ အသိ အမှတ် မမှားရင် ဦးအောင်ဆန်းဦးက နိုင်ငံခြားက ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်ကျောင်းကြီးတခုမှာ ပညာဆုံးခန်းတိုင်သင်ခဲ့ရတဲ့သူပါ။ တကယ့်ပညာတတ်ပုဂ္ဂိုလ်ကြီးလို့ ကျနော်သိထားခဲ့တယ်။ ပညာကိုလေးစားတာ၊ ဒီလိုဆုံးခန်းတိုင်ပညာသင်ခွင့်ရခဲ့တာ သူ့မွေးသဖခင်ကြီး ဦးအောင်ဆန်းရဲ့ စိတ်နေစိတ်ထားနဲ့ ကျေးဇူးတွေကြောင့် မကင်းဘူးလို့ ကျနော် အတွေးနယ်ချဲ့မိတယ်။ ပြီးတော့ ဦးအောင်ဆန်းဦးက အမေရိကန်စစ်တပ်မှာ အမှုထမ်းခဲ့သေးတယ် လို့တောင် ကျနော် ကြားမိသလားဘဲ။ ကျနော်တို့ငယ်ငယ် ၈၈ အရေးအခင်းကြီးတုံးက ကျနော်တို့နယ်ဖက်မှာ ဗိုလ်ချုပ်သား အောင်ဆန်းဦးလေး လေယာဉ်တင် သဘောင်္ကြီးနဲ့ လာနေတယ်ဆိုတဲ့မြန်မာ့စိတ်ဓာတ် မင်းလောင်းမျှော် စိတ်နဲ့ ကောလဟာလတွေတောင် ကျနော် ကြားမိပါသေးတယ်။ မင်းလောင်းမျှော်စိတ်နဲ့ ဖြစ်လာတဲ့ကောလဟာလဆိုတော့ တန်ဖိုးမရှိဘူးဘဲထားအုံး။ ကျနော်တို့ ပြည်သူတွေရဲ့ ကျနော်တို့ဖခင်ကြီး ဦးအောင်ဆန်းရဲ့သားကြီး သြရသကို အားကိုးချင်စိတ်ကိုတော့ ပျက်ရယ်မပြုကောင်းဘူးလို့ ကျနော်တွေးမိတယ်။

အခုလဲ ဒီအိမ်အမှုကိစ္စကိုဖတ်ရတော့ စိတ်ထဲမှာ တွေးစရာတွေက ခေါင်းထဲကနေ ကျနော့်ရင်ဘတ်ထဲကို အဆုပ်လိုက်ပြုတ်ကျလာတယ်။ တကယ်ဆို ဒီအမှုကြီးက ကျနော်တို့ ငယ်ငယ်ကတည်းက ကြားနေရတဲ့အမှုပါ။ မြန်မာပြည်မှာဖြစ် တဲ့ တရားမမှုတို့ထုံးစံအတိုင်း ပျင်းရိညည်းငွေ့ဖွယ်ကောင်းအောင်စောင့်စားရင်း နှစ်အကြာကြီး ဖြစ်ခဲ့တယ်ဘဲထားပါတော့။ နိုင်ငံရေးလှည့်ကွက်အရ ဒေါ်စုရဲ့နိုင်ငံရေးပြိုင်ဖက်တွေ ကလိမ်ကကျစ်ကျပြီး ဦးအောင်ဆန်းဦး လတ်မှတ်ထိုးရရုံ ပို့ပေးခဲ့တယ်ဆိုတာလဲ ထားလိုက်ပါတော့။“လူတွင်ပါမှ နွားကျားကိုက်သည်” ဆိုသည့် မြန်မာစကားပုံ ရှိသည်ဘဲမို့လား။
တကယ်သာဆို ဒေါ်စုသည် ငြိမ်းချမ်းရေးလိုလားပြီး ငြိမ်းချမ်းရေးကိုသာ ရှေးရှုသော နိုင်ငံရေးခေါင်းဆောင်ဖြစ်နေပေမယ့် သူလဲ လောကီသားဘဲဆိုသည့် ကိုချင်းစာစိတ်နဲ့ ကျနော်ခံစားမိသည်။ သူ့မှာ စိတ်ဓာတ်တွေ ချွတ်ခြုံကျနေသော ကျနော်တို့ ပြည်သူတွေကို ဆွဲခေါ်ရတာတဖက်၊ နိုင်ငံအာဏာရယူထားပြီး အာဏာရဖို့၊ ဆွေးမျိုးသားချင်းကောင်းစားဖို့ ဘာမဆို လုပ်နိုင်၊ သတ်နိုင်သောလူစုနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာကတဖက်၊ ကြားထဲမှာ ဘယ်လောက်များ စိတ်ရှုပ် ဖို့ကောင်းလိုက်လေမလဲ။ ဘယ်လောက်ဘဲ စိတ်သဘောထားကြီးကြီးနဲ့ ဘ၀ကို ပညာရှိဆန်ဆန် စံပြအဖြစ် ဖြတ်သန်းနေတယ်ဘဲပြောပြော စိတ်ထဲမှာတော့ အိမ်အမှုကိစ္စကြီးက အနှောင့်အယှက်မပေးနိုင်ဘူးလို့ဖြင့် ကျနော်မယူဆပါ။ ဒေါ်စုသည် ဘုရား၊ ရဟန်းဒါမဟုတ်ဆိုသည့်အဆိုကို ကျနော်လက်ခံသည်။

ကျနော်တို့ နားမလည်နိုင်သော အကြောင်းအချင်းအရာများ များစွာရှိသည်ဆိုဦးတော့ ကျနော်လို လူပြိန်းမျိုးတောင် မသင့်တော်ဘူး၊ မလုပ်ကောင်းဘူးဆိုသည့် အတွေးရှိနေသည်ဆိုလျှင် ဦးအောင်ဆန်းဦး ဘာကြောင့်မတွေးနိုင်ဖြစ်ရတာလဲ ဆိုသည့် အတွေးက ကျနော့် ဦးဏှောက် လက်လှမ်းမမှီနိုင်သော အကြောင်းအရာဖြစ်သွားသည်။ ဦးအောင်ဆန်းဦးသည် အမေရိကန်နိုင်ငံမှာ အမေရိကန်နိုင်ငံသားခံယူပြီး မိသားစုဘ၀ စိုစိုပြည်ပြည်ဖြင့် မချမ်းသာရင်တောင် မဆင်းရဲသည့် မိသားစုဖြစ်သည်ဆိုသည့် ကျနော်သိသော သတင်းအချက်အလက်က မမှားတန်ရာ။ “ဒေါ်လာသန်းချီတန်တဲ့နေရာကွ ဟဲ့အကောင်ရဲ့” ဆိုပြီး ကျနော့်ကိုလာငေါက်ရင်လဲ လောဘဆိုတာ ဘာဖြစ်ညာဖြစ်ဆိုသည့်စကားများကို ကျနော် ပြန်ပြောဖြစ်မည်မဟုတ်။ သန်းခြောက်ဆယ်သောပြည်သူတွေ ဆုတ်ယုတ်ပျက်စီးနေတာ၊ တရုတ်လက်အောက်ခံဖြစ်လာတာကိုတော့ဖြင့် မြန်မာနိုင်ငံမှာမွေးခဲ့သော မြန်မာပြည်သားတိုင်း ဘယ်သူခံချင်ပါအံ့နည်း။ ခြင်္သေ့ကြီး စိတ်မထား နိုင်ရင်တောင် မိမိနှင့်တအူတုံဆင်းညီမလေး ငါတို့ပြည်သူပြည်သားတွေအတွက် အလုပ်လုပ်နေတာပါလားဆိုသည့် စိတ်ထားနိုင်လျှင်ဖြင့် ဘယ်လောက်များစိတ်ချမ်းသာဖို့ကောင်းလေမလဲ။ မိသားစုဝင်တစ်ယောက်ရဲ့ စိတ်ဓာတ်အင် အားအရ အားပေးတာ ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတာ ဆွေကောင်း၊ မျိုးကောင်းရှိသောသူများသာ ခံစားမိနိုင်သည်။
ကျနော့်အတွေးတွေက တောင်စဉ်ရေမရ။ တခါတရံ ရင်ဘတ်နဲ့တွေးတာထက် ဦးဏှောက်နဲ့တွေးတာက လောဘ၊ ဒေါသ၊ မာန်မာနတွေ ကိုယ်စားပြုပြီး လူပီသစွာ စိတ်ချမ်းသာစေနိုင်သည် ထင်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီတခေါက် ကျနော် မြန်မာနိုင်ငံပြန်လျှင်ဖြင့် အညာက ကျနော့်ခြင်္သေ့ပေါက်လေးကို သွားကြည့်ရအုံးမည်။ လေးတန်းပညာနဲ့ သူ့မိသားစု တာဝန် တနိုင် တပိုင် ၀န်ထမ်းနေသော အကောင်ငယ်လေး မောရှာရော့မည်။ အားပေးရမည်။ သူနားမလည်နိုင်သော “ခြင်္သေ့က မမွေးပေမယ့် မင်းကတော့ ခြင်္သေ့လေးပါကွာ” ဆိုသည့်စကားကို ပြောဖြစ်အောင် ပြောခဲ့အုံးမယ်။ ဒါမှဘဲ ကျနော့်စိတ်တွေ ပေါ့ပါးလန်းဆန်းသွားစေမှာဘဲမို့လား။

  1 comment:

  1. ကောင်းပါ့ဗျာ.......

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...