အကြမ်းဖက်ဝါဒ ( ၁ )
by Zay Ya on Tuesday, December 6, 2011 at 4:44am
Question : အိုရှိုး။ ကျနော်တို့ ကြားသိ နေရတာ တွေက ကမ္ဘာ တစ်လွှား မှာ အကြမ်းဖက် ဝါဒ ဆိုတာ ရဲ့ ရိုက်ခတ်သံ တော်တော် ပြင်းပြင်း ရှိနေပါတယ်။ လေဆိပ်၊ သယ်ယူ ပို့ဆောင်ရေး ဌာန၊ လူစုလူဝေး တွေမျိုး ဆိုရင် လုံခြုံရေး အစီအမံတွေ တစ်နေ့ထက် တစ်နေ့ ပိုမိုပြီး - ကြပ်မတ် ထိန်းကွပ် နေကြရတယ်။ လူတွေ မှာလည်း တစ်ခုခု ဆိုရင် အဲ့ဒီ အကြမ်းဖက် ဝါဒ ဆိုတဲ့ အကြောင်း နဲ့ စကားလုံး ဝေါဟာရ ကို တော်တော်များများ ပြောဆိုနေကြသံ ကြားလာ နေရတယ်။ ဥပမာ လစ်ဗျား ကိစ္စမျိုး။
ဒီတော့ ဒီရာစုနှစ်မှာ ပေါက်ကွဲ ထွက်လာနေတဲ့ ဒီ အကြမ်းဖက် ဝါဒ ဟာ လူ့အဖွဲ့အစည်း တစ်ခုလုံး မှာ ယေဘုယျ ဘယ်လို လက္ခဏာ ရှိနေလို့ ပေါ်ပေါက်လာတာ ပါလဲ။
Osho: အခုပြောသမျှမှာ ကိစ္စရပ် အားလုံး တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပါတယ်။ အကြမ်းဖက်ဝါဒ ဆိုပြီး ထွက်ပေါ် လာတဲ့ ဖြစ်ရပ်တွေကလည်း လူ့အဖွဲ့အစည်း နဲ့ ကျိန်းသေ ဆက်စပ်နေတယ်။
အဓိက အကြောင်း က - လူ့အဖွဲ့အစည်းဟာ ပြိုကွဲနေလို့ပဲ ဖြစ်ပါတယ် ။ ဒုတိယ အကြောင်းတရား က - လူ့အဖွဲ့အစည်း တစ်ရပ် ဟာ သူ့ရဲ့ လမ်းစဉ် အဟောင်း၊ နည်းနာ အဟောင်း၊ ကျင့်ဝတ် အဟောင်း၊ ဘာသာရေး အဟောင်း တွေနဲ့ ရေရှည် ဆွဲညှိ လာတဲ့အခါ - သူရဲ့ အတွင်းပိုင်း တစ်ခုစီ တစ်ခုစီဟာ အခြေခံမှာတင် ပျက်ယွင်း လာနေ ပါတယ်။ အဲ့ဒီနောက် အဲ့ဒီ အဖွဲ့အစည်း အတွင်းက လူတွေရဲ့ သိစိတ်မှာ စွမ်းအား မဲ့ ကုန်တယ်။ ဒါဟာ အကြမ်းဖက်ဝါဒ ပေါ်ထွက်လာရခြင်းရဲ့ အခြေခံ အကြောင်းတရားပဲ လို့ ကျနော် ဆိုချင်ပါတယ်။
အကြမ်းဖက် ဝါဒရဲ့ ရိုးရိုးရှင်းရှင်း သရုပ်ဖော် ချက်၊ ခံယူထားတဲ့ အချက်က - လူသားတွေ ကို ဖျက်ဆီးပစ် လိုက်ရင် လည်း အရေး မကြီးဘူး ဆိုတဲ့ အမြင်ပါ။ လူသား အဖြစ်မှာ ဖျက်ဆီးလို့ မရတာ ဘာမှ မရှိဘူး ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။ ခင်ဗျား က ရုပ်ဒြပ်ကို ချေဖျက်လို့ မရဘူး။ ပုံပြောင်းလို့ပဲ ရနိုင်တယ် ။ အဲ့အတွက် လူကို ဒြပ်ထု အစုအတွဲ တစ်ခု သက်သက်လို့ပဲ မြင်တဲ့အခါ - ခင်ဗျား သိစိတ်သန္တာန် အတွက် နေရာ မပေးတော့ ပါဘူး။ အဲ့ဒီ အမြင်ကနေ - သတ်ဖြတ်မှု ဆိုတာဟာ ကစားစရာ သက်သက်ပဲ လို့ မြင်သွားပါတယ်။
အခု လက်ရှိ နိုင်ငံတွေမှာ နျူကလိယား လက်နက် ရလိုမှု၊ ပိုင်ဆိုင်မှုတွေကြောင့် မငြိမ်မသက် မညီမညွတ် တွေ ဖြစ်နေပါတယ်။ တကယ်လို့သာ ဒီကမ္ဘာကြီး တစ်ခုလုံး မိနစ် အနည်းငယ် အတွင်း ပျက်ဆီး သွား နိုင်ခဲ့ရင် - နောင်တစ်ချိန်မှာ အတူတူ လက်တွဲပြီး ပြန်ထူထောင် ကြမယ်ဟေ့ ဆိုတဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာ နိုင်တယ် မဟုတ်လား။ ဒါပေမယ့် အခု အချိန်မှာ ဒီလို ဘယ်သူမှ လုပ်မကြည့်ကြ ပါဘူး။ ဘာလို့ဆို အန္တရာယ်များလို့ - စစ်မက် ဟာ အချိန်မရွေး ဖြစ်သွားနိုင် လို့ပါ။ ဖြစ်လာခဲ့ရင် အဲ့ဒီ စစ်ပွဲဟာ ( တနည်း ) တတိယ ကမ္ဘာစစ်ဟာ နှစ်ရှည်လများ ဖြစ်မှာ မဟုတ်ဘူး။ စစ်ပွဲ တစ်ပွဲလောက်ပဲ ဖြစ်သွားပါလိမ့်မယ်။ အားလုံး တစ်ခဏလေး နဲ့ အကုန် ပျက်စီး သွားလိမ့်မယ်။ ကျနော်တို့ လူတွေလည်း - ကမ္ဘာကို ဘယ်လို ပုံသွင်း ခဲ့ကြပါလိမ့် ဆိုတာ ကောင်းကောင်း နားလည်သွားဖို့ အချိန် ရချင်မှ ရတော့မယ်။
ဒီလိုကြားထဲမှာ အကြမ်းဖက် ဝါဒ ဟာ လမ်းကြောင်း အမျိုးမျိုးနဲ့ ရှင်သန် နေပါတယ်။ အဲ့ဒီ တွေထဲမှာ တစ်ချက်က နျူကလိယား လက်နက် စတဲ့ လက်နက် သစ်ဆန်း တွေပဲ ဖြစ်ပါတယ်။ နိုင်ငံ အစိုးရတိုင်း ( တော်တော်များများ ) ဟာ သူတို့ စွမ်းအား ရှိသမျှ အဲ့ဒီ နယ်ပယ်ကိုသာ အားသန် စူးစိုက် ထားကြတယ်။ သူတို့ ပိုင်ဆိုင်နေတဲ့ လက်နက်တွေက ဒိတ်အောက် နေ၊ ခေတ်ဟောင်း နေကြပြီ။ လက်နက်သစ် တွေ ကိုသာ အဆမတန် ထုတ်ယူ ပိုင်ဆိုင် ချင်တယ်။ သာမာန် လက်နက် အဟောင်းတွေကို သာမာန် ပြည်သူတွေတောင် သိနေ ကိုင်နိုင် နေတာပဲ မဟုတ်လား ။ ဒါကို ခင်ဗျားက ဒီပြည်သူတွေကို တိုက်ခိုက်ဖို့ နျူကလိယား စသည် ပိုကောင်းတဲ့ လက်နက်တွေ သုံးပြီး ထိန်းသိမ်း အုပ်စိုးထားချင်တယ်။
တကယ် ဖြစ်သလား ဆိုတော့- အဲ့လိုမျိုးသာ ဖြစ်ရင် - ခင်ဗျား ရူးသွပ် လွန်းရာကျ ပါတယ်။တကယ်က- အကြမ်းဖက် သမား တစ်ယောက် ဗုံးတစ်လုံး ကိုင်လာပြီး ပစ်သွင်း လိုက်တာဟာ- ခင်ဗျား ကို နျူကလိယား ဒုံး တစ်လုံး - သူတို့ ဆီ ပြန်ပစ်လိုက်ပါ လို့ ပြောတာ မဟုတ်ဘူးရယ်။
ကျနော် ဒီနေရာမှာ ပြောချင်တာက - ဖြစ်ချင်းဖြစ်ရင် လူတွေကို အဲ့ဒီ လက်နက် အဟောင်းတွေ တွင်တွင်ကျယ်ကျယ် ထုတ်ပေး လိုက်ကြမယ့် အစား၊ ( တစ်နည်း ) အာဏာပါဝါ ပြင်းတဲ့ လက်နက်တွေကို လူနည်းစု ၊ အာဏာ သမားတွေ လက်ထဲမှာ ပဲ ကွက်ကွက်ကလေး သိမ်းဆည်း ထားမယ့် အစား - လူတိုင်းကို ညီတူ ညီမျှ ပေးလိုက်ပါ လို့ပဲ ပြောချင် တော့တယ်။
အဲ့ဒီ အခါ အစိုးရရော ပြည်သူရောဟာ လက်နက် အတူတူ ဖြစ်သွားမယ် ။ လွတ်လွတ်လပ်လပ်သာ ကိုင်ကြပေတော့။ လက်နက်အားကိုးတဲ့ အစိုးရပိုင်း လူနည်းစု ကြောင့် မလွတ်မလပ် ၊ ကြောက်လန့် နေရတဲ့ ပြည်သူတွေရဲ့ အဖြစ်တွေ ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မာန်ထောင် အုပ်စိုးပြီး ရိုကျိုးနေရတဲ့ အဖြစ်တွေ၊ တော်တော် လျော့ပါး သွားပါ လိမ့်မယ်။ ရွဲ့ပြောတယ် လို့ပဲ ဆိုဆို။
အခု ခေတ်အခါ မှာ လက်နက်တွေ တင်သွင်း၊ ထုတ်လုပ်နေတာ တွေက နိုင်ငံတော် ကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက် ကြောင့် လို့ ခင်ဗျား ထင်ပါသလား။ အဲ့လိုထင်ရင် မှားမှာပဲ။ အဲ့ဒီ “ကာကွယ်ရေး” ဆိုတာ ဟာ စကားလုံး လှလှလေး သက်သက်ပဲ ရှိပါတယ်။ သူ့ရဲ့ အကြောင်းရင်း မှန်က - လက်နက်အင်အား ကောင်းလေ - အာဏာပါဝါ ပိုကြီးလေ - အဲ့ဒီ အပေါ်မှာပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး လို့ စကား ကောင်းကောင်း သုံးနေကြတဲ့ နိုင်ငံ့ ခေါင်းဆောင်ကြီး များရဲ့ နောက်ကွယ်မှာ - လက်နက်အင်အား အပေါ် အာသာငမ်းငမ်း တက်နေကြတာ တွေ့ရ လိမ့်မယ်။ နိုင်ငံတော် ငွေကြေး ရဲ့ ပမာဏ အများစုဟာ ငြိမ်းချမ်းရေး အတွက် လို့ ဖုံးကွယ်ထားတဲ့ လက်နက် ပိုင်ဆိုင်ရေး အပေါ်မှာပဲ ဖြစ်ပါတယ်။ ဒီ အကြောင်းတွေ အားလုံး ပေါင်းစုံတဲ့ အခြား တစ်ဖက်မှာ - အဲ့ဒီ လက်နက်ကြီး ပိုင်ဆိုင်လိုတဲ့ အစိုးရကို ဆန့်ကျင်တဲ့- အကြမ်းဖက်ဝါဒ ပေါ်ပေါက် လာရတယ်။
အခုလက်ရှိ မှာလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေက ခေါင်းဆောင်ပိုင်း တွေဟာ သူတို့ လက်နက် အဟောင်းတွေကို ဘယ်လို စွန့်ထုတ် ရမလဲ ဆိုတာ အာရုံစိုက်နေ ကြရတယ်။ ခင်ဗျား ဆို - အဲ့ဒါတွေကို ပင်လယ်ထဲ လွှတ်ပစ်မလား စဉ်းစားကြည့်ပါ။ တကယ်စင်စစ် အဖြေ ထွက်လာတာက အဲ့လို အဆုံးခံမယ့် အစား၊ အခြား မဖွံ့ဖြိုးသေးတဲ့၊ ဆင်းရဲတဲ့ နိုင်ငံတွေ ကို ဈေးပေါပေါနဲ့ ရောင်းချပစ် လိုက်ဖို့ပဲ။
-- ခင်ဗျား တွေ့နိုင်ပါလိမ့်မယ် ။ အကြမ်းဖက် လုပ်ရပ် အများစု ဟာ အဲ့ဒီ နိုင်ငံကြီးတွေ လောက် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ ကပဲ လာတယ်။ သူတို့ သုံးစွဲတဲ့ လက်နက် တွေဟာ နိုင်ငံကြီးများ ရောင်းချလိုက်တဲ့ လက်နက်တွေ နဲ့ အတူတူပဲ။ သူတို့ ခင်ဗျားကို လာ တိုက်ခိုက်မှာက ခင်ဗျား အမြတ်လိုချင်လို့ ရောင်းချလိုက်တဲ့ လက်နက်တွေနဲ့ ချည်းပဲ။ ခင်ဗျား မှာ နျူကလိယား လက်နက်ပဲ ရှိမယ် ဆိုရင် သူတို့ ပိုပြီးတောင် လာတိုက်ခိုက် လိမ့်ဦးမယ်။ ဘာလို့ ဆို ခင်ဗျား လက်နက်ကြီး ကို ခင်ဗျား သုံး မရလို့။ ခင်ဗျား နျူကလိယား ဗုံးက သူတို့ကို သာ ဖြိုခွဲမှာ မဟုတ်ဘူး - တကမ္ဘာလုံးကို ဖြိုခွဲမှာ မို့လို့။
အဲ့ဒီ အခါ ဒီအချက်ဟာ အကြမ်းဖက် သမားတွေ အတွက် ထူးထူးဆန်းဆန်း ကာဗာ ဖြစ်သွားပါတယ်။ ခင်ဗျား သူတို့ကို နျူကလိယား သုံးပြီး တိုက်လို့ မရဘူး လို့ သူတို့ နားလည်သွားကြတယ်။ သုံးရင်လည်း တကမ္ဘာလုံး မျိုးပြုတ်မှာပဲ။ အဲ့တော့ သူတို့ အတွက် သေမြေကြီး၊ ရှင်ရွှေထီး ပဲ။
ခင်ဗျား ဆီကို သူတို့တွေက ဗုံးတွေ ပစ်သွင်းလိုက်မယ်။ နျူကလိယား ဗုံးတွေ ပိုင်ဆိုင်ထားတဲ့ ခင်ဗျားကတော့ ကြောင်အမ်းအမ်း နဲ့ ထိုင်နေရ လိမ့်မယ်။ အချို့ကိစ္စ တွေမှာ အပ်တစ်ချောင်း သာ အသုံးဝင်တဲ့ နေရာတွေ ရှိပါတယ်။ အဲ့ဒီ နေရာမှာ ဓား သုံးလို့ မရဘူးရယ်။ ခင်ဗျားမှာ ဓား ရှိနေနိုင်တယ်။ အဲ့ဒါဟာ အပ်ရှိတဲ့ သူတို့တွေ ထက် ခင်ဗျားက ပိုသာနေတယ် လို့ အဓိပ္ပာယ် မသက်ရောက် ဘူး။ အဲ့လို ထင်ပြီး - ငါ့မှာ နျူကလိယား ရှိတယ်ကွ လို့ မာန်တက်ရင် - မာန်တက်တဲ့သူ ခံရမှာပဲ။ အဲ့ဒါကို နားလည်ဖို့ လိုပါတယ်။
တစ်ချို့နေရာမှာ အပ်သာလျှင် အသုံးဝင်တဲ့ ကိစ္စတွေ ရှိတယ်။ ဓားရှိတိုင်း နေရာတကာ သုံးလို့ မရဘူး။
ခင်ဗျား ဆီမှာ လက်နက် အဟောင်းတွေ ချည်း စုပုံနေပြီ ဆိုပါစို့။ ခင်ဗျားက လက်နက် အသစ်လည်း ထုတ်ပြီ။ နျူကလိယား လက်နက်တွေ ခင်ဗျား ပိုင်ဆိုင်ပြီ။ ဒါဆိုရင် ဟောင်းနွမ်းနေတဲ့ လက်နက်တွေ ကို ခင်ဗျား ဘာလုပ် ရတော့မလဲ။ ပင်လယ်ထဲ လွှတ်ပစ် မလား။ မလွှတ်ပစ် ရက်နိုင်ဘူးရယ်။ ဘာလို့ဆို ခင်ဗျား ဒီလက်နက် အဟောင်းတွေ အတွက် ကိုပဲ ငွေအများအပြား၊ လူ့စွမ်းအား အများအပြား ကျခံ သုံးစွဲခဲ့ပြီးပြီ။ အဲ့ဒါအပြင် အခု လက်နက်သစ် နျူကလိယား အတွက် ခင်ဗျား ငွေ အမြောက်အမြား အကုန်အကျ ခံနေရပြန်ပြီ။ အဲ့ဒါကိုမှ ဒီလို လွှတ်ပစ် လိုက်ရင် ခင်ဗျား စီးပွား ပျက် သွားလိမ့်မယ်။ လက်နက် အဟောင်းတွေ စုပုံ ထားဖို့ ဆိုတာ ကလည်း စီးပွားရေး အရ အဓိပ္ပာယ် မရှိဘူး။ ခင်ဗျား ဘယ်လောက် ပုံထား ၊ သိုထား လို့ ရမလဲ။ သူ့အတိုင်းအတာ နဲ့ သူလောက်ပဲ ရလိမ့်မယ် ။ အမြဲတမ်း မရနိုင်ဘူး။
အဲ့တော့ ခင်ဗျား လက်နက်တွေ ထုတ်ရောင်းဖို့ နည်းလမ်း ရှာတယ်။ တကယ့်လက်တွေ့မှာ - လက်နက်ဆိုတာ စစ်ပွဲ ဖြစ်မှ အသုံးဝင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်တော့မှပဲ အသုံးဝင်ရတာ ။ အဲ့တော့ စစ်ပွဲ ဖြစ်အောင် ဖန်တီးဖို့ ခင်ဗျား အကြောင်းရှာတယ်။ သွေးထိုး လှုံ့ဆော် ဝါဒဖြန့်ရင်း - နောက်ဆုံး ဈေးပေါပေါနဲ့ ခင်ဗျားရဲ့ အမှိုက်တွေ - လက်နက်တွေ ရောင်းချ ပစ်လိုက်တယ်။ တစ်ဖက် ဆင်းရဲတဲ့ နိုင်ငံက ခပ်တုံးတုံး အာဏာရူးတွေကလည်း မရှိရှိတာနဲ့ ခြစ်ကုပ်ပြီး ဝယ်တယ်။ အချင်းချင်း ပြန်ကိုက်တယ်။ ခင်ဗျားကတော့ ကြားထဲကနေ- ကျေးဇူး လည်း အတင်ခံရတယ် - အခွင့်အာဏာလည်း နည်းနည်း ပါးပါး ရလိုက်မယ်- မြတ်လည်း မြတ်လိုက် သေးတယ်။ ဒါဟာ ရိုးရှင်း ထိရောက်တဲ့ နည်းလမ်း တစ်ခု ပါ။
ဆိုပါတော့ - ခင်ဗျား က ဒီနည်းလမ်းနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကောင်းကောင်း ရောင်းချ ခဲ့နိုင်လိမ့်မယ်။ ဘာလို့ဆို ဖွံ့ဖြိုးဆဲနိုင်ငံ တွေ အတွက် နျူကလိယား လက်နက် ဆိုတာ ဈေးကြီး လွန်းနေသေးတယ် - မလုပ်နိုင်ကြ သေးဘူးရယ်။ အဲ့တော့ အခု ခင်ဗျား ဆီက ရမယ့် လက်နက် ဈေးပေါပေါတွေဟာ သူတို့အတွက် အကူအညီ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ ဘက်မှာ ကတော့ တစ်မျိုး ဖြစ်သွားတယ်။ သူတို့တွေက ပြည်တွင်းစစ် ဖြစ်တယ်။ ပြည်တွင်းစစ် ဆိုတာ တကယ်တော့ "အချင်းချင်း ပြန်ကိုက်" တာ ကို စကား ဖလှယ် ထားတာပဲ။ ခင်ဗျား ဆီက လက်နက်တွေ ဝယ်ပြီးရင် သူတို့ ဘယ်မှာ သွားသုံးမလဲ။ အာဏာလု ပါဝါလုဖို့ စစ်ပွဲ ထချ မလို့လား။ အဲ့လိုဆိုလဲ ပြည်တွင်းစစ်ကြီး ဝုန်းဝုန်းဒိုင်းဒိုင်း ချပစ်လိုက်ဖို့ သင့်တယ်။ ဘာလို့ ဆို - အဲ့လို ဝုန်းကနဲ ထတောက်တဲ့ မီးဟာ ပြန်ငြိမ်းရ လွယ်နိုင်နေလို့ပါ။ ငြိမ်းလို့ မလွယ်တဲ့ မီးတွေက တစ်ဖွဲဖွဲ၊ ငွေ့ငွေ့ လောင်နေ တဲ့ မီးတွေ ဖြစ်ပါတယ်။ အဲ့လို မီးမျိုး တွေ အတွက် ခင်ဗျား ငြိမ်းရခက်တယ်။ အဲ့လို တငွေ့ငွေ့ အခြေအနေ မှာ အကြမ်းဖက်ဝါဒဟာ တစ်စစ ကြီးထွားတော် မူ လာ ပါတယ်။
To be continued .
...................
Ref: Osho - Beyond Psychology
..................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
0 comments:
Post a Comment