Saturday, December 10, 2011

စာနယ်ဇင်းနှင့် နိုင်ငံရေး (ဇဝန)၊ အပိုင်း (၇-နိဂုံး)

by Thant Ko Ko Maung on Saturday, December 10, 2011 at 7:01pm
 
ဦးပု အစိုးရ ပြုတ်ကျ သွားသောအခါ ဦးစော၏ မျိုးချစ်ပါတီ အစိုးရ တက်လာလေသည်။ သည်အခါကျမှ သခင်များ၊
ကျောင်းသားများသည် ဂဠုန် တပ်ဖွဲ့တို့၏ ဝါးရင်းဒုတ်ဖြင့် ကပ္ပိခြင်းကို ကျကျနန ခံကြရပြီး ဦးစော၏ အကြောင်းကို
ကောင်းကောင်းကြီး သိကြလေတော့သည်။ မြန်မာ့အလင်း သတင်းစာမှာလည်း ဦးစော လက်ထက်ကျမှ အမျိုးမျိုး
ဖိနိုပ်ခြင်း ခံလာရလေသည်။ ဤအချိန်တွင် ဒဂုန်မဂ္ဂဇင်း အယ်ဒီတာ တို့သည်လည်း သတင်းစာ အစည်းအဝေး
များသို့ မကြာခဏ တက်ရောက်ခဲ့ရ သဖြင့် နိုင်ငံရေး စိတ်ဓာတ်များ ဝင်စားလာကြကာ နိုင်ငံရေး အငွေ့အသက်ပါသော ဆောင်းပါးများကို ထည့်သွင်းလာသဖြင့် သတိပေး ခံရရုံသာမက အာမခံငွေများကို နှစ်ထပ်ကွမ်း
တောင်းခံရသဖြင့် နောက်ဆုံးတွင် ပိတ်လိုက် ရလေတော့သည်။


ဦးစော အစိုးရ တက်လာပြီး များမကြာမီမှာပင် မြန်မာ့အလင်း သတင်းစာထဲတွင် ရန်ကုန်မှ မြိတ်သို့ ထွက်ခွာ
သွားသော ဆာဟာဗေး အဒမ်ဆင် သင်္ဘောကြီး လမ်းခရီးတွင် ပေါက်ကွဲပြီး နစ်မြုပ်သွားသည့် သတင်းတစ်ပုဒ်
ပါလာခဲ့လေသည်။ ထိုအချိန်တွင် ဥရောပ၌ ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလျက် ရှိနေလေရာ ဤသတင်းသည်
ဗြိတိသျှ အစိုးရအဘို့ လွန်စွာ ထိခိုက် နစ်နာစေသော သတင်း ဖြစ်နေပေသည်။ ထို့ကြောင့် မြန်မာအစိုးရ နန်းရင်း
ဝန်ကြီး ဦးစောက ထိုသတင်းမှာ မဟုတ်မမှန်သည့် သတင်းဖြစ်ကြောင်း ဖြေရှင်းခိုင်းလေသည်။ သို့ရာတွင်
ဦးချစ်မောင်က ထိုသတင်းမှာ သတင်းမှန်ဖြစ်၍ မဖြေရှင်းနိုင်ဟု ငြင်းဆန်ရာ ဦးစောက တိုက်ပိုင်ရှင် ဦးမောင်ကြီးကို
အကြပ်ကိုင်လေသည်။ ဦးမောင်ကြီးက ဦးချစ်မောင် မဖြေရှင်းပါက နုတ်ထွက်ပေးဘို့ ပြောရာ ဦးချစ်မောင်က
မြန်မာ့အလင်း အယ်ဒီတာချုပ် အဖြစ်မှ နုတ်ထွက် ပေးလိုက်လေသည်။

ဦးချစ်မောင် နုတ်ထွက် သွားပြီးနောက် ဦးသန်းတင့် လက်ထက်တွင် သတင်း တစ်ပုဒ်ကြောင့် ၁၅ ရက် အပိတ်
ခံရသည်။ ၁၉၄၁ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် အချိန်တန်ပြီ ဖြစ်သော်လည်း စစ်ကြီးကို အကြောင်းပြု၍
ဘုရင်ခံ ဆာဒေါ်မန်စမစ်က ကျင်းပ မပေးခဲ့ပေ။ ထိုစဉ် ဦးဘဘေက ဦးစော အစိုးရကို အယုံအကြည်မရှိ အဆို
တင်သွင်းသေးသည်။ သို့သော် အဆို မအောင်မြင်ခဲ့ချေ။

ထိုအချိန်တွင် တစ်နိုင်ငံလုံးက ပြည်တွင်း အရေးထက် စစ်ရေးကိုပို၍ အာရုံစိုက် နေကြလေသည်။ ထို့ကြောင့်
သတင်းစာများက စစ်ရေးစစ်ရာနှင့် တရုတ်-မြန်မာ လမ်းမကြီး ကိစ္စကိုဘဲ အာရုံ စူးစိုက်၍ ရေးသားခဲ့ကြသည်။
တစ်ဖက်တွင်လည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၄၁ (၁) (ခ) ကို လန့်နေ ကြရသည်။  သို့ဖြစ်၍ ထိုအချိန်က
သတင်းစာများ၏ အရေးအသားတို့မှာ ရှေးကလောက် ထက်ထက် မြက်မြက် မရှိ ကြတော့ချေ။

သို့နှင့် မြန်မာပြည်ထဲသို့ စစ်မီးကြီး ကူးစက် လာခဲ့လေရာ စစ်ဝါဒီ ဖက်ဆစ်ဂျပန်တို့ လက်အောက်တွင် သတင်းစာ
ဆရာများသည် ကလောင်ကို အတော်ကလေး ထိန်းထား ခဲ့ရလေသည်။ ထိုအခါက ဂျပန် စစ်ဘက်မှ ဆင်ဆာ
အရာရှိတို့က သတင်းစာများကို မထုတ်မီ ကြိုတင် စစ်ဆေးပြီးမှ ထုတ်ခွင့် ပြုကြသည်။ မြန်မာ့အလင်း သတင်းစာက
ဆင်ဆာ ဖြတ်ထားသည့် အပိုင်းများကို ပြန်၍ မဖြည့်ဘဲ ကွက်လပ်အတိုင်း ထားကာ ဂျပန့် လက်အောက်တွင်
သတင်းစာ လွတ်လပ်ခွင့် မရှိခြင်းကို ပြည်သူတို့ သိအောင် ပြခဲ့သည်။ ဆောင်းပါးခန်းများ မှလည်း ဂျပန့်
လက်အောက်တွင် ပြည်သူတို့ ကြပ်တည်း ဆင်းရဲမှုနှင့် ဂျပန်တို့၏ ဖက်ဆစ် အပြုအမူများကို ပေါ်လွင်အောင်
ပညာသား ပါပါဖြင့် ရေးသား ဖော်ပြခဲ့ကြသည်။

ထိုအခါက ဂျပန်စစ်ဘက် ဝါဒ ဖြန့်ချီရေး ဌာနက “ဂရိတ်တား အေးရှား” အမည်ဖြင့် အင်္ဂလိပ် သတင်းစာ တစ်စောင်
ထုတ်သည်။ အဓိပတိ ဒေါက်တာဘမော် အစိုးရက “ဗမာ့ခေတ်” သတင်းစာကို ထုတ်သည်။ ဗြိတိသျှ လက်အောက်ခံ
ဘဝတုန်းက သတင်းစာများသည် အင်္ဂလိပ် နာမည်ကို တပ်ခဲ့ကြသည်။ ဂျပန်ခေတ်တွင် “ဗမာ့ခေတ်” က “ဘီရုမာ
ဂျီဆေးအိ” ဟူ၍၄င်း၊ သူရိယ သတင်းစာက “သည်ဆန်း” အစား “ထိုင်ယိုရှင်ဘွမ်း” ဟူ၍၄င်း ဂျပန်နာမည်များ
မှည့်ခေါ်ရုံမက ဂျပန်စာကိုပါ ရေးထိုးခဲ့ကြ လေသည်။

၁၉၄၅ ခု သြဂုတ်လထဲတွင် ဂျပန်တို့ ဆုတ်ခွာ ထွက်ပြေးရကာ စစ်ကြီး ပြီးသွားသည့်အခါ ဗမာ့ခေတ် သတင်းစာကို
ပုံနိုပ် ပေးရသော တိုင်းပြုပြည်ပြု ပုံနိုပ်တိုက်ပိုင်ရှင် ဦးအုန်းခင်က ဗမာ့ခေတ်ကို အပိုင်စီးကာ ကိုယ်ပိုင် ထုတ်ဝေ
လေသည်။ ဆူးလေ ဘုရားလမ်းရှိ မြန်မာ့အလင်း သတင်းစာတိုက်မှာ စစ်အတွင်းက ဗုံးကျ ပျက်စီး သွားခဲ့သဖြင့်
မြန်မာ့အလင်းသည် မြို့ထဲသို့ ပြန်၍ မပြောင်းတော့ဘဲ ကိုယ့်မင်းကိုယ့်ချင်း လမ်းမှာပင် ဆက်လက် ထုတ်ဝေ
လေသည်။ သူရိယ သတင်းစာကမူ စစ်အတွင်းက ကုတ်ကိုင်းသို့ ရွှေ့ပြောင်း နေခဲ့ရာမှ စစ်အပြီးတွင် မူလတိုက်
နေရာဟောင်းသို့ ပြန်လည် ပြောင်းရွှေ့ သွားလေသည်။

စစ်အုပ်ချုပ်ရေး ကာလအတွင်း စစ်ဖက်ဝါဒ ဖြန့်ချီရေးမှ “လိုက်ဘရေးတား” အမည်ဖြင့် အင်္ဂလိပ် သတင်းစာ
တစ်စောင် ထုတ်သည်။ နောင်အခါတွင် ဤသတင်းစာကို ဦးတင်ထွတ်က ဆက်ခံကာ “နယူးတိုင်းအော့ဘားမား”
အမည်ဖြင့် ထုတ်ဝေခဲ့လေသည်။

ထို့ပြင် မြန်မာ သတင်းစာထဲက သံတော်ဆင့်၊ စီးပွားရေး၊ ဟံသာဝတီ စသည်ဖြင့် သတင်းစာသစ်များ ထွက်လာ
ကြသည့်ပြင် အယ်ဒီတာ လုပ်သူတို့၏ ကလောင်နာမည်ကို ယူ၍ ထုတ်ဝေသော “မြို့မမောင်” သတင်းစာနှင့်
“ဇဝန” သတင်းစာများလည်း ထွက်လာကြသည်။ မြို့မမောင် သတင်းစာသည် နောင်အခါတွင် ရန်ကုန်
သတင်းစာဟု အမည်ပြောင်းလိုက်သည်။ ဇဝန နေ့စဉ်ကမူ အိုးဝေ သတင်းစာနှင့် ပူးပေါင်း လိုက်လေသည်။

မဟာမိတ်တို့ ဝင်ရောက်လာကြပြီး မကြာမီကာလ အတွင်းမှာပင် ဦးချစ်မောင်၏ ဂျာနယ်ကျော်နှင့် ဒီးဒုတ်
ဂျာနယ်တို့ ပြန်လည် ထွက်ပေါ် လာကြသည်။ များမကြာမီမှာပင် ဦးချစ်မောင် ကွယ်လွန်သွား သဖြင့်
ဂျာနယ်ကျော်ကို ရပ်စဲလိုက်ပြီး ဦးချစ်မောင်၏ ဇနီး ဒေါ်မမလေးက “ဟစ်တိုင်” နေ့စဉ် သတင်းစာကို
ထုတ်ဝေခဲ့သည်။

စစ်ပြီး သည်ဘက်ပိုင်းက “စာနယ်ဇင်းနှင့် နိုင်ငံရေး” ကိစ္စတို့မှာ ကာလ မကြာဝေးသေး သဖြင့် မှတ်မိသူ များကြ
ပေလိမ့်မည်။ သို့ဖြစ်၍ ယင်းကိစ္စတို့ကို အကျယ်တဝင့် မတင်ပြ လိုတော့ပါ။ သို့သော် ဤစာတန်းကို နိဂုံး မချုပ်မီ
အရေးကြီးသော အချက် အချို့တို့ကို အနည်းငယ် တင်ပြပါဦးမည်။

ဗြိတ်သျှ အစိုးရသည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို သုံးနှစ်မျှထားရန် မူလက စီမံခဲ့ကြသော်လည်း စာနယ်ဇင်း
အားလုံးက စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြ သဖြင့် ၁၉၄၆ ခုနှစ် စက်တင်ဘာ
၂၇ ရက်နေ့တွင် ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က “ဘုရင်ခံ၏ အမှုဆောင် ကောင်စီ” ခေါ် အုပ်ချုပ်ရေး
အဖွဲ့သစ်ကို ဖွဲ့စည်းကာ ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေး အာဏာ ပေးအပ်ခဲ့ရ လေသည်။

ထိုအချိန်တွင် ဗမာ့ခေတ် သတင်းစာသည် အခြား သတင်းစာများထက် သတင်းဦး၊ သတင်းထူးများ ဖော်ပြနိုင်ခဲ့ခြင်း၊
ဆောင်းပါးများကို လူကြိုက်များကြခြင်းနှင့် အဆင်အပြင် ကောင်းခြင်းတို့ကြောင့် စောင်ရေ အများဆုံး ထုတ်ဝေ
ရသော သတင်းစာတစ်စောင် ဖြစ်နေသည်နှင့် အမျှ ဖဆပလကို အမြဲလိုလို ထိကပါး ရိကပါး လုပ်ခြင်းကြောင့်
ရွံကြောက်ကြီးလည်း ဖြစ်ခဲ့လေသည်။ ထို့ကြောင့်လည်း ဗမာ့ခေတ် သတင်းစာများကို မကြာခဏ မီးပုံရှို့ခြင်း
ခံရလေသည်။ လက်ပစ်ဗုံးဖြင့် အပစ် ခံခဲ့ရသည်။ ကံအားလျော်စွာ မည်သူမျှ အထိအခိုက် မရှိခဲ့ပေ။ တစ်ကြိမ်တွင်
ဗိုလ်ချုပ်အောင်ဆန်း သည်ပင် သည်းမခံနိုင်သဖြင့် ဗမာ့ခေတ် တိုက်သို့ ရောက်လာပြီး ဆူပူပြောဆို သွားသည့်
အဖြစ်ကို ကြုံခဲ့ရဘူး ပေသည်။

တစ်ခါက ဗမာ့ခေတ်သည် တိုင်းပြည်အတွက် အလွန် အရေးကြီးသော သတင်း တစ်ပုဒ်ကို ဖော်ထုတ်
နိုင်ခဲ့ပေသည်။ ထိုသတင်းမှာ ဘီအိုအေဒီ လက်နက်တိုက်မှ ဘရင်းဂန်း ၂၀၀ ပျောက်ဆုံးသွားသည် ဆိုသော
သတင်း ဖြစ်ပေသည်။ ပြန်ကြားရေး ဝန်ကြီး ဒီးဒုတ် ဦးဘချိုက ထိုလက်နက်များသည် မိမိတို့ကို ဇီဝိန်ဖြုတ်မည့် လက်နက်များ ဖြစ်ခြင်းကို သိလေသည်။ သို့ဖြစ်၍ ဗိုလ်ချုပ် အောင်ဆန်းကို သတိပေးခဲ့ သော်လည်း ဗိုလ်ချုပ်က
ဂရုမစိုက်ခဲ့ပေ။ ဦးဘချို ကိုယ်တိုင်ပင် အစဉ်သဖြင့် သတိ မထားနိုင်ခဲ့ချေ။ သို့ဖြင့် အလစ်တွင် ဂဠုန် ဦးစော၏
စေခိုင်းချက်အရ သူ့တပည့်များ၏ လုတ်ကြံ သတ်ဖြတ်ခြင်းကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်
ခေါင်းဆောင်ကြီးများ ခံလိုက်ကြရ ရှာလေသည်။

ထိုသို့ ဗမာ့သမိုင်းတွင် ကြီးမားသော အမဲကွက်ကြီး ပေါ်ပေါက်ခဲ့ပြီးနောက် အာဏာရ အစိုးရ ပါတီနှင့်
သတင်းစာတို့၏ ပဋိပက္ခ ဖြစ်မှုကြီး တစ်ခုသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက် နှစ်လသာသာမျှ
အကြာတွင် ဖြစ်ပွားခဲ့လေသည်။

၁၉၄၈ ခု မတ်လ ဒုတိယပတ်လောက်တွင် အိုးဝေ သတင်းစာက “တယ်ရှုတ်တဲ့ဝန်ကြီး” ဟူသော ခေါင်းစဉ်ဖြင့်
ဖဆပလ ဝန်ကြီးတစ်ဦး နယ်လှည့်စဉ် မြို့တစ်မြို့မှ ဗိုလ်တဲတစ်ခု၌ လင်ရှိ အမျိုးသမီး တစ်ဦးကိုခေါ်၍ “မီးခွက်မှုတ်”
သည်ဆိုသော သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့လေသည်။ ထိုသတင်းကို ဟစ်တိုင် သတင်းစာနှင့် စီးပွားရေး
သတင်းစာတို့က နောက်ကလိုက်ကာ ဖော်ပြ ကြလေသည်။ ဖဆပလထဲမှ ဆိုရှယ်လစ်များနှင့် တစောင်းစေးနှင့်
မျက်ချေးပမာ ဖြစ်နေကြသော ကွန်မြူနစ်တို့၏ အသံဖြစ်သည့် ပြည်သူ့အာဏာ ဂျာနယ်ကမူ ထိုသတင်းကိုမှီ၍
ပြဇာတ်  တစ်ပုဒ်ပင် ဖန်တီး လိုက်လေသေးသည်။

သည်တွင် ဖဆပလ အဖွဲ့ထဲမှ ဆိုရှယ်လစ်များ ဖြစ်ကြသည့် သခင်ပန်းမြိုင်၊ သခင်ကျော်ဒွန်း၊ သခင်ချစ်မောင်
(ဝိဓူရ) တို့က မခံရပ်နိုင်အောင် ဖြစ်ကြကာ ၁၉၄၈ ခု မတ်လ ၁၂ ရက်နေ့ နံနက်တွင် ဗန္ဓုလ ပန်းခြံ၌ လူထု
အစည်းအဝေးကြီး တစ်ခု ကျင်းပပြီးလျှင် ဟစ်တိုင်၊ အိုးဝေနှင့် စီးပွားရေး သတင်းစာ တိုက်များသို့ ချီတက်ကြ၍
တိုက်တွင်းသို့ ဝင်ရောက်ကာ စက်များနှင့် ပရိဘောဂများကို ရိုက်နှက် ဖျက်ဆီးပစ်ကြ လေသည်။ ထိုအချိန်တွင်
အလုပ်သမားများ အလုပ် မဆင်းကြသေး၍ ဘေးလွတ် သွားကြသည်။ အချို့ကလည်း ကြိုတင်သတင်း
ရထားသဖြင့် ရှောင်ရှား နေလိုက် ကြလေသည်။

ထိုသို့ အာဏာရ ပါတီက လူများက သတင်းစာ တိုက်များကို ဝင်ရောက်ဖျက်ဆီး ရမ်းကား သွားကြသည့် အတွက်
သတင်းစာများက ဒီမိုကရေစီ ကွယ်ပျောက်ပြီ၊ သတင်းစာ လွတ်လပ်ခွင့် ဆိတ်သုဉ်းပြီဟု ဆိုကာ ဤကိစ္စကို စုံစမ်း
အရေးယူဘို့ တောင်းဆို ကြလေသည်။ အာဏာရပါတီ ခေါင်းဆောင်များ ကလည်း မိမိတို့သည် သတင်းစာများနှင့်
ရန်ဖြစ်နေပါက ရေရှည်၌ မိမိတို့သာလျှင် နစ်နာစရာ ရှိသည်ကို မြင်ကြသည်။ သို့ဖြစ်၍ ဝန်ကြီးချုပ် ဦးနုက
ပြေလည်ရာ ပြေလည်ကြောင်း နည်းလမ်းရှာကာ ထိုကိစ္စကို ခုံရုံးဖွဲ့၍ စစ်ဆေးခဲ့သည်။ သတင်းစာများကိုလည်း
မှားယွင်း ဖော်ပြမိကြောင်း ခုံရုံးတွင် ဝန်ချတောင်းပန်ရန် ဖျောင်းဖျသည်။ ထိုသို့ တောင်းပန်သည့် အတွက်
ကြောင့်လည်း ဖျက်စီးခံရသော သတင်းစာ တိုက်များကို လျော်ကြေးအဖြစ် ငွေ ၆၀၀၀ ကျပ်စီ ပေးလိုက်သည်။
ထို့နောက် ဦးနု၏အိမ်တွင် သတင်းစာ ဆရာများနှင့် ဆိုရှယ်လစ် လူငယ် ခေါင်းဆောင်တို့ကို လက်ဖက်
လက်စုံစားကာ စစ်ပြေငြိမ်းစေခဲ့ပေသည်။

သို့နှင့် သတင်းစာ လောကကြီးသည် သာယာ စိုပြေ၍လာရာက ခြောက်လမျှ အကြာတွင် တိတိကျကျ ဆိုရပါမူ
၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ညတွင် သတင်းစာသမိုင်း ခေတ်ဦးက အယ်ဒီတာ ဆရာသင်
အသတ်ခံရသည်ထက်ပင် ဆိုးရွားလှသော လုပ်ကြံ သတ်ဖြတ်မှုကြီး တစ်ခု ဖြစ်ပွား ပေါ်ပေါက်ခဲ့လေသည်။
ထိုညက နယူးတိုင်းအော့ဘားမား (အင်္ဂလိပ်) သတင်းစာ အယ်ဒီတာချုပ် ဦးတင်ထွတ်သည် သတင်းစာတိုက်တွင်
တာဝန်ပြီးစီး၍ အိမ်သို့ပြန်ရန် ကားပေါ်သို့ အတက်တွင် ကားထဲ၌ ထည့်ထားသော ဗုံးတစ်လုံး ပေါက်ကွဲကာ
ဒဏ်ရာရရှိ သေဆုံးသွားလေသည်။ ထိုအမှုမှာ ဘာကြောင့်ဖြစ်သည်၊ ဘယ်သူ့လက်ချက် ဖြစ်သည်ကို ယနေ့တိုင်
မသိကြ၊ စုံစမ်းခွင့်လည်း မရခဲ့ပေ။ ထိုစဉ်က ရဲချုပ်ဖြစ်သော ဦးထွန်းလှအောင်နှင့် ရဲမင်းကြီး ဦးအောင်ချိန်တို့လည်း
ထိုအမှု ဖြစ်ပွားပြီး မကြာမီမှာပင် အလုပ်မှ နုတ်ထွက်ပြီး အငြိမ်းစားယူသွား ကြလေသည်။

ဤမျှဖြင့် ပါလီမန်အစိုးရ လက်ထက်က သတင်းစာနှင့် ပတ်သက်သည့် ထင်ရှားသော နိုင်ငံရေး ဖြစ်ရပ်များကို
ဖော်ပြရန် လုံလောက်ပြီဟု ထင်ပါသည်။

၁၉၆၂ ခုနှစ် မတ်လတွင် တော်လှန်ရေး အစိုးရ တက်ရောက်လာရာ ထိုအချိန်တွင် ရန်ကုန်နှင့် မန္တလေး မြို့များ၌
မြန်မာ၊ ကုလား၊ တရုတ် သတင်းစာ အမျိုးပေါင်း ၂၀ ကျော်လောက် ရှိခဲ့ပေသည်။ တော်လှန်ရေး အစိုးရသည်
ထိုသတင်းစာများကို ဆက်လက်ထုတ်ခွင့် ပြုခဲ့ရုံသာမက လိုအပ်သော အကူအညီများကိုလည်း ပေးခဲ့သည်။
အမြို့မြို့တွင် ကျင်းပသည့် နှီးနှော ဖလှယ်ပွဲများသို့လည်း ဖိတ်ကြား ခေါ်ဆောင်ခြင်း ပြုခဲ့ပေသည်။

အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနမှလည်း လုပ်သား ပြည်သူ့နေ့စဉ် (မြန်မာ) နှင့် လုပ်သား ပြည်သူ့နေ့စဉ် (အင်္ဂလိပ်)
သတင်းစာများအပြင် ရှေ့သို့ဂျာနယ် အမည်ဖြင့် အစိုးရ အာဘော်ကို ထင်ဟပ်သော ဂျာနယ် တစ်စောင်ကိုလည်း
ထုတ်ဝေခဲ့သည်။

ထိုသို့ ပုဂ္ဂလိကပိုင် သတင်းစာများကို လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့် ပြုခဲ့သော်လည်း အချို့သော
သတင်းစာများသည် မြန်မာနိုင်ငံ၏ အရေးထက် အခြားနိုင်ငံများ၏ အရေးကို ရှေ့တန်း တင်ကြသည်။ တရုတ်
သတင်းစာများသည် တရုတ်ဖြူ၊ တရုတ်နီ ကွဲကာ ဘက်လိုက် ရေးသားကြလျက် မြန်မာပြည်ထဲတွင် တိုက်ပွဲ
ဆင်ကြသည်။ ကုလား သတင်းစာများ ကလည်း အိန္ဒိယနှင့် ပါကစ္စတန် အရေးကိုပဲ ဦးစားပေးကြကာ တစ်စောင်နှင့်
တစ်စောင် တိုက်ပွဲဝင်ကြသည်။ ထိုမျှနှင့် မနေသေး သတင်းစာတိုက် အချင်းချင်းလည်း ပစ်ခတ် ဖျက်ဆီးမှုများ
ကိုပင် ပြုလုပ်ကြသည်။ တစ်ချိန်တွင် ကုလား ရုပ်ရှင်ကား တစ်ကားကို အကြောင်းပြုပြီး ဟိန္ဒူ- မွတ်စလင်
အဓိကရုဏ်းတစ်ခု ဖြစ်လုနီးနီး ဆွပေးခဲ့ကြသည်။

မြန်မာ သတင်းစာများထဲ ကလည်း လက်ဝဲ နိုင်ငံအချင်းချင်း ပဋိပက္ခ ဖြစ်နေကြသည့် ကိစ္စထဲတွင် တစ်ဖက်သတ်
ရေးသားခြင်းများ ပြုလုပ်ခဲ့ကြသည်။ အချို့သော သတင်းစာများ၏ ရေးသားမှုများသည် သက်ဆိုင်ရာ နိုင်ငံများ
အနေဖြင့် မခံရပ်နိုင်စရာ ဖြစ်၍ အစိုးရကို မကြာခဏ တိုင်တန်းခြင်း ခံရလေသည်။ အမြတ်ခွန် ငွေများကို
နှစ်ရှည်လများ မပေးပဲ ထိမ်ချန်ထားသည့် သတင်းစာများလည်း ရှိခဲ့ကြလေသည်။

သည်ကြားထဲတွင် မန္တလေးမှ ပဟိုရ်စည် သတင်းစာမှာ ဘာသာရေး ကြော်ငြာတစ်ခုကြောင့် မခံမရပ်နိုင်သော
ပုဂ္ဂိုလ်တို့၏ ရိုက်နှက် ဖျက်ဆီးခြင်း ခံရ၍ နာလှန်မထူနိုင်အောင် ဖြစ်ကာ ရပ်လိုက်ရသည်။ အချို့သတင်းစာများ
မှာလည်း ကြော်ငြာ မရကြသဖြင့် စီးပွားရေး အခြေယိုင်ကာ ပျက်ပြား သွားခဲ့သည်။ အမြတ်ခွန် မဆောင်ပဲ
နေခဲ့သော သတင်းစာများကို အစိုးရက ပိတ်လိုက်ပြီး ပစ္စည်းများကို လေလံ တင်လိုက်ရသည်။ တိုင်းပြည်အတွက်
အကျိုးမပြုပဲ အမေကျော် ဒွေးတော် လွမ်းနေကြသော တရုတ်၊ ကုလား၊ မြန်မာ သတင်းစာများနှင့် ဂျာနယ်၊ မဂ္ဂဇင်း
အချို့ကိုလည်း ထုတ်ဝေခွင့် မှတ်ပုံတင် ရုတ်သိမ်းလိုက် လေသည်။

ကျန်သတင်းစာများထဲမှ ကြေးမုံ၊ ဗိုလ်တထောင်၊ ဟံသာဝတီ၊ မြန်မာ့အလင်းနှင့် အင်္ဂလိပ် ဘာသာဖြင့်
ထုတ်ဝေသော ဂါဒီယံ သတင်းစာတို့ကို ပြည်သူပိုင် ပြုလုပ်လိုက်သည်။ သို့ဖြင့် ယနေ့ကာလတွင် ဖတ်ရှုနေကြသော
နေ့စဉ်သတင်းစာ မြန်မာ ငါးစောင်စလုံးနှင့် အင်္ဂလိပ် နှစ်စောင်စလုံးတို့သည် နိုင်ငံပိုင် သတင်းစာများ ဖြစ်နေကြပြီး
ပုဂ္ဂလိကပိုင် ဟူ၍ နေ့စဉ် သတင်းစာ မရှိတော့ချေ။ ဂျာနယ် ဟူ၍လည်း အားကစား၊ ရုပ်ရှင်နှင့် အမျိုးသမီးဆိုင်ရာ
ဂျာနယ်များသာ ပုဂ္ဂလိကပိုင် အဖြစ် ရှိပါသည်။ မဂ္ဂဇင်းများထဲမှမူ မြဝတီနှင့် ငွေတာရီတို့မှာ ပြည်သူပိုင်
ဖြစ်လာကြပြီး မဂ္ဂဇင်း တစ်စောင် နှစ်စောင် မှတ်ပုံတင် ရုပ်သိမ်း ခံလိုက်ရသည်မှအပ ကျန်ပုဂ္ဂလိကပိုင် မဂ္ဂဇင်း
များစွာတို့မှာ လွတ်လပ်စွာ ပုံနိုပ်ထုတ်ဝေခွင့် ရရှိခံစားလျက် ရှိနေကြပေသည်။

ဤမျှဖြင့် စာနယ်ဇင်းနှင့် နိုင်ငံရေး စာတန်းကို နိဂုံးချုပ်လိုက် ရပေသတည်း။

(ယနေ့ ၁၀.၁၂.၂၀၁၁ တွင် ကျရောက်သော ဆရာကြီး ဇဝန၏ နှစ် ၁၀၀ ပြည့်အား ဂုဏ်ပြုပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...