မြန်မာနိုင်ငံ အာစီယံ ဥက္ကဌဖြစ်လျှင်
by မက်စင်ဂျာ ဂျာနယ် on Wednesday, December 7, 2011 at 6:19pm
ပြီးခဲ့သည့်
ဘာလီကျွန်းအစည်းအဝေးအတွင်း မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အာစီယံ ဥက္ကဌ
တာဝန်ကို ပေးအပ်ရန် အာစီယံခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း
သဘောတူခဲ့သည်။ သို့ဖြင့် မြန်မာနိုင်ငံသည် ၂၀၁၄ အာစီယံ ဥက္ကဌ ဖြစ်ရန်
ရာခိုင်နှုန်းပြည့်သေချာသွားပြီဖြစ်သည်။ အာစီယံ ဥက္ကဌ အဖြစ် ရာထူးရယူပြီး
သည့်အခါ မြန်မာနိုင်ငံက တာဝန်ယူ ဆောင်ရွက်ရမည့် အရေးကိစ္စများလည်း
များပြားလာမည်ဖြစ်သည်။ ထို့ ကြောင့် မြန်မာ အစိုးရ နှင့် ပြည်သူလူထုက ကြို
တင်ပြင်ဆင်မှု လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် သင့်တော် နေပြီဖြစ်သည်။
အစည်းအဝေးများ၏ အိမ်ရှင် နိုင်ငံ
အာစီယံ ဥက္ကဌ တာဝန်ကို ရယူထားသည့် နိုင်ငံအဖို့ မဖြစ်မနေ ထမ်းဆောင်ရမည့် ကိစ္စသည် အာစီယံ ဆိုင်ရာ အစည်း အဝေးပေါင်း ၆၀၀ ကျော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် တာဝန်ဖြစ်သည်။
ထို အစည်းအဝေး များ မှာ ၀န်ကြီးဌာန အလိုက် အဆင့်မြင့် အရာရှိများ၏ အစည်းအဝေး၊ ၀န်ကြီးအဆင့် အစည်းအဝေးမှ သည် အာစီယံ ခေါင်းဆောင်များ၏ ထိပ် သီးအစည်းအဝေးများ အထိ လက်ခံကျင်းပပေးရမည့် တာဝန်ရှိသည်။ ထို့ အပြင် အာစီယံ နှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ် သည့် တရုတ်၊ တောင် ကိုရီးယား နှင့် ဂျပန် နိုင်ငံတို့၏ ခေါင်း ဆောင်များပါဝင်သည့် ထိပ်သီးအစည်းအဝေး နှင့် အမေရိ ကန် သမ္မတ ပါဝင်မည့် အရှေ့အာရှ ထိပ်သီးညီလာခံ ကိုလည်း လက်ခံ ကျင်းပပေးရမည်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ထွန်းသစ်စ နိုင်ငံတစ်ခုအတွက် ဤကဲ့သို့ ဒေသဆိုင်ရာ အစည်းအဝေးပွဲကြီးများ လက်ခံကျင်းပပေရာ တွင် အခက်အခဲများ ရှိကောင်းရှိလာနိုင်ပါသည်။ သို့သော် နိုင်ငံတကာ အစည်းအဝေးများကို အောင်မြင်စွာလက်ခံကျင်းပ ပေးခြင်းသည် နိုင်ငံအတွက် ဂုဏ်တက်စရာတစ်ခုသာမက လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပြု နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် သန်မာဖြတ်လတ်သော လူငယ် အင်အားစုမှာ အခြားနိုင်ငံများနှင့် ယှဉ်လျှင် အတော်အသင့် အားကောင်းဆဲဖြစ်သည်။ အဆိုပါ လူငယ်များမှာ နိုင်ငံတကာနှင့် ဆက်စပ်သည့် လုပ်ငန်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများ နှင့် အစည်းအဝေးများများတွင် ပါဝင် စီမံခန့်ခွဲခြင်းဖြင့် အတွေ့အကြုံ နှင့် အသိ ပညာ ဗဟုသုတ မြောက်များစွာ ရရှိမည်ဖြစ်သည်။
ထိုအစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ စုစုပေါင်း ၆၀၀ ကျော်သို့ တက်ရောက်လာမည့် နိုင်ငံတကာ ဧည့်သည်များကြောင့် ခရီးသွားလုပ်ငန်း အဆမတန်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထိုဧည်သည်များမှတဆင့် မြန်မာနိုင်ငံ၏ ကောင်းသတင်းများ ဒေသ တွင်း ပြည်သူများနှင့် ဒေသအပြင်ဘက်ရှိပြည်သူများသို့ ရောက်ရှိသွားပါကလည်း မြန်မာစီးပွားရေးကို အဓိက အထောက် အကူပေးမည့် ခရီးသွားလုပ်ငန်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးရေး
၂၀၀၈ ခုနှစ်မှ စတင်အသက်ဝင်သည့် အာစီယံ ပဋိဥာည် စာတမ်းအရ အာစီးယံအဖွဲ့ကြီးကို အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများ ချည်း ဦးဆောင်နေသည့် နိုင်ငံအဖြစ်မှ အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူလူထုကို ဗဟိုပြုသည့် အဖွဲ့ကြီးအဖြစ် ရုပ်လုံးပေါ်လာစေ ရန် စတင်ကြိုးပမ်းလာခဲ့သည်။ ထိုသို့ ကြိုးပမ်းရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည့် ကြီးကြီးမား မား ပါဝင်လေသည်။ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင်သည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ညီလာခံ၊ တနည်းအားဖြင့် အာစီယံ ပြည်သူ့ဆွေးနွေးပွဲများကို ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ကြ သည်။ အဆိုပါဆွေးနွေးပွဲများတွင် ပြည်သူလူထု၏ လိုလားချက်များ၊ အာစီယံနှင်ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ဖြစ်စေချင်သည့် ဆန္ဒများကို ဆွေးနွေးတိုင်ပင်၍ အာစီယံထိပ်သီးဆွေးနွေးပွဲအတွင်း အာစီယံခေါင်းဆောင်များကို အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စာလှယ်များက ကိုယ်တိုင် သွားရောက်တင်ပြခဲ့ကြသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ ဆွေးနွေးပွဲများကို အာစီယံ ဥက္ကဌ တာဝန်ကို ယူသည့် နိုင်ငံက လက်ခံကျင်းပပေးရသည်။ ထို့ ကြောင့် အဆိုပါ နိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အင်မတန်ကြီးမားလှသည်။ ထိုနိုင်ငံရှိ အရပ် ဘက်လူမှုအဖွဲ့အစည်းမျာမှ စုပေါင်း၍ အခြားနိုင်ငံများမှ အရပ်ဘက်လူမှုကိုယ်စာလှယ်များကို ဖိတ်ကြားကာ အဆိုပါဆွေး နွေးပွဲများကို ကျင်းပပေးရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံတွင်း အခြေစိုက်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဦးဆောင်က အရပ်ဘက် လူမှုအဖွဲ့အစည်းများ ညီလာခံ ကို မဖြစ်မနေ လက်ခံကျင်းပပေးရတော့ မည်ဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးသည် အရေးကြီးလာပြီဖြစ် သည်။
၂၀၁၄ အလွန်
မြန်မာနိုင်ငံ အာစီယံ ဥက္ကဌ တာဝန်ကို ရယူမည့် ၂၀၁၄ သည် မြန်မာနိုင်ငံအတွက်သာမက အာစီယံအဖွဲ့ကြီးအတွက် အ လွန် အရေးကြီးလှသည့် ကာလလည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၂၀၁၅ ခုနှစ်တွင် အာစီယံအဖွဲ့ကြီး၏ အဓိက ဒေါက်တိုင်ကြီး ၃ တိုင်ဖြစ်သည့် အာစီယံ နိုင်ငံရေး နှင့် လုံခြုံရေး အသိုင်းအ၀န်း၊ အာစီယံ စီးပွားရေး အသိုင်းအ၀န်း နှင့် အာစီယံ ယဉ်ကျေးမှု အသိုင်းအ၀န်းတို့ စတင် အသက်ဝင်လာမည့် နှစ်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ တွင် အာစီယံ ဥက္ကဌ တာဝန်ကို ယူရမည့် မြန်မာနိုင်ငံအတွက် အဖွဲ့ဝင် နိုင်ငံများ၏ အနေအထားမှ အဆို အသိုင်းအ၀န်းကြီး ၃ ခုနှင့် သဟဇာတ ဖြစ်မဖြစ် လိုက်လံစောင့်ကြည့်ရမည့်အပြင် အဖွဲ့ဝင်နိုင်ငံများအား ကူညီဖေးမ ရမည့် လုပ်ငန်းစဉ်များလည်း ပါဝင်ကောင်း ပါဝင်လာမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် စတင်အသက်ဝင်လာမည့် အာစီယံ စီးပွားရေး အသိုင်းအ၀န်းနှင့် အတူ အာစီယံ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် မှာလည်း အသက်ဝင်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အာစီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ စီးပွားရေးများ တစ်သားတည် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကုန်စည် စီးဆင်းမှုတွင် အခက်အခဲ အတားအဆီးများ ပယ်ဖျက်နိုင်ရေး တို့ကို မြန်မာနိုင်ငံမှာ ဦးဆောင်ပါဝင် ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် အာစီယံ ဥက္ကဌဖြစ်လာမည့် မြန်မာနိုင်ငံသည် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
တွေ့ကြုံရမည့် အခက်အခဲများ
အာစီယံ၏ ဥက္ကဌ အဖြစ် မြန်မာနိုင်ငံ အဖြစ်မနေ တွေ့ကြုံရမည့် အခက်အခဲများလည်းရှိနေသေးသည်။ အဓိကအခက်အခဲ မှာ မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့ နိုင်ငံတကာဆွေးနွေးပွဲကြီးများကို လက်ခံကျင်းပပေးသည့် အတွေ့အကြုံ များများမရှိ ခြင်းဖြစ်သည်။ ထိုကဲ့သို့ အတွေ့အကြုံမရှိသဖြင့် အာစီယံ ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရာတွင် လွဲချောမှုများရှိလာမည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိသည်။ သို့သော်လည်း မြန်မာအစိုးရအနေဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို အပြည့်အ၀ ရယူကာ ဤကဲ့သို့ အစည်းအဝေးပွဲများကို လက်ခံကျင်းပခြင်းဖြင့် ဒေသတွင်း တွင် နောက်ကျကျန်နေသည့် မြန်မာနိုင်ငံ၏ အခြေအနေကို ဆွဲတင်နိုင်လိမ့်မည်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် လက်မခံနိုင်သည့် အင်အားစုများမှ အာစီယံ ဥက္ကဌဖြစ်ရေးကို ကန့်ကွက် ရှုတ်ချမှုများလည်း ကြုံတွေ့ရဦးမည်ဖြစ်သည်။ ပြီးခဲ့သည့် ဘာလီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံသို့ ဥက္ကဌ တာဝန်ပေးအပ်ရန် အာစီယံ ခေါင်းဆောင်များ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသော်လည်း အဆိုပါ အတိုက်အခံ အင်အားစုများအတွက် နားလည်လက်ခံနိုင်စွမ်း ရှိနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး တိုး တက်မှုများအပေါ် ဝေဖန်ကန့်ကွက်မှုများလည်း ကြုံတွေ့ရဦးမည်သာဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန် ကျန်ရှိနေသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် သတင်းဆက်သွယ်ရေး နည်းပညာ ကဏ္ဍကိုလည်း ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုသည်။ မြန်မာနိုင်ငံသို့ အစည်းအဝေး လာ တက်သော အဆင့်မြင့် အရာရှိများနှင့် နိုင်ငံတကာ ဧည့်သည်များအတွက် ဆက်သွယ်ရေး အခက်အခဲမရှိစေရန် လုံ လောက်သော ဖုန်းအရေအတွက်၊ ဆက်သွယ်ရေး အခက်အခဲမရှိသော တယ်လီဖုန်း လိုင်းအားများကို အစိုးရမှ အချိန်ယူ တည်ဆောက်ထားရန်လိုအပ်သည်။ ထို့အပြင် အင်တာနက်၊ အီးမေးလ် ကဲ့သို့ နိုင်ငံတကာတွင် မရှိမဖြစ် အသုံးပြုသော ၀န်ဆောင်မှုလုပ်ငန်းများကိုလည်း အဆင်ပြေချောမွေ့စေရန် စီမံထားရန်အရေးကြီးလှပေးသည်။ မြန်မာနိုင်ငံသို့ အစည်း အဝေးလာတက်သော ဧည့်သည်တော်များအတွက် အခြား ဂြိုလ်တစ်ခုပေါ် ရောက်လာသကဲ့သို့ ကမ္ကာကြီးနှင့် အဆက်ပြတ် သွားခြင်းမျိုး မဖြစ်စေရန် ကြိုတင် စီမံသင့်သည်။
မြန်မာအစိုးရအနေဖြင့် အာစီယံ ဥက္ကဌ တာဝန်ယူမည့် ၂၀၁၄ ခုနှစ်တွင် တိုင်းပြည် ငြိမ်းချမ်း၍ တိုးတက်ဖွံ့ဖြိုးမှုများ အရှိန် အဟုတ်နှင့် ဖြစ်ပေါ်နေရန် အရေးကြီးသည်။ အခြား အာစီယံ ၉ နိုင်ငံတွင် ပြည်တွင်းနိုင်ငံရေးအခြေအနေ သာယာနေ သဖြင့် အာစီယံ ကဲ့သို့ နိုင်ငံတကာ အစည်းအဝေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလားတူ ကျင်းပနိုင်ရန် လိုအပ်သည်။ အာစီယံ ဥက္ကဌအဖြစ်နှင့် နိုင်ငံတကာအစည်းအဝေးများကို အောင်မြင်စွာကျင်းပ နိုင်ရေး လုံလောက်သော လူအင်းအား နှင့် နည်းပညာပိုင်းကို ယခုအချိန်မှ စ၍ စတင်အကောင်အထည်ဖေါ်ခြင်းအားဖြင့် မြန်မာနိုင်ငံ နိုင်ငံတကာအလယ်တွင် ပြန်လည်နေရာ ရလာတော့မည်ဖြစ်သည်။

0 comments:
Post a Comment