Monday, December 5, 2011

အကောင်းမြင်ရမယ့်အချိန်ရောက်ပြီလား..... ဦးဝင်းတင်နဲ့ မေးခွန်းများ

by Ko Thaung on Tuesday, December 6, 2011 at 12:20pm
 

ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ ဒီဇင်ဘာ ၆၊ ၂၀၁၁

မေး။    ။နိုဝင်ဘာ လကုန်ပိုင်းမှာ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုယ်တိုင်က မြန်မာပြည်အရေးကို လက်ရှိအစိုးရခေါင်းဆောင်များနဲ့သာမက အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ၊ လူမှုလုပ်ငန်းလုပ်ကိုင်နေသူများ၊ စာနယ်ဇင်းသမားများနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောထားအမြင်တွေ ပြောသွားပါတယ်။ အဓိက ကလင်တန်ပြောဆိုသွားတဲ့ အကြောင်းအရာတွေက ဘာတွေပါလဲ။ 
ဖြေ။     ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေး နဲ့ ပြည်တွင်း စစ်ရပ်စဲရေး၊ တရားဥပဒေစိုးမိုးရေးနဲ့  လူမှုလုပ်ငန်းတွေကို ထောက်ပံ့ကူညီနိုင်ရေးတို့ကို အကျယ်တ၀င့်ပြောဆို ဆွေးနွေး တိုက်တွန်းသွားပါတယ်။

မေး။    ။ အဲသည်မှာ တချို့က သဘောထားပေးကြတာက လက်ရှိစစ်တပ်ကျောထောက်နောက်ခံရှိတဲ့ မြန်မာအစိုးရဖက်ကနေပြီး ကလင်တန်ကိုယ်တိုင်က အကောင်းတွေမြင်ပြနေတယ်။ ကောင်းတော့မယ်၊ ဖြစ်တော့မယ်၊ လွှတ်တော့မယ်လို့ ကတိတွေတောင် ၀င် ၀င် ပေးနေသလို ဖြစ်နေတယ်လို့ ပြောကြတယ်။ အဲသည်လို တကယ်ပဲ အားရကျေနပ်စရာတွေ တိုးတက်မှုတွေ မြင်နေရပြီလား။
ဖြေ။     ။ မြန်မာ့နိုင်ငံကို  ပထမဦးဆုံး လာရောက်တဲ့ ခရီးစဉ်အတွင်းမှာကို ကလင်တန်ကိုယ်တိုင်က မြန်မာ့နိုင်ငံရေး ပွင့်လင်းလာမှုတွေ၊ လွတ်လပ်လာမှုတွေရဲ့ အလားအလာတွေ ရှိနေပြီလို့ ကတိစကားတွေပေးနေ၊ အခိုင်အမာတွေ ပြောနေတယ်လို့ ဆိုချင်စရာဖြစ်နေတယ်။  လက်ရှိအမြင်မှာတော့ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတဦး၊ အမေရိကန်အစိုးရခေါင်းဆောင်တဦး လာရောက်တာ၊ လွတ်လပ်စွာ ခရီးသွားလာခွင့်ရတာ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းစုံနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်၊ ပြောဆိုထုတ်ဖော်ခွင့်တွေ ရတယ်ဆိုတာက အားရစရာကောင်းတယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် တိုးတက်ဖို့ အကောင်းမြင်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။
မေး။    ။ နောက်ပြီးတော့လည်း သမ္မတအိုဘားမားက ဒေါ်စုကို ဖုန်းဆက်တဲ့ဆီမှာ ပြောတဲ့စကားက မြန်မာပြည်မှာ ဒီမိုကရေစီရေး လင်းရောင်ခြည်သန်းနေပြီလို့ ပြောတယ်လို့ ကြားရပါတယ်။ သူတို့တွေရဲ့ အလိုအရဆိုရင် မြန်မာပြည်ဟာ ဟုတ်နေပြီပေါ့လို့ ပြောရတော့မှာလား။ 
 ဖြေ။    ။ အလင်းရောင်ကို မြင်ရတယ် ဆိုတာက မိုးလင်းပြီ၊ အရုဏ်တက်ပြီလို့ အဓိပ္ပါယ်ဆောင်နေပြီဆိုရင်တော့ အားရ ၀မ်းသာစရာဖြစ်တယ်။ နောက်ကို ပြန်ပြီး လှည့်စရာမလိုတော့ဘူးလို့ မှတ်ယူရမယ်ဆို ကောင်းတာပေါ့။ သို့သော် မြန်မာပြည်မှာက ဥမင်လှိုင်ခေါင်းထဲကနေ လျှောက်လာကြတာမှာ ထွက်ပေါက်ကနေ ပေါ်လာတဲ့ အလင်းရောင်လေး တွေ့ရတဲ့အဆင့်ပဲ ရှိတယ်။ အလင်းရောင်ကလေး၊ အလင်းပေါက်ကလေး မြင်ရတာမှန်သော်လည်း ဥမင်လှိုင်ခေါင်းထဲမှာ အမှောင်ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောနိုင်တယ်။
မေး။    ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီမိုကရေစီလမ်းပေါ် မရောက်သေးပါဘူးလို့ ၀န်ခံသွားတယ်။ နောက်ပြန်မကွေ့ဘဲ ရှေ့ဆက်တိုးမှသာ လမ်းပေါ်ရောက်မယ်လို့ ဆိုပါတယ်။ တဖက်အစိုးရခေါင်းဆောင်တွေကကော ကလင်တန်နဲ့တွေ့ချိန်မှာ ရွှမ်းရွှမ်းဝေအောင် ပြောဆိုနေတယ် ဆိုသော်လည်း ပြည်သူတွေကို အခြားအဓိပ္ပါယ်ဆောင်တဲ့စကားတွေ ပြောခဲ့တာတွေ ရှိပါသလား။
ဖြေ။     ။ ထောက်ပြရမယ် ဆိုရင်တော့ … သမ္မတကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောနေတယ်။ သမ္မတရဲ့ အစိုးရအဖွဲ့ဝင်တွေက ပြည်တွင်းစစ်ဖြစ်ပွားနေတာကို သဘောထားတင်းမာတဲ့သဘောတွေ ပြနေတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ဆီမှာတောင် စာမတတ် ပေမတတ်သူတွေ ပါတယ်လို့ တဖက်သတ်ပြောဆိုတာတွေ ထွက်ပေါ်လာတယ်။ ဆိုတော့ ကျနော်တို့တတွေက အမှောင်ထဲမှာပဲ ရှိနေတယ်ဆိုတာ ပြပါတယ်။
မေး။    ။ အဲသည်လို အခြေအနေတွေ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီက ဒီမိုကရေစီအရေးအတွက် ယုံကြည်ချက်ကို ခိုင်ခိုင်မာမာထားပြီး စွန့်စားမှုကို ဆောင်ရွက်နေတယ်လို့ ပြောရမှာပေါ့။ 
ဖြေ။     ။ ဒီမိုကရေစီရေးအတွက် ယုံကြည်ချက်ကို ခိုင်ခိုင်မာမာထားပြီးတော့ စွန့်စားမှုဖြစ်တယ်။ အကောင်းမြင်နေသော်လည်း  အခြားအခြေအနေတွေရှိနေဆဲပဲ ဖြစ်တယ် ဆိုတာကို ပြောချင်တယ်။ သဘောကနေတာ့ ကျနော်တို့တွေဟာ ဥမင်လှိုင်ခေါင်းထဲမှာပဲ ရှိနေသေးတယ်။ အလင်းရောင်လေး မြင်တယ်ဆိုတာ အမှောင်ထဲကနေပြီး လှမ်းမြင်နေရတဲ့သဘောပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။


Posted by MoeMaKa

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...