လက်ရှိ တရားစီရင်ရေးစနစ်ဖြင့် ဒီမိုကရေစီဖော်ဆောင်ရန် ခက်ခဲနိုင်
by TunTun Kyaw on Sunday, December 4, 2011 at 3:00pm
် By Eleven Sunday, 04 December 2011 12:09
အစိုးရအဖွဲ့သစ်ပြောင်းလဲပြီး ဖြစ်သော်လည်း လက်ရှိတရားစီရင်ရေးစနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းအချို့နှင့် တရားရေးဝန်ထမ်းအချို့၏ လုပ်ဆောင်မှုဆုံးဖြတ်မှုအချို့မှာမူ ဒီမိုကရေစီဖော်ဆောင်နိုင်သည့် အခြေအနေတွင် မရှိနိုင်ကြောင်း အမှုသည်များ၊ ရှေ့နေများထံမှ သိရသည်။
"တရားစီရင်ရေးမဏ္ဍိုင် မတိမ်းစောင်းစေဖို့ ဆိုတဲ့နေရာမှာ အဓိကအားဖြင့်တော့ တရားသူကြီးတွေပေါ်ပဲ မူတည်တာတော့ မဟုတ်ပါဘူး။ ဒီတရားစီရင်ရေး အ၀န်းအ၀ိုင်းကြီးထဲမှာ ပါဝင်ပတ်သက်နေသူတွေ ကိုယ်တိုင်လည်းပဲ ၀ိုင်းဝန်းထိန်းကျောင်းကြရမယ်လို့ ပြောရမှာပါ။ အမှုသည်တိုင်းကတော့ အမှုနိုင်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ လာဘ်လာဘ လမ်းကြောင်းဆိုတာကြီးပေါ် တက်သွားပါပြီ။ ရှေ့နေတွေကလည်း သူ့အမှုသည်ကို နိုင်စေချင်တာပါပဲ။ ဒီမှာလည်း အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လာဘ်လာဘလမ်းကြောင်းကို သွားနေမှာပါပဲ။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း အမှုတိုင်းကို လာဘ်လာဘထက်ဆိုးတဲ့ အဂတိတရား လမ်းကြောင်းပေါ်ကို ရောက်သွားတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။
ဒီလိုမျိုးဆိုရင် ဒီတရားစီရင်ရေးမဏ္ဍိုင်ဟာ တိမ်းစောင်းသွားမယ့် အခြေအနေဖြစ်ပါတယ်။ အဂတိတရားမှာလည်း ပြန်ကြည့်မယ်ဆိုရင် မောဟဂတိနဲ့ ဘယဂတိက ပိုအရေးကြီးပါတယ်။ သိမ်မွေ့လွန်းတဲ့အတွက် အဂတိတရား လုပ်မိပါလားလို့ မတွေးမိဘဲ အဂတိလိုက်မိ သွားတတ်ပါတယ်။ မိမိကိုယ်တိုင် ဥပဒေကလည်း မကျွမ်းကျင်၊ ထောက်ထားစာနာစရာလည်း ပေါ်လာမယ်ဆိုရင် မိမိဆုံးဖြတ်လိုက်တာဟာ မောဟဂတိနဲ့ ညှိသွားတယ်လို့ မသိဘဲနဲ့ ဆောင်ရွက်သွားမိတတ်ပါတယ်။ အလားတူပါပဲ ဥပဒေပိုင်းအရ ကျွမ်းကျင်သော်လည်း ဖြောင့်မတ်စွာ ဆောင်ရွက်လိုသော်လည်း ဒီလိုဆောင်ရွက်လိုက်ရင် တစ်စုံတစ်ရာသော ဘေးကျမှာကို ကြောက်တဲ့အတွက် စီရင်ဆုံးဖြတ် လိုက်မိတာလည်းပဲ ဘယဂတိနဲ့ ညှိသွားတာပါပဲ။ ဒါကြောင့် အဂတိတရားတွေထဲမှာ ဒီဂတိတရားနှစ်ပါးဟာ သိပ်ကိုအရေးကြီးတဲ့အတွက် တရားသူကြီးတွေ သတိထားပြီး ဆင်ခြင်ဆောင်ရွက် သင့်ပါတယ်"ဟု စာရေးဆရာ တရားလွှတ်တော်ရှေ့နေတစ်ဦးက မျက်မှောက်တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားပါသည်။
"တရားသူကြီး တစ်ဦးတည်း တရားစီရင်ဆုံးဖြတ်တာ ထက် တရားသူကြီးတစ်ဦးထက် ပိုပါဝင်တဲ့ခုံအဖွဲ့နဲ့ ဆုံးဖြတ်တာကပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ အဲဒီခုံအဖွဲ့မှာပါဝင်နေတဲ့ တရားသူကြီးတွေရဲ့ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ကိုယ်ကျင့်တရား ရိုးဖြောင့်မှုက ပိုပြီးအဓိကကျနေပါတယ်။ တစ်ခေတ်တစ်ခါတုန်းကလည်း ခုံအဖွဲ့နဲ့ တရားစီရင်ခဲ့တာ ရှိခဲ့ပေမယ့် အဲဒီတုန်းက တရားသူကြီးတွေဟာ တရားသူကြီး တစ်ယောက်ဖြစ်ထိုက်တဲ့ ကိုယ်ကျင့်တရား အရည်အသွေး၊ တရားဥပဒေ ကျွမ်းကျင်မှုမရှိတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်မှာ ကမောက်ကမဖြစ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်"ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။
လက်ရှိတရားစီရင်ရေး စနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း အချို့သည် ဒီမိုကရေစီ ဖော်ဆောင်နိုင်သည့် အခြေအနေတွင်မ ရှိနိုင်ဟု ဆိုရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၀ါရင့်ရှေ့နေကြီးများက ဆိုပါသည်။
လက်ရှိအချိန်အထိ ကျင့်သုံးနေသော တရားစီရင်ရေးနှင့် ဆက်နွှယ်နေသည့် ဥပဒေများထဲတွင် တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေ၊ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ၊ ပြည်ထောင်စုတရား စီရင်ရေး ဥပဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ တရားစီရင်ရေးအခန်းတို့မှာ အဓိကပါဝင်နေကြောင်း သိရသည်။
"တိုင်းပြည်တစ်ပြည်မှာ ပထမမဏ္ဍိုင်၊ ဒုတိယမဏ္ဍိုင်နဲ့ တတိယမဏ္ဍိုင်က အရေးအကြီးဆုံးပဲ။ ဒါကြောင့်နိုင်ငံတိုင်း မဏ္ဍိုင်သုံးရပ်ကို ကောင်းအောင်လုပ်ရတယ်။ ဒီမဏ္ဍိုင်သုံးရပ်ကို စတုတ္ထမဏ္ဍိုင်က ပြန်ထောက်တယ်။ ဒီ ၁၊ ၂၊ ၃ က မမှန်ရင် ၄ ကို ထောင်ချလို့ရတယ်။ အရေးယူလို့ရတယ်။ လောကမှာ မှန်တယ်၊ မှားတယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်က စည်းမပျက်ဖို့ လိုတယ်။ ဒီမဏ္ဍိုင် စည်းပျက်ပြီပဲထား။ အဲဒီတိုင်းပြည်က ဘာကျန်သေးလို့လဲ" တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ရှိနေပြီး ယင်းဥပဒေများထဲတွင် အဂတိလိုက်စားသူ တရားသူကြီးများကို မည်သို့အရေးယူရမည် ဆိုသည့်အချက်တို့ မပါဝင်ခြင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ အားလုံး၏ သက်တမ်းသည် နှစ်၂၀ အထိရှိနေပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၏ သက်တမ်းဖြစ်သည့် ၅ နှစ်နှင့်များစွာ ကွာခြားနေခြင်း၊ တရားသူကြီးများ၏ အရည်အချင်းများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်အချို့သည် အငြင်းပွားဖွယ်ရာ ဖြစ်နေခြင်း၊ အချို့သော ပြဋ္ဌာန်းချက်ပါ စကားလုံးများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိသောကြောင့် ဥပဒေကို လိုက်နာကျင့်သုံးရာ၌ အခက်အခဲရှိနေခြင်းတို့ ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက်မကြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်သစ္စာရှိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ စသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရခြင်း၊ ကွယ်လွန်ခြင်းစသည့် အကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၇၀ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း သိရသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၁ ကိုကြည့်ရင် အာဏာပိုင်အဆင့် တရားသူကြီးတွေ သက်တမ်းကို နှစ် ၂၀ တောင် ပေးထားတာ တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ တတိယမဏ္ဍိုင် တရားစီရင်ရေးက အာဏာပိုင်တွေက သူတို့အာဏာကို နှစ်ပေါင်းရှည်ကြာ ရယူမဲ့သဘောဖြစ်နေလို့ ကျွန်တော်တို့ တိုင်းပြည်လို ကာလအတော်ကြာ ယိုင်နဲ့ခဲ့တဲ့ တရားစီရင်ရေးမဏ္ဍိုင် အတွက်ဆိုရင် ဒီမိုကရေစီဖော်ဆောင်ရာမှာ အခက်ခဲရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်က အာဏာပိုင်တွေတောင် ဒီမိုကရေစီနည်းကျကျ အာဏာကိုအကြာကြီးယူမထားပဲ ငါးနှစ်တစ်ခါလဲမှာ ဖြစ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၆ တရားစီရင်ရေးအခန်းပါ ဒီအချက်တွေနဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ဒီလိုအချက်တွေကို ပြင်ဆင်သင့်ပါတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှာလည်း တရားသူကြီးတွေ သက်တမ်းနဲ့ ပတ်သက်လို့ ဒီလိုပဲ ပြဋ္ဌာန်းထားလို့ပါ" အထက်တန်း ရှေ့နေတစ်ဦးက သုံးသပ်ပါသည်။
"တရားသူကြီး အရည်အချင်းတွေကို အထက်မှာ ဘယ်လိုဖြင့် ဘယ်နေရာတွေမှာ လုပ်သက်ရှိရမယ် ပါပေမဲ့ ဥပဒေစာကြောင်း အောက်နားရောက်တော့ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူလို့ပါတယ်။ ဒါကြောင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဆိုတဲ့အချက်နဲ့ ပတ်သက်လို့အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုးထည့်ပြီး ပြင်ဆင်မှ ဥပဒေက သရေကြိုးလို လိုသလိုဆွဲလို့ရတယ်လို့ အထင်မြင် မမှားနိုင်မှာဖြစ်ပါတယ်"ဟု ဥပဒေအကြံပေးတစ်ဦးက ရှင်းပြသည်။
တရားရုံးများအား မထီမဲ့မြင်ပြုပါက ပြစ်မှုထင်ရှားသူကို ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ထောင်အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်နိုင်ကြောင်းနှင့် တရားရုံးများအား မထီမဲ့မြင်ပြုမိသူသည် တရားရုံးက စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါက ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနိုင်ကြောင်း THE CONTEMPT OF COURTS ACT ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။
THE CONTEMPT OF COURTS ACT သည် ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေအတွဲ(၁) (THE BURMA CODE VOLUME 1)တွင် ပါဝင်ပြီး ဥပဒေတစ်ခုလုံးတွင် ပုဒ်မ ၁ မှာ ဖျက်သိမ်းထားပြီး ပုဒ်မ၂နှင့် ၃သာ ပြဋ္ဌာန်းထားသည်ဖြစ်ရာ မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာ ရောက်ကြောင်းကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုပြဋ္ဌာန်းထားချက် မရှိကြောင်း သိရသည်။
ထို့ပြင် THE CONTEMPT OF COURTS ACT ကို မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ ၁၉၂၆ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် INDIA ACT X11 ကို ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်ကြောင်း တရားရုံးများ မထီမဲ့မြင်ပြုမှုနှင့် ပတ်သက်၍လည်း သတိပြုသင့်သည့် စီရင်ထုံးတစ်ခုရှိခဲ့ကြောင်း သိရသည်။
ယင်းစီရင်ထုံးတွင် "တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ တွင် မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာရောက်ကြောင်း ဖွင့်ဆိုပြဋ္ဌာန်းထားခြင်း မရှိချေ။ အမှုတစ်ခုချင်းကို လိုက်၍ပေါ်ပေါက်သည့် အကြောင်းခြင်းရာ ပြသနာကိုအခြေခံပြီး တရားရုံးအား မထီမဲ့မြင်ပြုရာ ရောက်မရောက် သုံးသပ်ဆုံးဖြတ်ရန် ဖြစ်သည်။ တရားရုံးက အဆုံးအဖြတ်ပေးမည့် ကိစ္စတစ်ရပ်ကို တရားရုံးက မဆုံးဖြတ်မီ တရားရုံး(သို့) တရားသူကြီးကို အထင်အမြင် သေးသိမ်စေနိုင်သော သို့မဟုတ် တရားရုံး၏ တရားဖြောင့်မှန်ရေးကို အနှောင့်အယှက်ဖြစ်စေသော သို့တည်းမဟုတ် တရားရုံး၏ အဆုံးအဖြတ်ကို ၀င်ရောက်စွက်ဖက်ရာ ရောက်သော အရေးအသား၊ အပြောအဆို၊ အပြုအမူများ ပြုလုပ်ခြင်း သတင်းစာမှ ကြော်ငြာခြင်းတို့သည် လည်းကောင်း တရားရုံးက တရားသဖြင့် ထုတ်ဆင့်သော အမိန့်စာ၊ ဆင့်စာ၊ ၀ရမ်းစာစသည်တို့ကို အတည်ပြုရာ၌ အနှောင့်အယှက် အကာအကွယ် အတားအဆီး ပြုလုပ်ခြင်းတို့သည် လည်းကောင်း တရားရုံးကို မထီမဲ့မြင့်ပြုမှုများ ဖြစ်သည်။"ဟူ၍ ဦးမောင်မောင်ပါ-၂ နှင့် ဒေါ်ကြူစိန်ပါ-၃ (၁၉၉၂၊ မ.တ.စ၊ စာ-၁၀၂)တွင် ဆိုထားချက်အရ သိရသည်။
တရားရုံးတွေကို မထီမဲ့မြင်ပြုရင် တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ အရေးယူလေ့ရှိပါတယ်။ တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေက မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတာမဟုတ်ဘဲ ၁၉၂၆ခုနှစ် မေလ ၁ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ INDIA ACT X11 ကို ဆက်လက်ကျင့်သုံးနေတာပါ။ ဥပဒေတစ်ခုလုံးမှာလည်း ပုဒ်မနှစ်ခုပဲပါပြီး ဘယ်လိုကျူးလွန်မှုမျိုးက ပြစ်မှုမြောက်လဲ အတိအကျမပြဋ္ဌာန်းထားပါဘူး။ စီရင်ထုံးပဲရှိပါတယ်။ ဒါကြောင့် ဒီဥပဒေကိုဖျက်သိမ်းသင့်ပြီး ဥပဒေတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့အညီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အစုံအလင်နဲ့ တရားရုံးကို မထီမဲ့မြင်ပြုခြင်းကို အရေးယူတဲ့ သီးခြားဥပဒေတစ်ခုကို မြန်မာနိုင်ငံအနေနဲ့ ပြဋ္ဌာန်းလိုက်နိုင်မယ်ဆိုရင် အငြင်းပွားဖွယ်ရာတွေရှိမှာ မဟုတ်တော့ပါဘူး။ အဲဒီအခါ အပြစ်မရှိသူတွေကိုလည်း THE CONTEMPT OF COURTS ACT ကို အကြောင်းပြ လက်တစ်လုံးခြားလုပ်ပြီး အရေးယူတာတွေ ရှိလာနိုင်မှာ မဟုတ်တော့ဘူး"ဟု ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်ခဲ့ပါသည်။
လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုများ ပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ခဲ့ရခြင်းကြောင့် တရားသူကြီးများသည် အဂတိတရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန်လိုကြောင်း ၂၀၀၉ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ တရားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က ပြောကြားခဲ့ဖူးကြောင်း သိရသည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ပင် နိုင်ငံတော်ဝန်ကြီးချုပ် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က "တရားစီရင်ရေးစနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သော စနစ်ဖြစ်လာအောင် မိမိတို့ပြုပြင် ထူထောင်သွားရမည် ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘူယျခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံး လုပ်နည်းတို့၏ မပြည့်စုံအားနည်းမှုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချို့ယွင်းချက်များကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ သို့သော်အချို့သော အားနည်းချက်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အကျင့်သိက္ခာနှင့် မဆိုင်ဘဲ လုပ်ငန်းဆိုင်ရာ မကျွမ်းကျင်မှု၊ မသေသပ်မှု၊ ပေါ့လျော့မှု၊ စည်းကမ်းမကျမှုမျိုးများ တွေ့ရခြင်းကြောင့် အဆင့်ဆင့်သော တရားသူကြီးများကို စနစ်တကျ သွန်သင်လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမှု ကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များ ဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမှု၊ ပညာပေးမှုမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း" ပြောကြားခဲ့ပါသည်။
သက်သာချောင်ချိမှု အခက်အခဲနှင့် လောဘကြောင့် လာဘ်ပေးလာဘ်ယူ ဖြစ်ပွားနေရကြောင်း၊ သက်သာချောင်ချိရေးအတွက် မည်သို့ စီမံဆောင်ရွက်မည်ကို စောင့်ကြည့်ပေးစေလိုကြောင်း ပြည်သူများ၏ နစ်နာမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးထံ လိပ်မူတိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးဥာဏ်ထွန်းဦးက ပြောကြားခဲ့ပါသည်။
Clean Government, Good Governmnet ကို ပိပိရိရိ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ Clean Government ဖြစ်ရန် Good Government လိုကြောင်း၊ စနစ်တကျ စီမံအုပ်ချုပ် ကွပ်ကဲမှသာလျှင် လာဘ်ပေးလာဘ်ယူ ကင်းလာမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ ဘာကြောင့်ဖြစ်သလဲဆိုပါက (၁)အချက် လောဘကြီး၍ ဖြစ်ကြောင်း(၂)အချက် သက်သာချောင် ချိမှုအတွက် အခက်အခဲရှိလာ၍ ဖြစ်ကြောင်း၊ အဲဒီအချက်များအား လေ့လာပြီး သက်သာချောင်ချိမှု မရှိသူများကို သက်သာချောင်ချိမှု ရှိအောင် တာဝန်ရှိသူများက ဘယ်လိုအစီအမံများ လုပ်မည်၊လောဘကြီးပြီး မတရားလုပ်နေသူများကို ဘယ်လိုအရေးယူမည်ကို နည်းနည်းစောင့်ကြည့် စေလိုကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၀န်ကြီးဦးဥာဏ်ထွန်းဦးက ဆိုပါသည်။
ထို့အတူ လက်ရှိတရား စီရင်ရေးတွင် အဂတိလိုက်စားသူ တရားသူကြီးအချို့ကြောင့် နစ်နာသူ အမှုသည်များရှိနေပြီး တိုင်ကြားသူများလည်း ရှိနေကြောင်း နစ်နာသူအမှုသည်များ အနေဖြင့် သက်ဆိုင်ရာသို့ ထိထိရောက်ရောက် တိုင်ကြားခြင်း လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်လွှတ်တော်သို့ တင်သွင်းကာ ယင်းတရားသူကြီးအား စွပ်စွဲပြစ်တင်ကာ ရာထူးမှရပ်ဆဲသင့်ကြောင်း နစ်နာသူအမှုသည်များက အကြံပြုခဲ့ကြသည်။
နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား မိမိသဘောဖြင့် တာဝန်မှရပ်စဲခြင်း မပြုလုပ်နိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်မှုသာ ပြုလုပ်နိုင်ကြောင်း စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြမှသာလျှင် နိုင်ငံတော်သမ္မတက ရာထူးမှရပ်စဲရမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်ရန် အကြောင်းအရာငါးချက်ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်များအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာ ငါးချက်အတိုင်း ပြဋ္ဌာန်းထားပြီး အရည်အချင်း ပျက်ယွင်းခြင်း ဆိုင်ရာအချက်သာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း အချက်နှင့် ကွာခြားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၂ အရ သိရသည်။
ထို့ပြင် အဂတိလိုက်စားသော တရားသူကြီးများအား အရေးယူနိုင်သည့် အချက်ကို ပြည်ထောင်စု တရားစီရင်ရေး ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့တွင် ပြဋ္ဌာန်းမထားသော်လည်း ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအရ သိရသည်။
အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ ပုဒ်မ၄(၁)(ဂ)တွင် ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်သည်အဖိုးတန်ပစ္စည်း သို့တည်းမဟုတ်၊ ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာကို မရိုးမသား အဂတိလိုက်စားသော နည်းဖြင့်ဖြစ်စေ၊ တရားဥပဒေနှင့် ဆန့်ကျင်သော နည်းဖြင့်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းအဖြစ် မိမိ၏အခြေအနေကို အလွဲအသုံးပြု၍ဖြစ်စေ မိမိအတွက်သော် လည်းကောင်း၊ သူတစ်ပါးအတွက် သော်လည်းကောင်း ရယူလျှင် မိမိ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် ရာဇ၀တ်ပြစ်ဒဏ် ထိုက်သင့်အောင် အကျင့်ဖောက်ပြန် ကျူးလွန်သည်မည်၏ ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ယင်းဥပဒေအရ ဖောက်ဖျက်ကျူးလွန်သူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ယခင်ပါလီမန် ဒီမိုကရေစီ လက်ထက်ကတည်းကပင် ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုတရားစီရင်ရေးတွင်လည်း တရားသူကြီးများ၏ အဂတိလိုက်စားမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ အဆင့်ဆင့် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော်လည်း ယခင် တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။
ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးစနစ် ပိုမိုတရားမျှတ လွတ်လပ်လာစေရန် လာဘ်ပေးလာဘ်ယူကိစ္စများ လျော့နည်းရာမှ ပပျောက်သွားစေရန် လိုအပ်ပါက တရားစီရင်ရေးစနစ် တစ်ခုလုံးအား ပြောင်းလဲသင့်ကြောင်း အကျင့်သိက္ခာနှင့် မပြည်စုံသည့် တရားသူကြီးများအား ရှာဖွေဖော်ထုတ် အရေးယူကာ ဖြောင့်မတ်သည့် တရားသူကြီးများနှင့် လဲလှယ် ခန့်အပ်သင့်ကြောင်း ဂျူရီစနစ်ဖြစ်သည့် တစ်ပါးထိုင်မဟုတ်ဘဲ အများထိုင်ဆုံးဖြတ်သည့် စနစ်ဖြင့် လက်ရှိတရားစီရင်ရေး စနစ်အားပြောင်း လဲကျင့်သုံးရန်လိုအပ်ပါကကျင့်သုံးရမည် ဖြစ်ကြောင်း ဂျူရီလူကြီးများ ရွေးချယ်ရာတွင် ဥပဒေကျွမ်းကျင်ကာ သမာသမတ် ရှိသူများသာ ဖြစ်ရန်လိုကြောင်း လက်ရှိ တရားစီရင်ရေးအား လေ့လာသူ ဥပဒေ ပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်ရန် အကြောင်�

0 comments:
Post a Comment