သည်သို့ဆိုလျှင် လှပသည့် အနာဂတ်နိုင်ငံတော်သည် ဝေးမည်မဟုတ်
လူထုအမျှော်လင့်ဆုံးသည်
လက်ရှိအခင်းအကျင်းနှင့် လုံးဝကွဲပြားခြားနားသည့် စစ်မှန်သော
ပြောင်းလဲမှုဖြစ်သည်။ အတုအယောင်မဟုတ်။ ရွှေရည်စိမ်မဟုတ်။
ချွေးသိပ်ခြင်းမျိုးမဟုတ်။ ပွင့်လင်းထင်သာသော တိုးတက်ပြောင်းလဲမှုဖြစ်သည်။
အကြီးမားဆုံး ငတ်မွတ်တောင့်တမှု
ယနေ့ တိုင်းပြည်သည် အစစအရာရာ အငတ်ဘေးနှင့်ရင်ဆိုင်နေရသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် ဘက်စုံ အငတ်ဘေးအား ကြံ့ကြံ့ခံနေရသည်။ အကြီးမားဆုံးအငတ်ဘေးမှာ စစ်မှန်သောပြောင်းလဲမှုအား ငတ်မွတ်သည့် အငတ် ဘေးဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးခြင်းကို ငတ်မွတ်သည့် အငတ်ဘေးဖြစ်သည်။ ဆာလောင်ငတ်မွတ်လွန်း၍ တစာစာအော်နေကြသည်။ မျှော်မှန်းတမ်းတနေကြသည်။
သည်ငတ်မွတ်မှုကြောင့် တစ်ချို့က ထောင်ကျနေသည်။ တစ်ချို့ကား တားမြစ်ခံနေရသည်။ တစ်ချို့ကား ရက်ရက်စက်စက်အသတ်ခံခဲ့ရသည်။ သည်ငတ်မွတ်မှု ပျောက်မသွား။ ပို၍ပင်ငတ်မွတ်လာကြသည်။ သည်ငတ်မွတ်မှုအား
အစိုးရသာ စစ်မှန်သောပြောင်းလဲခြင်းဖြင့် ရပ်တန့်ပစ်နိုင်မည်ဖြစ်သည်။ လူထုအငတ်ဘေးသည် အစိုးရ၏ အငတ်ဘေးအဖြစ် မခြွင်းမချန် ယူဆထားစေချင်သည်။
ဖိနပ်စုံစီး၊ ထီးအမိုးမချန်
ရေနစ်သောအခါ ကောက်ရိုးတစ်မျှင်သည်ပင် အားကိုးရာအဖြစ် အဖိုးတန်နိုင်သည်။ ဆူးထဲနင်းဖြတ်ကြသောအခါ တစ်ဖက်တည်းသောဖိနပ်စုတ်လေးပင် အရေးထားစရာဖြစ်သည်ဟု မထင်ရဲသော အမြင်အသိတို့ဖြင့် ရတတ်သမျှသာ ကျေနပ်ရန် ဖန်ခဲ့ကြသည်။ ယခု ဤသို့ အသေးအမွှားတို့ဖြင့် ကျေနပ်နှစ်သိမ့်ရသောအဖြစ်အား စွန့်ပစ်မည်။
ကောက်ရိုးတစ်မျှင်အဆင့်အား ထားပစ်ခဲ့တော့မည်။ ဖိနပ်တစ်ဖက်သာ ရနိုင်ခြင်းအားလည်း ချန်လှပ်ပစ်တော့မည်။ အလိုချင်ဆုံး နှင့်အဖြစ်ချင်ဆုံးသည် ဖိနပ်နှစ်ဘက်လုံးရှိချင်သည်။ ရေနစ်သူကို ဆယ်စေချင်သည်။ တိုင်းပြည်နွံထဲကျနေသည်ကို ဆန္ဒရှိရှိ ဆွဲတင်စေချင်သည်။ ပြည့်ပြည့်ဝဝဖြင့် ချိန်ခွင်လျှာညီညီ သွားချင်သည်။
ပြည်သူလူထုသည် အလွန်တရာမှ သနားစရာကောင်းသည်။ ကျလာမည့် ထမင်းချမ်းခဲလေးအား လက်ဝါးတဖြန့်ဖြန့်ရှိခဲ့သည်။ ကျီးလန့်စာစားရင်း မျက်ရည်ဖြင့် အံကြိတ်ခံစားခဲ့ရသည်။ မျှော်လင့်ချက်တစ်သီတစ်တန်းဖြင့် နွမ်းနွမ်းကြေကြေဖြစ်ခဲ့သည်။
တိုင်းပြည်ကောင်းစားစေချင်သည့် စိတ်တို့ဖြင့် အရာရာအား ငတ်မွတ်မြင်မက်ခဲ့ရသည်။
သို့သော် လက်ရှိ ငတ်မွတ်မှုသည် ထမင်းချမ်းခဲမဟုတ်တော့။ ပြည့်စုံသောထမင်းဝိုင်း။ ဖွဲ့စည်းမှုပြည့်သော အိမ်တစ်အိမ်။ စစ်မှန်သောလွှတ်တော်နှင့် ဖြစ်ထွန်းမှုပြီးသော တိုးတက်သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သည်သို့သာ လိုအပ်ကြတော့မည်။ သည်ထက်လျော့၍မရ။ ပိုသာ ပိုစေမည်ဖြစ်သည်။
လူထုသည် အစိုးရကို မလိမ်ဖူး။ မကောက်ကျစ်ဖူး။ အနိုင်မကျင့်ဖူးခဲ့။ ထိုနည်းတူ အစိုးသည်လည်း လိမ်ရန်၊ ကောက်ရန်၊ အနိုင်ကျင့်ရန် ထပ်မံမကြိုးစားသင့်။ ကြိုးစားရန်လည်း မလိုအပ်တော့ကြောင်း နှစ်ဦးနှစ်ဖက်သိကြသည်။
ကတိတည်တည် ရှေ့အနာဂတ်ဆီ
ယနေ့ လုပ်ပေးနိုင်သည့်အနေအထားတွင်ရှိနေ၍ လုပ်ပေးမည်ဟုလည်း ကတိပေးထားပြီးဖြစ်သည်။ လုပ်ပေးရန်သာလိုတော့သည်။ ထိုကတိအတိုင်း မှန်မှန်ကန်ကန် လုပ်စေချင်သည်။
မိမိအာဏာတည်မြဲရေးထက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကိုသာ စေတနာရှိရှိ လုပ်ဆောင်ရန်လိုမည်။ လုပ်ဖို့ရာအသည်းအသန် လိုအပ်နေပြီ။ လူထုတောင့်တမှု အထွဋ်အထိပ်ဆီသို့ ရောက်နေပြီ ဖြစ်သည်။ အစိုးရအနေနဲ့ သတိချပ်ရမည်။
ရင်ဝယ်သားကဲ့သို့ ပြုမူရမည်ဖြစ်သည်။ ဤလိုလိုကျွဲလိုလိုလုပ်ရန် မသင့်သကဲ့သို့ ရှေ့တိုးနောက်ဆုတ်လုပ်ရန်လည်း မသင့်။ ရှေ့သိုသာ ဦးတည်မှန်ရမည်။
ဆယ်စုနှစ်အဆက်ဆက် သွေးမြေကျ နာကျင်ခဲ့ရသည်ထက် ယခုလိုသမယမှာ ထပ်မံအလိမ်ခံရလျှင် လူထုခံစားမှုသည် သေနတ်နှင့် တန်းစီပစ်သတ်သည်ထက် ဆိုးဝါးမည်။ အရှင်လတ်လတ်မြှုပ်ပစ်သည်ထက် နာကျည်းစက်ဆုပ်ရပါလိမ့်မည်။
ထို့ကြောင့် ''သွားပါ၊ ရှေ့အနာဂတ်သစ်ဆီ သွားလိုက်စမ်းပါ''။ အုပ်ချုပ်မှုယန္တယားကြီးအား ပြည်သူနှင့်တစ်သားတည်းလည်ပတ်ပြီး ''မောင်းနှင်ပစ်လိုက်စမ်းပါ''ဟု ဆိုချင်သည်။ အားပေးချင်သည်။ အားကိုးချင်သည်။ ဝိုင်းဝန်းတွန်းပေးချင်သည်။ သည်သို့ဆိုလျှင် လှပသည့် အနာဂတ်နိုင်ငံတော်သည် ဝေးမည်မဟုတ်။
(ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောရပ်တည်လုပ်ကိုင်နေမှုအား ထောက်ခံသည်။ ဟီလာရီကလင်တန် ၏ ခရီးစဉ်အား အကောင်းဘက်ကမြင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရန်၊ ဝန်ကြီးဖြစ်ရန်ကြိုးစားနေခြင်း မဟုတ်။ လူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက်သာ အသက်၊သွေး၊ချွေး၊ ဂုဏ်သိက္ခာတို့အား ရင်းးနှီးလုပ်ဆောင်နေခြင်းဟု မြင်သာကြပြီဖြစ်သည်။ ဦးသိန်းစိန်အစိုးရလည်း ထိုသို့ရပ်တည်ရန် လိုသည်။
လမ်းပွင့်နေပြီးဖြစ်သည်။ ထိုလမ်းအား ဦးတည်ချက်မှန်မှန်ဖြင့် လျှောက်သွားရန်သာ လိုတော့သည်။ )

0 comments:
Post a Comment