နိုင်ငံရေးနှင့်လူမှုရေး
by Nay Zaw on Monday, December 19, 2011 at 12:04pm
စံမြတ်
ကုသိုလ်ဆိုတာကို ဝေးဝေးမှာ ရှာနေစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံထဲမှာပဲ ရှိပါတယ်။ ဒီလိုပါပဲ။ အကုသိုလ်ဆိုတာကလည်း ဝေးဝေးမှာ မရှိပါဘူး။ ကိုယ့်ရဲ့ ကာယကံ ၊၀စီကံ၊ မနောကံ
ထဲမှာပဲ ရှိပါတယ်။ ဒါကြောင့် တရားရှာ ကိုယ်မှာတွေ့လို့ ပြောကြတာပါ။
ဟုတ်ပါတယ်။
ကုသိုလ်ကော၊ အကုသိုလ်ပါ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှိနေကြတာပါ။ ခန္ဓာကိုယ် တစ်ကိုယ်တည်းအ
တွင်းမှာပဲ ဒီမတူညီတဲ့ ဆန့်ကျင်ဘက်နှစ်ခုက အတူတူရှိနေကြတာပါ။
ဒီလိုပါပဲ။
နိုင်ငံရေးဆိုတာ အလွန်မွန်မြတ်တဲ့ အရာပါ။ ကုသိုလ်ဖြစ်စေတဲ့ အရာပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဆိုတာက တိုင်းပြည်နဲ့ လူမျိုးကို ကောင်းစားစေချင်လွန်းတဲ့ စေတနာက ပေါက်ဖွားလာတာမို့လို့ပါ။
နိုင်ငံရေးသမားတွေဆိုတာက ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို အခြေတင့် အနေမြင့်ချင်ကြတဲ့ လူတွေပါ။ မျိုးချစ်စိတ်ထက်သန်တဲ့ လူတွေပါ။ လူကောင်းတွေပါ။ စိတ်ရင်း စေတနာကောင်းကြတဲ့ လူတွေပါ။ ဒါပေမယ့် . . . .
နိုင်ငံရေးလုပ်တယ်ဆိုတဲ့ အခါမှာ ကိုယ်လုပ်ချင်တာတွေကို စိတ်တိုင်းကျ လုပ်ရဖို့အတွက် နိုင်ငံရေးအာဏာရဖို့ လိုပါတယ်။ ကိုယ်ယုံကြည်ထားတဲ့ နိုင်ငံရေးသဘောတရားတွေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်ငံရေး အာဏာရယူထားဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့ နိုင်ငံရေး
အာဏာကို လက်ဝယ်ပိုင်ပိုင် ရယူထားနိုင်မှ နိုင်ငံ နဲ့ လူမျိုး အခြေတင့် အနေမြင့်အောင် အလုပ်လုပ်နိုင်မှာပါ။ လက်ဖက်ရည်ဆိုင်မှာ ရေနွေးတစ်ကရားပြီး တစ်ကရားကုန်အောင် သောက်ပြောနေတာနဲ့ပဲ နိုင်ငံနဲ့ လူမျိုးက
ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး။ အရက်ဝိုင်းမှာ တစ်ပုလင်းပြီးတစ်ပုလင်း ကုန်အောင် သောက်နေရုံနဲ့ နိုင်ငံ
နဲ့ လူမျိုးက စည်ပင်ပွားစည်းလာမှာ မဟုတ်ပါဘူး။ ပါတီရုံးမှာ အာဘောင်အာရင်းသန်သန်နဲ့ ပါးစပ်ထဲက အမြုပ်
တစ်စီစီထအောင် ဝေဖန်ပြောဆိုနေရုံနဲ့ တိုင်းပြည်နဲ့ လူမျိုးက တိုးတက်လာမှာ မဟုတ်ပါဘူး။ နိုင်ငံရေး အာဏာ
ကသာ တိုင်းပြည်ကို အကျိုးပြုစေနိုင်တာပါ။
ဒီတော့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုး အခြေတင့် အနေမြင့်အောင် လုပ်ဖို့အတွက် နိုင်ငံရေးအာဏာကို လက်
ဝယ်ပိုင်ပိုင် ရယူနိုင်အောင် ကြိုးစားလာကြရတယ်။ ရရှိပြီးသား ဆိုရင်လည်း တိုင်းပြည်အကျိုးကို ဆက်လက်
သယ်ပိုးခွင့်ရဖို့အတွက် အာဏာကိုလက်မလွှတ်ရလေအောင် ဆက်လက်ပြီး ကြိုးစားထိန်းသိမ်းကာကွယ်နေရ
တယ်။ ဒါမှ နိုင်ငံတော်ကို အကျိုးပြုနိုင်မှာကိုး။ ဒါမှ ပြည်သူကို အကျိုးပြုနိုင်မှာကိုး။ ဒါကြောင့် တိုင်းပြည်နဲ့
လူမျိုး ကောင်းရာကောင်းကျိုးရဖို့အတွက် နိုင်ငံရေးအာဏာကို ရယူဖို့ကြိုးစားတာဟာ အပြစ်မဟုတ်ဘူး။ ရာဇ
ဝတ်မှု မဟုတ်ဘူး။ မတရား တော်လှန်ပုန်ကန်တာ မဟုတ်ဘူး။
ဒါပေမယ့် . . .
အာဏာက လုပ်ပိုင်ခွင့်တွေ အများကြီးပေးတယ်။ အာဏာအရလုပ်နိုင်တာတွေ အများကြီးရှိလာတယ်။ အာဏာနဲ့ဆိုရင် `` အရာရာ ´´ ဟာ ပြီးမြောက်လာတယ်။ နိုင်ငံရေးအစ . . . စီးပွားရေးအလယ် . . . လူမှုရေး
အဆုံး . . . အရာရာကို အာဏာနဲ့ လက်ဝယ်ပိုင်ပိုင် ရယူနိုင်တယ်။ ရယူနိုင်လာတယ်။
ဒီအခါမှာ . . .
အစက တိုင်းပြည်နဲ့လူမျိးအတွက် စိတ်ကောင်းစေတနာကောင်းတွေနဲ့ `` ရင်း ´´ ခဲ့ရတာ မှန်ပေမယ့်လည်း အာဏာကို တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ရလာတဲ့အခါမှာ အာဏာပိုင်သူဟာ အာဏာရဲ့ အရ
သာကို လျှာရင်းမြတ်မြတ် ခံစားလာတယ်။ အဲသလို ခံစားလာရင်းနဲ့ အာဏာပိုင်သူဟာ အာဏာကို စွဲလာတယ်။
အဲဒီနောက်တော့ အာဏာကို ငမ်းငမ်းတက်တပ်မက်လာတယ်။ ဒီအခါမှာ အာဏာဟာ အာဏာပိုင်သူကို တစ်စစီ တစ်စစီ တဖြည်းဖြည်းချင်း အတွင်းလှိုက်စားပြီး ဖျက်ဆီးလာတယ်။ အဆုံးသတ်မှာတော့ အာဏာယစ်မူးသူဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာဆိုဘာမှ မလုပ်နိုင်တော့ဘူး။ ငါနဲ့ ငါ့အတွက်ပဲ လုပ်လာတော့တယ်။ ဒီလိုနဲ့ အများက ရွံရှာစက်ဆုပ်တဲ့ အာဏာရှင်ကြီး ဖြစ်လာပါတော့တယ်။
ဒါကြောင့် ပြောတာပါ။
နိုင်ငံရေးဟာ အင်မတန်သန့်စင်မွန်မြတ်တဲ့လုပ်ငန်း ဖြစ်ပေမယ့်လည်း ကိုယ်ခံအားမကောင်းခဲ့ရင် အဲဒီနိုင်ငံရေးကပဲ ယုတ်မာညစ်ထေး ကောက်ကျစ်မှုတွေကို ဖိတ်ခေါ် ပေးခဲ့တယ်လို့ ပြောရတာပါ။
ဒီလိုပါပဲ။
လူမှုရေးလုပ်တယ် ဆိုတာဟာလည်း အင်မတန် မွန်မြတ်သန့်စင်တဲ့ လုပ်ငန်းပါ။ အများအကျိုးကို ကိုယ်ကျိုး
မငဲ့ လုပ်ဆောင်စေတဲ့ လုပ်ငန်းပါ။
လူမှုရေးမှာ နိုင်ငံရေးနဲ့ မတူတာက နိုင်ငံရေးအာဏာကို ရယူဖို့ မလိုတာပါပဲ။ လူအများရဲ့ အကျိုးကို ဖော်ဆောင်တဲ့နေရာမှာ အာဏာကို လုံးဝ အသုံးမပြုဘဲ စေတနာသက်သက်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်
ဆောင်ကြရတာပါ။ ဒါနပြုနေကြတာပါ။ ဒါကြောင့်ပဲ လူမှုရေးလုပ်ငန်းတွေမှာ အာဏာပါဝါတွေမလိုတော့ပဲ လူအများရဲ့ အကျိုးကို စိတ်သန့်သန့်ရှင်းရှင်းနဲ့ လုပ်နိုင်နေကြတာပေါ့။
ဒါပေမယ့် ခက်နေတာက လူ့အတ္တ အကျိုးစီးပွားပါ။ အတ္တလောဘတကက်တာတွေပါ။ လူအများကို ကူညီဆောင်မတာက မွန်မြတ်မှန်း သိကြပါတယ်။ ကိုယ်ကျိုးမဖက်ပဲ အများအကျိုးကို ဖော်ဆောင်ကြတာကလည်း သန့်စင်မှန်း လူတိုင်းသိကြပါတယ်။
ဒါပေမယ့် . . .
အူမတောင့်မှသာ သီလစောင့်နိုင်ကြရတဲ့ ဘ၀ဆိုတော့ . . .
သူများကိုကူညီစောင့်ရှောက်တာ ကောင်းမှန်းသိပေမယ့်လည်း ကိုယ်ကိုယ်တိုင်က လမ်းကြောင်းမှန်အ
တိုင်း လျှောက်နိုင်အောင် မနည်း ``မတ် ´´ နေရတာဆိုတော့ . . .
တဖက်က ကြည့်ပြန်တော့လည်း . . .အလှူရှင်တွေက သူတို့ချမ်းသာတိုင်း အတိုင်းအဆမရှိ ပေးလှူနိုင်ကြပေမယ့် နေရာတကာမှာ ကိုယ်ထိလက်ရောက် လုပ်ပေးဖို့ဆိုတဲ့ အခါကျတော့ မလွယ်တာ
တွေ့ရှိလာတယ်။ ဒါပေမယ့် တချို့ကျတော့ ပြသာနာက တစ်မျိုး။ ကိုယ်ကချည်းပဲ တစ်လုံးတစ်ခဲတည်း မလှူ
နိုင်တော့ စုပေါင်းဒါနလုပ်ကြရရော။ ဒီအခါမှာ ကိုယ်နိုင်သမျှကလေး ထည့်ဝင်လှူဒါန်းကြပြီး လက်တွေ့အကောင်အထည်ဖော်ပေးကြတဲ့လူတွေကို အစစအရာရာ ယုံယုံကြည်ကြည် `` အပ် ´´ လိုက်ကြ
ရတာမျိုးတွေ ရှိလာတယ်။
ဒီအခါမှာ လူမှုရေးလုပ်ငန်းတွေမှာ အလှူရှင်တွေက တစ်ဖက် . . . အလှူရှင်တွေရဲ့ စိတ်စေတနာ
တွေကို လက်တွေ့အကောင်အထည်ဖော်ပေးကြရတဲ့ သူတွေကတစ်ဖက်နဲ့ ဖြစ်လာကြတယ်။
ဒီအခါမှာ . . .
ရပ်ကွက်အတွင်း မီးရရှိအောင် ဆိုပြီး စုပေါင်းထည့်ဝင် လုပ်ကိုင်ကြတဲ့အခါမှာ စာရင်းမရှင်းနိုင်တာတွေ
ဖြစ်လာတယ်။ စာရင်းမရှင်းကြတာတွေ ဖြစ်လာတယ်။
ရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထလမ်းတွေ ခင်းကြတဲ့အခါမှာ စာရင်းမရှင်းနိုင်ကြတာတွေ ဖြစ်လာတယ်။ စာရင်းမရှင်းကြတာတွေ ဖြစ်လာတယ်။
မူလတန်း . . . အလယ်တန်း . . . စသဖြင့် ကျောင်းဆောက်လုပ်ရေးအတွက် အလှူငွေတွေ မှန်မှန်
ကောက်ခံခဲ့ပေမယ့် ကျောင်းက တစ်နှစ်နဲ့လည်း မပြီး . . . နှစ် နှစ်နဲ့လည်းမပြီးတာတွေ တွေ့လာရတယ်။
တချို့များဆိုရင် ဘုရားမျက်နှာတော်ကိုတောင်မှ မထောက်ဘဲ လုပ်စားကြတယ်။ ဘုရားကတော့ ဒီအတိုင်း ဒီအတိုင်း ကလေးပဲ ငုတ်တုတ်ထိုင်တော်မူနေရတယ်။ သူတို့ အိတ်တွေကတော့ ပြောင်သည်ထက်
ပြောင်လာကြတယ်။ သူတို့ မိန်းမ၊ သူတို့သားသမီးတွေကတော့ တောက်သည်ထက် တောက်လာကြတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်တုန်းကဆိုရင် ပိုးစိုးပက်စက် အသေဆိုးနဲ့ သေကြသူတွေက အများ
ကြီး။ အကြီးအကျယ် ဒုက္ခရောက်ပြီး ဘ၀ပျက်ကြရသူတွေကလည်း အများကြီး။ စေတနာအပြည့်နဲ့ ကူညီထောက်ပံ့လှူဒါန်းကြသူတွေကလည်း အများကြီး။ အဲ . . . ဒါပေမယ့် စားပေါက်တွေ အကြီးအကျယ်ရောက်ပြီး အပွကြီး ပွသွားကြတဲ့ လူတွေကလည်း အများကြီးပါပဲ။
အင်မတန် မွန်မြတ်သန့်စင်တဲ့ လူမှုရေးလုပ်ငန်းကြီးဖြစ်ပေမယ့်လည်း အဲဒီ မွန်မြတ်သန့်စင်မှုကို အသုံးချကြတဲ့ . . . အသုံးချကြရက်တဲ့ အတ္တစိတ်လွန်လွန်ကဲကဲ ကြီးမားကြသူတွေလည်း ရှိနေကြပါသေးတယ်။
ဒါက သူများရဲ့ မွန်မြတ်တဲ့လူမှုရေး စိတ်ဓာတ်တွေကို တခြားလူတွေက အသုံးချကြတဲ့ ပုံတွေပါ။ အဲဒါနဲ့
မတူတဲ့ တခြား ပုံစံတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ လူမှုရေးလုပ်ငန်းကို ကိုယ်တိုင်လှူ ကိုယ်တိုင်လုပ်ကိုင်ပြသူ အလှူရှင်ရဲ့ အရှိန်အ၀ါယူတည်ဆောက်ကြတဲ့ ပုံစံတွေပါပဲ။
ပိုက်ဆံကလေးက . . . ချမ်းသာလာတော့ ဟိုနေရာမှာ ဟိုဟာကလေးလှူပြလိုက် . . . ဒီနေရာမှာ
ဒီဟာကလေး လှူပြလိုက်နဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်လုံးပြပြီး လူလုံးပြလာတတ်ကြတာပဲ။ ဒီလိုပါပဲ။ နိုင်ငံ
ရေးအာဏာကလေး လိုချင်လာတော့ ဒါမှမဟုတ် နိုင်ငံရေး အာဏာ ကလေးရှိလာတော့ ပြည်သူ့အရေးကို
ဂရုတစိုက်ပြုစုတာပါဆိုပြီး ဟိုဟာ ဒီဟာ ကလေးတွေ ကူညီလုပ်ဆောင် ပြတတ်လာကြတယ်။ တကယ်ဆို
တော့ ဒီလိုပုံစံမျိုးတွေဟာ ကိုယ့်ကိုယ်ကိုယ် ``အရောင်တင် ´´ ပြကြတာပါ။ ကိုယ့်ကိုယ်ကိုယ်အပြတ်
``ရှိုင်း Shine ´´ ပြကြတာပါ။ ကိုယ့်ကိုယ်ကိုယ် `` ဟိုင်းလိုက် highlight ´´ လုပ်ပြ နေကြတာပါ။ ဒီလို လုပ်
ပြကြတဲ့အခါမှာ စေတနာမရှိဘူးတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ရှိတော့ရှိပါတယ်။ ဒါပေမယ့် စေတနာရှိတာက
နည်းနည်း . . . ဂုဏ်ဖော်ချင်တာက များများပါ။
ဒီလို ဂုဏ်ဖော်ကြတဲ့အခါမှာ တချို့ကတော့ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှိလို့ ဂုဏ်ဖော်ပြီး ပကာသနလုပ်ချင်ကြတာပါ။ ဒါက သူ့ဘာသာသူ ပိုက်ဆံရှိလို့ ပကာသနလုပ် ဖြုန်းတာဖြစ်လို့ ဘာမှတော့
အပြစ်ပြောစရာမရှိပါဘူး။ မျက်စိနောက်တာ တစ်ခုပဲ ရှိတာပါ။
ဒါပေမယ့် နိုင်ငံရေးသမားက လူမှုရေးလုပ်ငန်းတွေကို လုပ်လာပြီဆိုရင်တော့ သတိသာ ကောင်း
ကောင်းထားပါတော့။ ပြည်သူတွေရဲ့ အကျိုးကို အမှန်တကယ် ဖော်ဆောင်ချင်လို့ စေတနာသန့်သန့်နဲ့ လုပ်တာလား . . . မဲနိုင်အောင် တမင်တကာမြှူဆွယ်စည်းရုံးတာလားဆိုတာကိုပေါ့။ စေတနာသန့်သန့််နဲ့ လုပ်တာဆိုရင်တော့ ဘာအပြစ်ပြောစရာရှိသလဲဗျာ။ အားပေးရမှာပေါ့။ ဒါပေမယ့် အာဏာရအောင် လုပ်တာ
ဆိုရင်တော့ ဒီလို ``အသားလိုလို့ အရိုးတောင်း´´ တဲ့ ကိစ္စဟာ အင်မတန် သန့်စင်တဲ့ လူမှုရေးလုပ်ငန်းကို
တလွဲ အသုံးချလို်က်တာပဲ မဟုတ်ပါလား။ ဒါဟာ အပြစ်ပြောစရာပါ။ ရှုတ်ချစရာပါ။
ဟုတ်ပါတယ်။
နိုင်ငံရေးဟာ အင်မတန် မွန်မြတ်ပါတယ်။ လူမှုရေးဟာ အင်မတန် သန့်စင်ပါတယ်။
ဒါပေမယ့် . . .
အင်မတန် အသုံးဝင် အစွမ်းထက်လှတဲ့ ဆေးတစ်လက်ဟာ လူ့အသက်တစ်ချောင်းကို ပိုင်ပိုင်နိုင်နိုင်
ကယ်တင်ပေးနိုင်သလို . . . အင်မတန် အဖိုးတန်လှတဲ့ လူ့အသက်တစ်ချောင်းကိုလည်း ပိုးစိုးပက်စက် သေစေနိုင်တဲ့ အဆိပ်တစ်ခွက်လည်း ဖြစ်သွားနိုင်ပါတယ်။ အသုံးပြုသူ သမားတော်ရဲ့ ပညာအပေါ်မှာ မူတည်ပါ
တယ်။
ဒီလိုပါပဲ။
အင်မတန် သန့်စင်မွန်မြတ်တဲ့ နိုင်ငံရေးနဲ့ လူမှုရေး လုပ်ငန်းတွေကိုလည်း ဘယ်လို မနောကံမျိုးတွေနဲ့
ကြံစည်ခဲ့သလဲ . . . ဘယ်လို ၀ဇီကံမျိုးနဲ့ ထုတ်ဖော်ပြောဆိုခဲ့သလဲ . . . ဘယ်လိုကာယကံမျိုးတွေနဲ့ လက်တွေ့လုပ်ဆောင်ပေးခဲ့သလဲဆိုတဲ့ အပေါ်မှာ မူတည်ကြည့်ပြီး . . .
သန့်ရှင်းတဲ့ အရာက ဆက်ပြီး သန့်ရှင်းနေသေးသလား . . . မွန်မြတ်တဲ့အရာက ဆက်ပြီး မွန်မြတ်နေသေးသလားဆိုတာကို လက်တွေ့တိုင်းတာကြည့်ရင် . . .
အဲဒီ နိုင်ငံရေးသမားဟာ သန့်ရှင်းမွန်မြတ်တဲ့ လူမှုရေးသမားစစ်စစ်လားဆိုတာ ကွဲကွဲပြားပြား ခြားခြားနားနား သိလာရမှာပါ။
စံမြတ်
အတွေးအမြင် ( အမှတ် ၂၃၇ ) ၂၀၁၁ ဒီဇင်ဘာ
0 comments:
Post a Comment