Tuesday, December 6, 2011

*အနောက်ကို မျှော်လိုက်ရင်*

by Wai Maw on Wednesday, December 7, 2011 at 11:24am





-ဦးဖိုးသာအောင်
-7-12-2011


*အရှေ့ကိုလျှောက်ပါလို့
အနောက်ကိုတဲ့ မျှော်လိုက်ရင်
တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားကို မြင်* တဲ့ ၊


အဲဒီ ရှေးမြန်မာ သီချင်းသည် မြန်မာပြည်သားများအတွက် အတိတ်တဘောင်များ ဖြစ်နေရော့လား ထင်မိစရာပါ။

မြန်မာပြည်မှာ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက တိုင်းချစ်ပြည်ချစ် ဒိတ်ဒိတ်ကျဲ နိုင်ငံရေး သမားများ များစွာ ပေါ်ထွန်းခဲ့ကြပါတယ်၊
မြန်မာနိုင်ငံကို သူတပါး အုပ်ချုပ်နေတာကို လုံးဝလက်မခံ ချင်ကြပါ၊ ကိုယ့်ပြည်ကို ကိုယ့်ဖါသာ အုပ်ချုပ်ရပါမယ်၊
ဘယ်စနစ်နဲ့ ဘယ်လိုအုပ်ချုပ်ကြမလဲ ဆိုတာနဲ့ ပါတ်သက်ပြီး လွတ်လပ်ရေး မရခင်ကတည်းက ဝိဝါဒ ကွဲပြားခဲ့ပါတယ်၊
ပညာတတ် နိုင်ငံရေးသမားခေါင်းဆောင်အများစုသည် ဆိုရှယ်လစ်နှင့် ကွန်မြူနစ်များ ဖြစ်ခဲ့ကြပါတယ်၊
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ကွန်မြူနစ်ပါတီကို စတင် တည်ထောင်သူ ဖြစ်ပြီး မြန်မာနိုင်ငံကို ဆိုရှယ်လစ် စနစ်နှင့် ထူထောင်လိုကြောင်း ပြောကြားခဲ့ပါ သေးတယ်၊
အဲဒီခေတ် နိုင်ငံရေးသမားအများစုသည် အရှေ့ကို လျှောက်ရန် ရည်သန်နေသူများ လည်း ဖြစ်ကြပါတယ်။

အင်္ဂလိပ် ကိုလိုနီ ဖြစ်ခဲ့တာကြောင့် အင်္ဂလိပ်ရဲ့ ကိုလိုနီ စနစ်ကို မုန်းတီး ရွံရှာသလို အင်္ဂလိပ် ကျင့်သုံးနေတဲ့ အရှင်းရှင် စနစ်ကိုပါ ရောပြီး မုန်းတီး ဆန့်ကျင်ရေး ဖြစ်ခဲ့ကြပါတယ်၊
အရင်းရှင်စနစ် နေရာမှာ ကွန်မြူနစ်စနစ် (မာ့က်စ် ဝါဒ) ကို အစားထိုးကျင့်သုံးဖို့ လိုလားတဲ့ ပညာတတ် နိုင်ငံရေး သမားများ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့ကြပါတယ်၊
မာ့က်စ်ဝါဒ၊ ရုပ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို အပတ်တကုတ် လေ့လာကြပြီး စွဲစွဲမြဲမြဲ ခံယူကျင့်သုံးသည့် လူငယ်နိုင်ငံရေး သမား အများအပြား ပေါ်ထွန်းလာခဲ့ပါတယ်။
လူငယ်ဟူသည် ဦးဏှောက်နုကြသူများဖြစ်သည့်အလျှောက် နှလုံးသားခံစားချက်ကို ဦးစားပေးတတ်သည့် သဘာဝရှိပါတယ်၊
ဒါကြောင့်လည်း လူတန်းစားအတွေးအခေါ်သည် ရှင်သန် တတ်ကြပါသည်၊
သို့သော် ဦးဏှောက်ရင့်ကျက်လာသူများ၊ နိုင်ငံရေးဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်ဝေဘန်တတ်လာသော သူများလည်း ရှိလာကြပါတယ်၊
ရုပ်ဝါဒ၏ ဆိုးကျိုးများနှင့် လူတန်းစား အမြင်၏ အမှားများကို သိရှိနားလည်လာကြပြီး လူ့သမိုင်းကို ရုပ်ဝါဒတဘက်သတ် အမြင်ဖြင့် မချဉ်း ကပ်ကြတော့ပါ။
လူ့သမဂ္ဂကြီး တိုးတက်ကောင်းစားရေးအတွက် လူတန်းစားအမြင်သက်ရောက်သည့် ရုပ်ဝါဒ ဖြင့် ဘယ်လိုမှ မတည်ဆောက်နိုင်ပါဟူသည့် အမြင်ကို စောစီးစွာ မြင်လာကြသည့် သူများကို ဖေါက်ပြန်ရေး သမားများ ဟူ၍လည်းကောင်း၊ အရင်းရှင်ဖြင့် ပေါင်း၍ ပစ္စည်းမဲ့ နိုင်ငံတော် ထူထောင် နိုင်သည်ဆိုသည့် သူများကိုလည်း ပြန်လည်ပြင်ဆင်ရေးသမားများဟူ၍ လည်းကောင်း ကင်ပွန်းတတ် ရှုတ်ချကြသူများမှာ ရုပ်ဝါဒီများ သာ ဖြစ်ကြပါသည်။


ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သူများထဲတွင် ပါသည်   ဖြစ်သော်လည်း အတိုက်အခံ မရှိတဲ့ တစ်ပါတီကွန်မြူနစ်ဝါဒသည် မြန်မာပြည်နှင့် မကိုက်ညီ ကြောင်းကို သိရှိပြီး ပါတီစုံဒီမိုကရေစီ ပါလီမန်စနစ်သည်သာ မြန်မာပြည်အတွက် သင့်တော်သည်ဟု မြင်သည်၊

ဒါကြောင့်လည်း တိုင်းပြည်လွတ်လပ်ရေးနှင့် လူတန်းစား လွတ်မြောက်ရေးကို ပေါင်းစပ် မသွားဘဲ အရင်းရှင် အင်္ဂလိပ် အစိုးရ၏ စာချုပ်စာတမ်းနှင့် လွတ်လပ်ရေးကို လက္ခံခဲ့သူဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အသိအမှတ်ပြု လက္ခံခဲ့ကြသည့် ဦးနု ဖ.ဆ.ပ.လ အစိုးရ၊ ပ.ထ.စ အစိုးရတို့၏ လက်ထက်တွင် မြန်မာပြည်သည် ကမ္ဘာ့စပါးကျီ နိုင်ငံတခုဖြစ်ခဲ့ပြီး အရှေ့တောင်အာရှတွင် ချမ်းသာကြွယ်ဝသည့် နိုင်ငံတခုလည်း ဖြစ်ခဲ့ပါသည်။

ကြမ်းတမ်းညစ်ပတ်သည့် အလုပ်များကို အိန္ဒိယမှ ကုလားလူမျိုးများက လာရောက်လုပ်ကိုင်ကြပြီး မြန်မာနှင့် တိုင်းရင်းသား လူမျိုးများ မလုပ်ကြပါ၊ ထိုင်းနိုင်ငံထက်လည်း သာလွန်ပါသည်။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံသည် စစ်ကြီးပြီးခါစလည်း ဖြစ်ပြီး ဒီမိုကရေစီစနစ်နှင့် စတင်တွေ့ထိ လေ့ကျင့်စ အချိန်ဖြစ်သဖြင့် အားနည်းချက်များ ရှိနေလင့်ကစား စားဝတ်နေရေး ဖူလုံကြွယ်ဝသည့် ဒီမိုကရေစီနိုင်ငံတခုအဖြစ် ကမ္ဘာ့အလယ်မှာ တင့်တယ်ခဲ့ရပါသည်၊
သို့သော်လည်း ပါတီစုံ ဒီမိုကရေစီစနစ်ကို မကြိုက်သော ဗ.က.ပ တို့၏ အားကောင်းလာမှု့ကြောင့် အနောက်အုပ်စုက မြှောက်ပေးမှု့ကို ခံရသည့် ဗိုလ်နေဝင်းသည် ဖက်ဒရယ်မူကြောင့် တိုင်းရင်းသား များ ခွဲထွက်မည်ဟု အကြောင်းပြကာ ဦးနုအစိုးရထံမှ အာဏာကို လုယူသိမ်းပိုက် လိုက်ပါတော့ သည်။
အဲဒီ့အချိန်က အနောက်အုပ်စုတွက်ဆချက်မှာ မြန်မာပြည်သည် ကွန်မြူနစ်နိုင်ငံတခု ဖြစ်မလာရေးအတွက် စစ်အာဏာရှင် အစိုးရတခုနှင့် အစားထိုးထိမ်းထားလိုက်သည်နှင့် တူပါသည်၊
ဒါကြောင့်လည်း မ.ဆ.လ အစိုးရကို အကူအညီအနည်းငယ်ပေးပြီး အသိအမှတ်ပြုထားခဲ့ပါသည်၊
ဗိုလ်နေဝင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် လုံးဝထည့်ပြီး မစဉ်းစားပါ၊
သူတစ်ကိုယ်ရေ ကောင်းစားရေး အတွက်သာ ရှေးရှုလုပ်ကိုင်ခဲ့ပြီး တစ်တိုင်းတစ်ပြည်လုံးကို ရစရာမရှိအောင် ဖျက်ဆီးလိုက်ပါတော့သည်၊
စစ်အာဏာရှင် ဗိုလ်နေဝင်း၏ ဖျက်ဆီးမှု့ဒဏ်ကြောင့် တမျိုးသားလုံး အကျင့်စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင်မှု့သည် ပြန်လည် တည့်မတ်ရန် အလွန် ခက်ခဲလျှက်ရှိနေ ကြပါသည်။
ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေမှု့ကို ကုစားရန်လည်း အလွန်အမင်း ကြိုးစားကြရပါအုံးမည်။
လွတ်လပ်ရေးရခါစ ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့ပြီး ချမ်းသာကြွယ်ဝသည့် မြန်မာနိုင်ငံသည် ဆယ်နှစ်ကျော်ကြာသည့်အခါ ဒီမိုကရေစီမဲ့ စစ်အာ ဏာရှင်စနစ်ကြောင့် မွဲပြာကျခဲ့ရသည့် အဖြစ်ရယ်ပါ။
ဒါကြောင့် ဒီမိုကရေစီကို လူထုကြီးတရပ်လုံးက တောင်းဆို နေကြသည်ပင်ဖြစ်ပါသည်။


ဒီမိုကရေစီကို ရအောင်ဘယ်လိုယူကြမည်လဲ၊ နည်းမျိုးစုံတွေးတောကြံဆ လုပ်ကိုင်ခဲ့ကြ ပါသည်၊
စစ်အေးတိုက်ပွဲကာလမို့ မြန်မာနိုင်ငံမှာ ကွန်မြူနစ်ဝါဒ မထွန်းကားရေး အတွက် အနောက်အုပ်စုကလည်း ဗိုလ်နေဝင်း စစ်အာဏာရှင်ကို အားပေး ထောက်ခံနေသည့် အတွက် ဒီမိုကရေစီ ရေးမှာ အခွင့်မသာခဲ့ကြပါ၊
မြန်မာလူထုကြီးသည် ဒီမိုကရေစီ အစိုးရတရပ်ကို လိုလားခဲ့ ကြသော်လည်း ကမ္ဘာ့ စစ်အေးတိုက်ပွဲရေစီးကြောင်းထဲတွင် စစ်အာဏာရှင်၏ အုပ်ချုပ်မှု့အောက်မှာ နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်မျှ ဒုက္ခပင်လယ်ဝေခဲ့ကြရပါသည်။
စစ်အေးတိုက်ပွဲပြီးတော့မည့် အချိန် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း ပြောင်းလဲတော့မည်ကို သိနေသည့် စစ်အာဏာရှင် ဗိုလ်နေဝင်း ကလည်း သူတို့အုပ်စုသက်ဆိုးရှည်ဖို့ ပြင်ဆင်ရန်အားယူ ချိန်မှာဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ထွန်းပြီး ဒီမိုကရေစီ တောင်းပွဲကြီး ဖြစ်လာ ပါတော့သည်၊

ဗ.က.ပ ကလည်း ဒီမိုကရေစီတောင်းပွဲကြီးမှာ အဓိကနေရာမှာ ပါဝင်လှုပ်ရှားခဲ့ကြပါသည်၊
သို့သော် နောက်ထပ် နှစ် နှစ်ဆယ်ကျော်မှာမှ ဒီမိုကရေစီမရကြဘဲ စစ်အာဏာရှင် စနစ်အောက်မှာသာ မြန်မာပြည်သူတွေ ဖွတ်သထက် ညစ်ကုန်ပါတော့သည်။

မြန်မာပြည်သူများနှင့် အတိုက်အခံပေါင်းစုံတို့သည် စစ်အစိုးရကို နိုင်အောင်မတိုက်နိုင် ခဲ့ကြပါ၊
စစ်အစိုးရတွင် နိုင်ငံတကာ မျက်နှာစာမှာ အကာအကွယ်အဖြစ် တရုပ်အစိုးရရှိနေသလို ပြည်တွင်း စီးပွါးရေးနှင့် ဖိနှိပ်ရေးအတွက်လည်း တရုပ်အစိုးရက အားကိုးအားထားတခုဖြစ်နေ ပါသည်၊

ဒီမိုကရေစီလိုချင်သည့် အတိုက်အခံတို့ဘက်တွင် မည်သည့်အားကိုးအားထားမျှ မရှိပါ၊
စစ်အစိုးရတွင် အားကိုးရှိသလို အတိုက်အခံတို့တွင် အားကိုးမရှိခြင်းသည် ဒီမိုကရေစီ မရနိုင်သည့် အဓိက အချက်ပင်ဖြစ်နေပါသည်။

ဒီမိုကရေစီမပေးဘဲ လူထုကို ပိုမိုဖိနှိပ်လာသည့် မြန်မာစစ်အစိုးရကို အမေရိကန်နှင့် ဥရောပနိုင်ငံများမှ စီးပွါးရေး ပိတ်ဆို့မှု့ပြုခဲ့ကြသည်၊
သို့အတွက်ကြောင့်လည်း မြန်မာစစ်အစိုးရက တရုပ်အစိုးရ အပေါ် စီးပွါးရေးနှင့် စစ်ရေးအရပါ အလွန်အကျွံအားကိုး အားထားပြုလာရ ပါတော့သည်။
တရုပ်အစိုးရကလည်း သူ၏ မဟာဗျူဟာအရ မြန်မာအစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေးများ အထောက်အကူပေးမှု့နှင့်အတူ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် မြန်မာနိုင်ငံကို သူ၏ အနောက်တံခါးပေါက်အဖြစ် အသုံးပြုရန် ကြိုးပမ်းလာတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုလာကြပါ တယ်၊


ဒါကို အမေရိကန်က မလိုလားပါဘူး၊ ဒါကြောင့်အမေရိကန်အစိုးရသည် ဦးသိန်းစိန်အစိုးရနဲ့ အင်အယ်ဒီကို ဝင်ပူးပြီး စည်းရုံးလိုက်တဲ့ ပုံစံပါပဲ၊

မည်သို့ဆိုစေ ဦးသိန်းစိန် အစိုးရနှင့် ဒေါ်စုတို့ အင်အယ်ဒီပါတီပါ အမေရိကန်နှင့် သင့်မြတ်မှု့ရှိလာပါတယ်၊
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီပါတီအတွက် အဓိက လိုအပ်ချက်ဖြစ်နေတဲ့ အားကိုး အားထား အင်အားစုကြီးတရပ် ပေါ်ပေါက်လာပါတယ်၊
သို့သော် နိုင်ငံရေးဆိုတာ အပေးအယူကိစ္စ ဖြစ်သည့် အတိုင်း အမေရိကန်နှင့် ဦးသိန်းစိန်အစိုးရမှာလည်း အပေးအယူရှိကြပါလိမ့်မည်။
ဦးသိန်းစိန်တို့ဘက်ကတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွါးက အဓိကလား၊ သူတို့အုပ်စုရဲ့ အကျိုးစီးပွါးက အဓိကလား ဆိုတာ အတက်မပြော နိုင်သေး ပေမယ့်၊ ဒေါ်စုနှင့် အင်အယ်ဒီသည် အမေရိကန်နှင့် ဆက်ဆံရာမှာတော့ မြန်မာပြည်သူလူထု၏ အကျိုးစီးပွါးအတွက် ဆိုတာ ယုံမှား စရာမရှိပါ။
နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် ပစ်ပယ်ထားပြီးမှ မြန်မာအစိုးရကို နေ့တိုရက်တို အတွင်း ပြန်လည်သိမ်းသွင်းခေါ်ဆောင်နိုင်သည့် အမေရိကန်အစိုးရ၏ မြန်မာအပေါ်ထားရှိသည့် ပေါ်လစီ သည် အထက်လွှတ်တော် အမတ်ကြီး ဂျင်ဝက်ကြောင့်ဟု ဆိုလျှင်မှားမည် မဟုတ်ပါ၊
မြန်မာပြည်ကို ဒီအတိုင်းပစ်ထားလျှင် တရုပ်နှင့် အလွန်နီးကပ်သွားပြီး အာရှနှင့် ပစိဖိတ်ရေးရာမှာ မဟာဗျူဟာ အရ ထိခိုက်စရာဖြစ်လာမည်၊
ဒါကြောင့် မြန်မာအပေါ်ထားရှိသည့် ပေါ်လစီကို ပြောင်းရတော့မည် ဖြစ်သည်။
ဤအယူအဆ အခြေခံကြောင့် ယနေ့ အမေရိကန်နှင့် ဦးသိန်းစိန်အစိုးရရော အင်အယ်ဒီပါ ညီညွတ်ရေးကို ရှေးရှုဆောင်ရွက်လာ သည်ပင်ဖြစ်သည်၊
ဆိုချင်သည်မှာ ဒီမိုကရေစီ ရရှိရေး အတိုက်အခံအဖွဲ့အစည်း အသီးသီး၏ တိုက်ပွဲများ၏ ရလာဒ်သည် ပီပြင်ခြင်းမရှိဘဲ မှေးမှိန် မှုန်ဝါးနေချိန်တွင် အင်အားကြီး နိုင်ငံကြီး နှစ်ခု၏ မဟာဗျူဟာ တိုက်ကွက်တွင် ပေါ်ပေါက်လာသည့် အခြေအနေကောင်း အခွင့်အခါကောင်း တရပ်ဖြစ်လာ ပါသည်။
ဤအခြေအနေကို ဦးသိန်းစိန် အစိုးရက သူ့အကြောင်းနှင့် သူ အမိအရ ဆုတ်ကိုင်ရမည်လည်း ဖြစ်နေပါသည်၊
သို့သော် ဒေါ်စုနှင့် အင်အယ်ဒီ ပါဝင်ပူးပေါင်းမှလည်း ဖြစ်နိုင်မည့် အခြေလည်းဖြစ်ပါသည်၊

အမေရိကန်အနေနှင့်လည်း အာရှနှင့် ပစိဖိတ်ရေးရာ မဟာဗျူဟာအရ ဦးသိန်းစိန်အစိုးရကို ဆွဲစိရသည် ဖြစ်သော်လည်း ဒေါ်စုနှင့် လူထုကို ပစ်ပယ်၍မရကြောင်း ကောင်းကောင်း သဘောပေါက် နေပါသည်။
ယင်းအခြေအနေတွင် နိုင်ငံရေးအကဲခတ်များ၏ အမျိုးမျိုးသောထင်မြင်ယူဆချက်များ ထွက်ပေါ်လျှက် ရှိပါသည်၊
အမေရိကန်သည် သူ၏ ရေရှည်အကျိုးစီးပွါးသည် ပထမ၊ စစ်ဦးစီး အစိုးရသစ်၏ အကျိုးစီးပွါးသည် ဒုတိယ နှင့် လူထု၏ အကျိုးစီးပွါးသည် တတိယနေရာမှာတောင် ပါမှပါပါ့မလားဟု တွေးစရာမေးစရာရှိလာပါသည်။
အဘယ်ကြောင့်ဆိုသော် ၁၉၆၆ခုနှစ် စက်တင်ဘာလတွင် စစ်အာဏာရှင်ဗိုလ်နေဝင်းနှင့် အမေရိကန်သမ္မတ လင်ဒန်.ဘီ.ဂျွန်ဆင်နှင့် တွေ့ဆုံကြပြီး နှစ်နိုင်ငံရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့ကြပြီးနောက်ပိုင်းတွင် အမေရိကန်၏ အကျိုးစီးပွါး နှင့် စစ်အာဏာရှင် ဗိုလ်နေဝင်းတို့၏ အကျိုးစီးပွါးသာ ဖြစ်ထွန်းခဲ့ကြပြီး မြန်မာပြည် သူလူထုမှာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဖြစ် အဖတ်တင် ကျန်ရစ်ခဲ့သော ကြောင့်ဖြစ် ပါသည်။
သို့သော်ယနေ့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းလည်း ပြောင်းလဲခဲ့ပြီ၊
စစ်အေးတိုက်ပွဲလည်း ပြီးခဲ့ပြီ၊ နည်းပညာပေါက်ကွဲမှု့နှင့်အတူ အတွေးအခေါ်ပါ ဆန်းသစ်လာကြပြီလည်း ဖြစ်သည်၊
တချိန်က ဗမာပြည်တွင် ဗိုလ်နေဝင်းပြီးလျှင် ပြီးသည်၊ ယနေ့ ဦးသိန်းစိန်ပြီးလျှင်ပြီးသည့် အခြေအနေမျိုး မဟုတ်တော့ပါ၊
ဒေါ်စု၏ အခန်းကဏ္ဍကြီးမြင့်မှု့ကို မုချထည့်တွက်လာရပါသည်၊ အရှေ့အုပ်စု၏ တော်လှန်ရေးတင်ပို့မှု့ကျဆုံးခဲ့ပြီး အနောက်အုပ်စု၏ ဒီမိုကရေစီ တင်ပို့မှု့ခေတ်ကို ရောက်ရှိနေပါပြီ၊
သမ္မတဂျွန်ဆင်တို့ တစ်ဘက်သတ်ကိုယ်ကျိုးကြည့်ခေတ် ကျဆုံးခဲ့ပြီး အကျိုးတူ ပူးပေါင်းသည့် ခေတ်သစ်လည်း ဖြစ်နေခဲ့ပါပြီ၊
တချိန်က ဗိုလ်နေဝင်းသည် ဗ.က.ပ ကိုလက်ညှိုး ထိုးပြပြီး ကိုယ်ကျိုးရှာခဲ့သည်၊
ယနေ့ဦးသိန်းစိန်သည် လက်ညှိုးထိုးစရာ ဗ.က.ပ ကလည်း မှေးမှိန် သေးသိမ်သွားခဲ့ပါပြီ၊
ယ္ခင်က စစ်အာဏာရှင်ဗိုလ်နေဝင်းကို အကြိမ်ကြိမ်အုံကြွပြီး တိုက်ပွဲဝင်ခဲ့ ကြရာမှာ ဦးဆောင်ခေါင်းရွက်လုပ်သူများသည် လက်ဝဲယိမ်း သူများနှင့် ဗ.က.ပ ယူဂျီများဖြစ်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်အစား ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို အစားထိုးရန် သာဖြစ်ခဲ့ကြပြီး ယနေ့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံမှ စပြီး ပေါ်ပေါက်ခဲ့သည့် အရေးအခင်း များသည် အရင်းရှင် လစ်ဘရယ် ဒီမိုကရေစီကို တောင်းဆို လာကြပါသည်၊
ယ္ခင်က ဗိုလ်နေဝင်းအစိုးရကို အကူအညီပေးခဲ့သည့် အမေရိကန်နှင့် အနောက်အုပ်စုသည် ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှာ စီးပွါးရေး ပိတ်ဆို့မှု့ပင် ပြုထားကြပါသည်၊
ယ္ခင်က စစ်အာဏာရှင်စနစ်ကို တရားဝင်ယှဉ်ပြိုင်အနိုင်ယူနိုင် ခဲ့ခြင်း မရှိသော်လည်း ကိုးဆယ်ရွေးကောက်ပွဲဖြင့် အင်အယ်ဒီက တရားဝင် ယှဉ်ပြိုင်အနိုင်ယူနိုင်ခဲ့ ပါသည်။
သို့သော် အင်အယ်ဒီ၏ နောက်တွင် ထိထိရောက်ရောက် ကူညီပံ့ပိုးမည့် အင်အားကြီး နိုင်ငံ မရှိခဲ့ပါ။
ဒါကြောင့်လည်း အာဏာမရမည့် အပြင် အဖိနှိပ်ပင် ခံခဲ့ရပါသည်။
န.အ.ဖ. ၊ န.ဝ.တ စစ်အစိုးရဟောင်းများသည် တရုပ်နှင့် စီးပွါးရေး၊ စစ်ရေး ဆက်ဆံမှု့ နယ်လွန်ခြင်းကြောင့် တိုင်းပြည်နှင့်လူမျိုးအတွက် စိုးရိမ်ရသည့် အခြေကို ဆိုက်နေရပါသည်၊
ဦးသိန်းစိန်အစိုးရ၏ လွတ်လပ်သော ဈေးကွက်စီးပွါးရေး ဖေါ်ဆောင်မှု့ မှာလည်း အမေရိကန်နှင့် အနောက်အုပ်စုနှင့်မှ အဆင်မပြေလျှင် မည်သို့မျှ မဖြစ်နိုင်ပါ။
အရေးအကြီးဆုံးသော အရွေ့သည် ဒေါ်စုနှင့် အင်အယ်ဒီပါတီ၏ သဘောတရား ဘက်ပြောင်းမှု့ပင် ဖြစ်ပါသည်၊
ယ္ခင်က မည်သည့်နိုင်ငံကြီးကမှ ထိရောက်သည့် အားပေးကူညီမှု့မျိုး မလိုအပ်ပါ၊
ကိုယ့်ပြည်တွင်းရေး ကိုယ့်ဖါသာရှင်း မည်ဟူသော အရှေ့အုပ်စု ကြိုက် အယူအဆကို လက်ခံကျင့်သုံးခဲ့ရာမှ ယ္ခုအမေရိကန်၏ အကူအညီသည် ဒီမိုကရေစီရရှိရေးအတွက် မုချလိုအပ် နေပါသဖြင့် အမေရိကန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့် အယူအဆကို လက်ခံ ကျင့်သုံး လိုက်ခြင်းပဲ ဖြစ်ပါတော့သည်။

တပြိုင်နက်ထဲမှာ လူထုကို ကိုယ်စားပြုနိုင်ပြီး ကမ္ဘာ့က လေးစားခြင်း ခံရသော ဒေါ်အောင်ဆန်း စုကြည်၏ ခေါင်းဆောင်မှု့သည် အင်အယ်ဒီနှင့် ပြည်သူ့ ဘက်မှာ ရှိနေခြင်းလည်းဖြစ်ပါသည်။



ဦးသိန်းစိန်အစိုးရထဲတွင်လည်း ဒီမိုကရေစီလိုလားသော မြန်မာပြည်ကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ တိုးတက်စေလိုသော မျိုးချစ်ပုဂ္ဂိုလ်များ ရှိလာခြင်းနှင့်အတူ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်ကလည်း ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်လိုခြင်းနှင့် နောက်ထပ် တစ်ဖန် စစ်တပ်မှ အာဏာသိမ်းမှု့မျိုး မလုပ်ပါဟူသော ကတိစကားများ ပြောဆိုလာခြင်း စသည် စသည် တို့သည် မြန်မာ့ သမိုင်းနောက်ကြောင်းပြန် မဖြစ်စေနိုင်သည့် အချက်အလက်များဟု ဆိုနိုင် ပါသည်။

သို့သော် စစ်အာဏာရှင်စနစ်မှ သည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အခက်အခဲများ ရှိနေပါအုံးမည်၊
စစ်အာဏာရှင်အသိုင်းအဝိုင်းမှ မတရားယူထားခဲ့သည့် တိုင်းပြည်နှင့် လူထုပိုင် အကျိုးစီးပွါးများကိစ္စနှင့် စစ်အာဏာရှင်ကို အကာအကွယ်ပေး လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထား သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့သည် အလွယ်တကူ ဖြေရှင်းလို့ ရနိုင်မည့် ကိစ္စများ တော့ မဟုတ်ပါ။
မည်သို့ဆိုစေ အထက်ဖေါ်ပြပါ အားကောင်းချက်များကို အသုံးချပြီး တိုင်ပြည်နှင့်လူထု၏ အကျိုးစီးပွါးသည် ပထမနေရာသို့ ရောက်ရန် ကြိုးပမ်းရမည်မှာ ဒေါ်စု၊ အင်အယ်ဒီနှင့်လူထု၏ ခေါင်းပေါ်သို့ ကျရောက်လာပါပြီ၊
ဒါကြောင့်လည်း ဒေါ်စုက *စွန့်စား* ရပါမည်ဟူသော စကားကို သုံးနှုန်းလိုက်ပါသည်။
အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ နေရပြီး မဟာဗျူဟာ အရ အရေးပါသည့် မြန်မာနိုင်ငံ ငယ်၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည်မှာ အမျှော်အမြင်ရှိ သည့် ခေါင်းဆောင်နှင့် အမျှော် အမြင်ရှိသည့် နောက်လိုက်လူထု၏ တာဝန်ဖြစ်သည်ဆိုလျှင် မှားမည်မဟုတ်ပါကြောင်း။ ။
ဦးဖိုးသာအောင် -------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...