Wednesday, December 7, 2011

ဒီမိုကရေစီဟာ အစိုးရနဲ့လည်းဆိုင်တယ်၊ ပြည်သူတွေနဲ့လည်း ဆိုင်တယ်

by Lwin Aung Soe on Wednesday, December 7, 2011 at 6:22pm

ဒီမိုကရေစီ လူနေမှုအသိုင်းအဝိုင်းရဲ့ သဘာဝအရ လူတိုင်းဟာ မိမိတို့ ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီး လုံခြုံစိတ်ချစွာ နေထိုင် သွားလာနိုင်ကြပါတယ်။ ဒါဟာ လူတိုင်းနဲ့ဆိုင်တဲ့ ရပိုင်ခွင့် ဖြစ်ပါတယ်။ မရသေးဘူးဆိုရင် မယူဖြစ်သေးလို့လား၊ မယူချင်တာလား၊ ယူပိုင်ခွင့် မရှိလို့လား၊ မယူရအောင် တားမြစ်ခံနေရ လို့လား စသဖြင့် စဉ်းစားသုံးသပ်ရပါတော့မယ်။

ဒီမိုကရေစီ နာမည်တပ်ထားတဲ့ နိုင်ငံဖြစ်လျက်နဲ့ လူတိုင်းနဲ့ဆိုင်တဲ့ ရပိုင်ခွင့်တွေဟာ တကယ်တမ်း မိမိပတ်ဝန်းကျင်မှာ ရှိနေ မြင်တွေ့နေရပါပြီလား။ လူတိုင်းမှာရော ၁ဝဝ % အပြည့်အဝ ရနေပါပြီလား။ မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ လက်လှမ်းမီသလောက် မိမိပတ်ဝန်းကျင်ကို တစေ့တစောင်း ပြန်ကြည့်ပါ။


မိမိမှာတော့ ရှိနေမယ်၊ လူတချို့မှာလည်း ရှိနေတယ်။ ဒါပေမယ့် တချို့မှာတော့ မရှိဘူး။ တချို့ကတော့ မဆိုစလောက်ပဲ ရှိနေတယ်။ လူတိုင်းနဲ့ဆိုင်တဲ့ ရပိုင်ခွင့်ဟာ အဲဒီလို မညီမမျှ ဖြစ်နေရင် ဒါဟာ ဒီမိုကရေစီ အပြည့်အဝ မဖြစ်ထွန်းသေးဘူးလို့ တိတိကျကျ ပြောရမှာ ဖြစ်ပါတယ်။

လူတိုင်း ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေကို လူတိုင်းက မရသေးရင် ရအောင်လုပ်ဖို့ မိမိမှာ တာဝန်ရှိတယ်လို့ သတ်မှတ်ချင် သတ်မှတ်နိုင်ပါတယ်။ မသတ်မှတ်ချင်လည်း ဥပေက္ခာပြုထားနိုင်ပါတယ်။ ကြိုက်သလို လွတ်လပ်စွာ ဆုံးဖြတ်သတ်မှတ်နိုင်ပါတယ်။ အဲဒါကိုက လွတ်လပ်ခွင့်ကို မိမိစိတ်တိုင်းကျ ကျင့်သုံးနိုင်တဲ့ ဒီမိုကရေစီရဲ့ ကျင့်စဉ်တခု ဖြစ်ပါတယ်။ တကယ်လို့များ မိမိလွတ်လပ်ခွင့်ကို အများအတွက် မထိခိုက်အောင် ကိုယ်တိုင် တာဝန်ခံယူပြီး လုပ်နိုင်ကြရင် ပိုပြီးကောင်းမွန်လာတဲ့ ဒီမိုကရေစီကျင့်စဉ် ဖြစ်လာပါတယ်။

အိမ်ရှင်ဆိုရင် အိမ်ရှင်ရဲ့ ဝတ္တရား၊ ဧည့်သည်ဆိုရင် ဧည့်သည်ရဲ့ ဝတ္တရား နားလည်ကျင့်သုံးကြတဲ့အခါမှာ ပျော်စရာကောင်းတဲ့ အခိုက်အတန့်ဘဝလေးတခုကို ဖြစ်စေပါတယ်။ လူနေမှု ပတ်ဝန်းကျင်မှာလည်း လူတိုင်းက မိမိတို့ ဝတ္တရားတွေ ကိုယ်စီကိုယ်ငှ တာဝန်ကျေနေကြရင် ပတ်ဝန်းကျင်ဟာ အင်မတန်ကို  သာယာစိုပြေတတ်ပါတယ်။

လူအများနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ “ငါကတော့ လုပ်နေရတယ်။ သူတို့ကတော့ မလုပ်ကြဘူး” ဆိုပြီး ငြူစူနေလို့ မဖြစ်ပါဘူး။ လူအများနဲ့ ဆိုင်တဲ့ကိစ္စကို မိမိတဦးတည်းလုပ်နေလို့လည်း မဖြစ်ပါဘူး။ လုပ်လည်း မအောင်မြင်နိုင်ပါဘူး။ ဖြစ်သင့်တာကတော့ မလုပ်သေးတဲ့သူတွေ၊ လုပ်ချင်စိတ်ရှိလျက်နဲ့ မဝံ့မရဲ ဖြစ်နေသူတွေကို လုပ်ချင်လာအောင်၊ လုပ်ရဲလာအောင် လမ်းဖွင့်ပေးပါ၊ နွေးနွေးထွေးထွေး ကြိုဆိုပါ၊ လက်တွဲခေါ်ယူ အကူအညီပေးပါ၊ လူတွေ များနိုင်သမျှ အများဆုံးနဲ့ ဝိုင်းဝန်း စုပေါင်းလုပ်ကိုင်ကြပါ။

မိမိတဦးတည်း လုပ်နေရုံနဲ့ တာဝန်ကျေတာ မဟုတ်သေးဘဲ လူအများ ပါဝင် ဝိုင်းဝန်းလုပ်လာနိုင်ကြတဲ့အထိ စည်းရုံးပေးနိုင်မှ မိမိတာဝန် ကျေပွန်တာ ဖြစ်ပါတယ်။ ဒါကြောင့် တချို့နိုင်ငံက သမ္မတတွေ ခေါင်းဆောင်တွေ ဆိုရင် ပြည်သူလူထုကို အပါတ်စဉ် (ဒါမှမဟုတ်) ကြုံကြိုက်တဲ့အခါတိုင်း လူထုစည်းရုံးရေးကို လုပ်လေ့ရှိကြတာ ဖြစ်ပါတယ်။ 

ရပ်ကွက်ထဲ စုပေါင်း ထမနဲထိုး၊ ဝေမျှ စားသောက်ရင်း ပျော်ရွှင်ရတာ၊ ရိုးရာဓလေ့ကို မပျောက်မပျက်ရအောင် ထိန်းသိမ်းကြတာမျိုးကို နမူနာ ယူကြည့်နိုင်ပါတယ်။ လူအများနဲ့ စုပေါင်းလုပ်ကိုင်ကြတဲ့အတွက် အသင်းလိုက် စုစည်းညီညွတ်မှု (Team work) ကို ဖြစ်စေပြီး ကိုယ်တယောက်တည်း ထူးထူးခြားခြား ပင်ပန်းနေတာလည်း မရှိနိုင်ပါဘူး။ အောင်မြင်မှုကို အတူတူမျှဝေခံစားရတာလည်း ပိုပြီးအနှစ်သာရ ရှိစေပါတယ်။

ဒါဟာ တကယ်တော့ ဒီမိုကရေစီကို ဆက်လက်ထိန်းသိမ်းရင်း တန်ဖိုး မြှင့်တင်ပေးလိုက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ များများ မြှင့်တင်ပေးနိုင်လေ၊ များများတန်ဖိုးတက်လေ ပါပဲ။ ဒီမိုကရေစီ တန်ဖိုးတွေဟာ အကန့်အသတ်မရှိ မြင့်မားနေနိုင်ပါတယ်။ ဒီမိုကရေစီရဲ့ “တန်ဖိုး” (Value) ကို ဈေးထဲက ပစ္စည်းတခုရဲ့ ရောင်းဈေး (Price) နဲ့ သွားနှိုင်းလို့တော့ မရပါဘူး။

ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နိုင်မှ လူမျိုးဂုဏ် မြှင့်တင်ပေးနိုင်ပါတယ်။ ဘာသာတရားမှာလည်း ကျင့်စဉ်တွေကို တန်ဖိုးထားပြီး ကျင့်ကြံအားထုတ်မှ ကုသိုလ်တွေ ပွားများ၊ တရားဥာဏ်စဉ်တွေ အဆင့်ဆင့် မြင့်တက်လာနိုင်ပါတယ်။ ဒီသဘောအတိုင်းပဲ ဒီမိုကရေစီဟာလည်း လူ့လောကအတွက် လူတွေက လိုက်နာကျင့်သုံးရမယ့် ကျင့်စဉ်တွေသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ တန်ဖိုး မြင့်တက်လာမှ လူ့လောကဟာ ပိုပြီး ငြိမ်းချမ်း သာယာလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လူနေမှုအသိုင်းအဝိုင်းတွေ ငြိမ်းချမ်းသာယာစေဖို့ အစိုးရမှာရော ပြည်သူတွေမှာပါ တာဝန်ရှိပါတယ်။

လွင်အောင်စိုး
၇-၁၂-၂ဝ၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...