သခင်စိတ်မွေးလျှင် လူတိုင်းသခင်
မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်လည်လေ့လာမယ်ဆိုရင် စာပေနဲ့
အနုပညာရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားလို့မရပါဘူး။ အထူးသဖြင့် ခေတ်အလိုက်
ထွက်ပေါ်ခဲ့တဲ့ စာပေအနုပညာတွေက အဲဒီခေတ်ရဲ့ သရုပ်သကန်တွေကို ဖော်ပြနေသလို
တခြားသောအချိန်ကာလများရဲ့ ပုံရိပ်တွေကိုလည်း ရှာဖွေနိုင်ကြမှာ ဖြစ်ပါတယ်။
ဒီလို လေ့လာမှုတွေကနေ ရရှိတဲ့ အတိတ်က အဖြစ်အပျက် အကြောင်းအရာတွေဟာ သက်ဆိုင်ရာ အချိန်ကာလတွေမှာ ရှင်သန်လှုပ်ရှားခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ မှီတွယ်ပြီး ဖြစ်ပျက်နေခဲ့တယ်ဆိုတာ ကတော့ အလွယ်တကူ ကောက်ချက်ချနိုင်တဲ့အရာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘယ်လို အဖြစ်အပျက်တွေကို ဘယ်လို ပုဂ္ဂိုလ်တွေက လုပ်ဆောင်ခဲ့တယ်၊ ဘယ်လုပ်ဆောင်မှုတွေဟာဖြင့် ခေတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ် ဆိုတာကို အဲဒီ လူပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေကနေ ချဉ်းကပ်ရှာဖွေမှ ရရှိနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် သူတို့တွေရဲ့ စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေကသာ သမိုင်းကို ပြောင်းလဲပစ်ကြတာဖြစ်ပါတယ်။
၁၈၈၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာတနိုင်ငံလုံး အင်္ဂလိပ်ရဲ့လက်အောက် ကျရောက်ခဲ့ရပြီး နယ်ချဲ့ကို တော်လှန်ပုန်ကန်မှုတွေက မြန်မာပြည် နေရာတော်တော်များများမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြီးမားကျယ်ပြန့်တဲ့ တော်လှန်ရေးတွေ မဟုတ်တော့ အဲဒီပုန်ကန်မှုတွေကို အင်္ဂလိပ်က အကြီးအကျယ်အင်အား မစိုက်ထုတ်လိုက်ရဘဲ ချေမှုန်းပစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ်ဦး တော်လှန်ရေးသမိုင်းတွေဟာ မှေးမှိန်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုလိုနီသက် ၃၅ နှစ် ရောက်လာတဲ့ ၁၉၂ဝ မှာတော့ ပထမ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပြီး မျိုးချစ်စိတ်၊ တော်လှန်လိုစိတ်တွေ လူငယ်တွေအကြား၊ ပြည်သူတွေအကြား ပျံ့နှံ့ခဲ့ပါတော့တယ်။ အဲဒီကျောင်းသားသပိတ်ကနေ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်မယ့်သူ အများအပြား ပေါ်ထွက်လာခဲ့ပြီး အဲဒီထဲမှာ နောင်အခါ သခင်ဘသောင်း လို့ အမည်တွင်မယ့် မောင်ဘသောင်းလည်း ပါဝင်ခဲ့ပါတယ်။
အသက် ၁၉ နှစ်သာ ရှိသေးတဲ့ မောင်ဘသောင်းဟာ ရန်ကုန်မှာ တက္ကသိုလ်ကျောင်းသားတွေ သပိတ်မှောက်တဲ့အချိန် သူက မန္တလေးက ဆယ်တန်းကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့်လည်း ရန်ကုန်က ကျောင်းသားသပိတ်ရဲ့ဂယက် မန္တလေးကို ရိုက်ခတ်လာချိန်မှာတော့ သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်လာခဲ့ပြီး ဆယ်တန်းကို ဆက်မတက်တော့ဘဲ ရာသက်ပန် ကျောင်းက ထွက်လိုက်ပါတော့တယ်။ ပြီးတာနဲ့ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။
သခင်ဘသောင်းဟာ နိုင်ငံရေးသမားသက်သက် မဟုတ်ဘဲ စာပေပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ လုံးချင်းစာအုပ်ပေါင်း ၄ဝ ကျော်ရှိခဲ့ပြီး ပန်းသာမစာအု၊ ခြေလေးချောင်းတော်လှန်ရေး၊ ဒီမိုကရေစီဆိုတာ၊ တစ်ထောင့်တစ်ည ပုံပြင်များ ဆိုတဲ့စာအုပ်တွေက လူသိများတဲ့စာအုပ်တွေဖြစ်ပါတယ်။
သူဟာ ၈ တန်းကျောင်းသားဘဝကတည်းက မန္တလေးမှာ ထုတ်ဝေတဲ့ ဗဟိုရ်စည်သတင်းစာ၊ နယူးဘားမား အင်္ဂလိပ်သတင်းစာတွေမှာ စာ စပြီး ရေးသားခဲ့သူဖြစ်ပါတယ်။ မြန်မာ၊ အင်္ဂလိပ် ၂ မျိုးစလုံး ရေးသားနိုင်သူဖြစ်ပြီး ဘာသာပြန်အထူးကောင်းမွန်တယ်လို့ သိရပါတယ်။ ဂန္ထလောက မဂ္ဂဇင်းက ပြုလုပ်တဲ့ ဘာသာပြန် ပြိုင်ပွဲမှာ ၅ ကြိမ်ဆက်တိုက် ပထမဆု ရရှိတာကြောင့် ဒီလိုပဲ အမြဲတမ်းတစ်ယောက်တည်းက ရရင် လူရယ်စရာဖြစ်တော့မှာပဲ ဆိုပြီး မဂ္ဂဇင်းမှာ အလုပ်လုပ်ဖို့ အတင်းနားချရတဲ့အကြောင်း ဂန္ထလောက ထုတ်ဝေသူတစ်ဦးဖြစ်တဲ့ အင်္ဂလိပ်လူမျိုး ဂျေအက်စ် ဖာနီဗယ်က ရေးသားခဲ့ဖူးပါတယ်။
သူတပါးရဲ့လက်အောက်ကို ရောက်တာ ကျွန်ဖြစ်တာပဲ၊ ဒီလိုအုပ်ချုပ်ခံရတာ ကျွန်ပြုတာပဲ ဆိုတဲ့ အတွေးနဲ့ မကျေမနပ်ဖြစ်နေကြတဲ့ မြန်မာမျိုးချစ်တွေကြားမှာ ဘယ်လိုပဲ သူတပါးလက်အောက်ကို ရောက်နေရောက်နေ ကျွန်စိတ်ရှိမှ ကျွန်ဖြစ်တာ၊ သခင်စိတ်ရှိရင် သခင်ပဲ လို့ ကိုယ့်ကိုယ်ကို ‘သခင်’ လို့ စပြီး ခေါ်ဆိုခဲ့တာဟာ မြန်မာပြည်မှာ သခင်ဘသောင်းက အဦးဆုံးဖြစ်ပါတယ်။ အဲဒီလို သခင်ဘသောင်း ဆိုတဲ့အမည်ကို စတင် ခံယူခဲ့တာကတော့ ၁၉၂၈ ခုနှစ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ‘သခင် အစ .. ဘသောင်းက’ လို့ ဆိုရမှာဖြစ်ပါတယ်။ ၁၉၃ဝ တို့ဗမာအစည်းအရုံးကို စတင်ထူထောင်သူတွေထဲမှာလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။
လူငယ်တစ်ယောက်က စလိုက်တဲ့ ‘သခင်’ ဆိုတဲ့ အသုံးအနှုန်းဟာ အာဏာပိုင်တွေကို အံတုတဲ့နေရာမှာ အများကြီး ခွန်အားဖြစ်စေခဲ့ပြီး မျိုးချစ်စိတ်ရှိသူ လူငယ်များသာမက ဆရာကြီး ဦးလွန်းတို့ပါ သခင်ဘွဲ့ခံယူပြီး သခင်ကိုယ်တော်မှိုင်း ဆိုတဲ့အမည်နဲ့ ရပ်တည်ခဲ့တဲ့အထိ အရှိန်အဝါ ကြီးမားခဲ့ပါတယ်။ ဒါဟာ ပြင်းပြတဲ့ စိတ်ဆန္ဒတစ်ခုရဲ့ အင်အား ဘယ်လောက်ထိ ကြီးမားနိုင်တယ် ဆိုတာကို ပြသတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မစ္စတာ ဖာနီဗယ် က သခင်ဘသောင်းရဲ့ ‘တစ်ထောင့်တစ်ည ပုံပြင်များ’ စာအုပ်ရဲ့ နိဒါန်းမှာ အခုလို ရေးသားခဲ့ပါတယ်။
“မောင်ဘသောင်းသည် ကျွန်ုပ်၏ အလုပ်ခန်းသို့ တစ်မနက် ပေါက်လာပြီးလျှင် နောက်ကို သူ့အား ကျွန်ုပ်က ခေါ်သည့်အခါ ‘သခင်ဘသောင်း’ဟု ခေါ်ပါဟု အကြောင်းကြားလာသည်။ ကျွန်ုပ်သိသလောက်မှာ မောင်ဘသောင်းသည် သခင်ကို ပထမ စသူဖြစ်သည်။ မောင်ဘသောင်းက သူ့ကို သခင်ဘသောင်း ဟု ခေါ်ပါဟု ပြောသောအခါ ကျွန်ုပ်က ဘာမျှမပြောဘဲ ရယ်လိုက်ပါသည်။ သို့ရာတွင် မောင်ဘသောင်းသည် သူ့စိတ်က လုပ်တော့မည်ဟု ပိုင်းဖြတ်ထားသော အလုပ်ကို သူတပါး ရယ်ကာမျှဖြင့် စွန့်လွှတ်မည့်သူ မဟုတ်။ နောင်အဖို့တွင် မြန်မာပြည် တဝန်းလုံး သခင်ဝါဒ ပျံ့နှံ့သွားသည်ကို ထောက်သော် မောင်ဘသောင်းသည် ယခင်က သူ့ကို ရယ်ထားသူများအား သူက နောက်ဆုံး ပြန်ရယ်နိုင်ပြီဟု ထင်သည်။”
သခင်ဘသောင်းရဲ့ လုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင် ဘယ်သူမှ မလုပ်သေးတာကို သူက စပြီး လုပ်ဆောင်လိုက်တာ ဖြစ်ပေမယ့် အဲဒီအရာက လူတိုင်းလုပ်ဆောင်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ကိုယ်ဟာ တော်လှန်သူလား၊ မျိုးချစ်စိတ် ရှိတဲ့သူလား၊ အရာရာကို ခေါင်းငုံ့ခံတတ်သူလား၊ ဒါမှမဟုတ် ဖိနှိပ်သူလား စသဖြင့် ကိုယ့်ဘာသာကိုယ် ဆင်ခြင်ပြီး ကိုယ့်စိတ်ဓာတ်နဲ့လျော်ညီတဲ့ လုပ်ရပ်တွေ၊ ရပ်တည်ချက်တွေကို ထူထောင်ရမှာသာ ဖြစ်ပါတယ်။ သခင်စိတ်ရှိရင် သခင်ဖြစ်ပြီး ကျွန်စိတ်ရှိမှ ကျွန်ဖြစ်တာ ဆိုတဲ့ အယူအဆတွေဟာ အဲဒီခေတ်အခါက လူထုကို နိုးကြားစေတဲ့ စကားရပ်တွေ ဖြစ်ပေမယ့် ဒီကနေ့အထိလည်း အသုံးဝင်နေဆဲလို့ ပြောနိုင်မယ်ထင်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးရတဲ့အချိန်ဟာ တပြည်လုံးအတိုင်းအတာနဲ့ တွက်မယ်ဆိုရင် တတိုင်းပြည်လုံး နယ်ချဲ့အောက် ကျရောက်ခဲ့ရပြီး ၆၃ နှစ်အကြာမှာ ရရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်စောင့်အစိုးရ အဖြစ် စစ်တပ်က စတင်အာဏာသိမ်းပိုက်လိုက်တဲ့ ၁၉၅၈ ခုနှစ်က စပြီး အာဏာရှင်စနစ် အောက်မှာ ကိုလိုနီခေတ်ထက် ဆိုးဝါးတဲ့ ဒုက္ခမျိုးစုံကို ခံစားခဲ့ကြရပါတယ်။ လွတ်လပ်တဲ့အရသာကို ဘယ်သူမှ ပီပီပြင်ပြင် မခံစားရသေးပါဘူး။
ဒီလိုအခြေအနေတွေမှာ သခင်စိတ်ဓာတ်တွေ များများဖွံ့ဖြိုးပါမှ အာဏာရှင် သက်ဆိုးရှည်မှုကို ခပ်စောစော အဆုံးသတ်နိုင်လိမ့်မယ်လို့ ယူဆမိကြောင်းပါ။ ။
ထိန်လင်း
၁၆၊ ၉၊ ၂ဝဝ၈

0 comments:
Post a Comment