ပေါင်ချိန်ထျန်းနှင့် ခွေးတရားစီရင်ခန်း
by ကျွန်တော်ဖတ်ချင်သော ပုံပြင်များ on Friday, November 25, 2011 at 10:24pm
တနေ့သ၌ တရားသူကြီး ပေါင်ချိန်၏ ခိုင်းဖုံးတရားရုံးသို့ ခွေးငယ်လေးတစ်ကောင် ရောက်ရှိလာလေသည်။
ခွေးငယ်။ ။ မတရားစွပ်စွဲခံရကြောင်းပါ အရှင်
ပေါင်ချိန်။ ။ အလို... ဘယ်လိုတွေ ဖြစ်တုန်း... ကဲ... ရုံးတော်ဖွင့်မယ်...
ခုံသမာဓိ ပေါင်ချိန်ထျန်းက အမိန့်ပေးလိုက်သည်နှင့် ဗုံသံ၊ အချက်ပေးသံများနှင့်အတူ ခိုင်းဖုန်းတရားရုံးကြီး စတင်အသက်ဝင် လာတော့သည်။
ပေါင်ချိန်၏ ဘယ်ဘက်တွင် ဓားတစ်ချောင်းနှင့် တည်ငြိမ်စွာရပ်စောင့်နေသူက ကိုယ်ရံတော် ကျန်ကျောင်းဖြစ်ပြီး၊ ညာဘက်တွင် အမှုသွားအမှုလာကို မှတ်သားဖို့ အတိုင်ပင်ခံကြီး ကုန်းစွန်းချဲ့ ကလည်း စားပွဲတစ်လုံးနှင့် အသင့် နေရာယူပြီး ဖြစ်လေသည်။
ပေါင်ချိန်၏ အနောက် ဝဲယာ နှစ်ဘက်တွင် ဝမ်ချောင်၊ မာဟန့်၊ ကျန်းလုံ၊ ကျောက်ဟူ ဆိုသည့် သက်တော်စောင့် လေးယောက်ကလည်း မလှုပ်မရှက် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဒုန်း...
ဝေ... ဝူ...
ပေါင်ချိန်က အချက်ပေး သစ်သားတုံးကို ထုလိုက်ကာ ကြားနာခြင်းကို စတင်ဖွင့်လိုက်တော့သည်။
ပေါင်ချိန်။ ။ ကိုင်း... ခွေးငယ်၊ နင်... ဘာကိုတိုင်ချင်တာလဲ
ခွေးငယ်။ ။ မတရားစွပ်စွဲ ခံရလို့ပါ အရှင်
ပေါင်ချိန်။ ။ အင်း၊ ဟုတ်သလား၊ ဘယ်သူတွေက နင့်ကို စွပ်စွဲတာလဲ။
ခွေးငယ်။ ။ လူတွေပါ အရှင်
ပေါင်ချိန်။ ။ ဟုတ်သလား၊ နင်က ဘာများသွားလုပ်လို့လဲ
ခွေးငယ်။ ။ ဘာမှ မလုပ်ရကြောင်းပါ အရှင်
ပေါင်ချိန်။ ။ ဘာမှမလုပ်ဘဲနဲ့ သူတို့က နင့်ကို စွပ်စွဲစရာလားဟ
ခွေးငယ်။ ။ စွပ်စွဲပါတယ် အရှင်
ပေါင်ချိန်။ ။ အင်း၊ ဒါဆို ဘယ်မှာလဲ၊ ဘယ်တုန်းကလဲ...
ခွေးငယ်။ ။ စာအုပ်ထဲမှာပါ အရှင်...
ပေါင်ချိန်။ ။ ဘာ... စာအုပ်ထဲမှာ... ဟုတ်ပြီလေ... သူတို့က ဘာတွေပြောပြီး နင့်ကို စွပ်စွဲကြတာလဲ
ခွေးငယ်။ ။ ပြောတာက တစ်ခွန်းတည်းပါ အရှင်... ဒါပေမဲ့ အကြောင်းတိုက်ဆိုင်တိုင်း သူတို့ ပြောကြတာပါ။
ပေါင်ချိန်။ ။ အေး... ဘာပြောတာလဲဟ...
ခွေးငယ်။ ။ သူတို့ ပြောတာက... “ခွေးဟောင်လို့ တောင်ပို့မပြေး” ဆိုတာပါ။
ပေါင်ချိန်။ ။ ခွေးဟောင်လို့ တောင်ပို့ မပြေး... ဟုတ်လား...
ခွေးငယ်။ ။ ဟုတ်ပါတယ် အရှင်...
ပေါင်ချိန်။ ။ ဒါပြောတာနဲ့ နင်က ဘာနာစရာရှိလဲဟ
ခွေးငယ်။ ။ အရှင်... စဉ်းစားကြည့်ပါ။ တောင်ပို့ဆိုတာကို ကျွန်တော်မျိုး မြင်ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါမှလည်း သွားမဟောင်ဖူးပါ။ တောင်ပို့လည်း သူ့ဘာသာ ရှိနေသလို ခွေးလည်း သူ့ဘာသာ နေပါတယ် အရှင်။
ပေါင်ချိန်။ ။ အင်း...
ခွေးငယ်။ ။ အဲဒါကို သက်သက်မဲ့ ခွေးဟောင်လို့ တောင်ပို့မပြေးဘူး ပြောတာဟာ စွပ်စွဲတာပါပဲ အရှင်
ပေါင်ချိန်။ ။ အင်း... ဟုတ်ပြီ
ခွေးငယ်။ ။ ပြီးတော့ အရှင်... စဉ်းစားကြည့်ပါ။ ခွေးဟောင်မှ မဟုတ်ပါဘူး၊ ဝက်ဝံပဲ သွားဟောင်ဟောင်၊ ခြင်္သေ့ပဲ သွားဟောင်ဟောင် တောင်ပို့က မပြေးပါဘူး အရှင်။
ပေါင်ချိန်။ ။ အင်း...
ခွေးငယ်။ ။ ယုတ်စွအဆုံး၊ အရှင်တို့ လူတွေဟောင်လည်း တောင်ပို့က မပြေးပါဘူး အရှင်။
ပေါင်ချိန်။ ။ ဘာ... လူဟောင်ရင်လည်း တောင်ပို့ မပြေးဘူး၊ ဟုတ်လား... နင်သေချာလို့လား
ခွေးငယ်။ ။ အဲ... သေချာ မသိပါဘူး အရှင်
ပေါင်ချိန်။ ။ အဲဒါပြောတာ သေချာမသိဘဲ ရုံးတော်မှာ မထွက်ဆိုရဘူး။ နင်တို့ တိရစ္ဆာန်လောကကိုတော့ ငါမသိလို့ ထားတော့... လူ့လောက အကြောင်းကို နင်က သေချာဘာသိလို့ ပြောရမှာလဲ။
ခွေးငယ်။ ။ ဒါပေမဲ့ ကျွန်တော်က လူတွေနဲ့ အနီးကပ်ဆုံး သတ္တဝါပါအရှင်... မန်းဘက်စ်ဖရန့် လို့တောင် ခေါ်တယ် မဟုတ်လား။
ပေါင်ချိန်။ ။ တော်... တော်... မခိုင်လုံဘဲ ရမ်းမပြောရဘူးဟ၊ ခွေးခေါင်းဓါးစက်နဲ့ ဖြတ်ခံရမယ် ဘာမှတ်နေလဲ
ခွေးငယ်။ ။ အီ...
ခွေးကို ခွေးခေါင်းဓားစက်နဲ့ ဖြတ်မယ်ဆိုတော့ ခွေးလည်း နည်းနည်းတော့ လန့်သွားပုံ ရသည်။ ဒါပေမဲ့ ပေါင်ချိန်ကလည်း နာမည်တစ်လုံးနှင့် နေလာတဲ့သူ ဆိုတော့လည်း ကိစ္စတစ်ခုကို လွယ်လွယ်နှင့် ဆုံးဖြတ်တတ်သူမဟုတ်။ သူ၏ အတိုင်ပင်ခံ ကုန်းစွန်းချဲ့ကို လှမ်းကြည့်လိုက်သည်။
ကုန်းစွန်းချဲ့။ ။ ဒီကိစ္စကို သေချာလေ့လာ ဆုံးဖြတ်သင့်ပါတယ် အရှင်၊ ဒါမှ အဖြေမှန် သိရမှာပါ...
ဒီတော့ ပေါင်ချိန်က သူ့ကိုယ်ရံတော်ကို လှမ်းကြည့်လိုက်တယ်။
ပေါင်ချိန်။ ။ ကျန်ကျောင်း...
ကျန်ကျောင်း။ ။ ဟုတ်ကဲ့ အရှင်...
ပေါင်ချိန်။ ။ မောင်မင်း၊ ဒီအနီးတစ်ဝိုက် ဘယ်နေရာမှာ တောင်ပို့ ရှိသလဲ ဆိုတာကို အမြန်ဆုံး သွားရှာချေ...
ကျန်ကျောင်း။ ။ မှန်ပါ အရှင်...
ကိုယ်ဖော့ အသွင်းအားသုံးပြီး ကိုယ်ရံတော် ကျန်ကျောင်း ရုံးတော်ထဲမှ လှစ်ခနဲ ပြေးထွက်သွားတော့သည်။ ပြီးတော့ မိနစ်ပိုင်း အတွင်းမှာပဲ ပြန်ရောက်လာသည်။
ပေါင်ချိန်။ ။ တွေ့ခဲ့လားကွ
ကျန်ကျောင်း။ ။ တွေ့ခဲ့ပါတယ်၊ အရှင့်ရုံးတော်ရှေ့က မြေကွက်လပ်တင်ပါ...
ပေါင်ချိန်။ ။ ကောင်းပြီကွာ... ကဲ... အားလုံး အဲဒီကို သွားကြရအောင်။
ဒီလိုနှင့် ရုံးတော်ထဲက တရားစီရင်မှုက ရုံးရှေ့မြေကွက်လပ်သို့ ရောက်လာတော့သည်။ ပေါင်ချိန်က သူ့နောက်က လိုက်လာသော သက်တော်စောင့် လေးယောက်ကို လှည့်ကြည့်လိုက်တယ်။
ပေါင်ချိန်။ ။ ဝမ်းချောင်၊ မာဟန့်၊ ကျန်းလုံ၊ ကျောက်ဟူ
သက်တော်စောင့်များ။ ။ မှန်ပါအရှင်...
ပေါင်ချိန်။ ။ ခွေးဟောင်လို့ တောင်ပို့မပြေးဘူးတဲ့။ ခု လူဟောင်လို့ တောင်ပို့ ပြေးမပြေး စမ်းသပ်မယ်။ သင်တို့လေးယောက် အဲဒီတောင်ပို့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ကြ။
သက်တော်စောင့်များ။ ။ မှန်ပါအရှင်...
ပေါင်ချိန်။ ။ ပြီးရင် ဟောင်မယ်၊ ဝမ်းချောင်က စပြီး တစ်ယောက်တစ်လှည့်စီ ဟောင်မယ်။ အတွင်းအားတွေ ဘာတွေ မထုတ်ရဘူး၊ သဘာဝအတိုင်းပဲ ဟောင်ရ၊ အူရမယ်... ကဲ... ဝမ်ချောင်စ...
ဝုတ်၊ ဝုတ်၊ အူးးးး အူ...
ခွီး ခွီး... အို... အိုးးးးး
ဝူးအူး အူး... အူး အူး...
ဝို အို အိုး အိုးးး ဝိုး ဝိုး
ပေါင်ချိန်၏ အမိန့်အတိုင်း တစ်ယောက်တစ်လှည့်စီ တောင်ပို့ရှေ့မှာ ဟောင်ကြ၊ အူကြတော့သည်။ ဘယ်လိုပဲဟောင်ဟောင်၊ အူအူ လူတွေသာ မောလာသည်။ တောင်ပို့က မရွေ့။
ကုန်းစွန်းချဲ့။ ။ သေချာပါပြီ အရှင်၊ လူဟောင်လည်း တောင်ပို့ မရွေ့ဘူးဆိုတာ... သေချာသွားပြီ
ပေါင်ချိန်။ ။ အင်း... ကဲ... ရုံးတော်ထဲကို ပြန်သွားရအောင်၊ အမှုက ခိုင်လုံနေပြီဆိုတော့ မတရားစွပ်စွဲတဲ့ တရားခံတွေကို မိမှပဲ ဖြစ်မယ်။
ဒီလိုနဲ့ သူတို့ရဲ့ ခွေးတရားစီရင်ခန်းမှာ ရုံးတော်ထဲ ပြန်ရောက်လာပြန်သည်။
ပေါင်ချိန်။ ။ ကဲ... ခွေးငယ်... နင်မတရားစွပ်စွဲခံရတာက သေချာနေပြီဆိုတော့ ငါတို့တွေ တရားခံကို မိအောင်ဖမ်းပြီး ဆုံဖြတ်ချက် ချပေးမယ် ဘယ်လိုလဲ။
ခွေးငယ်။ ။ ကျေနပ်ပါတယ် အရှင်
ပေါင်ချိန်။ ။ ဒါနဲ့ နင်က... စာအုပ်ထဲမှာ ရေးတာဆိုတော့ ဘယ်စာအုပ်လဲ... ခုပါလာလား
ခွေးငယ်။ ။ ပါပါတယ် အရှင်...
ခွေးငယ်က သူ့အမွှေးကြားထဲ ဝှက်လာသော စာအုပ်ကို ပေါင်ချိန်ထံ တရိုတသေ ကမ်းပေးလိုက်သည်။
ပေါင်ချိန်။ ။ အံမယ်... “မြန်မာစကားပုံ ပေါင်းချုပ်” ဆိုပါလား။ ဘယ်နေရာမှာ ရေးထားတာလဲ။
ခွေးငယ်။ ။ မှန်ပါ... စာမျက်နှာ xxx မှာရှိတဲ့ စကားပုံ အမှတ်စဉ် xxx ဖြစ်ပါတယ်။
ပေါင်ချိန်။ ။ အင်း ဟုတ်သဟ၊ အဲဒီနားမှာပဲ ခွေးတွေကို မဟုတ်တန်းတရား စွပ်စွဲ ရေးထားတဲ့ စကားပုံတွေ သုံး၊ လေးခုလောက် ရှိနေပါလား...
ခွေးငယ်။ ။ ဟုတ်ပါတယ်၊ လုံးဝမတရားပါ အရှင်၊ အရေးယူပေးပါ။
ပေါင်ချိန်။ ။ အင်း... ဟုတ်တာပေါ့၊ သူတို့ ရေးချင်ရာရေး၊ စာအုပ်ထဲထည့်ပြီး လုပ်ချင်သလို လုပ်လို့ မရဘူးလေ။ ဒါနဲ့... ဒီစာအုပ်က ဘယ်သူရေးတာလဲဆိုတာ ရှာနေတာ... ဟော... တွေ့ပြီ၊ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည် ဆိုပါလား။ သူတို့က အဖွဲ့နဲ့ပဲ...
ခွေးငယ်။ ။ ဟုတ်ပါတယ် အရှင်...
ပေါင်ချိန်။ ။ ကုန်းစွန်းချဲ့... မြန်မာစာအဖွဲ့ ဆိုတာကို သင်သိသလား။
ပေါင်ချိန်က ပြောပြီး စာအုပ်ကို ကမ်းပေးလိုက်တော့ ကုန်းစွန်းချဲ့က သေချာဖတ်ရှုတော့သည်။
ကုန်းစွန်းချဲ့။ ။ မှန်ပါအရှင်... ဒီအဖွဲ့က ကျွန်တော်တို့ စီလုတ်ပြည်မှ မဟုတ်ကြောင်းပါ။
ပေါင်ချိန်။ ။ အလို၊ ဒါဆို ဘယ်အရပ်ဒေသကလဲ...
ကုန်းစွန်းချဲ့။ ။ မှန်ပါ၊ ဒီအဖွဲ့ဟာ “မြန်မာ” ဆိုသော နိုင်ငံက ဖြစ်ပါသည်။
ပေါင်ချိန်။ ။ ဟုတ်သလား၊ တို့နိုင်ငံနဲ့ နီးသလား၊ ဘယ်နေရာမှာလဲ။
ကုန်စွန်းချဲ့။ ။ မှန်ပါ။ ကျွန်တော်တို့ နိုင်ငံ၏ အနောက်တောင်ဘက်တွင် ရှိသော ပင်လယ်နှင့် ထိစပ်နေသည့် အရပ်ဒေသ ဖြစ်ပါသည်။
ပေါင်ချိန်။ ။ အင်း... သိပြီ။ အဲဒီနိုင်ငံက မိတ္ထီလာပြည်မှာလည်း မဟော်သဓာလား၊ မဟောသဓ ဆိုလားပဲ ပညာရှိလေး ရှိတယ်လေ... တကယ်က သူ့အရပ်နဲ့ သူ့ဇာတ်၊ သူ့စာတွေကို သူပဲဆုံးဖြတ်သင့်တာ မဟုတ်လား၊
ကုန်းစွန်းချဲ့။ ။ မှန်ပါ၊ ဒါပေမဲ့ သူက ငယ်သေးတာကြောင့် ခုလို လူကြီးတွေ ထင်ရာလုပ်ထားတာကို ဆုံးဖြတ်ရဲမယ် မထင်ကြောင်းပါ။
ပေါင်ချိန်။ ။ အင်း၊ ထားပါလေ။ တကယ်ကလည်း တို့ကိုလာတိုင်တဲ့ အမှုကို တို့ပဲ ဆုံဖြတ်သင့်တာ မဟုတ်လား ခက်တာက တို့စီရင်ဆုံးဖြတ်ချက်နဲ့ သူများနိုင်ငံကို ဘယ်လိုသွားအရေးယူမှာလဲဟ။ ဟေ့... ခွေးငယ်...
ပေါင်ချိန်က ခွေးငယ်ဘက်ကို လှည့်ကြည့်လိုက်သည်။
ခွေးငယ်။ ။ မှန်ပါ အရှင်
ပေါင်ချိန်။ ။ နင့်ကိစ္စက အင်တာနေရှင်နယ် အစ်ရှူး ဖြစ်နေတယ်ဟ...
ခွေးငယ်။ ။ ဘာလဲအရှင်... အိမ်သာနေချင်တယ် တစ်ရှူး ဆိုတာ...
ပေါင်ချိန်။ ။ အာ... နိုင်ငံတကာ အရေးကိစ္စလို့ ပြောတာ။
ခွေးငယ်။ ။ မပူပါနဲ့ အရှင်... ကျွန်တော်မျိုး သိသလောက်က ကမ္ဘာ့အရေးခင်းများကို ယူအန်ဆိုသော အဖွဲ့ကြီးက တာဝန်ယူဖြေရှင်းပေးတယ်လို့ သိရပါတယ်။
ပေါင်ချိန်။ ။ ဘာ... ယူအန် ဟုတ်လား၊ သိသားပဲ၊ အဲဒီအဖွဲ့က ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးထင်တယ်။ ငါတို့ပဲ မတရားမှုကို ရအောင်လိုက်ပေးပါ့မယ်လေ၊ ကျေနပ်လား ခွေးငယ်။
ခွေးငယ်။ ။ ကျေနပ်ပါတယ် အရှင်
ပေါင်ချိန်။ ။ ဒါဆို... အမှုကို ခဏဆိုင်းပြီး တရားခံကို စုံစမ်းမိသည်အထိ ရုံးချိန်းကို ရွှေ့ဆိုင်းမယ်။ ဒီနေ့နာကြားချက်ကို ဒီမှာပဲ ရပ်မယ်...
ဒုံး...............................................................
ဝေ... ဝူ...
ဤသို့ဖြင့် မြန်မာစကားပုံတစ်ခုမှ အကြောင်းပြုကာ စီလုတ်ပညာရှင်များ ခွေးခေါင်း ဓားစက်ကြီး သယ်ပြီး မြန်မာပြည်သို့ သွားရောက်၍ မြန်မာစာ၊ မြန်မာစကားများနှင့် ပတ်သက်သည်တို့ကို လေ့လာ စုံစမ်းခဲ့သည်ဟု ရာဇဝင်မှတ်တမ်းများတွင်ရေးသား ပါရှိပါသည်။ (အလျဉ်းသင့်က ထိုလေ့လာသုံးသပ်ချက်များကို ဝေမျှပါဦးမည်။)
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 comments:
Post a Comment