ဘဘ ဦးသုခသို့ ....
by Nay Zaw on Thursday, December 8, 2011 at 6:13pm
ဘဘ ဦးသုခသို့ ....
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၈၊ ၂၀၁၁
၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အစားထိုးမရသည့် မဟာဆုံးရှုံးမှုတရပ် ဖြစ်ပေ သည်။ နိုင်ငံ့ဂုဏ်ဆောင်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာနယ်ပယ်တို့၏ လမ်းပြကြယ်တပွင့် ဘာသာ သာသနာနှင့်ပတ်သက်၍ စွမ်းဆောင် နိုင်ခဲ့သော ပုဂ္ဂိုလ်ထူးကြီးဖြစ်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) နာယကကြီး၊ စာရေးဆရာ၊ ဒါရိုက်တာ ဘဘဦးသုခပင် ဖြစ်တော့သည်။ ကျွန်တော်တို့ မြန်မာပြည်သူ/သားများ၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သား များအား ဘဘ ဦးသုခ နှုတ်ဆက် ထွက်ခွာသွားခဲ့သည်မှာ (၆) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့သော မြန်မာပြည်သူ/သားများအတွက် လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးကိစ္စရပ်များကို ရှေ့ဆောင်လမ်းပြပေးသော အဖိုးမဖြတ်နိုင်သည့် ဓူဝံကြယ်ကြီးတစင်းဖြစ်သူ ဘဘဦးသုခ၏ ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ တေးသံရှင် ဆောင်းဦးလှိုင်၊ ပြည်တွင်း စာနယ်ဇင်းသမားများနှင့် ဘဘဦးသုခအား ကြည်ညိုလေးစားကြသော (၇) ရက်သားသမီးများတို့မှ ရေဝေးသုဿန်ရှိ ဘဘ ဦးသုခ၏ အုတ်ဂူအား ကန်တော့ပန်းဆင်၍ ရေဆေးကြောခြင်း၊ ခြုံပုတ်များ၊ မြက်ရိုင်းများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ သံတိုင်များနှင့် ခေါင်မိုးတို့အား ပွတ်တိုက်ဆေးကြောခြင်း၊ ပန်း၊ အမွှေးတိုင်များဖြင့် ဂါရ၀ပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့နောက် အဘဆရာကြီးမင်းသိင်္ခ၏ အုတ်ဂူအားလည်း သွားရောက်ကာ ဂါရ၀ပြု သန့်ရှင်းမှုများ ပြုလုပ်ပေးခဲ့သည်။
ဘဘဦးသုခ လှဲလျောင်းရာ အုတ်ဂူသံတိုင်များရှိ အညစ်အကြေးများအား ဆေးကြောပြီးသည့်နောက် သံတိုင်များကို ဆီဆေးနှင့် ထပ်မံချယ် သပေးနေစဉ် ဘဘ ဦးသုခ၏ “ဘ၀ခုံရုံးမှာ တရားလို မဖြစ်လိုပါ။ တရားခံ မဖြစ်လိုပါ။ သက်သေ မဖြစ်လိုပါ။ ပြောလာသမျှ စောဒက မတက်လိုပါ။ လောကဓံတရား ထိုရှစ်ပါး ဘုရားသော်မှ ငြင်း၍မရ၊ မင်းကဘာမို့လဲဟု အမြဲဆင်ခြင်နေလိုပါသည်။” ဟူသော “သုခ အာသီ သ” စာပိုဒ်အား မြင်တွေ့မိကာ ကိုမျိုး (မြန်မာစာ) ရေးသားပေးလိုက်သော ....
ဘဘ ဦးသုခသို့ ...
အဘကပြောတယ်
ဘ၀ဆိုတာ ခုံရုံးတဲ့။
ဒီဘ၀မှာတော့
ခုံရုံးတွေက
ပြစ်ဒဏ်တွေချမှတ်
သားကောင်းတွေကို အပြစ်ကျစေတယ်။
အမေလို့ အဘတမ်းတခဲ့သလို
သားတို့တမ်းတ ကြုံးအော်ခေါ်လည်း
အမေတွေ မကြားနိုင်တာ
အဘကို ပြောချင်တယ် ….
ထောင်တွေက
မိသားစုနဲ့ ဝေးလံသီခေါင်လွန်းလို့
အဘ ပြောသလို
ဘုရားသော်မှ ငြင်း၍မရ၊
မင်းက ဘာမို့လဲဟု
အမြဲဆင်ခြင်နေလိုပါသည်
ကျွန်တော် ဘာကောင်မှ မဟုတ်ပါ ။ ။
ကိုမျိုး (မြန်မာစာ)
ဟူသော မွန်းကျပ်မှုတို့ကို ဖောက်ထွက်လာသောကဗျာစာပိုဒ်မှ စကားလုံးများသည် ကျွန်တော်၏ အသွေးအသားထဲ ပဲ့တင်ထပ်ကာ ဆူပွက်သွားတော့သည်။
0 comments:
Post a Comment