လွမ်းလိုက်ရတာ နိုင်ဝင်းဆွေရာ …
by Nay Zaw on Thursday, December 8, 2011 at 6:41pm
ဒီဇင်ဘာ ၄၊ ၂၀၁၁
ပန်းချီ – စစ်ငြိမ်းအေး
(က)
ရုရှားစာရေးဆရာ “အီလျာ အာရင်ဘတ်” ဟာ “သူ့ဘ၀မှာ အနည်းဆုံး (၃) ကြိမ်လောက်အထိ သေမိန့်ကျခံထိုက်တဲ့လူ” လို့ ဝေဖန် ခဲ့ကြဖူးပါတယ်။ “အာရင်ဘတ်” ရဲ့ ဘ၀ဇာတ်လမ်းအပြောင်းအလဲတွေကလည်း များမှများ။ စာရေးဆရာ “နိုင်ဝင်းဆွေ” လည်း အာရင်ဘတ် လိုပုဂ္ဂိုလ်မျိုးပဲလား။
“နိုင်ဝင်းဆွေ” ရဲ့ ပုံနှိပ်မဖော်ပြရသေးတဲ့ ၀တ္ထုတိုအသစ်တချို့ကို ကျနော်ဖတ်ရဖူးတယ်။ ၁၉၉၂-ခုနှစ်ထဲမှာ “တောမှော်ရုံ တက္ကသိုလ်” ကို ကျနော်ရောက်လာတော့ “နိုင်ဝင်းဆွေ” နဲ့ကျနော်ပြန်တွေ့ရတယ်။
၁၉၉၇-ခုနှစ်လောက်ကတည်းက သူနဲ့ ကျနော် လူချင်းမတွေ့ခဲ့ရတာ။ နှစ်ပေါင်း (၁၅) နှစ်ကြာပြီးမှ ပြန်တွေ့ကြတော့ လက်ရှိအနေအထားမှာ ဘ၀ချင်းလည်းတူ၊ စာပေသမားချင်းလည်းတူတော့ ဟို … “မိုးကြို မုန်တိုင်း” စာအုပ်ထွက်ကာစတုန်းက သူနဲ့ကျနော် စိတ်ဝမ်းကွဲခဲ့ကြတာတွေက အလိုလို မှေးမှိန်ကုန်ကြရတော့တာပေါ့။ သူနဲ့ကျနော် ပြန်တွေ့ကြတော့ သူက “သစ္စာ” မဂ္ဂဇင်းကိုဦးစီးပြီးထုတ်ဝေနေတဲ့အချိန်။ သူ့မှာ ရဲဘော်ရဲဘက်အသစ်တွေ ၀ိုင်းဝိုင်းလည် နေတဲ့အချိန်။ တနေ့ သူခေတ္တ သင်္ကန်းစီးရဟန်းဘောင်ဝင်နေတဲ့အခိုက်၊ ရဟန်းပျိုသမဂ္ဂကုန်းတော်ပေါ်ကအဆင်း၊ မယ်တုက္ခီစမ်းချောင်း ဘေးမှာ ကျနော့်ကဗျာအပိုင်းအစ စာရွက်ကလေးကိုတွေ့သတဲ့။ နောက်တနေ့မှာ ကျနော့်ကဗျာတပိုင်းတစ စာရွက်ကလေးကိုပြပြီး သူ့ရဲ့ “သစ္စာ” မဂ္ဂဇင်းမှာ ကဗျာစာတည်းဝင်လုပ်ပေးဖို့ ပြောလာတော့တာပဲ။ ဒီတုန်းက ကျနော်က “တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ။ ပြီးတော့ သူလို အင်မတန်ထက်မြက်ကျော်ကြားလှတဲ့ စာရေးဆရာတယောက်ကိုမှီပြီး ကိုယ်နေရာရဖို့၊ ကိုယ်နာမည်ကြီးဖို့လုပ်နေတယ်ဆို တဲ့ ဝေဖန်သံကိုလည်း မခံနိုင်လို့ သူ့ကမ်းလှမ်းချက်ကို ကျနော်ပယ်ခဲ့ပါတယ်။
“တောမှော်ရုံ တက္ကသိုလ်” ကို ရောက်ကာစ “သစ္စာ” မဂ္ဂဇင်းမှာပါတဲ့ သူ့ဆောင်းပါးတွေ၊ သူ့ရဲ့ ၀တ္ထုတို (၆) ပုဒ်။ ဒါတွေက ကျနော့်အတွက် အသစ်တွေဖြစ်နေတော့ အငမ်းမရ ဖတ်ခဲ့ရတာပေါ့။ သူ့ဝတ္ထုတိုလေးတွေက သူ့ရဲ့ “ပန်ဆန်း”မှာ နေခဲ့ထိုင်ခဲ့ရတဲ့ ဘ၀တွေကို အခြေခံ ထားတာဖြစ်တော့၊ သူ့သမိုင်း သူ့ဖြတ်သန်းမှုတွေကို အဲဒီဝတ္ထုတွေထဲကပဲ ကျနော်က နှိုက်ယူခဲ့ရတာပဲ။ သူ့ရဲ့ “စပယ်တောစံအိမ်” အ ကြောင်း၊ အဲဒီဝတ္ထုတိုတွေထဲကပဲ ကျနော် ထိတွေ့ခဲ့ရတာပဲ။ ၀မ်းနည်းဖို့ကောင်းတာက သူ့ရဲ့ အဲဒီလက်ရေးစာမူ ၀တ္ထုတို (၆) ပုဒ်ကို ကျနော်က ပထမအကြမ်းဖျင်းဖတ်တယ်။ ပြီးတော့မှ အချိန်ယူပြီး သေသေချာချာဖတ်မယ်ဆိုပြီး (သူကလည်း ခဏ ခဏ ပြန်ပြန်တောင်း နေလို့) အဲဒီစာမူတွေ သူ့ကိုပြန်အပ်လိုက်တာ၊ သူက မမျှော်လင့်ပဲ ကျန်းမာရေးချို့တဲ့၊ “တောမှော်ရုံ တက္ကသိုလ်” ကလည်း ကျဆုံးလိုက်တော့ နောက်ထပ်တခါထပ်ဖတ်ဖို့ရည်ရွယ်ထားတဲ့ ကျနော့်စိတ်ကူး ပျက်ခဲ့ရတာပေါ့။ ပိုဆိုးတာက သူ့ရဲ့ အဲဒီပုံမနှိပ်ရသေးတဲ့ ၀တ္ထုတိုစာမူ (၆)ခုဟာ၊ ကဗျာဆရာမ “မိဆူးပွင့်” ဆီမှာလိုလို၊ ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလို၊ သူ့ဇနီး “ဒေါ်ဂျုံ” ဆီမှာလိုလိုနဲ့ အခုထက်ထိ ပျောက် ကွယ်သွားခဲ့ရပါတယ်။ ဒီလို သူ့စာမူတွေ ပျောက်ဆုံးကုန်တော့မှ သူ့တန်ဘိုးကို ကျနော်ပိုပြီးနားလည်မိတယ်။ အဲဒီ ပျောက်ဆုံးသွားတဲ့ ၀တ္ထုတိုစာမူ (၆) ခုဟာ၊ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ “ဘ၀စာမျက်နှာများ” ၀တ္ထုတိုတွေထက်ပိုပြီး ရသမြောက်တဲ့စာမူတွေပါ။ မြန်မာ စာပေနယ်ပယ်မှာ ဘယ်တော့မှ ဖယ်လို့မရတဲ့ အဖိုးတန်ရသစာမူတွေအဖြစ် အခိုင်အမာပြောရဲတဲ့စာမူတွေ။ အခုတော့ .. ။
စာရေးဆရာ “နိုင်ဝင်းဆွေ” နဲ့ကျနော်၊ ခြံစည်းရိုးသာခြားတဲ့ ခြံတခုစီမှာ (၂) နှစ်ကျော် နေခဲ့ရတယ်။ ၁၉၉၂-၁၉၉၄၊ မာနယ်ပလော … ။ ဒါပေမယ့် သူနဲ့ ကျနော် အချိန်တော်တော်ကြာအောင်ထိုင်ပြီး စကားပြောခဲ့ရတာတော့ နည်းပါတယ်။ သူ့မှာ တခြားဧည့်သည်တွေများတာရယ်၊ ရဟန်းဘောင်ဝင်ပြီး တရားအားထုတ်တာရယ်၊ ကျန်းမာရေးမကောင်းတာကြောင့် သူနဲ့ကျနော် ကြမ်းတပြေးထဲထိုင်ပြီး စကားပြောရတဲ့ အချိန် နည်းပါးခဲ့ရတာပါ။ ဒီတော့ကာ သူဘာတွေစိတ်ဝင်စားနေတယ်၊ သူဘာတွေ တွေးနေ တယ်၊ သူဘာတွေ ရေးနေတယ်ဆိုတာ တခြား သူတွေ သိထားသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ သူ့ရဲ့ပျောက်ဆုံးနေစဲဖြစ်တဲ့ “သုံးဖက်မြင်စစ်တမ်း”နဲ့သူ့ဝတ္ထုတို (၆)ပုဒ် …။ ဘယ်သူ့ဆီ မှာ လက်ဝယ်သိမ်းဆီးထားနိုင်ခဲ့သလဲ။ ဒါတွေဟာ သူ့အတွက်လည်းအရေးကြီးသလို တိုင်းပြည်အတွက်၊ စာပေနယ်ပယ်အတွက် အင်မ တန် အရေးကြီးတဲ့တန်ဘိုးကြီးပစ္စည်းတွေပါ။
ပထမ … ဆရာ “နိုင်ဝင်းဆွေ” ရဲ့ဇနီး “ဒေါ်ဂျုံ” … ။ “ဒေါ်ဂျုံ” ဆီမှာများ သူ့စာတွေ လက်ရေးစာမူတွေ လက်ဝယ်ရှိနေခဲ့သလား။ “မာနယ် ပလော” ကို န၀တစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေသိမ်းတော့ “နိုင်ဝင်းဆွေ” နဲ့“ဒေါ်ဂျုံ” ဟာ၊ မုန်တိုင်းထဲက ကျေးမောင်နှံလို တကွဲတပြား စီဖြစ်ခဲ့ပါတယ်။ “နိုင်ဝင်းဆွေ” ကို ကျနော် နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့နေရာဟာ ရက်ပိုင်းအတွင်း လူသူကင်းမဲ့သွားတော့မယ့် “ပဟေလူ” ရွာကလေးမှာပါ။ စစ်ပြေးဒုက္ခသည်တွေ ထောင်သောင်းချီပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဒေသအသီးသီးကို ဆက်လက်ထွက်မပြေးနိုင်ခင်၊ ခေတ္တစုဝေးခဲ့ကြတဲ့ ရွာကလေးပါ။
“နိုင်ဝင်းဆွေ” ကို၊ အိမ်တအိမ်ရဲ့အိမ်ရှေ့ခန်း၊ ဘုရားခန်းရှေ့မှာ တရားထိုင်နေတာကို ကျနော်တွေ့ခဲ့ရပါတယ်။ အဲဒီအိမ်ထဲမှာ လူတွေဝင် လိုက်ထွက်လိုက်၊ လမ်းပေါ်မှာလူတွေ အားလုံး ကိုယ့်အပူနဲ့ကိုယ်။ ဒါဟာ “နိုင်ဝင်းဆွေ” ကို ကျနော်နောက်ဆုံး သက်ရှိထင်ရှားတွေ့ခဲ့ နှုတ် ဆက်ခဲ့ရတဲ့ မြင်ကွင်းပါ။
ဒိနောက်ပိုင်း “နိုင်ဝင်းဆွေ” သေဆုံးသွားပြီလို့ အခိုင်အမာယူဆရမယ့်သတင်း၊ “ဒေါ်ဂျုံ” က တဦးတည်းသော သားကလေး “မောင်ဆန်း” ကို လက်ကဆွဲပြီး “၀” ဒေသကို ပြန်သွားပြီဆိုတဲ့သတင်း။ နိုင်ဝင်းဆွေရဲ့ စာမူတွေဟာ “ဒေါ်ဂျုံ” ဆီမှာ လိုလို၊ ကဗျာဆရာ “တိုက်အောင်” ဆီမှာလိုလိုသတင်းကို ကျနော်ရခဲ့ပါတယ်။ ဒီလိုနဲ့ကိုယ်ကလည်း ဘ၀ရပ်တည်ရေး တည်ငြိမ်ဖို့ကြိုးစားရင်းက “နိုင်ဝင်းဆွေ” ရဲ့ ရတနာသိုက် စာမူတွေကို စုံစမ်းနေရင်းမှာပဲ ကဗျာဆရာ “တိုက်အောင်” က၊ ကျနော် လက်လှမ်းမမှီတဲ့နေရာတနေရာမှာ သေဆုံးခဲ့ရတယ်။ ဒါနဲ့ပဲ မျှော်လင့်ချက်တခုတည်းသာရှိတဲ့ “ဒေါ်ဂျုံ” နဲ့ဆက်သွယ်နိုင်ဖို့ကြိုးစားတုန်း “ဒေါ်ဂျုံ” ကလည်း သေဆုံးရပြန်တယ် (၂၀၀၅-ခု)။ ကြံရာမရတဲ့ အဆုံး ကဗျာဆရာမ “မိဆူးပွင့်”၊ ကဗျာဆရာ “မောင်လွမ်းဏီ” တို့ဆီစုံစမ်းပြန်တော့ သူတို့ဆီမှာလည်း သူ့စာမူတွေမရှိ။ အခုတော့ “နိုင်ဝင်း ဆွေ” ရဲ့ စာမူတွေ အမှန်တကယ် ပျောက်ဆုံးကုန်ကြရပြီလို့ပဲ ယူဆရပါတော့မယ်။
(ခ)
“နိုင်ဝင်းဆွေ” ရဲ့ ၀တ္ထုတွေဟာ ကျနော့်အဖို့တော့ တကယ့်ကို ယစ်မူးစရာတွေချည်းပါပဲ။ ဒီကနေ့အထိလည်း လူငယ် လူကြီး ဘယ်သူ့ကိုမ ဆို သူ့ဝတ္ထုတွေပေးဖတ်ရ၊ ညွှန်းရနဲ့ဘယ်တော့မှ လေးနက်မှုလျော့မှာမဟုတ်ပါဘူး။ သူ့ဘ၀ကို ကျနော် သိပ်ပြီး မသိပါဘူး။ သူဘယ်မှာမွေး၊ သူ့မိဘတွေက ဘယ်သူ၊ သူဘယ်မှာကြီးပြင်းပြီး ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကိုလည်း သူတကာသိသလောက်ပဲ ကျနော်သိခဲ့ရတာပါ။ ဒါပေမယ့် “နိုင်ဝင်းဆွေ” နဲ့ပတ်သက်တဲ့ “အလွမ်းပုံပြင်” တွေကတော့ တထမ်းကြီးရှိပါတယ်။ တခါတုန်းကများ… ဇေယျဝတီမြို့လေးရဲ့၊ ဘူတာရုံစင်္ကြန်လမ်းပေါ်မှာ အမျိုးသမီးတယောက်ကို လက်ညှိုးထိုးပြီး “အဲဒါ နိုင်ဝင်းဆွေရဲ့ နွေတညဝတ္ထုထဲက ခင်ဝေမပေါ့” ဆိုတဲ့ မိတ် ဆွေတယောက်ရဲ့စကားက ကျနော့်နားထဲမှာ မထွက်တော့ပါဘူး။ စင်္ကြန်လမ်းပေါ်မှာ တွေတွေလေးရပ်နေတဲ့ အဲဒီအမျိုးသမီးလေး ရဲ့ လက်ရှိဘ၀ကို တစိပ်တပိုင်းသိထားတဲ့ ကျနော့်မှာ သက်ပြင်းတွေ ချပြီးရင်းချခဲ့မိပါတယ်။ အဲဒီ မိန်းကလေးဟာ သူ့ရဲ့ “နွေတည” ၀တ္ထုထဲက “ခင်ဝေ” ဆိုတဲ့ ကောင်မလေးများ ဖြစ်နေမလား။ ပြီးတော့ တောင်ဥက္ကလာပ နှင်းဆီခြံလေးထဲ မျက်နှာတပြုံးပြုံးနဲ့လမ်းလျှောက်လာနေတဲ့ “နိုင်ဝင်းဆွေ”။ “ပန်ဆန်း” ကိုချီတက်သွားတဲ့ “နိုင်ဝင်းဆွေ”။ ဒိနောက်ပိုင်း “မာနယ်ပလော” မှော်ရုံတောကို ဆက်လက်ချီင်္တက်ခန်း။ ငယ်စဉ်တုန်းက ဇာတ်ဆရာဖြစ်ချင်လွန်းတဲ့ သူ့ဘ၀ရဲ့အခန်းတွေကလည်း တကယ့်ကို ဇာတ်ဆန်လှပါတယ်။ မာနယ်ပလောရောက်လို့ ကျနော်နဲ့တွေ့တော့ စာပေကလပ် ဒု-ဥက္ကဌ။ တဲကလေးတလုံးဘေး၊ မယ်တုက္ခီစမ်းချောင်းဘေး၊ ငြုပ်၊ ဗူး၊ ခရမ်းစိုက်ခင်းထဲက ပေါက်တူး ကိုင်ပြီးရပ်နေတဲ့ “နိုင်ဝင်းဆွေ” … ။
သူနဲ့မခွဲခွာခင်က၊ သူနဲ့ကျနော် စကားကောင်းကောင်းပြောလို့ရသေးတဲ့၊ ကျန်းမာရေးကောင်းစဉ်က၊ သူ့ကို ..၀တ္ထုတွေကိုပဲ ဇောက်ချပြီး ရေးဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့မိတယ်။ သူ့ကို ကျနော်က စာရေးဆရာတယောက်ပဲ ဖြစ်စေချင်တယ်။ သူ့ဆီက “ရွှေဥ” တွေကိုပဲ ကျနော် တောင့်တခဲ့တယ်။ သူကလည်း “မဟူရာမေတ္တာ” လို၊ လုံးချင်းဝတ္ထုရှည်ကြီးတပုဒ်ရေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပဲ။ ပန်ဆန်းအတွေ့အကြုံအပေါ် အခြေခံမယ်လို့ ပြောထားတာပဲ။ “မဟူရာမေတ္တာ” မရေးခင်က၊ စိတ်တည်ငြိမ်မှု တည်ဆောက်ယူခဲ့သလို အခုလည်း စိတ်တည်ငြိမ်မှုတည်ဆောက်ရဦးမယ်ဆိုပြီး ရဟန်းဘောင်ဝင်လိုက်တာပဲ။ ဒါပေမယ့် ကျန်းမာ ရေးချို့တဲ့လာလိုက်တာ စစ်ပူတဲ့အချိန်အထိ။ သူနဲ့ကျနော် ခွဲခွါလိုက်ရတဲ့ အချိန် အထိ။ လူ့ဘ၀ကို စွန့်ခွာသွားရတဲ့အချိန်အထိ။
ကျနော် သူ့လို အင်မတန်လက်ရာမြောက်တဲ့ ၀တ္ထုတွေမရေးတတ်ပါဘူး။ ရေးနိုင်စွမ်းလည်း မရှိသလို၊ ရေးဖို့အခြေအနေလည်း မရှိတဲ့ဘ၀ ပါ။ ဒါပေမယ့် သူ့ကို ကျနော် တချိန်လုံး ရူးသွပ်နေမိတော့ သူနဲ့ပတ်သက်တဲ့ အလွမ်းစာလေးတွေ မကြာခဏ ရေးခဲ့တယ်။ အလွမ်းပြေ လိုပြေငြားပေါ့။ အခုတော့ အလွမ်းမပြေတဲ့အပြင် အလွမ်းပင်တွေပဲ ထပ်ထပ်ပြီး ပေါက်နေတော့တာပဲ “နိုင်ဝင်းဆွေ”ရေ … ။
(၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလရဲ့ နေ့ရက်များအတွင်း သေဆုံးသွားခဲ့ပြီလို့ယူဆရတဲ့ စာရေးဆရာ “နိုင်ဝင်းဆွေ” အတွက် လွမ်းဆွတ်ခြင်း အမှတ်တရ )
0 comments:
Post a Comment