Saturday, December 10, 2011

မြန်မာ့ကျွန်း၊ မြန်မာ့ဆင်နဲ့ မြန်မာကျောင်းသား



လူဗိုလ်

“ကြည့်စမ်းပါဦးဗျာ တနေ့တနေ့ မြန်မာပြည်က ထွက်ထွက်လာတဲ့ နွားတွေ … မြန်မာပြည်မှာ နွားတွေရော ကျန်တော့ရဲ့လားတောင် မသိတော့ဘူး။”
ဆိုတဲ့ ကိုဝင်းကိုရဲ့ နှမျောတသ၊ စို့နင့်သံကြီးက သီချင်းသံတွေနဲ့အတူ လွင့်မျောနေတဲ့ ကျနော့်အတွေးတွေကို ပြန်စုစည်းစေခဲ့ပါတယ်။ ဟုတ်ပါရဲ့ အမှတ်တမဲ့သာသာဖြစ်နေတဲ့ နေ့တိုင်းနီးပါးတွေ့နေကျ မြင်ကွင်းတခုပါပဲ။ ကျနော်တို့ထိုင်နေကျ ဆုံစည်းရာ လက်ဖက်ရည်ဆိုင်လေးက ပန်ခရိုင်၊ မဲဆောက်ကားလမ်းဘေးမှာ။ ဆိုတော့ နေ့စဉ်နီးပါး ကျွဲ၊ နွား ကားတွေကို တွေ့မြင်နေကျဖြစ်နေတာလေ။ တနေကုန်ထိုင်ရေတွက်မယ်ဆိုရင် ကျွဲ နွား အကောင် ၅၀ ထက်တော့ မနည်းနိုင်ဘူး။
တလဆိုရင် အကောင် ၁၀၀၀ ပဲထား၊ ဒါဆို ဒီတလမ်းထဲကိုက တနှစ်ကို  ကျွဲ နွားအကောင် ၁၀၀၀၀ လောက်ရှိနေပြီလေ။ ဒီလိုမျိုး မြန်မာပြည်က ထွက်နေတဲ့လမ်းပေါင်း ဘယ်လောက်ရှိနေမလဲ။
ဒါတောင် ထိုင်းတနိုင်ငံထဲကိုပဲ ပြောကြည့်တာ။ မြန်မာနိုင်ငံက ကျွဲ နွားတွေ မြန်မာ့ပတ်ဝန်းကျင်နိုင်ငံတွေကို ဒီလိုထွက်နေတာကရော တရားဝင်မှဟုတ်ရဲ့လား။ တန်ရာတန်ကျေး စစ်စစ်မှန်မှန်နဲ့ အကျိုးအမြတ်ရှိရှိ ဆိုရင် တော့ကောင်းပါတယ်လေ။ ဒါက ကျွဲ နွားလောက်ပဲ၊ တခြားတိရိစ္ဆာန်နဲ့ မြန်မာနိုင်ငံသားတွေကိုယ်တိုင် မပါသေး ဘူး။ ချဲ့တွေးရင် တွေးမိသလောက် စိတ်ဝင်စားစရာတော့ အကောင်းသား။ မြန်မာနိုင်ငံသား၊ မြန်မာ့မြေပေါ် မြေအောက် သယံဇာတတွေ အရိုင်းတုံးဘ၀၊ ဈေးပေါပေါဘ၀ ကနေ လွတ်စေချင်ပါပြီဗျာ။

၁၉၈၉ ကာလလောက်က အဖြစ်လေး တခုကို တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရမိလာတယ်။ ကျနော်က ဒီအချိန်မှာ တောခိုကျောင်းသား။ ဆက်သွယ်ရေးသင်တန်းတက်ဖို့ သံလွင်ကမ်းဘေးက စောထဆိုတဲ့စခန်းကို ရောက်နေ ချိန်ပေါ့။ ဒီအချိန်မှာက ကျနော်တို့အဖွဲ့အစည်းက အဖွဲ့အစည်းဆိုတာ ဖြစ်ကာစ။ တည်ထောင်ကာစ ကာလ ဆိုတော့ အစစချို့တဲ့ပြီး လိုအပ်ချက်တွေအပြည့်နဲ့ပေါ့။ ဒါပေမယ့် စိတ်ဓါတ်တွေကတော့ တလျှောက်လုံးမှာ  အား အကောင်းဆုံးကာလလို့တောင် ပြောရင်ရနိုင်မယ့်အချိန်။
ကျနော်တို့တက်နေတဲ့ သင်တန်းမှာက ဒေသပေါင်းစုံကကျောင်းသားရဲဘော်တွေကို အချိုးကျခေါ်ပြီး ပထမဆုံး ပေးတဲ့ သင်တန်း။ ဘယ်သူ့အကူအညီမှမပါတဲ့ ကိုယ်ထူကိုယ်ထ သင်တန်း။ ဒီတော့ ခက်ခဲကြပ်တည်းမှုတွေ ကတော့ နေရာတိုင်းပေါ့။ ထမင်းပုံမှန်စားရရုံကလွဲလို ကျန်တာတွေက မရှိသလောက်ပဲ။ KNU က ငါးပိလေး ထုတ်ပေးထားလို့၊ တောတောင်ထဲ ဖွင့်ထားတဲ့သင်တန်းဖြစ်နေလို့သာ မျှစ်လေး၊ သဘာဝအသီးအရွက်လေးနဲ့ ငါးပိနဲ့ အသက်ရှင်နေရတာ။ သင်တန်းရဲ့ပတ်ဝန်းကျင်မှာ အရင်က သဘောင်္သီးဆိုတာ ၀က်ကျွေးတာ။ အခုဆို ဒီသဘောင်္သီးတောင် ရှားလာပြီလေ။

ရာသီဥတုနဲ့ ဒေသအပြောင်းအလဲတွေကြောင့် ဖျားနာတဲ့ဒဏ်ကလည်း အလူးအလဲ။ တနေ့တနေ့ မဖျားတဲ့သူ မရှိဘူး။ တယောက်တလှည့်လိုကို ဖျားကြနေတာ။ အဆိုးဆုံးကတော့ ငှက်ဖျားပေါ့။ စာတတ်တဲ့သူ ဆရာလုပ် ဆိုသလိုပါပဲ လက်ရဲတဲ့သူ ဆရာလုပ်ပြီး အချင်းချင်း ကုနေကြရတာပေါ့။ ရောဂါပျောက်တဲ့သူရှိသလို၊ အသက်ပါ ပျောက်ခဲ့ရတဲ့ ရဲဘော်တွေလည်းရှိရဲ့။ မှတ်မှတ်ရရဆို ကျနော်ငှက်ဖျားဖြစ်ပြီး တပတ်လောက်ဖျားနေချိန်မှာ သင်တန်းပျက်ရက်တွေများလာတော့ သင်တန်းတာဝန်ခံက ဘယ်ကရှာလာတဲ့ ပိုက်ဆံနဲ့လည်းမသိဘူး ဒရစ် တဘူးနဲ့ ကွီနင်းဆေးတလုံး ၀ယ်လာခဲ့ပေးတယ်။ ဒါကိုလက်ရဲဇက်ရဲ မုတ်ဆိတ်ဆိုတဲ့ရဲဘော်က ကျနော့်ကို ဒရစ် ချိတ်ပေးတယ်။ လူက အစားအသောက်မ၀င်တာရယ်၊ ငှက်ဖျားပိုးကြောင့် အားပြတ်နေတာတွေရယ်ကြောင့် နွမ်းနေရတာတဲ့ကြားထဲ၊ အကြောရှာမရလို့ တပေါက်ပြီး တပေါက်ထိုးလိုက်တဲ့အပ်ရာက (၁၁) ပေါက်လည်း ကျော်ရော မခံနိုင်တော့လို့  ဘားတိုက်က ထွက်ပြေးခဲ့ရတဲ့ အထိကို ဖြစ်ခဲ့ဖူးတယ်လေ။ ကျနော်နဲ့ အတူ ပအိုဝ်းမြေရောက် ကျောင်းသားတယောက်ဖြစ်တဲ့ ရဲကျော်နိုင်ဆိုလည်း ငှက်ဖျားပိုးခေါင်းထဲရောက်ပြီး သံလွင် မြစ်ထဲ ဆင်းသွားလို့ မနည်းဆယ်ယူလိုက်ရတယ်။ ဒါတောင် လူသိလိုက်လို့လေ။

ရေကူးကျွမ်းကျင်တဲ့ ရဲဘော်တွေ ရှိနေလို့ဆိုရင်လည်း ပိုမှန်နိုင်ပါတယ်။ ရေကူးကျွမ်းဆို သူတို့က သံလွင်မြစ် ဘေးနေပြီး သံလွင်မြစ်ထဲမျောလာတဲ့ သစ်တွေကိုတောင် လိုက်ဆယ်ပြီးရောင်းစားနေကြရတာ။ သူများတွေလို လိုက်ဆယ်စရာ လှေမရှိတော့ ရေကူးပြီး စွန့်စွန့်စားစားကို လိုက်ဆယ်ကြရတာလေ။ ဘယ်လောက်ပဲ အသက်နဲ့ ရင်းပြီးဆယ်ရဆယ်ရ ကျနော်ဆယ်လို့ရတဲ့ပိုက်ဆံနဲ့ဟင်းလေးချက်ပြီး ရဲဘော်တွေစားနေကြတာမြင်လိုက်ရရင် အမောပြေသွားတယ်ဆိုတဲ့ စောထစခန်းက ရဲဘော်တယောက်ရဲ့စကားသံကလည်း မမေ့နိုင်စရာပါ။ ဒီလိုပါပဲ ဒီစခန်းနဲ့ အနီးဆုံး သံလွင်စခန်းဆိုတာမှာလည်း ကိုရမ်ဘိုဆိုတဲ့ရဲဘော်ကို လေးစားစရာရဲဘော်အဖြစ် အားလုံး က အသိအမှတ်ပြုကြတယ်လေ။ ဒါကတော့ ကျနော်တို့ ဒီဖက်ကို မရောက်သေးခင် တောခိုစကာလလောက် မှာ။ သူက သူ့စခန်းက ရဲဘော်တွေငတ်ပြတ်နေတာကို မကြည့်ရက်လို့ဆိုပြီး သူကျွမ်းကျင်တဲ့ဗမာလက်ဝှေ့နဲ့ အနီးအနားမှာလက်ဝှေ့ပွဲတွေရှိတိုင်း ထိုးကျွေးနေတာတဲ့။ ပြန်ရောက်လာပြီဆို သူမျက်နှာတွေက ဖူးရောင်ကွဲပြဲ နေတာပဲတဲ့။ ဒါကို ရဲဘော်တွေက၀ိုင်းပြီး ပြုစုပေးကြတာတဲ့။ တကယ့်ညီအကို မောင်နှမတွေလိုပါပဲဗျာ။

ကျနော်ဆို ဒီငှက်ဖျားပိုးနဲ့ ငှက်ဖျားဆေးဒဏ်တွေကြောင့်ပဲ ထွက်လာသမျှမုတ်ဆိတ်၊ နှုတ်ခမ်းမွှေးတွေက နီကြောင်ကြောင်အရောင်တွေဖြစ်လာတယ်။ ရိတ်စရာဒါးမရှိလို့ မရိတ်ပဲထားတဲ့ အမွှေးအမျှင်တွေက ထိုးထိုး ထောင်ထောင်နဲ့ မျက်နှာမသစ်၊ ရေမချိုးတဲ့ ရက်တွေများလာတော့ လူပုံပျောက်လာပြီး ကြွက်ကတိုးဆိုတဲ့ နာမည်တောင် ရလာတဲ့အထိပါပဲ။ ဒီသင်တန်းမှာ ကျနော့်လိုပဲ ထူးခြားချက်လေးတွေအလိုက် အကောင်းဆို ကြိုက်တတ်လွန်းလို့ အကောင်းကြိုက် ( သေဘော ဘိုးစခန်း)၊ လူတိုင်းနဲ့ စကားများ၊ ရန်ဖြစ်ထူးလွန်လို့ ပွကြီး (မော်ကဲစခန်း)၊ ထမင်းဟင်းချက်ဖို့ဆို ၀ါသနာကြီးလွန်းလို့ ချက်ကြီး (၀မ်ခစခန်း)၊ တို့အပြင် ကပ်စီး၊ စောရ၊ ဗျတ္တ၊ မုတ်ဆိတ်၊ ဂေါက်ကြီး၊ စောရ၊ ပေါသွပ်၊ တာကြီး၊ မျောက်၊ တရုတ်လေး စသဖြင့် နာမည်သစ်တွေလည်း အမှတ်တရ တွင်ခဲ့ကြပါတယ်။

ကျနော်တို့တတွေရဲ့ ကံကြမ္မာပဲပြောရမလားပါပဲ စားသောက်နေထိုင်ရေးအခက်အခဲတွေအတွက် ထွက်ပေါက် တခုပေါ်လာခဲ့ပါတယ်။ ကျနော်တို့သင်တန်းနဲ့ မလှမ်းမကမ်းမှာ ထိုင်း သစ်စက်တလုံးရှိတယ်။ ဒီသစ်စက်မှာက မန်နေဂျာကလွဲလို့ ကျနော်အလုပ်သမားတွေက မြန်မာနိုင်ငံသားတွေချည်းပဲ။ ကရင်လူမျိုးအများစုပေါ့။ ဒီသစ် စက်က မြန်မာပြည်က သစ်တွေကိုခွဲပြီး သူ့နိုင်ငံထဲကို ပြန်ပို့နေတာ။ ညနေဖက် သင်တန်းဆင်းပြီး လမ်းလျှောက် ထွက်ချိန်တိုင်းမှာတော့ ဒီသစ်စက်ဖက်ကို မကြာမကြာရောက်ဖြစ်တယ်။ ကျနော်တို့ သတိထားမိတာကတော့ ထိုင်းမန်နေဂျာက တပတ်တခါလောက် သူ့မိန်းမလို့ထင်ရတဲ့ အမျိုးသမီးအသစ်တွေကို ထည်လဲသုံးနေတာလေ။ ထိုင်းလို့ထင်ရပေမယ့် မြန်မာအမျိုးသမီးတွေလည်း ဖြစ်နိုင်ပါတယ်။ ခပ်ချောချော ခပ်ငယ်ငယ်လေး တွေချည်းပါ ပဲ။ ကျနော်တို့နဲ့ဘယ်လိုမှ မပတ်သက်နိုင်စရာမရှိနိုင်ဘူးလို့ သတ်မှတ်ထားရာကနေ တနေ့တော့ သတင်းတခု ရောက်လာတယ်။ ခွဲပြီးသစ်တွေကို လှေထဲသယ်ချပေးရင် လှေတစီးကို ဘတ် ၃၀၀ လောက်ရနိုင်တယ်တဲ့။ ကျနော်တို့ လူအင်အားနဲ့ဆို အလုပ်ဖြစ်မှာတဲ့။

ဒီကာလမှာ ထူးနေတာက ကျောင်းသားတပ်မတော် ဒုတိယအကြိမ်ညီလာခံ ကျင်းပနေချိန်ဖြစ်နေတော့ ဗဟိုလူကြီးများကလည်းညီလာခံမှာ၊ တာဝန်ယူပြီး သင်တန်းဖွင့်ပေးထားတဲ့ စောထစခန်းက လူကြီးများက လည်း ညီလာခံမှာ၊ ဒီတော့ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနေ ကြရတော့တာပေါ့ဗျာ။ ဒီတော့ ကျနော်တို့သင်တန်း တာဝန်ခံက သစ်စက်က ကရင်လုပ်သားတွေဆီက သတင်းယူထားရတယ်။ ဘယ်အချိန်လောက် သစ်တွေခွဲပြီး ဖြစ်နေလဲ၊ ဘယ်အချိန်ချမလဲပေါ့ဗျာ။ သတင်းရတာနဲ့ ကျနော်တို့တွေပြေးရတာပဲ။ ကိုယ့်လိုပဲ ထမ်းချင်တဲ့လူ တွေကရှိတော့ လုထမ်းရတာပေါ့။ မနက်စောစောတို့ ညနေဖက်တို့မှာ ပြဿနာမရှိပေမယ့် သင်တန်းချိန်မှာ တော့ သင်တန်းကိုတောင် ခနနားပြီး သစ်ကို ပြေးထမ်းလိုက်ကြတာပဲလေ။ စားဖို့ကလည်း တခါတရံတော့ အရေးပါနေတာပဲလေ။

ကျနော်တို့ အယောက် ၄၀ အင်အားက လှေတစီးဆို နာရီဝက်လောက်နဲ့တင်ပြီးတာကိုး။ နေမကောင်းတဲ့လူ၊ စားဖိုတာဝန်နဲ့ အခြားတာဝန်ရှိသူတွေကလွဲပြီး အကုန်လိုက်ကြတာပါပဲ။ တခါတခါဆို လှေ ၃ - ၄ စီး လောက် ကို တင်လိုက်ရတာ။ ဒါဆို ကျနော်တို့အဖွဲ့ အူစိုပြီ။ ရတဲ့ငွေလေးထဲက ဘုံ ချက်ပြုတ်ဖို့ တချို့ကိုချန်ထားပြီး၊ တယောက်ချင်းစီကို စားချင်တာလေး စားနိုင်ဖို့ ခွဲပေးတာလည်းရှိတယ်လေ။  ဒီလိုရက်မျိုးဆို တူရာလူစုပြီး ကိုယ်ကြိုက်တာလေးတွေ ၀ယ်စားခွင့်ရကြတာပေါ့။ မှတ်မှတ်ရရ ကျနော်နဲ့ အချိုကြိုက်သူတစုကတော့ နို့ဆီ တလုံးကိုဝယ်၊ တဘတ်တန် ဘီစကွတ် အထုတ်ကြီးလိုက်ကိုဝယ်ပြီး သံလွင်မြစ်ဘေး ကျောက်ဆောင်ပေါ်မှာ တက်ပြီးစားခဲ့ရတာဟာ တကယ့်အရသာပါဗျာ။ ဒီလို အစားအသောက်နဲ့ပတ်သက်တဲ့ အမှတ်တရတွေထဲမှာ ကရင်နှစ်သစ်ကူးပွဲတို့ မင်္ဂလာဆောင်ပွဲတို့ ခရစ္စမတ်ပွဲတို့လည်းပါတာပေါ့။ ဘယ်အိမ်မှာဘယ်နေ့ ဘုရားရှိခိုးမယ် ဆိုတဲ့သတင်းရပြီဆို ကျနော်တို့ သင်တန်းနားလိုက်ကြတယ်။ ဘုရားရှိခိုးပွဲတွေမှာက ၀က်သားဟင်းစားရဖို့ သေ ချာတယ်လေ။

ဒီလို ၆  လတာကာလမှာ ပြောမိကြတဲ့ စကားလေးတွေထဲက ဆင်ကြီးတွေအကြောင်းကလည်း အမှတ်တရ။ ကျနော်တို့ သိသလောက် ဒီသစ်စက်က ခွဲနေသမျှသစ်တွေက မြန်မာပြည်က သစ်တွေချည်း။ သစ်မှ ကျွန်းသစ် သက်သက်။ ဒီသစ်စက်သက်တမ်းက ဘယ်လောက်တောင် ကြာနေပြီလဲတော့ အတိအကျမသိ။ ခွဲပြီးလွင့်ပစ်တဲ့ ပကာသားအပုံတောင် သံလွင်မြစ်ထဲမှာ တောင်တလုံးလိုဖြစ်နေပြီလေ။ ဒီလိုသစ်ပုံမျိုးနဲ့ သစ်စက်တွေကလည်း သံလွင်မြစ်တလျှောက်မှာ မနည်းဘူး။ သေချာတာက ဒီသစ်တွေကို တောထဲကဆွဲပေးခဲ့ကြတဲ့ ဆင်တွေက မြန်မာပြည်က ဆင်တွေ။ ဆင်ပိုင်ရှင်တွေကလည်း မြန်မာပြည်သား ကရင်တွေ။

တခါတခါဆို ဒီဆင်တွေနားက ဖြတ်သွားရင် ဆင်တွေရဲ့မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ … ။ ချွန်းနဲ့ အပေါက်ခံ ထားရတဲ့ဒဏ်ရာကလည်း သွေးတွေကယိုလို့၊ ယင်တအုံအုံနဲ့ပေါ့။ သနားစာနာစိတ်အခံလေးနဲ့ ကျနော်တို့တွေ ဒီဆင်တွေ မျက်ရည်ကျရတဲ့အကြောင်းကို တခါမက ပြောဆိုခဲ့ဖူးတာတွေက …
ဒီဆင်တွေက သူတို့ဘ၀တွေကို ပြန်တွေး၊ ပြန်ခံစားမိလို့ ကျနေရတဲ့ မျက်ရည်တွေလား၊
သစ်တွေကို အဆမတန်ဆွဲရတဲ့ ဒဏ်ကြောင့် နာကျင်ကိုက်ခဲလွန်းနေလို့ ကျနေရတဲ့မျက်ရည်တွေလား၊ သူတို့ကိုကျွေးထားတဲ့ ဆေးခြောက်တွေမူးပြီးလို့များ ကျနေရတဲ့ မျက်ရည်တွေလေလား။
ကျနော်တို့ကိုယ်တိုင်က  ချိုတကူးနဲ့ ဂုဏ်ရည်မတူ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...