စာနယ်ဇင်းနှင့် နိုင်ငံရေး (ဇဝန)၊ အပိုင်း (၄)
၁၉၂၇-၂၈ ခုနှစ်ပိုင်းတွင် ရှေ့တန်း သတင်းစာကြီးများ ဖြစ်ကြသော သူရိယနှင့် မြန်မာ့အလင်းတို့
အနက်မှ သူရိယက ၂၁ ဦး အရေးနှင့်တကွ အိန္ဒိယနှင့် မြန်မာ ခွဲခွာရေးကို အစဉ်တစိုက် ရေးသား
လာခဲ့ရာ တစ်ပြည်လုံးက ဟုမ္မရူး လိုလားချိန် ဖြစ်နေသည့် အတွက် သူရိယသတင်းစာ စောင်ရေမှာ
တစ်နေ့တစ်ခြား ကျဆင်း လာခဲ့လေသည်။
မြန်မာ့အလင်းကမူ ၂၁ ဦးကို အားပေးသည်ဟု ဆိုသော်လည်း နိုင်ငံရေးထက် စီးပွားရေးကို ပို၍ အာရုံပြုလေသည်။
တစ်နည်းဆိုရသော် သတင်းစာကို ပို၍ လူကြိုက်များအောင် ကြိုးစားသည်။ ထိုသို့ ကြိုးစားရာတွင် သတင်းထူး၊သတင်းဦးများ ရရှိရေး အတွက်သာမက မိန်းမခိုးမှု၊ လင်မယား ကွာရှင်းမှု၊ ကာမမှု စသည်တို့ကိုပါ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေ ထည့်သွင်းလေ့ ရှိသည်။
ထိုသတင်းများကို ထောက်လှမ်းရှာဖွေ ရေးသားရသူမှာရုံးသတင်းထောက် ဦးလှထွန်းဖြူ ဖြစ်လေသည်။ သို့ဖြင့် မြန်မာ့အလင်းမှာ စောင်ရေတိုးတက် လာသည်
နှင့်အမျှ နာမည်မှာလည်း “ကာမအလင်း” ဟူ၍ တွင်ခဲ့လေသည်။
ထိုသို့ နာမည် ပေးခံရသဖြင့် မြန်မာ့အလင်းက “သတင်းစာတွင် မိန်းမမှုများကို ခရေစေ့တွင်းကျ ဖော်ပြသည်များကို
မကြိုက်သူ အချို့၏ ဆန္ဒအတိုင်း ဖုံးဖိ၍ ထားလိုက်ပါက အားကိုးရာမဲ့ အမျိုးသမီး ကလေးများအား
လူကြီးလူကောင်း အခေါ်ခံသူတို့မှာ … ” ဟူ၍ ရေးသားကာ ကာမမှုများ ပို၍ သောင်းကျန်းလာကြမည့် သဘောကို
ဆောင်သော ရွှေတလေး၏ ကာတွန်းဖြင့် ချေပ ကာကွယ်ခဲ့ လေသည်။
၁၉၂၈ ခုနှစ် တတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲ ကျင်းပခါနီးတွင် သူရိယ အစုရှင်များ၏
အရေးပေါ် အစည်းအဝေး ကျင်းပကာ စောင်ရေကျခြင်း ကိစ္စကို စဉ်းစားကြပြီး၊ ထိုအစည်းအဝေးက
ဦးဘဘေကို မန်နေဂျင်း ဒါရိုက်တာအဖြစ် တင်မြှောက် လိုက်ကြသည်။ ထိုအခါ အယ်ဒီတာချုပ်
ဦးတုတ်ကြီးသည် သူရိယမှ နုတ်ထွက် သွားပြီး မော်လမြိုင်မှနေ၍ “ကေသရ” အမည်ဖြင့် တစ်ပတ်
တစ်ကြိမ် သတင်းစာ ထုတ်ဝေလေသည်။ သူသည် သရာဇကျမ်းကို ရေးခဲ့သည်။ အိန္ဒိယ
အောက်လွှတ်တော် အမတ်အဖြစ် အရွေးခံခဲ့ရသည်။ သို့သော် ကျန်းမာရေး အခြေအနေ
မကောင်းသဖြင့် အမတ်သက်တမ်း မကုန်မီ နုတ်ထွက် လိုက်လေသည်။
တတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲတွင် ဦးချစ်လှိုင်နှင့် သာယာဝတီ ဦးပုတို့လည်း ဝင်ရောက် ယှဉ်ပြိုင်ကြကာ
အရွေးခံခဲ့ ကြရလေသည်။ ဤရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၂၄ ရာခိုင်နှုန်း မဲပေးကြသည်။
ထိုအချိန်တွင် စာနယ်ဇင်းများက အထူး အာရုံစိုက်၍ ရေးသားနေကြသည့် ကိစ္စရပ်များမှာ ခွဲရေးတွဲရေးနှင့်
လယ်သမားရေးရာ ပြဿနာတို့ ဖြစ်လေသည်။ အိန္ဒိယမှ မြန်မာပြည် ခွဲထွက်ရေးကို ၁၉၁၂ ခုနှစ် တည်းကပင်
မြန်မာ့အလင်း မဂ္ဂဇင်းက စတင်လှုံ့ဆော် ရေးသားခဲ့သည်။ ၁၉၁၈ ခုနှစ်က စ၍ ထိုအရေးကို ဝိုင်အမ်ဘီအေက
ကိုင်တွယ်လာသည်။
၁၉၂၈ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် ဥပဒေပြု လွှတ်တော်ထဲတွင် တရုတ်၊ ကုလား အမတ်များက
ချယ်လှယ် လာကြသည်။ နိုင်ငံ၏ စီးပွားရေးသည်လည်း သူတို့ လက်ထဲ၌ ရှိနေသည်။ အလုပ်အကိုင်
ရာထူးဌာနန္တရ ဟူသမျှမှာလည်း သင်္ဘောကြီး ကူလီ အလုပ်ကအစ လူမျိုးခြားများက ကြီးစိုး
နေကြသည်။ ထိုစဉ်က ရန်ကုန်မြို့ရှိ ကုလားဦးရေသည် မြန်မာတို့၏ နှစ်ဆမျှ ရှိလေသည်။
ဖရေဇာလမ်း ညဈေးတန်းကို “ကာလကတ္တားဘဇား” ဟူ၍ ခေါ်ကြသည်။
တစ်ဖက်မှာလည်း မြန်မာ တောင်သူ လယ်သမားများမှာ စပါးဈေးကျ၍ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင် နေကြရသည်။
ထိုစဉ်က စပါးဈေးမှာ ၁၀၅ ကျပ်သာရှိပြီး လယ်သမားများလက်တွင် ၆၂ ကျပ်မျှသာ ရကြရာ လယ်စရိတ်ပင်
မကြေဘဲ ရှုံးနေကြသည်ဟု ရန်ကုန်ဂေဇက် အင်္ဂလိပ် သတင်းစာက ရေးသား ခဲ့လေသည်။
မြန်မာ လယ်သမားများသည် လူခွန်၊ မြေခွန်၊ သဿမေဓခွန်၊ သစ်တောခွန်၊ အိမ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ ယစ်မျိုးခွန်၊
အမြတ်တော်ခွန် စသည်တို့ကို ကုန်း၍ ထမ်းဆောင် နေကြရသော်လည်း အိန္ဒိယ လယ်သမားများမူ အိမ်ခွန်၊ မြေခွန်၊
အမြတ်တော်ခွန် မျှလောက်သာ ထမ်းဆောင် နေရပုံကို နှိုင်းယှဉ်ပြသော ကာတွန်းတစ်ခုကို ရွှေတလေးက သူရိယ
မဂ္ဂဇင်းတွင် ရေးဆွဲခဲ့သည်။ ဗန္ဓုလဂျာနယ် (၁၉၂၆) တွင်ပါသော လယ်သမား နတ်သံပစ် ကာတွန်းနှင့် လင်္ကာမှာ
ထိုစဉ်က လူတိုင်း၏ ပါးစပ်ဖျားတွင် သီးနေခဲ့သည်။
ထိုစဉ် ခွဲရေးတွဲရေး ကိစ္စကို စုံစမ်းရန်လာသော ဆိုင်မွန်ကော်မရှင်ကို ကုလားများက စီတန်း
လှည့်လည် ကန့်ကွက် ကြသည်။ ထိုကုလားများသည် အရင်းရှင်ကြီးများက မြှောက်ပင့်ပေး၍
ဆန္ဒပြကြသူများ ဖြစ်ကြရာ “ဆိုင်မွန်ပြန်သွား” ဟူသော စကားကို အင်္ဂလိပ်လို မပီမသဖြင့်
“ဆိုင်မွန်ဂိုဘေး” ဟူ၍ အော်ဟစ် ကြွေးကြော်ခဲ့ကြ လေသည်။
ခွဲရေးတွဲရေးသည် တစတစနှင့် အရှိန်တက်၍ လာလေရာ ၁၉၃၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့တွင်
ရန်ကုန်မြို့၌ ကုလား-မြန်မာ အဓိကရုဏ်းကြီး ဖြစ်ပွားပေါ်ပေါက် လာခဲ့လေသည်။ ထိုအဓိကရုဏ်း
ဖြစ်ရာတွင် ခွဲရေးကို အားပေးသည့် သတင်းစာဟုဆိုကာ ကုလားရပ်ကွက်နှင့် ကပ်နေသော သူရိယ
သတင်းစာကို ကုလားများက ဝိုင်းပြီး ဖျက်ဆီးရန် ကြံကြသေးသည်။ ထိုအချိန်တွင် သူရိယနောက်ဖေး
လမ်းကြားထဲ၌ မေလ ၆ ရက်နေ့က ငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးနေသော အုတ်ခဲပုံကြီး ရှိနေရာ
ထိုအုတ်ခဲများဖြင့် သူရိယ တိုက်သားများက ပြန်၍ပစ်ခတ်ကာ ခုခံကာကွယ် ကြရလေသည်။ ထိုသို့
ပစ်ခတ်နေကြစဉ် အရှေ့ပိုင်းမှ ဘုန်းကြီးများနှင့် လူထုက ဓားလှံများ ကိုင်ဆောင်ကာ ချီတက်
လာကြသဖြင့် ကုလားများ အနောက်ဘက်သို့ ဆုတ်ပြေး ကြရလေသည်။
ကုလား-မြန်မာ အရေးမှာ လေးရက်အကြာတွင် အေးသွားပြီး သည့်နောက် မြန်မာ လယ်သမားတို့၏ အရေးသည်
နွားနို့ကျိုသလို အပေါ်ယံတင်းပြီး အတွင်းက လှိုက်ဆူစ ပြုလာလေသည်။ လယ်သမားများမှာ စပါးဈေး ကျဆင်း
နေရသည့်အထဲ လူခွန်၊ သဿမေဓ အခွန်များက မခံရပ်နိုင်အောင် ဖိစီး နိုပ်စက်ခြင်း ခံနေကြရသည်။ တစ်နှစ်
တစ်နှစ်လျှင် လယ်သမားများကထမ်းဆောင်ကြရသည့် လူခွန်နှင့် သဿမေဓ အခွန်မှာ ၉၆ သိန်း ကျော်လေသည်။
သို့ဖြစ်၍ ဗန္ဓုလ ဂျာနယ်ထဲက ရွှေတလေး၏ ကာတွန်းထဲမှာ ပါသလို “ချစ်တီးကဆူ၊ အခွန်တော်ပူ၊ လူစင်စစ်က
ဂဠုန်ဖြစ်” ကုန်ကြကာ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလထဲတွင် ဆရာစံ ခေါင်းဆောင်သော လယ်သမား
တော်လှန်ရေးကြီး ပေါ်ပေါက် လာခဲ့လေသည်။
သာယာဝတီတွင် သူပုန်ထနေသည့် သတင်းကို သူရိယက ဦးဦးဖျားဖျား ရရှိခဲ့၏။ သို့သော် သူပုန်ထသည်ဟူ၍
မရေးခဲ့ပေ။ “သာယာဝတီနယ်တွင် ရွာသားများ ထကြွ သောင်းကျန်းနေသော အရေး” ဟူ၍ ခေါင်းစီးတပ်ပြီး
အောက်က ခေါင်းရန်တွင် “အင်းရွာ ဘူတာကိုစီး၍ အိမ်များကို မီးရှို့ခြင်း” ဟု ဖော်ပြခဲ့လေသည်။ သတင်းသား
ထဲတွင် “ဒီဇင်ဘာ ၂၂ ရက်နေ့ညက ဇိန်ဇာနှင့် လှည်းလမ်းကူး ရွာသူကြီးနှင့် ဒုတိယ တောအုပ်တို့ကို ရွာသားများက
သတ်၍ သေနတ် ၅ လက် ယူသွားကြောင်း။ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပုလိပ် ၈ ယောက်နှင့် ရွာသားတို့
တိုက်ခိုက်ကြရာ ပုလိပ် ၄ ယောက် ဒဏ်ရာရကြောင်း။ အပြာရောင် ဝတ်စုံဖြင့် နံပါတ် ၁၂၅ ရွာသားတစ်ဦးကို
အလံတောင်မှ ဖမ်းဆီး ရမိခဲ့ကြောင်း။ ၂၃ ရက်နေ့ညက အင်းရွာ ဘူတာကို ဝင်ရောက် တိုက်ခိုက်ပြီး အိမ်များကို
မီးနှင့် ရှို့ကြကြောင်း။ လူ ၃ ယောက် သေ၍ ရုံပိုင် ဓားခုတ်ခံရကြောင်း” ဖြင့် ဖော်ပြခဲ့လေသည်။
ထိုသတင်းအောက်တွင် “ရေကင်းရွာ၌ မင်းတိုင်း ကောက်ခံပုံအကြောင်း သတင်းရ၏။ ထိုသတင်းအရ အတော်ပင်
ဆိုးဝါးပုံ ပေါ်သဖြင့် ယခု သာယာဝတီ မြို့နယ်အနီး ဆူပူကြပုံမျိုး ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ကြ၍ ထိုအရေးကို
လျင်မြန်စွာ စစ်ဆေး စုံစမ်းအရေးယူ ပိတ်ပင် တားမြစ်သင့်ကြောင်း” ဖြင့် မှတ်ချက် ရေးလိုက်၏။ ခေါင်းကြီးမှလည်း
ယင်းဆူပူမှု ဖြစ်ရခြင်းသည် အခွန်တော်ကို အတင်းအကြပ် တောင်းခံခြင်းကို မခံမရပ်နိုင်သည်မှ စ၍
ဖြစ်ပွားရသည်။ အခွန်တော်များကို တမင်သက်သက် မပေးစတမ်းဟူသော စနစ်မျိုးနှင့်လည်း ဖြစ်ပွားရပုံမပေါ်။
အလွန့်အလွန် မရှုမလှ ကြပ်တည်း ခဲယဉ်းသော အခြေအနေမျိုးသို့ ရောက်၍သာလျှင် ယခုကဲ့သို့ တရားလက်လွတ်
ဆူပူကြရသည်။ ငြိမ်ဝပ်ပိပြားအောင် စီမံရာ၌ နိုင်ငံ အစိုးရတို့သည် ညှာညှာတာတာ ဖြောင်းဖြောင်းဖြဖြနှင့် နိုပ်ကွပ်
စေလို၏ စသည်ဖြင့် ရေးလိုက်လေသည်။
သူရိယတွင် ထိုသတင်း ပါလာပြီးမှ မြန်မာ့အလင်းက ဦးမောင်မောင်ခင်ကို သတင်းနှင့် ဓာတ်ပုံယူရန်
သာယာဝတီသို့ လွှတ်ရလေသည်။ သူရိယက ဦးပုကလေးကို လွှတ်ထားနှင့်သဖြင့် သတင်းများကို စုံလင်အောင်
ထည့်နိုင်ခဲ့လေသည်။
ဓာတ်ပုံသတင်း တစ်ခုတွင် သူပုန်တစ်ဦးနှင့် အစိုးရဘက်မှ တပ်သားတစ်ဦး ကိုက် ၅၀ ခန့် အကွာ
လောက်တွင် ရင်ဆိုင်တွေ့ကြပုံ ပါရှိရာ စွန့်စွန့်စားစား ရိုက်ကူးသော ဓာတ်ပုံဆရာကို သတင်းစာ
ဖတ်သူတို့က အံ့သြ ချီးကျူးကြလေသည်။ သို့သော် အချို့က ထိုဓာတ်ပုံကို မယုံ။ လုပ်ကြံ ဖန်တီး
ထားသော ဓာတ်ပုံဟု စွပ်စွဲကြသည်။ မည်သို့ရှိစေ သူရိယ သတင်းစာမှာ သာယာဝတီ သူပုန်ကို
အကြောင်းပြု၍ ဂုဏ်ဟိတ်နှင့်တကွ စောင်ရေပါ တက်သွားလေသည်။
ယင်းသို့ သူရိယနှင့် မြန်မာ့အလင်းတို့ သတင်းဦး သတင်းထူး ဖော်ပြနိုင်ရန် အပြိုင်အဆိုင် ကြိုးစား
ကြရာက သူရိယက သူပုန်တို့ကို အစိုးရတပ်များက စက်သေနတ်ဖြင့် ပစ်သော်လည်း မီးမကူးဟု
စတန့်လုပ်ပြီး ရေးလိုက်သည့်အတွက် အာမခံငွေ တစ်သောင်း အတောင်းခံရ လေသည်။ သူရိယသည်
ထိုသို့ အာမခံ တောင်းခြင်းကို ကန့်ကွက်သည့် အနေဖြင့် ခေါင်းကြီးပိုင်း မရေးဘဲ နေခဲ့ရာ သီတင်း
နှစ်ပတ်ခန့် အကြာတွင် အာမခံငွေ ပြန်၍ ရလေသည်။ ထိုအခါကျမှ သူရိယက ခေါင်းကြီးပြန်၍
ရေးလေသည်။
သာယာဝတီ သူပုန်ကြီးသည် တစတစနှင့် ကျယ်ပြန့်လာကာ ပြည်ခရိုင်သို့ ကူးစက် လာခဲ့လေသည်။ ၁၉၃၀ ခု
ဇွန်လ ဒုတိယ ပတ်လောက်တွင် ပြည်ခရိုင် ပေါက်ခေါင်းမြို့အနီး ဝက်ဘိုးတွင် အစိုးရတပ်နှင့် သူပုန်တို့ တိုက်ပွဲ
ဖြစ်ကြရာ သူပုန်ဘက်မှ ၂၂ ယောက် ကျလေသည်။ ထိုသူတို့ အနက်မှ ၁၆ ယောက်၏ ဦးခေါင်းများကို ပန်ချာပီ
စစ်သားများနှင့် မြို့စောင့် ပုလိပ်တို့က ဖြတ်ယူလာကြပြီး ပြည်မြို့ ရဲဌာနရှေ့တွင် ခုံရှည်များပေါ်တင်၍ ပြသခဲ့
လေသည်။
ထိုအခါ ပြည်မြို့မှ အပျော် ဓာတ်ပုံရိုက် ဝါသနာပါသူ အထည်ကုန်သည် ဒူရဂါးပရာဆတ် ဆိုသူက
ထိုခေါင်း ၁၆ လုံးကို ဓာတ်ပုံ ရိုက်ယူခဲ့သည်။ ထိုအကြောင်းကို ပြည်မြို့မှ သူရိယ သတင်းထောက်က
သိ၍ ဒူရဂါးပရာဆတ် ထံမှ ဓာတ်ပုံ တောင်းယူပြီး သူရိယ သတင်းစာတိုက်သို့ ပို့လိုက်လေသည်။
ထိုဓာတ်ပုံကို သူရိယ ဦးကံကြီး ရိုက်ကူးခဲ့သည်။ ဦးပုကလေး ရိုက်ကူးခဲ့သည်ဟု အမျိုးမျိုး ရေးသား
ကြသည်။ ထိုရေးသားချက် နှစ်ခုစလုံး မမှန်။ သူကြီးဂေဇက်က “ထိုခေါင်းများသည် မည်သူမည်ဝါ
တို့၏ ခေါင်းများဖြစ်သည်ကို သိရှိရန် အလို့ငှာ ဓာတ်ပုံရိုက်ရန် ခုံပေါ်တင်နေစဉ် အစိုးရမဟုတ်သူ
အချို့က တိတ်တဆိတ် ရိုက်ကူးသွားကြောင်း” ဖြင့် ဖြေရှင်းသည်။ အမှန်မှာ ဆိုခဲ့သည့်အတိုင်း
သတင်းစာဆရာ မဟုတ်သူ တစ်ဦးက ရိုက်ကူးခဲ့သည့်ပုံ ဖြစ်သည်။ တစ်ခါတစ်ရံ သမိုင်းဝင် သတင်း
ဓာတ်ပုံများသည် အပျော်တမ်း ဓာတ်ပုံ ရိုက်သူတို့က ရိုက်ယူထားသဖြင့် သတင်းစာများက
ရရှိကြခြင်း ဖြစ်ပေသည်။ ထိုခေါင်း ၁၆ လုံး ဓာတ်ပုံ သတင်းစာတွင် ပါလာသည့်အတွက် ဒူရဂါးအား
ပြည်ခရိုင် ရာဇဝတ်ဝန်ကြီး ဇေးဗီးယားက ခေါ်၍ စစ်လားဆေးလား ပြုလုပ်ပြီး နက်ဂေးတစ်ကို
သိမ်းယူ လိုက်လေသည်။ ဒူရဂါးသည် ကြောက်လန့်ပြီး ပြည်မြို့ပေါ်မှ အရာရှိ ကြီးငယ်တို့ကို
ချဉ်းကပ်ကာ အရေးယူ မခံရရန် ပူဇော် ပသရသဖြင့် သတင်းဓာတ်ပုံ ၁၅ ကျပ် ရသည်နှင့်
မကာမိအောင် မိမိ အိတ်ထဲက ငွေ ၅၀၀ ကျပ်လောက် ထွက်သွားလေသည်။
ထိုဓာတ်ပုံကြောင့် တစ်နိုင်ငံလုံးက ဆူပူ ကန့်ကွက်ခဲ့ရာ ဗိလတ် ပါလီမန်အထိ ဂယက်ရိုက်သွား ခဲ့လေသည်။
အစိုးရကလည်း နောင်တွင် မည်သည့် အကြောင်းကြောင့်မျှ သူပုန် ဦးခေါင်းများကို ဖြတ်၍ ယူမလာရဟု
အမိန့်ထုတ်ပြန် တားမြစ်ခဲ့ရ လေသည်။ သာယာဝတီ သူပုန်ကြီးသည် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင်
စတင်ခဲ့သည်။ ၁၉၃၁ ခုနှစ် သြဂုတ်လ ၂ ရက်တွင် ဆရာစံကို ဖမ်းမိသည်။ ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်
နေ့တွင် ဆရာစံကို သာယာဝတီ ထောင်ထဲတွင် ကြိုးပေးလိုက်သည်။
ဆရာစံ၏ အမှုတွင် ဒေါက်တာဘမော်၊ သခင်မြနှင့် သာယာဝတီအမတ် ဦးမောင်ကြီးတို့ လိုက်ပါ
ဆောင်ရွက် ခဲ့ကြရာမှ ဒေါက်တာဘမော် ထင်ပေါ်လာသည်။ သခင်မြမှာ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်
သပိတ် မှောက်စဉ်ကပင် ထင်ရှားခဲ့ပြီ ဖြစ်သည်။ သာယာဝတီမှ အောက်တန်းရှေ့နေ တစ်ဦး
ဖြစ်သော ဦးစောကလည်း ထိုအမှုတွင် လိုက်ပါခဲ့သည်။
(ဦးစောသည် ဆရာစံ၏ တော်လှန်ရေးကို မှန်ကန်သည်ထင်၍ မဟုတ်ပဲ ထိုတော်လှန်ရေး အပေါ်မှ
အမြတ်ထုတ်ရန် လိုက်ပါခဲ့ခြင်း ဖြစ်ပေသည်။ ဤအချက်ကို ထင်ရှားစေသည်မှာ ၁၃၀၀ ပြည့် အရေးတော်ပုံ
ကာလအတွင်းက လှည်းကူးအနီး ဖောင်ကြီးရွာတွင် တရားဟောပြောပွဲ တစ်ခု၌ ဦးစော ပြောခဲ့သည့် စကားများ
ဖြစ်သည်။ ဦးစောက မိမိ၏ အာဏာဖီဆန် တော်လှန်ရေးသာလျှင် စစ်မှန်သည်။ ဆရာစံတို့ သာယာဝတီမှာ
သူပုန်ထကြစဉ်က တိုင်းပြည်ကောင်းအောင် လုပ်မည်အထင်ဖြင့် တိုင်းသူ ပြည်သားများက ရိုင်ဖယ်သေနတ်
ကြားထဲ ဝင်ရောက်ခဲ့ ကြသည်မှာ လူများသာ သေခဲ့ရသည်။ ဘာသာ၊ သာသနာကောင်းအောင် ဘာမျှ
မလုပ်နိုင်ခဲ့ဟူ၍ ဆရာစံတို့၏ တောင်သူလယ်သမား တော်လှန်ရေးကို သေးသိမ်အောင် ဟောပြောခဲ့ လေသည်။
ထိုဟောပြောချက်ကို သူရိယက အကျယ်တဝင့် ဖော်ပြခဲ့သည်။)
သာယာဝတီ သူပုန်အရေးတွင် မြန်မာ့အလင်းက သူပုန်တို့ကြောင့် တောရွာတွေ မီးလောင် ပြာကျ
ရသည်ဟု ပြစ်တင်လိုဟန်ဖြင့် ရွှေတလေး၏ ကာတွန်းတစ်ခု ထည့်ခဲ့ပြီး “ယခုနှစ်မှာတော့၊ ဥပေက္ခာ
အကုန်နေတဲ့အပြင်၊ ဂဠုန်တွေ အဟုတ်အမှန် ဝိုင်းတာကြောင့်၊ သုသာန်တိုင်းလို တလျှောက်မရွှင်ဘို့
အရေးပေပါ့၊ ကောက်ပင် ကလေးတွေ တခါမမြင်ဘု၊ ယာပြင်တွင် မြက်တွေလွှမ်းတာကြောင့် …”
စသဖြင့် ကဗျာနှင့် ခနဲ့ခဲ့လေသည်။
ဆက်ရန် ...

0 comments:
Post a Comment