စာနယ်ဇင်းနှင့် နိုင်ငံရေး (ဇဝန)၊ အပိုင်း (၂)
၁၉၁၄ ခုနှစ်တွင် ဥရောပတစ်ခွင်၌ စစ်ရိပ်စစ်ငွေ့များ သမ်း၍လာရာ သတင်းစာဖတ် ပရိသတ်တို့က စစ်သတင်းများကို အလျှင်အမြန် ကြားသိချင်လာ ကြသည်။ သို့ဖြစ်၍ သူရိယ အထူးအချပ်ပို အဖြစ် ကြေးနန်း သတင်းများကိုမြန်မာဘာသာ ပြန်ဆို၍ သီးသန့် ထုတ်ဝေ ရောင်းချခဲ့ရ လေသည်။ တစ်ချိန်တည်းမှာပင် လစဉ်ထုတ်မြန်မာ့အလင်း မဂ္ဂဇင်းပိုင်ရှင် ဦးရွှေကြူးကလည်း “မြန်မာ့အလင်း ကြေးနန်းသတင်း” အမည်ဖြင့် ညနေသတင်းစာတစ်စောင် ထုတ်ဝေလေသည်။
သူရိယသည် စစ်သတင်း တစ်ပုဒ်ကြောင့် အာမခံငွေ ၂၀၀၀ ကျပ် တင်ခဲ့ရသည်။ ယခုလို အစိုးရက
သတင်းစာ အပေါ် အာမခံငွေ တောင်းခြင်းမှာ မြန်မာသတင်းစာ သမိုင်းတွင် ပထမဆုံးအကြိမ်
ဖြစ်လေသည်။
သူရိယတွင် စစ်သတင်းများကို ဘာသာပြန်ရသူမှာ ဦးကျော် (ပီမိုးနင်း) ဖြစ်လေသည်။
ထို့နောက် ပီမိုးနင်းသည် မြန်မာ့အလင်း မဂ္ဂဇင်းတိုက်သို့ ကူးပြောင်းသွားသည်။ ပီမိုးနင်းက မြန်မာ့အလင်းသို့
ကူးပြောင်းခဲ့ရခြင်းမှာ ထိုစစ်သတင်း ကြောင့်ဟု မဆို။ မိမိ၏ ဖြစ်စဉ်ကို ရေးသားရာတွင် “ရန်ကုန်သို့ရောက်ပြီး
များမကြာမီအတွင်း သူရိယ သတင်းစာတိုက်တွင် စစ်သတင်းများကို ဘာသာပြန်ဆို ရေးသားရသော
(နိုင်ငံခြားသတင်း ဘာသာပြန်) အလုပ်ကို စ၍ လုပ်ရလေသည်။ ထိုသို့ လုပ်ကိုင်ရသည်မှာ အားမလို အားမရ
ရှိသဖြင့် သူရိယ သတင်းစာတိုက်မှ ထွက်ခဲ့ပြန်လေသည်။
ထိုအခါ မြန်မာ့အလင်းကို စတင်တည်ထောင်သူ ဦးရွှေကြူးနှင့် တွေ့ပြန်ရာ ဦးရွှေကြူးလည်း ကျွန်ုပ်၏ တိုက်တွန်း
နှိုးဆော်ချက်အရ နေ့စဉ် သတင်းစာ တစ်စောင်ကို မြန်မာ့အလင်း အမည်ဖြင့် ထုတ်ဝေခဲ့လေသည်။ ကျွန်ုပ်သည်
သူရိယမှာ လုပ်စဉ်ကထက် စစ်ကြေးနန်း သတင်းများကို အထူးကြိုးစားကာ ကောင်းသည်ထက်ကောင်း၊
စုံသည်ထက်စုံအောင် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာတွင် ရေးသားလေသည်” ဟူ၍ ဖော်ပြခဲ့လေသည်။
၁၉၁၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ပထမ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားရာ ဦးရွှေကြူးသည် မြန်မာ့အလင်း
မဂ္ဂဇင်းကို မြန်မာ့အလင်း သတင်းစာ အဖြစ်သို့ ပြောင်းလဲကာ သြဂုတ်လ ၁၅ ရက်နေ့ ကစ၍ ရက်ခြား သတင်းစာ
အဖြစ် ထုတ်ဝေခဲ့လေသည်။
မြန်မာ့အလင်း သတင်းစာသည် စစ်သတင်းကို အကြောင်းပြု၍ အထူး တွင်ကျယ်ခဲ့လေသည်။ သို့သော်
၁၉၁၅ ခုနှစ် မတ်လထဲသို့ ရောက်လာရာ သတင်းစာထဲတွင် ပါရှိသော ကြောငြာ တစ်ပုဒ်ကြောင့် အာမခံငွေ
၅၀၀၀ ကျပ် တောင်းခံရလေသည်။ ထိုကြော်ငြာမှာ ပီမိုးနင်း၏ စာအုပ်တစ်အုပ် ထွက်မည့်နေ့ရက်ကို ရည်ညွှန်းခြင်း
ဖြစ်သည်ဟု ဆို၏။ သို့သော် ထိုသို့ ရှင်းပြချက်ကို ဆိုင်ရာတို့က လက်မခံ။ ထိုအချိန်က အိန္ဒိယ သမုဒ္ဒရာထဲတွင်
ဂျာမန်တို့၏ “အမ်မဒင်” စစ်သင်္ဘောကြီးက မွှေနှောက်လျှက် ရှိလေရာ ထိုနေ့တွင် တစုံတရာ ဖြစ်မည်လိုလို
အရိပ်အမြွတ် ဖော်ပြခြင်း ဖြစ်သည်ဟု ယူဆကာ မြန်မာ့အလင်း သတင်းစာကို အာမခံငွေ တောင်းဆိုခြင်း
ဖြစ်လေသည်။
ဦးရွှေကြူးသည် ထိုသို့ တောင်းဆိုသော အာမခံငွေကို မတင်ပဲ သတင်းစာ ထုတ်ဝေခြင်းကို ရပ်စဲလိုက်လေသည်။
ဤတွင် ပီမိုးနင်းသည် ပညာ့အလင်း မဂ္ဂဇင်းတိုက်သို့ ရောက်ရှိ သွားပြန်လေသည်။ (၁၉၁၈ ခုနှစ်တွင်
ပညာ့အလင်း မဂ္ဂဇင်းသည် ပညာအလင်း အမည်ဖြင့်ပင် နေ့စဉ် သတင်းစာ အဖြစ်သို့ တဆင့်တက်၍
သွားလေသည်။)
၁၉၁၆ ခုနှစ်တွင် ဦးရွှေကြူးသည် ကျောက်ပုံနိုပ်အတတ် သင်ရန်ဆိုကာ ဂျပန်နိုင်ငံသို့ ထွက်ခွာ သွားခဲ့သည်။
လမ်းတွင် ဆေးဂုံမြို့သို့ ဝင်ရောက်ကာ မြင်ကွန်း မင်းသားကြီးနှင့် တွေ့ဆုံ၍ မြန်မာ မင်းဆက်များ၏ လက်သို့
မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိရေးအတွက် ဆွေးနွေး တိုင်ပင်ခဲ့လေသည်။ ထိုအကြောင်းများကို အင်္ဂလိပ်
အစိုးရက ကြားသိရသောအခါ ဦးရွှေကြူးအား ရန်ကုန်သို့ ပြန်ပို့ရန် ဂျပန် အစိုးရထံ တောင်းဆိုခဲ့လေသည်။
ဦးရွှေကြူး ဂျပန်မှ ပြန်၍အလာတွင် ဆရာတော် ဦးဥတ္တမ၏ တိုက်တွန်းချက်အရ ဂျပန်သို့ သွားရောက်၍
ရက္ကန်းနှင့် ဆေးဆိုးပညာ သင်ကြား တတ်မြောက်ခဲ့သူ မန္တလေးမှ ဦးကိုကိုကြီး အမည်ရှိသူ တစ်ဦးလည်း
သင်္ဘောတစ်စီးထဲ ပါလာခဲ့လေသည်။
စင်္ကာပူသို့ ရောက်ကြသောအခါ အင်္ဂလိပ် အစိုးရက ဦးရွှေကြူးအား မြန်မာပြည်သို့ ပြန်လာခွင့် မပြုပဲ
ပြည်နှင်ဒဏ် ပေးလိုက်သဖြင့် ဦးရွှေကြူးသည် စင်္ကာပူတွင် ဆင်း၍ နေရစ်ခဲ့ရ လေသည်။ ထိုအခါ ဦးကိုကိုကြီးက
မိမိတွင် ပါလာသော ငွေသုံးထောင်ကို ဦးရွှေကြူးသုံးစွဲရန် ပေးခဲ့သဖြင့် ဦးရွှေကြူးကလည်း မိမိပိုင် မြန်မာ့အလင်း
သတင်းစာကို ဆက်လက် ထုတ်ဝေလိုက ထုတ်ဝေနိုင်ရန် မြန်မာ့အလင်း နာမည်သုံးခွင့်ပြုစာ (Good Will) ကို
လက်မှတ်ရေးထိုး ပေးလိုက်လေသည်။
၁၉၁၇ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဗြိတိသျှ ပါလီမန်၌ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မစ္စတာ
မွန်တေဂူက အိန္ဒိယအား တာဝန်ခံ အုပ်ချုပ်ရေး (ကိုယ်ပိုင် အုပ်ချုပ်ရေး) သို့ တစ်စတစ်စအားဖြင့်
တိုးတက်ပေးမည်ဟု ကြေငြာလေသည်။
ထိုအခါ မြန်မာများကလည်း အလားတူပင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရမည်ဟု မြှော်လင့်ခဲ့ကြသည်။
ဤအရေးကို ဝိုင်အမ်ဘီအေတွင် စဉ်းစားကြရာ လူကြီးဂိုဏ်းနှင့် လူငယ်ဂိုဏ်းတို့ သဘောကွဲကြ
လေသည်။ လူငယ်ပိုင်းက နိုင်ငံရေး လုပ်လိုကြသည်။ ကိုယ်ပိုင် အုပ်ချုပ်ရေး တောင်းဆိုရန်
လိုလားကြသည်။ လူကြီးများကမူ လူမှုရေး၊ ပညာရေးနှင့် ရာထူးခန့်ထားရေး ကိစ္စများလောက်သာ ဆောင်ရွက်လိုကြသည်။ သို့ဖြင့် ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်းတို့ ခေါင်းဆောင်သော လူကြီးများသည်
ဝိုင်အမ်ဘီအေမှ ထွက်၍သွားကြသည်။
ထို့နောက် မစ္စတာ မွန်တေဂူသည် အိန္ဒိယအား မည်သည့် အုပ်ချုပ်ရေးမျိုး ပေးသင့်သည်ကို စုံစမ်းရေးအတွက်
ဗိလပ်မှ အိန္ဒိယသို့ ရောက်ရှိလာရာ ဝိုင်အမ်ဘီအေ အသင်းဥက္ကဋ္ဌ ဦးဘေ၊ ဝတ်လုံတော်ရ ဦးမေအောင်၊
ဝတ်လုံတော်ရ ဦးစု (မန္တလေး) နှင့် ဦးဘဘေ (သူရိယ) တို့အား မစ္စတာ မွန်တေဂူနှင်ပ တွေ့ဆုံ၍ မြန်မာပြည်
အတွက် အရေးဆိုရန် ဝိုင်အမ်ဘီအေ အသင်းကြီးက ကိုယ်စားလှယ် စေလွှတ် လိုက်လေသည်။ ထိုကိုယ်စားလှယ်
အဖွဲ့သည် အိန္ဒိယပြည် ကာလကတ္တားမြို့တွင် မွန်တေဂူနှင့် တွေ့ခွင့် ရကြပြီး မြန်မာနှင့် ကုလားသည် ထုံးတမ်း
ဓလေ့စကား အယူဝါဒ အားလုံး ကွဲသည်။ အိန္ဒိယကို ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးသည့်အခါ ကုလားအောက်တွင်
မြန်မာကို ထားလျှင် မြန်မာတွေ နစ်နာမည်၊ ထို့ကြောင့် အိန္ဒိယနှင့် မြန်မာပြည်ကို ခွဲပေးပါ၊ သီးခြား အုပ်ချုပ်ရေး
ပေးပါဟု ပြောခဲ့ကြသည်။
၁၉၁၈ ခုနှစ်တွင် မွန်တေဂူ ချမ်းစဖို့ဒ် အစီရင်ခံစာ ထွက်ပေါ်လာရာ ထိုအစီရင်ခံစာတွင် “မြန်မာပြည်သည် အိန္ဒိယ
မဟုတ်၊ မြန်မာပြည်နှင့် သင့်တော်သည့် အုပ်ချုပ်ရေးအတွက် တသီးတခြား စဉ်းစားရမည်” ဟု ဖော်ပြပါရှိ
လာလေသည်။ ဤအစီရင်ခံစာအရ မြန်မာပြည်အတွက် သင့်လျော်သော အုပ်ချုပ်ရေးကို ရေးဆွဲပေးရန် ဗိလပ်
အစိုးရက မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျင်နယ် ကရက်ဒေါက်ကို တာဝန် လွှဲလိုက်လေသည်။
ကရက်ဒေါက် ရေးဆွဲလိုက်သည့် အုပ်ချုပ်ရေးမှာ လွန်စွာ ညံ့ဖျင်းလှသည့်ပြင် မြန်မာတစ်မျိုးလုံး၏
စွမ်းရည် သတ္တိနှင့် အကျင့်စာရိတ္တကို ထိခိုက်ရှုတ်ချ ရေးသားချက်များ ပါဝင်နေသဖြင့် ဦးဘဘေက
သူရိယ သတင်းစာမှ နေ၍ အပြင်းအထန် ကန့်ကွက် ရေးသားရာ တစ်ပြည်လုံး ဆူပွက်လာသည်။
စည်းဝေး ကန့်ကွက်ပွဲတွေ လုပ်ကြသည်။ ထိုအချိန်မှစ၍ နိုင်ငံရေး နိုးကြားမှုများ တက်ကြွလာသည်။ ဝိုင်အမ်ဘီအေလည်း ဂျီစီဘီအေ (နိုင်ငံလုံးဆိုင်ရာ မြန်မာ အသင်းချုပ်ကြီး) ဖြစ်လာသည်။
ပထမ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် အိန္ဒိယပြည်ကို တာဝန်ခံ အုပ်ချုပ်ရေးပေးရန် “၁၉၁၉ ခုနှစ် အိန္ဒိယပြည်
အက်ဥပဒေ” ကို ထုတ်ပြန်သည့်အခါ မြန်မာပြည်နှင့် မဆိုင်ဟုဆိုကာ မြန်မာပြည် အရေးကို ခြွင်းချန် ထားခဲ့သည်။
သို့ဖြစ်၍ မြန်မာ့ အရေးကိစ္စကို အင်္ဂလန်သို့ သွားရောက် အရေးဆိုရန် ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ ပါဝင်သော
ကိုယ်စားလှယ် အဖွဲ့ကို ဗိလတ်သို့ စေလွှတ် ခဲ့လေသည်။
ထို ဘေ-ပု-ရှိန် အဖွဲ့ ဗိလတ်သို့သွားရန် ပြင်ဆင်နေစဉ်မှာပင် မြန်မာ့အလင်း သတင်းစာ ထွက်ပေါ်
လာသည်။ ဦးရွှေကြူးထံမှ မြန်မာ့အလင်း သတင်းစာကို ဆက်ခံ ထုတ်ဝေခွင့် ရရှိထားသော မန္တလေး
ဦးကိုကိုကြီးသည် မြန်မာ့အလင်း သတင်းစာ ပြန်လည်ထုတ်ဝေရန် စီစဉ်သည့်အခါ အင်္ဂလိပ် အစိုးရက
မြန်မာ့အလင်းထံမှ ယခင်က တောင်းဆိုထားခဲ့သော အာမခံငွေ ၅၀၀၀ ကျပ်တင်မှ ထိုနာမည်ဖြင့်
ထုတ်ဝေခွင့်ပြုမည် ဆိုသည့်အတွက် “မြန်မာ့အလင်း သတင်းစာသစ်” ဟူသော အမည်ဖြင့် ၁၉၁၉ ခု၊
မေလ ၁ ရက်နေ့ကစ၍ ရက်ခြား ထုတ်ဝေခဲ့ လေသည်။ ထိုနောက် ဇူလိုင်လ ၁ ရက်နေ့ကစ၍ နေ့စဉ်
သတင်းစာ ဖြစ်လာသည်။ နောင်အခါတွင် မြန်မာ့အလင်း သတင်းစာသစ် ဟူသော အမည်မှ “သစ်”
ဟူသော စကားလုံးကို မသိမသာ ဖြုတ်ပစ်လိုက်သည်။ အင်္ဂလိပ် အခေါ်အဝေါ်ကို မူကား ရှိယင်းစွဲ
အတိုင်း ထားခဲ့သည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန်တို့အဖွဲ့ ဗိလတ်သို့ ထွက်ခွာ သွားကြသည်။ ထိုအချိန်တွင်
ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီဖြစ်၍ စစ်သတင်းများ၏ နေရာတွင် ဝိုင်အမ်ဘီအေ၏ လှုပ်ရှားမှု သတင်းများ
ဖြစ်သော ဘေ-ပု-ရှိန် ဗိလတ်သွား သတင်းများက ဝင်ရောက် လာကြသည်။ ယင်းသို့ ပြည်သူတို့ဘက်မှ မားမား
မတ်မတ် ရပ်တည်ကြသော သတင်းစာများ ရှိလာကြသည့် အတွက် မြန်မာ လူငယ်တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှု
တို့ကို တိုင်းပြည်က သိလာ ကြရသည်။ ပြည်သူတို့၏ နိုင်ငံရေး နိုးကြားမှုမှာလည်း ပို၍ပို၍ တိုးတက် မြင့်မား
လာသည်။
သို့ရာတွင် ပညာ့အလင်း သတင်းစာက ဝိုင်အမ်ဘီအေမှ ခွဲထွက် သွားကြသော လူကြီးများဘက်မှ နေ၍
ရေးသားကာ ဘေ-ပု-ရှိန် တို့၏ ကြိုးပမ်းမှုများကို ပြစ်တင် ဝေဖန် ရေးသားခဲ့ကြသည်။ ထိုသို့
သတင်းစာ များသည် နိုင်ငံရေးအရ ဘက်လိုက် ရေးသား ခဲ့ကြရာက စီးပွားရေးအရ၄င်း၊ ပုဂ္ဂိုလ်ရေး
အရ၄င်း တစ်စောင်နှင့် တစ်စောင် တိုက်ခိုက်မှုများကိုပါ ပြုလုပ် လာကြလေသည်။ သို့နှင့်
မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ ဆရာသင်က ပညာ့အလင်း သတင်းစာ အယ်ဒီတာချုပ်
ဖြစ်သော လယ်တီပဏ္ဍိတ ဦးမောင်ကြီးအား သိက္ခာ ကျအောင် ရေးသားမှုအတွက် ဆရာသင်ကို
ကြေးစား လူသတ်သမား တစ်ဦးက ဓားဖြင့် ထိုးသတ်မှုကြီးတစ်ခု ဖြစ်ပေါ် ခဲ့ရလေသည်။
ယင်းလူသတ်မှုကြီးမှာ သတင်းစာသမိုင်းတွင် အယ်ဒီတာတစ်ဦး ပထမဦးဆုံး အသတ်ခံရမှု
ဖြစ်လေသည်။
(ဆရာသင်နှင့် ဦးမောင်ကြီးတို့သည် မူလက ဦးရွှေကြူး၏ မြန်မာ့အလင်းတွင် အတူတကွ လုပ်ဖော် ကိုင်ဖက်များ
ဖြစ်ခဲ့ကြသည်။ မြန်မာ့အလင်းကို ဦးရွှေကြူးက ရပ်စဲလိုက် ပြီးသည့်နောက် ဦးမောင်ကြီးသည် ပညာ့အလင်းသို့
ရောက်သွားသည်။ ဆရာသင်ကို ဦးမောင်ကြီးက ခေါ်၍ မသုံးသဖြင့် ဆရာသင် မန္တလေးသို့ ပြန်သွားရသည်။
ဦးကိုကိုကြီးက မြန်မာ့အလင်း သတင်းစာသစ်ကို ထုတ်ဝေသည့် အခါမှ အယ်ဒီတာ အဖြစ်ဖြင့် ဆရာသင်
မြန်မာ့အလင်းသို့ပြန်၍ ရောက်လာသည်။ ရောက်ပြီး လေးလခွဲခန့်မျှ အကြာတွင် ဆရာသင် အသတ်ခံရ
လေသည်။)
ဆရာသင် အသတ်ခံရမှု ဖြစ်ပွားနေချိန်တွင် ဘေပုရှိန်တို့ ဗိလတ်တွင် ရှိနေကြသလို ၁၉၂၀ ခုနှစ် ယူနီဘာစီတီ
ကောလိပ်သပိတ်ကြီး ဖြစ်ပေါ် နေစဉ်ကလည်း ဦးဘဘေ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗိလတ်သို့
ရောက်ရှိ နေလေသည်။ ဤအကြိမ်တွင် ဦးထွန်းရှိန် မပါတော့ချေ။ ဦးထွန်းရှိန် အနိစ္စ ရောက်ရှိသွားခဲ့သဖြင့်
သူ့အစား ဝတ်လုံတော်ရ ဦးသိမ်းမောင် လိုက်ပါ သွားရလေသည်။
ဘေပုရှိန် ကိုယ်စားလှယ် အဖွဲ့သည် ဗိလတ်သို့ ရောက်ရှိသွားစဉ်က ထိုအဖွဲ့သည် ဗြိတိသျှ အစိုးရက
ဖိတ်ခေါ်သည့်အဖွဲ့ မဟုတ်သဖြင့် မြန်မာ့အရေး ကိစ္စကို လက်ခံ နားထော်မည့်သူ မရှိခဲ့သလို၊ ဒုတိယ
အကြိမ် ကိုယ်စားလှယ်အဖွဲ့ သွားရောက် ရာမှာလည်း မည်သို့ပင် ကြိုးစားကြ စေကာမူ အရေးမလှပဲ
ရှိနေခဲ့သည်။ နောင်မှ လန်ဒန်တိုင်း သတင်းစာကြီး၏ အကူအညီ ရရှိပြီး မြန်မာ့အရေး ကိစ္စကို
ထိုသတင်းစာကြီးမှ နေ၍ ဖော်ထုတ် တင်ပြနိုင်ခွင့် ရခဲ့လေသည်။ ထိုသို့ လန်ဒန်တိုင်းက ရေးသား
လိုက်တော့မှ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန် မစ္စတာ မွန်တေဂူက မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို
ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံတော်၏ ကိစ္စကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက် ပေးပါမည်။ သတင်းစာတိုက်များကို သွား၍ မဆွပါနှင့်ဟု ပြောဆို မေတ္တာရပ်ခံ လေသည်။ ထိုသို့ မစ္စတာ
မွန်တေဂူ ကတိပေးလိုက်သည့် အတိုင်း ရက်သတ္တ နှစ်ပတ်မျှ အကြာတွင် မြန်မာပြည်အား အိန္ဒိယနှင့်
တန်းတူ တာဝန်ခံ အုပ်ချုပ်ရေး ပေးရန် သဘောတူလိုက်ပြီဟု ဗြိတိသျှ အစိုးရက ထုတ်ပြန် ကြေငြာ
ခဲ့လေသည်။ ဤသို့အားဖြင့် သတင်းစာသည် နိုင်ငံရေး အပေါ်တွင် မည်မျှ သြဇာ လွှမ်းမိုးမှု ရှိသည်ကို
သိသာ နိုင်ပေသည်။ အထူးသဖြင့် အနောက် ဒီမိုကရေစီ နိုင်ငံများတွင် ပို၍ ထင်ရှားလေသည်။
ဦးဘဘေတို့သည် မိမိတို့ အရေးဆိုခဲ့သည့် ကိစ္စ အောင်မြင်ပြီဟူ၍ ဝမ်းမြောက် ဝမ်းသာဖြင့် ပြန်၍
လာခဲ့ကြရာ ရန်ကုန် ရောက်သည့်အခါ သာယာဝတီ ဦးပု စသူတို့က ဒိုင်အာခီ အုပ်ချုပ်ရေးကို အလိုမရှိ။
ဟုမ္မရူး ရမှယူမည်။ အိန္ဒိယတွင် မဟတ္တမဂန္ဒီတို့က သူတို့အားပေးသော အုပ်ချုပ်ရေးကို သပိတ်မှောက်
နေကြသည်ဟု ဆိုကာ တစခန်း ထကြလေသည်။ သို့အားဖြင့် ၁၉၂၁ ခုနှစ် ၊ အောက်တိုဘာလတွင်
မန္တလေး၌ ကျင်းပသော ဂျီစီဘီအေ နဝမမြောက် ကွန်ဖရင့်ကြီး အပြီးတွင် ဦးဘဘေ ပါဝင်သော
၂၁ ဦး ဂျီစီဘီအေနှင် လှိုင်ပုကျော် ဂျီစီဘီအေဟူ၍ မြန်မာ အသင်းချုပ်ကြီး နှစ်ဂိုဏ်း
ကွဲလေတော့သည်။
ဆက်ရန် ...

0 comments:
Post a Comment