Saturday, December 3, 2011

ဆရာအောင်သင်းနှင့် တွေ့ဆုံခွင့်ရခဲ့ခြင်း (၃)

by May Thingyan Hein on Saturday, December 3, 2011 at 2:10pm
မေသင်္ကြန်ဟိန်(မြစ်မခ)
ဒီဇင်ဘာ ၃၊ ရန်ကုန်မြို့။

ဆရာနဲ့စကားပြောနေတုန်း ဆရာ့ဆီကို စာပေဟောပြောပွဲလာဖိတ်တဲ့ လူငယ်တစုရောက်လာခဲ့ပါတယ်။ ကျမနဲ့ အတူလိုက်လာပြီး ဓါတ်ပုံရိုက်ပေးတဲ့ ထွန်းနေအောင်နဲ့ ကျမ ဆရာ့နားကနေ ၀ါရံတာဆီကို ထွက်လာခဲ့ပါတယ်။

ဆရာ့အိမ်အပေါ်ထပ်  ၀ါရံတာကနေ လှမ်းကြည့်လိုက်ရင် အထပ်မြင့်တိုက် ၄ ကားလုံးကို လှမ်းမြင်နေရသလို၊ ကောင်းကင်ပြာပြာနဲ့ သစ်ပင်စိမ်းစိမ်းအုပ်အုပ်တွေကိုလည်း လှမ်းမြင်နေရပါတယ်။  ဆရာနေတဲ့ စမ်းချောင်းမှာသစ်ပင်အချို့နဲ့ ကျေးငှက်အချို့ကို တွေ့မြင်ခွင့်ရနေသေးတာ ကံကောင်းတာပဲလို့လည်း တဆက်တည်းတွေးမိပါတယ်။


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်တိုင်း  တည်းခိုတဲ့ဟိုတယ်ကနေ   အပြင်ကိုလှမ်းကြည့်တဲ့အခါတိုင်း သစ်ပင်မရှိ၊ ကျေးငှက်မရှိဘဲ  အထပ်မြင့် အဆောက်အဦးတွေနဲ့ မိုးကောင်းကင်ပဲမြင်နေရလို့ စိတ်မွန်းကြပ်ခဲ့ဖူးတယ်။

ကျမက နံနက်ခင်း မိုးလင်းလို့ ပြတင်းပေါက်ဖွင့်လိုက်ရင် သစ်ပင်စိမ်းစိမ်းတွေနဲ့အဲဒီသစ်ပင်လေးတွေမှာ နေထိုင်ကျက်စားကြတဲ့ ကျေးငှက်ကလေးတွေကို မြင်လိုက်ရတဲ့အခါ ခံစားရတဲ့ အေးချမ်းမှုမျိုးကို နှစ်သက်သူ ဖြစ်ပါတယ်။ အဲဒါကြေင့် ၀ရံတာတွေနဲ့ပြတင်းပေါက်တွေကို ချစ်တဲ့သူလည်းဖြစ်ပါတယ်။

ကျမတို့ တိုင်းပြည်လည်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာရင်  ထိုင်းနိုင်ငံ၊ ဘန်ကောက်လို သစ်ပင်မရှိ၊ ကျေးငှက်တကောင်တလေမှ မမြင်တွေ့ရတဲ့ မြို့ပြမျိုးဖြစ်လာမှာကိုတော့ ကျမ စိတ်ပူမိတာ အမှန်ပါဘဲ။
စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့  ကျမတို့ တကယ်လဲယူရမဲ့ အရာတွေ ရှိနေတယ်လို့လည်း နားလည်ထားပါတယ်။

အဲဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ  သတင်းသမားတဦးက အန်တီ့ကို မေးဖူးတယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို သွားတက်ခဲ့တုန်းက ဘာဖြစ်လို့ သွားတက်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းထင်ပါတယ်။ မေးခွန်းကိုတော့ ကျမ သေချာမမှတ်မိလိုက်ပါဘူး။
ဒါပေမဲ့ အန်တီ့ရဲ့ အဖြေကိုတော့ ကောင်းကောင်းမှတ်မိနေခဲ့တယ်။ အန်တီ ဖြေခဲ့တာက တိုင်းပြည်နဲ့သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိဘဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို စဉ်းစားကြည့်နိုင်ဖို့အတွက် သွားတက်ခဲ့တာလို့ ဖြေခဲ့ပါတယ်။

အဲဒီအဖြေလေးကိုလည်း ကျမ သတိရမိသွားလို့ပါ။ ခုတော့ ဆရာ့အိမ် ၀ါရံတာလေးကနေ သစ်ပင်စိမ်းစိမ်းတွေ၊ အိမ်ခေါင်မိုးတွေ၊ ငှက်ကလေးတွေနဲ့ ကြည်နှူးနှစ်သက်ဖွယ်ကောင်းပါတယ်။

အဲဒီအချိန်မှာပဲ ဆရာ့ကို စာပေဟောပြောပွဲလာဖိတ်တဲ့ လူငယ်လေးတွေ ပြန်ဖို့ နှုတ်ဆက်သံကို ကြားရပါတယ်။

ဆရာ့နားကို ပြန်ရောက်တော့ ဆရာက ဟောပြောပွဲတွေ လက်ခံထားကြောင်း အရင်ကထက်ပိုပြီး ဟောပြောပွဲတွေ နေရာတိုင်းမှာ ပြုလုပ်လာကြတာ ကောင်းကြောင်း၊ ဟောပြောပွဲလုပ်တဲ့အခွေတွေကိုလည်း လမ်းဘေးက ဆိုင်တွေမှာ ရောင်းကြတာ ရောင်းကောင်းတယ်လို့ ပြောကြကြောင်း၊ လူတွေက စာပေဟောပြောပွဲတွေ လာရောက်နားထောင်ကြတဲ့အပြင် စာပေဟောပြောပွဲ ဗီစီဒီအခွေတွေကိုလည်း ၀ယ်ယူနားထောင်ကြတဲ့အတွက် ၀မ်းသာမိကြောင်း၊ဒါ့အပြင် ယခုခေတ် လူငယ်တွေကလည်း အားတက်သရော်နဲ့ လုပ်ဆောင်နေကြတာမြင်ရတော့စိတ်အားတက်ကြောင်းတွေ ပြောပါတယ်။

` လူငယ်ဆိုတာ ၁၅နှစ်ကနေ ၃၀ လောက်ထိကို လူငယ်လိုတွက်လို့ရတယ် ၃၀ ကျော်သွားရင် လူငယ်စရင်းသွင်းလို့မရတော့ဘူး သူကလူကြီးပိုင်းရောက်သွားပြီ လူငယ်တွေက အစောကပြောတဲ့ ဒီဘက်ပိုင်းမှာမွေးတဲ့ ၁၅နှစ် ၂၀-၂၅ လောက်က ကြားထဲမှာအဲဒီလူလောက်က တော်တော်လေးတိုးတက်တယ်။

သူတို့ လုပ်နိုင်တာလေးတွေကို အားတက်သရော် လုပ်ကြပါတယ်။ ဒါပေမယ့် သူတို့ဘာဖြစ်နေလည်းဆိုတော့ ပညာပိုင်းမှာနိမ့်ကျသွားတယ် အဲအပိုင်းမှာ အောင်အောင်မြင်မြင်မဖြစ်ဘူး။ တော်တော်လေးအဆင့်အတန်းနိမ့်သွားတယ် သူတို့ရဲ့ အသိဥဏ် အဆင့်အတန်းကရောနိမ့်သွားတယ် အဲကြားထဲမှာမှ ကျောင်းတွေရဲ့ တက္ကသိုလ်တွေရဲ့ အနေအထားတွေက ပြောင်းသွာတော့ သင်ရိုးညွန်းတန်းတွေက ပြောင်းသွားတဲ့အခါကျတော့ ပညာအရေအချင်းနိမ့်သွားတယ်လို့ ဆရာကတော့ မြင်မိပါတယ်။

နိမ့်သွားတဲ့အခါကြတော့ သူတို့ကိုသူတို့အားမရဘူး အားမရတဲ့အခါကြတော့ လူငယ်တွေဘာဖြစ်လာကြ လည်းဆိုတော့ အလုပ်ရှာဖို့ရဖို့အတွက်နိုင်ငံခြားကိုထွက်ဖို့စိတ်ကူးကြတယ်။ အဲလိုစိတ်ကူးကြတော့ မြန်မာပြည်မှာ အစိုးရကပညာရေးနဲ့ပတ်သက်လို့ ပုဂ္ဂိုလိက တက္ကသိုလ်တွေဘာတွေပေးမယ်ဘာတို့ဖြစ်လို့  ဥပမာ စင်ကာပူတို့ဘာတို့ကလာဖွင့်တဲ့ သူတိုက ဗမာပြည်မှာရှိတဲ့ကျောင်းတွေထက် သိပ်စိတ်အားထက်သန်လာတယ် အဲလိုဖြစ်သွားတော့ ပြောရရင် အသက်၁၅နှစ်ကနေ ၂၅-၃၀ လောက်လူငယ်တွေဟာ သူတို့ကိုကိုယ်သူတို့ကိုပညာကိုအားမရဘူးဖြစ်လာတယ် အဲဒါအခုလက်ရှိအနေအထားပဲ`လို့ ဆရာက ပြောတယ်။

ဆရာက ကျမတို့တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို အားမလိုအားမရ ဖြစ်နေမိတယ်။ ကျောင်းဆရာတယောက်ရဲ့ စေတနာနဲ့ တိုင်းပြည်က လူငယ်တွေကို ခုထက်ပိုပြီး အဆင့်မြင့်ပညာတွေ တတ်မြောက်စေချင်တယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေ ပညာတတ်ဖို့ အရေးကြီးတယ်ဆိုတာကို ဆရာက ပင်ပန်နေတယ်လို့ ကျမလည်း ခံစားနားလည်မိပါတယ်။

ယနေ့လူငယ်တွေနဲ့ပတ်သက်ပြီး ဆရာက ဆက်ပြောပါတယ်။

` များသောအားဖြင့် နိုင်ငံခြားကိုထွက်ဖို့စဉ်းစားနေကြတာလေနိုင်ငံခြားမှာအလုပ်ရဖို့ အလွယ်တကူပြောရရင် မလေးရှားတို့ စင်ကာပူတို့ ဒူဘိုင်း တို့ အဲလိုနေရာမျိုးတွေမှာ အလုပ်ရဖို့ အတွက်ကိုစိတ်အားထက်သန်လာကြတယ် အဲအခါကြတော့ ဗမာပြည်မှာ မျှော်လင့်ချက်ကင်းမဲ့တဲ့ ဘ၀နဲ့ရင်ဆိုင်နေရတယ်လို့ ခံစားမိပါတယ်`လို့ ဆရာက ပြောတယ်။
ဆရာ့စကားနဲ့အတူ ကျမလည်းစိတ်မကောင်းဖြစ်ရပါတယ်။ ကျမတို့ တိုင်းပြည်က လူငယ်အချို့တွေမှာ အနာဂတ်မျှော်လင့်ချက်က ပျောက်ဆုံးသွားတဲ့ ကိစ္စပါ။ အထူးသဖြင့် နယ်က ကလေးတွေက ရန်ကုန်က ကလေးတွေထက်ပိုဆိုးပါတယ်။

ကျမတို့ နယ်တွေကို သတင်းကိစ္စအတွက် ခရီးထွက်တိုင်း တွေ့မြင်ရတာက နယ်ကလူငယ်တွေက မလေးရှားထွက်ပြိး အလုပ်လုပ်ခွင့်ရဖို့က သူတို့ အိမ်မက်ဖြစ်နေတယ်။မိဘရဲ့ လယ်ယာမြေတွေကို ပေါင်နှံရောင်းချ၊ ဖိုးဖွားပိုင်အိမ်တွေကို ရောင်းချပြီး သူများနိုင်ငံမှာသွားပြီး အလုပ်ကြမ်းလုပ်ရဖို့က သူတို့ရဲ့ အိပ်မက်လို့ သိရတာ စိတ်မကောင်းဖြစ်မိတယ်။ နယ်မှာ လယ်တွေ ကို လုပ်ကိုင်ကြမဲ့ အားကိုးလောက်တဲ့ သားတွေ မရှိတော့လို အရွယ်ကောင်းမိန်းမတွေ လယ်ထဲဆင်းပြီး လယ်ထွန်နေတယ်ဆိုတာတွေက တကယ့်အဖြစ်အပျက်တွေ ဖြစ်နေမှန်းသိရပါတယ်။

အဲဒီအကြောင်းတွေသာ ဆက်ပြောမိရင် ကျမ စီစဉ်လာတဲ့ မေးခွန်းတွေနဲ့ ဦးတည်ချက်လွဲသွားမှာပဲ လို့ သတိပြုမိပြီး ဆရာ့ကို မေးခွန်းတွေပြန်စမေးမိပါတယ်။

`ဆရာ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်လာတဲ့အခါမှာ အရေးကြီးဆုံး ဘာတွေ လိုအပ်တယ်လို့မြင်ပါသလဲ၊ ဆရာ့အမြင်ကို သိပါရစေ`လို့ ကျမက မေးပါတယ်။

`ပထမဆုံး ဒီမိုကရေစီရလို့ရှိရင် တိုင်းပြည်တိုးတက်ဖို့အရေးကြီးဆုံးက စီးပွားရေးခေါင်းဆောင်တွေလိုတယ်။ တကယ်ကို စီးပွားရေးနဲ့ပတ်သတ်ပြီး လုပ်ကိုင်တတ်တဲ့ ကျွန်းကျင်တဲ့သူတွေလိုတယ်။အဲဒီထဲမှာမှ သံယံဇာတ နဲ့ထုတ်ယူပြီး ပြန်အသုံးချတတ်တဲ့ အတတ်ပညာရှင်တွေလိုတယ်။ အဲဒီအတတ်ပညာရှင်တွေ ကိုယ်ပြည်မှာ မရှိ ရင်တောင်မှနိုင်ငံခြားကငှားယူရမယ်။ ပြည်တော်သာစီမံကိန်းတွေက မြန်မာပြည်ကဆွဲတာမဟုတ်ဘူး။နိုင်ငံခြား စီးပွားရေးပညာရှင်တွေငှားပြီး သူတို့နဲ့ပူပေါင်းပြီးဆွဲတာ အဲဒီကျရင် သယံဇာတသုံးဖို့အတွက်ကို အတတ်ပညာရှင်သုံးဖို့အတွက်ကို ပိုက်ဆံနှမျောလို့မရဘူး။ ဈေးကြီးပေးပြီးငှား တန် ငှားပေးရမယ်။ အဲဒီအတွက် စီမံကိန်းတွေဆွဲရ မယ်။ အဲလိုမလုပ်လို့ရှိရင်တော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့က နောက်ကျမှာပဲ နှေးမှာပဲ မြန်ချင်ရင်တော့ အဲလိုသွားရမှာလို့ မြင်တယ်။ ဗမာပြည်က အတတ်ပညာရှင်တွေ ပညာတတ်လူငယ်တွေ တော်တော်များများ နိုင်ငံခြားမှာသွားအလုပ်လုပ်ကြတယ်။ သူတို့တွေပြန်လာချင်အောင် မြှေက်စားရမယ်။  သူတို့နိုင်ငံခြားကနေ ရလာတဲ့ အတွေ့အကြုံတွေနဲ့ပညာတွေနဲ့ ထိုက်တန်တဲ့အခြေအနေမျိုး ဆောင်ရွက်ပေးရမယ်။ သူတို့တွေရဲ့ အင်အားလည်း တိုင်းပြည်အတွက် လိုအပ်ပါတယ်။ အဲဒီလိုတွေ လုပ်မှတိုင်းပြည်တိုးတက်လာမယ်။စီးပွားရေးဖွံ့ဖြိုးလာမယ်။

`ဆရာ အစိုးရသစ်တက်လာချိန်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ပြောဆိုလာတာတွေကို ကြားခဲ့ရပါတယ်။ အဲဒီအပေါ်မှာကော ဆရာဘယ်လိုမြင်မိပါသလဲရှင့်`

` ဒါကမသဲကွဲသေးဘူး နိုင်ငံခြားရောက်နေတဲ့သူတွေလို့ ပြောလိုက်တာပဲရှိတယ် နိုင်ငံရေးပြစ်မူကြောင့်ရောက်သွားတဲ့ သူတွေရှိတယ်။ ပြည်ပမှာသွားပြီးတော့ ဒီမှာကိုလုပ်စရာမရှိလို့ ပြည်ပမှာသွားပြီးတော့ အလုပ်လုပ်တာရှိတယ် ။ အဲတော့ ပြည်ပရောက်နေတဲ့ သူတွေပြန်လာစေချင်ရင် ပြည်ပရောက်သူတွေထဲက ဘယ်လိုအမျိုးအစားလဲဆိုတာကို မသဲကွဲသေးဘူး။ နိုင်ငံရေးပြစ်မူနဲ့ ဆူပူလူပ်ရှားမူ ၈၈ ပါခဲ့လို့ စသည်အားဖြင့် နိုင်ငံခြားကို ဥပဒေနဲ့အညီ ထွက်တာမဟုတ်ပဲနဲ့ အောက်လမ်းကနေ ထွက်သွားတဲ့သူတွေရှိတယ်။ အဲဒီတော့ ပြန်လာပြီးနေစေချင်ပါတယ်ဆိုတာထက် ဘယ်လိုလူမျိုးတွေလဲဆိုတာ သိဖို့လိုပါတယ်။ သဲသဲကွဲကွဲ ပြောဖို့ လိုပါတယ်`

`ဆရာ တခု ထပ်ပြီးတော့ မေးပါရစေ ၂၀၁၁ခုနှစ် အရပ်သားအစိုးရသစ်လက်ထက်မှာ ပြောင်းလဲမှု အချို့ကို တွေ့မြင်လာရပါတယ်။ အချို့ပြောင်းလဲမှုတွေ ကျတော့လည်း နှေးကွေးနေတာ မြင်နေရပါတယ်။ ဆရာ့အမြင်မှာရော ဘယ်လို ရှိနေပါသလဲရှင့် သိပါရစေဆရာ`

`အဲဒါက ကောင်းတဲ့အနေအထားဖြစ်ဖို့ အတွက်အလားရှိတယ်လိုထင်ပါတယ်။ တစ်ချို့အပိုင်းတွေကတော့ လုပ်တာမှန်တယ် ။ တော်တော်များများလည်းပြောင်းလဲပါတယ် ။ ကောင်းလဲကောင်းတယ် အခုအပြောင်းအလဲက ။ လုပ်ကိုလုပ်ရမယ့် အပြောင်းအလဲတွေ ရှိတယ် အဲဒါတွေကို ပြောင်းလဲမှာပဲ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိပြောင်းလဲမယ်ဆိုတာ မသိရသေးဘူး `

`မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ ဒီမိုကရေစီနိုင်ငံရဲ့ ပညာရေးစနစ်ဖြစ်လာအောင် ဘယ်လိုပြောင်းလဲ ဆောင်ရွက်သင့်တယ်လို့ မြင်မိပါသလဲဆရာ`

`တက္ကသိုလ်တွေက သီးခြားရှိရမယ်။ လွတ်လပ်ခွင့်ရှိရမယ်။ ၀န်ကြီးဌာန လက်အောက်မှာ မဖြစ်သင့်ဘူး။
သမိုင်းကြောင်းကိုပြန်ပြောရရင် ရန်ကုန်တက္ကသိုလ်ဆိုကြပါစို့ ရန်ကုန်တက္ကသိုလ်ရဲ့အောက်မှာကော်လိပ် ဂျက်တွေလည်းရှိတယ် အဲအခါကြတော့ဗမာပြည်ရဲ့ပညာရေးကိုကြည့်ရင် နိုင်ငံခြားက တော်တဲ့ ပါမောက္ခတွေကိုခေါ်တယ် ။  နောက်ပြီးတော့ ဗမာပြည်ကနေသွားပြီးတော့ ပါမောက္ခလုပ်နိုင်တဲ့သူတွေကို ပညာတော်သင်လွှတ်တယ် တကယ်တော်တဲ့ပါမောက္ခတွေရှိတယ် ။သူတို့ရဲအကြံဥာဏ်ကို အစိုးရကယူတယ် တက္ကသိုလ်ဆိုတာဟာ အစိုးရလက်အောက်ခံမဟုတ်ဘူး ။ ပညာရေးလက်အောက်ခံ ၀န်ကြီးဌာနလက်အောက်ခံမဟုတ်ဘူး ။ တက္ကသိုလ်မှာ အုပ်ချုပ်ရေးနဲပတ်သက်လို့ ကောင်စီရှိတယ်။ ပညာရေးနဲ့ပတ်သတ်လို့ စည်းနစ်ဆိုတဲ့ ဥပဒေရှိတယ် ။သူတို့လူတွေလုပ်ကြတဲ့အခါမှာ အဲဒီ ဥပဒေကို ပညာရေးဝန်ကြီးဌာနကဖြစ်စေ ဘုရင်ခံကဖြစ်စေ သို့မဟုတ် ၀န်ကြီးချုပ်ကဖြစ်စေ ဘာမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိဘူး။ အဲဒီတော့ တက္ကသိုလ်ရဲ့ ပညာရေးကို ကိုယ်တက္ကသိုလ်နဲ့ကိုယ် သီးခြားထားတာက ပိုကောင်းတယ်။ အဲဒီလိုလုပ်မှလည်း တိုးတက်နိုင်ဖို့အခြေအနေရှိတယ်`
ရှေ့ဆက်ပါမည်။

မိတ်ဆွေများရှင့် ယခုရက်ပိုင်းအတွင်း သတင်းလုပ်ငန်းအတွက် အချိန်ပိုပေးနေရတဲ့အတွက် ကျမမှာ မိတ်ဆွေတို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်နေတဲ့ ဆောင်းပါးနှင့် အင်တာဗျူးဆောင်းပါးတွေကို တာဝန်မကျေနိုင် ဖြစ်နေရပါတယ်။ အဲဒီလို ဖြစ်နေတဲ့အတွက် ဆရာနဲ့အင်တာဗျူးဆောင်းပါးကို စောင့်မျှော်နေတဲ့ မိတ်ဆွေများကို တောင်းပန်ပါတယ်။
လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

ဆရာ့ အိမ် ၀ရံတာကနေ လှမ်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...