Sunday, December 4, 2011

ကိုယ့်လမ်းကိုယ်သွားဦးကျော်သူ (၂)

by Kyaw Thu on Saturday, December 3, 2011 at 8:52pm



(ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံဂစ္ဆာမိတွေဖြင့် ကန်တော့)

၂၈.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း၃၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော်ကြီးဦးစီး၍ နေ့စဉ်နံနက်တိုင်း ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရားမျက်နှာတော်သစ်ပေးခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအားပူဇော်ဆက် ကပ်လှူဒါန်းခြင်းစသည့် ကောင်းမှုကုသိုလ်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ စုပေါင်းကုသိုလ်ပြုခဲ့ကြကာဆရာတော်ကြီးအားဦးခိုက်၍ ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။
အပြန်လမ်းခရီးပေါ်တွင်အင်းမနာရေးကူညီမှုအသင်းကိုလည်း ၀င်ရောက်လေ့လာ အားပေးဖြစ်ခဲ့သည်။
ထို့နောက် သာယာဝတီမြို့ “ငြိမ်းချမ်းရေးကုသိုလ်ဖြစ်ဆေးခန်းနှင့် နာရေးကူညီမှုအသင်း”သို့ ၀င်ရောက် လေ့လာခဲ့ပြီးနောက် ဆရာစံကျဆုံးခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် ကျင်းပရာသီရိမင်္ဂလာကျောင်းတိုက် သို့ ၀င်ရောက်ဖြစ်ခဲ့သည်။ သီရိမင်္ဂလာကျောင်းတိုက်သို့ ၀င်ရောက်ရာ မုဒ်ဦးကျောက်တိုင်တွင်
“ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံဂစ္ဆာမိတွေဖြင့် ကန်တော့” ဟူသော စာတမ်းအားချိတ်ဆွဲထားသည်ကိုတွေ့မြင်ခဲ့ရသည်။ လွန်ခဲ့သော နှစ် (၈၀) တင်းတင်းကာလ(၁၉၃၁ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့)က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကျွန်သားပေါက်ဘ၀မှ လွတ်မြောက်ဖို့ ကြိုးစားရင်းနယ်ချဲ့အစိုးရလက်တွင်းကျရောက်အဖမ်းခံရကာ သာယာဝတီထောင်၌ ကြိုးပေးအသတ်ခံအသက်ပေးခဲ့ရရှာသောတောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ကြီးဂဠုန်ဆရာစံ၏ ကျေးဇူးတွေကိုဒီကနေ့ မျိုးဆက်တွေကမှတ်မှတ်ရရကျေးဇူးဆပ် ဖော်ဆောင်သောအထိမ်းအမှတ်ပွဲ ဖြစ်သည်။

ယင်းကျောင်းတိုက်အတွင်းအမှတ်တရကျောက်စာတိုင် စိုက်ထူခဲ့ကြခြင်းဖြစ်သည်။ ဦးကျော်သူနှင့်အဖွဲ့ ရောက်ရှိသွားချိန်မှာတော့ အဆိုပါ ဆရာစံကျဆုံးခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်ပွဲကျင်းပရေးအဖွဲ့၏ မေတ္တာရပ်ခံတိုက်တွန်းချက်အရဦးကျော်သူကမှတ်မှတ်ရရစကားပြောကြားရာမှာ
“ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အားလုံးလူစိတ်မွေးပြီး ကျွန်တော်တို့ ပြည်သူ/သားတွေရော၊ နိုင်ငံတော်အစိုးရကရောဗုဒ္ဓမြတ်စွာဘုရားဟောကြားထားတဲ့ ဗြဟ္မစိုရ်တရားလေးပါးကိုလက်ခံလိုက်နာပြီးတော့ ချီတက်သွားမယ် ဆိုရင် အခုလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီတိုင်းပြည်ကိုအမြန်ဆုံးရောက် ရောက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဓိကလုပ်ကိုင်နေတာကအများပြည်သူကိုကူညီဖေးမပေးဖို့ပါပဲ။

ကျွန်တော်တို့ဟာတိုင်းပြည်ကိုသစ္စာဖောက်နေတဲ့ အဖွဲ့မဟုတ်ဘူး။ အများပြည်သူကိုကူညီနေတာဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ဟာမသာချပေးတဲ့ကိစ္စကိုလုပ်တယ်။ မသာချပေးရတာတွေ များလာတော့ ပြန်လည်သုံးသပ်လိုက်တော့ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်က များနေတယ်။ အဲဒီအတွက်ကြောင့် ဆေးဝါးကုသဖို့အတွက် အခမဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာကိုကျွန်တော်တို့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် အခက်အခဲဖြစ်နေသူတွေ နာဂစ်မုန်တိုင်းတို့လို၊ ပခုက္ကူရေဘေးသင့်တာတွေတို့လိုစတဲ့ အခက်အခဲ ဖြစ်နေသူတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးပါတယ်။ အခုဆိုရင်လည်း မြစ်ကြီးနားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ တိုင်းရင်းသားအချင်းချင်းတိုက်ကြခိုက်ကြတဲ့ဟာတွေကြောင့် မြေစာပင်ဖြစ်ရတာတွေလည်းရှိတယ်။ ကျွန်တော်နောက်ဆုံးပြောချင်တာက ကျွန်တော်တို့အားလုံးလူစိတ်မွေးပြီးလူသားချင်းစာနာစိတ်နဲ့ ကျွန်တော်တို့ချီတက်ရင် ငြိမ်းချမ်းတဲ့တိုင်းပြည်ကိုရောက်မှာပါ။ အရေးကြီးတာကကိုယ့်ကိုယ်ကိုသီလလုံဖို့ဘဲ။ ကိုယ်သီလလုံတယ်ဆိုရင် ကိုယ့်မိသားစုလည်း ငြိမ်းချမ်းမယ်။ ကိုယ့်ရပ်ရွာ လည်း ငြိမ်းချမ်းမယ်။ ကိုယ့်တိုင်းပြည်လည်း ငြိမ်းချမ်းမယ်။ ” ဟုဦးကျော်သူကဆရာစံ နှစ် (၈၀)ပြည့် အခမ်းအနားပွဲ၌ ပြောကြားသွားသည်ကို ကြားရသည်။ ယင်းအခမ်းအနားမှာအသွေးအရောင်စုံသောသူတွေကိုလူမှုရေးပရဟိတသမားတွေကြားထဲမှာ မြင်တွေ့ရသည်။ ဒီပွဲမှာလူမှုပရဟိတနယ်၊ နိုင်ငံရေးနယ်တို့နှင့်အတူရပ်မိရပ်ဖတွေ အားလုံးက ကျွန်တော်တို့တိုင်းပြည်၏ ။
ကျေးဇူးရှင်ကြီးတစ်ဦးဖြစ်သောလယ်သမားခေါင်းဆောင်ကြီးဆရာစံကိုဂုဏ်ပြုခဲ့ကြခြင်းဖြစ်၍ ဆီလျော်မှုတော့ရှိပေသည်။ မည်သို့ဆိုစေ ကျွန်တော့်အနေနှင့် ဦးကျော်သူ၏ “ဟိတ် .. ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေး .. ဒါဘဲ” ကျော်သူဟူသောစာကဗျာကိုပဲအထူးအမှတ်ရမိလိုက်သည်။ လူတိုင်းကိုယ်ဆီကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေးကြရမည်သာဖြစ်သည်။ လူမှုပရဟိတအလုပ်မှာ တစ်ဘ၀လုံးကို ပုံအပ်ထားသူဦးကျော်သူမှာယုံကြည်ချက်နှင့် ရဲရင့်သူတို့ ထုံးအတိုင်းနှလုံးမူကာကိုယ့်သမိုင်း … ကိုယ်ရေးခဲ့ဖို့ ကိုယ့်လမ်း … ကိုယ်သွားမည့်သူဟုသာ ကျွန်တော်ယုံကြည်ထားသည်။ ထို့အတွက်လည်းခေတ္တရာခရီးမှအပြန် ကိုယ့်လမ်းကိုယ်သွားဦးကျော်သူဟုစာနယ်ဇင်းသမားအနေနှင့် ကျွန်တော်ထပ်မံတိုက်တွန်းလိုက်မိသည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့ 
ကိုမျိုး (မြန်မာစာ)
၂၈.၁၁.၂၀၁၁



















0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...