Saturday, December 10, 2011

ဆရာမောင်စူးစမ်းရေးခဲ့သောဆောင်းပါးများ


ရွေးကောက်ပွဲ-မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်

နိုင်ငံရေးနှင့်ဒီပလိုမေစီ
          နိုင်ငံရေးသည် ဒီပလိုမေစီနှင့် အစစအရာရာ တူညီသည်မဟုတ်ပေ။ ခြားနားမှုတွေ တစ်ပုံကြီးရှိသည်။ ထိုအထဲ ဈေးဆစ်ပုံနှင့်ပတ်သက်ပြီး ဒီပလိုမေစီနည်းအရ ဈေးဆစ်ပုံနှင့် နိုင်ငံရေးအရ ဈေးဆစ်ပုံတို့သည် အထင်ကရ ခြားနားသည်။ ဒီပလိုမေစီနည်းအရ ဈေးဆစ်ရာ၌ တန်ဖိုး Value နှင့် ပကတိသရုပ်မှန်အအြေအနေ Reality တို့ကို တည့်သွင်းစဉ်းစားပြီး ဘယ်လောက်အပေးအယူလုပ်နိုင်မလဲဟု စဉ်းစားသည်။ သဘောမှာ မိမိ၏ ဈေးဆစ်နိုင်သောပါဝါကို မှန်းဆရသလို တစ်ဖက်မှ လိုက်လျောနိုင်သောအဆင့်ကိုလည်း နားလည်ပေးရသည်။
          နိုင်ငံရေးဈေးဆစ်မှုတွင် နည်းဗျူဟာအမြင် Tactital Insight ကိုသာ အသုံးပြုရန်မဟုတ်ဘဲ မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့် Strategic Inflection Point  ကိုလည်းအခြေခံအဖြစ် ထည့်သွင်းစဉ်းစားရသည်။
မဟာဗျူဟာမြောက်ရုပ်ပွိုင့်ဆိုသည်မှာ ခေတ်တစ်ခုသို့ အလှည့်အပြောင်းဖြစ်တော့မည့်ပွိုင့်ကို ဆိုလို သည်။ မြန်မာ့နိုင်ငံရေးတွင် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ဖြစ်သည်။ ခေတ်တစ်ခေတ်သို့ ကူးပြောင်းမည့်ပွိုင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဈေးဆစ်မှုတွင် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ကို မထိခိုက်စေရန် သတိထားဖို့လိုသည်။
ခေါင်းတွဲနှင့်နောက်တွဲ
          နိုင်ငံရေးဆိုသည်မှာ အင်အားကို ချိန်ဆတတ်ရမည်။ အလားအလာကို မျှော်မှန်းတတ်ရမည်။ ဤသို့ ချိန်ဆမျှော်မှန်းရာ၌ လက်တွေ့ကျရမည်။ ယထာဘူတဖြစ်ရမည်။ စိတ်ကူးမယဉ်ရပေ။ အများလူထုက လိုက်နိုင် ရမည်။ နားလည်နိုင်ရမည်။ အများလူထုက မလိုက်နိုင်သောလမ်းစဉ်နှင့် ကြွေးကြော်သံတို့ကို ရှောင်ရမည်။ မရှောင်နိုင်လျှင် ခေါင်းဆောင်နှင့် လူထုဝေးကွာသွားမည်။ ရထားခေါင်းတွဲနှင့် နောက်ဆက်တွဲတွေ အဆက် ပြုတ်သွားသလို ဖြစ်သွားမည်။
          နိုင်ငံရေးအခြေအနေကို တွက်ချက်ကြရာတွင် သိပ္ပံပညာလို မတိကျနိုင်။ ခံစားမှုအီမိုးရှင်းတို့ဖြင့် စိတ္တဇ ဆန်နေလိမ့်မည်။ ယခင် နိုင်ငံရေးစကားလုံးနှင့် ရေးရလျှင် Subjective ဖြစ်နေလိမ့်မည်။ နိုင်ငံရေးစိတ္တဇဆန်မှု ထဲတွင် ကိုယ့်ကိုယ်ကိုပိုတွက်ခြင်းလည်း တစ်ပါးအပါအ၀င် ဖြစ်သည်။ မြန်မာနိုင်ငံရေးအနာဂတ်တွင် အိုဒီအိုလိုဂျီ အခန်းကဏ္ဍ၊သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်ကဏ္ဍသည် ကုန်ဆုံးပြီ။ ပေါ်မည့် မြန်မာ့နိုင်ငံရေး ပုံသဏ္ဍာန် (လမ်းညွှန်ဒီမိုကရေစီ)တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့်လွှတ်တော်)တို့က အဆုံးအဖြတ် ပေးသော ကဏ္ဍအဖြစ် ဖြစ်တည်လာမည်။
သြဇာနှစ်မျိုး
        ဆိုလိုသည်မှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် လည်းကောင်း၊ရွေးကောက်ပွဲအပြီးပေါ်လာမည့် လွှတ်တော်တို့သည် လည်းကောင်း၊ မဟာဗျူဟာမြောက်ရုပ်ပြောင်းပွိုင့်ဖြစ်မည်။ ခေတ်အပြောင်းအလဲပွိုင့် ဖြစ်မည်။ ဤအပြောင်းအလဲကို မိမိ၏ ဆန္ဒနှင့် မကြည့်အပ်ပေ။ အမာထည် အစစ်အမှန်အဖြစ် မြင်အပ်သည်။ ဂိမ်းသစ်ကို ပလေယာအသစ်တို့ဖြင့် ကစားကြမည်။

မောင်စူးစမ်း
The Voice 16-22, 11-2009

ပူးပေါင်းဆောင်ရွက်မှုမပြုရေး ပကတိအရှိနှင့်ဆန့်ကျင်
ဆီလျှော်မှုပြဿနာ
          နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်မှုမပြုရေးနှင့် အစစ်အမှန်ကို သေချာစွာ သုံးသပ်ရေးတို့သည် ဒင်္ဂါး၏ တစ်ဖက်တစ်ချက်ဖြစ်သည်။ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကြီးက ဗြိတိသျှ ကိုလိုနီသမား တို့အား ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် လှုံ့ဆော်ရင်း လွတ်လပ်ရေးတိုက်ပွဲကို ဆင်နွှဲခဲ့သည်။ ပူးပေါင်းဆောင် ရွက်မှုမပြုရေးဟူသောဝါဒသည် လွတ်လပ်ရေးတိုက်ပွဲအတွက် အနက်အဓိပ္ပါယ်ရှိ၍ ဆီလျော်နိုင်ပါသော်လည်း ဒီမိုကရေစီအရေးအခင်းတွင်မူ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရေးဟူသော မူဝါဒ လမ်းစဉ်သည် ဆီလျော်မှုရှိနိုင် ပါသလောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
          ဒီမိုကရေစီကိစ္စ၌ တည်ဆဲဖြစ်ထွန်းနေသောဝန်းကျင် (Contest) ကို ထည့်သွင်းစဉ်းစားရလေရာ ဤ၀န်းကျင်၌ အုပ်စိုးသူအဖွဲ့အစည်းအနေအထားသည် အခရာကျသည်။ အုပ်စိုးသူအဖွဲ့က ဒီမိုကရေစီကို ဆန့်ကျင်နေလျှင် ပူးပေါင်းဆောင်ရွက်မှုမပြုရေးဆိုသော မူဝါဒသည် ဆီလျော်အပ်စပ်သည်။ သို့ရာတွင် အုပ်စိုးသူအဖွဲ့ကိုယ်တိုင်က ဒီမိုကရေစီကို ထူထောင်ပေးနေသော အခြေအနေတွင်မူ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဆိုသောမူသည် ဆီလျော်အပ်စပ်ခြင်း လုံဝမဖြစ်နိုင်ပြီ။
ပကတိတွင်စမ်းသပ်
          ဒီမိုကရေစီထူထောင်မှုသည် အခြေခံအားဖြင့် အင်စတီကျူးရှင်း ပြဿနာဖြစ်လေရာ လူ့အခွင့်အရေး ထက် အင်စတီကျူးရှင်းပေါ်ထွန်းရေးကို အလေးပေးစဉ်းစားရမည်။ အင်စတီကျူးရှင်းဆိုရာ၌ ရွေးကောက်ပွဲမှ တဆင့် ပေါ်ထွန်းလာသောလွှတ်တော်တို့ကို ရည်ညွှန်းခြင်းဖြစ်သဖြင့် ဒီမိုကရေစီခေါင်းဆောင်မှု၏ အဓိကစံ သည် ရွေးကောက်ပွဲနှင့် လွှတ်တော်များပေါ်ထွန်းရေးဟူ၍ ဖြစ်သည်။ ဤနေရာ၌ ပကတိအခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ရန်လိုသည်။ ပကတိအခြေအနေဆိုသည်မှာ ဒီမိုကရေစီထူထောင်ရေးနှင့် ပတ်သက်၍ ဖန်တီးပေးနိုင်သော အင်အားကိုဆိုလိုသည်။ ဤအင်အားသည် တက်ကြွလှုပ်ရှားသူတို့၏ အင်အားမဟုတ်ဘဲ ရွေးကောက်ပွဲနှင့် လွှတ်တော်သုံးရပ်အခင်းအကျင်း ဖန်တီးမှုကိုသာ ရည်ညွှန်းသည်။ ရွေးကောက်ပွဲနှင့် လွှတ်တော်တို့တွင်ပါဝင် ဆောင်ရွက်ခြင်းမပြုဘဲ ဘေးထိုင်,ထိုင်၍ ပယ်ချခြင်းသည် မဟတ္တမဂန္ဒီကြီးညွှန်းသော ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော ၀ါဒကိုကျင့်သုံးခြင်းဖြစ်သည်ဟု မဆိုနိုင်ပေ။
          မိမိစိတ်ကြိုက်အခင်းအကျင်းမရ၍ စိတ်ကောက်သည့်သဘောသာ ဆောင်သည်။ မြန်မာ့ဒီမိုကရေစီကို စစ်ဘက်က ထူထောင်ပေးခြင်းဖြစ်၍ လစ်ဘရယ်ဒီမိုကရေစီသည် ပါဝါမရှိဟုဆိုရမည်။ မြင်တွေ့ရသော ပကတိ အခြေအနေအရ တက်ကြွလှုပ်ရှားသူတို့က ဒီမိုကရေစီကို မဖန်တီးနိုင်။ အင်စတီကျူးရှင်းအာဏာကို ကိုင်ထားသူတို့သာ စေတနာအလျောက် ဒီမိုကရေစီ ဖန်တီးနိုင်ကြောင်းတွေ့မြင်ရသည်။ ရွေးကောက်ပွဲနှင့် လွှတ်တော်သုံးရပ်တို့သည် ပကတိအစစ်အမှန်များဖြစ်လေရာ အရာရာကိုအကောင်းမမြင်သော သဘောထား (Total Negative) သည် ခက်ထန်စွာ အစမ်းသပ်ခံနေရကြောင်းကိုလည်း သရုပ်ပေါ်စေသည်။

မောင်စူးစမ်း (၉-၁၂-၂၀၁၀)
The Voice 20-26, 12-2010

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...