Sunday, December 4, 2011

ငြမ်းနှင့်တူသော အနစ်နာခံသမားများအတွက်

by Ye Min Tun on Monday, December 5, 2011 at 9:39am
 
"ဘုရားပြီး ငြမ်းဖျက်" ဆိုတဲ့ စကားပုံ ကျနော်တို့ မြန်မာစကားပုံ တခုဖြစ်လို့။ စိတ်မသက်သာဘူး။ ကျနော် တွေးကြည့်ပြီး နှစ်ဖက်မြင်ကြည့်သည်။ လိုသလိုသုံးပြုပြီး မလိုတဲ့ အခါသွားပေတော့ ဆိုပြီး ရင်နာစရာကျေးဇူးမသိတက်တဲ့ သဘောကို ဖေါ်ပြသလို။ အခြားတဖက်က ကျနော်မြင်တာကတော့ ဘုရားကြီးပြီးမှတော့ ငြမ်းကဖျက်ရမှာ သဘာဝအမှန်တရား ဖြစ်နေသည့် အတွက် ရှောင်လွှဲလို့ မရဖြစ်သည်။ဒီတော့ ငြမ်းဘ၀မှာပဲ တွယ်ကပ်ပြီးနေမလား အသုံးဝင်တဲ့ အခြားလိုအပ်တဲ့ အရာတခု ဘ၀ကို ကူးပြောင်းဖန်တီး မလားဆိုတာကို တွေးရမည်။ လက်ရှိအနေထားက ဒီမိုကရေစီတိုက်ပွဲ လူရှုပ်နေတဲ့ အချိန်ကိုရောက်နေပါသည်။ ၁၉၉၀ ပတ်ဝန်းကျင်ကလို ဟိုဘက်လိုလို ဒီဖက်လိုလို လူတွေနှင့် ခါတော်မှီတွေ ထွက်လာတဲ့အချိန်ပါ။
သူတို့ထွက်လာတဲ့ အဲဒီအချိန်တုန်းက လူအင်အားတိုးလာလို့ ၈၈ ထဲက ကြိုးပမ်းထားတဲ့ လူတွေ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု ဖြစ်မဲ့အစား စိတ်လေကုန်ပါသည်။ ဘာလို့လဲဆိုတော့ အဲဒီလိုလူတွေက အပေါ်ယံကြော နှမ်းဖြူးလုပ်တာတွေ ကောင်းလေတော့၊ ရေဆန် လေဆန် လှော်လာတဲ့ ချွေးသံရဲရဲသမားတွေ နှင့်အဆင်မပြေပါ။

ကျနော့်ကိုယ်တွေ့က ကျနော်တို့ အန်တီစု၏ မိခင်ကြီး ဒေါ်ခင်ကြည် ဈာပနတုန်းက လုံခြုံရေးယူလုပ်ကြ ကိုင်ကြပြီး။ အန်တီစု ရွှေတိဂုံဘုရား ခြေတော်ရင်းက တရားပွဲလုပ်တော့လဲ ကွင်းထဲမှာ လူတောထဲ ဂျင်ကလိတို့ လေးဂွတို့ကိုင်တဲ့ လူတွေကို လိုက်သိမ်းတာ လုပ်ဖူးသည် မကျေမနပ်တွေ ဖြစ်ကြ လူကြိတ်ကြိတ်တိုးနေတဲ့ အထဲ မကြောက်မလန့်လုပ်ပါသည်။ ပါတီဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့ ကို မသိတဲ့လူတွေရောက်လာပြီး အခြေနေပြောင်း သွားတဲ့ အဖြစ်ပျက်လေး တခုပြောပြချင်သည်။ ၁၉၈၉ မတ်လ ၂၅ ရက်နေ့ ရောက်တော့ ကိုပေါ်ကို ဖမ်းသွားတဲ့ ကိစ္စနှင့် ပတ်သက်ပြီး အဖွဲအစည်းပေါင်းစုံ အန်တီစုခြံထဲမှာ အစည်းဝေးလုပ်ကြသည်။ ကိုမိုးသီးတို့ ကိုဂျင်မီ ကိုပြုံးချိုတို့ လူစုံကြသည်။ အကသ မှလည်း ကိုမင်းဇင်တို့ ကိုဇေယျာဝင်းတို့ ကွယ်လွန်သွားတဲ့ ကိုသက်ဝင်းအောင် အဖွဲ့တွေ ပါသည်။ နောက်ကျတော့ ခြံပြင်ကို အကသ အဖွဲ့တွေ ထွက်သွားတော့ ကျနော်ကို ကိုတင်ဌေးက ညီလေး မင်းလိုက်သွား သူတို့ သွေးဆူနေတယ် တခုခုဆို အကို့လာပြော အမြန်ထိန်းရမယ် ဆိုပြီး လွှတ်လိုက်သည်။ ကျနော်လဲ လိုက်သွားပါသည် တဖက်ခြံထဲက လဖက်ရည်ဆိုင်ကိုပါ။  ကိုမင်းဇင်ကတောင် အကသ CEC မဟုတ်သူတွေနှင့် ကျနော်ကို စားပွဲဝိုင်းကနေ ခဏရှောင်ပေးဖို့ ပြောလို့ ကျနော်တို့ အခြားဝိုင်းပြောင်းထိုင်ရသည်။ ဒီလိုနှင့်ပေါ့ဗျာ အခြေနေက အကသ အနေဖြင့် လမ်းမပေါ်တက်မယ်ဆိုပြီး ဖြစ်လာတော့၊ မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းမယ့် ကိုတင်ဌေးတို့ဆီ ကျနော် ပြန်ပြေးလာတဲ့ အခါကြတော့မှ ငါးပါးမှောက်တော့တာပါပဲ တံခါးကိုစောင့်တော်မူကြသော တခါးမှူး အပိုင်စားရကိုယ်တော်များက လုံးဝ မဖွင့်ပေးပါ။ ဘယ်လိုပြောပြော မရ။ အထဲက တဲထဲကလူတယောက်ယောက်ကို ခေါ်ပေးပါဆိုလဲ မခေါ်ပေးပဲ အာဏာပြတော်မူလို့။ ကျနော်လဲ အချိန်မှီအကြောင်းမကြားနိုင်တော့လို့ အကသ အဖွဲ့ဝင်များ လုပ်တဲ့ လမ်းမပေါ်က မင်းကိုနိုင် ပြန်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြပွဲ ရောပြီးဆင်နွဲလိုက်တာ (၁၀၁)လမ်းအိမ်ပြန်ရောက်တော့ အကိုတော်အမတော်များ ၀ိုင်းဝန်းဟောက်ဟိန်းတာ ခံရပါတော့သည်။ တကယ်တော့ တံခါးစောင့်ဆိုတာ အရေးကြီးသလို အကင်းပါးသင့်ပါသည်။ ထိုအချိန်မှာ လုပ်ကြံသွားမှာ စိုးရိမ်စရာ အန်တီစုလဲ ကော့မှူးနယ်မှာ စည်းရုံးရေးသွားနေပါသည်။ ခြံထဲမှာ ကျောင်းသားအဖွဲ့စည်းပေါင်းစုံက အစည်းဝေး လုပ်နေကြသည့် အတွက် အခုပဲခြံထဲက ထွက်သွားတဲ့ ကျနော်ကိုခြံထဲပြန်ပေး မ၀င်တော့ပါဘူးဆိုတာ သဘာဝမကျပါဘူး။ တံခါးမဖွင့်ပေးလို့ အထဲက တယောက်ယောက်ခေါ်ပေး ဆိုတော့လဲ လုပ်မပေးပါ။ တံခါးစောင့်က တယောက်ထဲလဲ မဟုတ်ပါဘူး ကျနော်မှတ်မိ သလောက် ကောင်မလေး ကောင်လေး ဆယ်ယောက်လောက်ရှိမည်။ ဒီတော့ အဲဒီနေ့က အစည်းဝေးလဲ ပျက်ပြီး ခြံပြင်မှာလဲ စစ်တပ်ကလာတဲ့ ၀ိုင်းဖမ်းလို့ ပြေးလွှားပြီး ရုပ်ပျက်ကုန်တော့သည်။ ကျနော်ကတော့ ထိုကိစ္စ တံခါးစောင့်ကိုယ်တော်များကိုသာ အပြစ်တင်လိုပါသည်။ သူတို့သာ အဆင်ပြေအောင်လုပ်ပေးရင် ကိုမိုးသီးတို့ ကိုပြုံးချိုတို့ ကျောင်းသားကြီးထွက် အချိန်မှီထွက်လာပြီး ဖျောင်းဖြ ပြောဆိုရင် ဒီလိုလဲမဖြစ်နိုင်သလို။ နောက်နှစ်ရက်နေရင် လုပ်မယ့် မတ်၂၇ ကိစ္စလဲ စစ်တပ်က အာရုံရောက်မည်မထင်ပါဘူး။ မတ် ၂၇ မှာ ကျနော်တို့ အလစ်စောင့်ဖမ်းခြင်း ခံရပြီး ပစ်ခံရလို့ သေနတ်ထိသူထိ။ ကိုတင်ဌေးလဲ ဖမ်းခံရပြီး ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ပုဆိန်ရိုးများစာရင်းစာအုပ်မှာ ထည့်သွင်းခံရလေတော့သည်။ ကျနော်အမှိုက်ကလေးလဲ ရန်ကုန်မြို့ကြီးနှင့် ဝေးရာ နယ်စပ်ဒေသကို ရောက်သွားရပါတော့သည်။

အခုလဲ ၂၀၁၁မှာ ဒီလိုသတင်းတွေ ဆက်ကြားနေရတော့ စိတ်မသက်သာပါ။ ထားပါတော့ ရှိပါစေတော့ ကျနော့် အပေါ်က တင်ပြ ချင်တာလေး ပြန်ဆက် ရအောင် ဘုရားပြီး ငြမ်းဖျက် မဖြစ်ရလေအောင်။ ကျနော်တို့တွေ မိမိကိုယ်ကို မိမိလိုအပ် တာတွေ ပြင်ဆင် ထားပါ။ အကယ်လို့ပေါ့ မိမိက ဒီမိုကရေစီ ဖေါ်ဆောင်ရေးမှာ အရင်က ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ မှတ်မထားပါနှင့်။ ကိုယ်ခင်းထားတဲ့ လမ်းကို အများဆက်လျှောက် နိုင်ပြီလို့ မုဒိတာပွါးပါ။ အကယ်၍ လက်ရှိဆက်သွားမည့် လမ်းကြောင်းပေါ်မှာ မိမိပါဝင်လိုပါလျှင် မိမိက အသုံးတည့်မည့် အပိုင်းအစ တခုဖြစ်အောင် ကြိုးစား လုပ်ကိုင်ပါ ထားပါ။ စိတ်ဓါတ်ကို နှစ်ဆမွေးပါ ဒါမှသာ ကြံကြံခံနိုင်မှာလို ခွန်အားပေးလိုပါသည်။ ငြမ်းဘ၀နှင့် အဖျက်မခံလိုဘူး ရေကုန်ရေခမ်း ဆက်လျှောက်လို့တဲ့ ညီငယ် ညီမငယ် တိုက်ပွဲဝင်များကို ကြိုးစားကြပါလို့ အားပေးလိုက်ပါသည်။

ခင်မင်လေးစားလျှက်
ရဲမင်းထွန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...