၂ဝဝ၈ အခြေခံဥပဒေရဲ့ အဓိကအချက်ကို ပယ်ဖျက်တော့မှာလား (ညိုစိန်ဝင်း)
by Lu Cifer on Sunday, December 11, 2011 at 2:33pm
စစ်အစိုးရသစ်ကတော့ ပြောချလိုက်ပြန်ပြီ။
စစ်တပ်က အာဏာမသိမ်းတော့ပါဘူးတဲ့။
ပွဲကတော့ စည်လာတော့မည်။ ထင်မြင်ချက်အသံတွေ ဝေဖန်ချက်အသံတွေ ညံညံစည်စည် ကြားလာရဦးတော့မည်။ မေးခွန်းမေးစရာတွေလည်း တထွေးကြီး ပေါ်လာသည်။
လွှတ်တော်အာဏာပိုင်တွေက ပြောတာဖြစ်ဖြစ် အစိုးရသစ်အနေနှင့် ပြောတာဖြစ်ဖြစ် သူတို့က ဘောင်းဘီချွတ်ပြီး အရပ် ဝတ် ဝတ်ထားသူတွေ ဖြစ်သည်။ သူတို့၏ ယခု ပြောကြားချက်က စစ်တပ်(အထူးသဖြင့်) စစ်အုပ်စုကို ကိုယ်စားပြုနိုင် သလား။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သဘောတူနိုင်သလား။
နိုင်ငံရေးအကျဉ်းသားတွေ မကြာမီ လွှတ်ပေးတော့မည်ဟု တလောက အနံ့ပေး သတင်းလွှင့်လိုက်သည်။ ‘အလက’ က ဆိုင်းငံထားလိုက်တော့ ထောင်ဗူးဝတွေရှေ့မှာ သွားစောင့်ရတဲ့ အကျဉ်းသားတွေရဲ့ မိဘပြည်သူတွေခမျာ အမောသာ အဖတ်တင်ကြရသည်။
ငြိမ်းချမ်းရေးစကားတွေ အသံပေးပြီး ကချင်ပြည်နယ်တွင် စစ်ပွဲတွေ တခြိမ်းခြိမ်းတိုက်ပြနေသည်။
စာနယ်ဇင်း လွတ်လပ်ခွင့်ကို သူတို့ပေးတယ်ဆိုတာက ‘အင်းသီး’လို စိုက်ပျိုးရေးပညာပေး သရုပ်ဖော်ကားကလေးကိုပင် ဝန်ကြီးဦးကျော်ဆန်းက “ထားလိုက်ပါ” ဟု တချက်လွှတ်အမိန့်တော်ဖြင့် ပယ်ချခဲ့သည်။
သမ္မတဆိုသူကလည်း လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို သောင်းကျန်းသူလို့ ပြောလိုက်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဆို တာကိုတောင် လက်မခံနိုင်ဘဲ ပြစ်မှုတခုခု ကျူးလွန်ထားသူဟု ပြောလိုက်နှင့် အပြောင်းအလဲ လုပ်မည့်ဟန် ပြထား သည်နှင့်တချိန်တည်း သူ့ဇာတိရုပ်ကိုလည်း ဖော်ပြပြောဆိုနေသည်။ ဆိုလိုသည်မှာ ဟန်ပြတွေ အပြောတွေလောက်နှင့် တော့ ဘယ်ကိစ္စကိုမှ ယုံလို့မဖြစ်။
လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ဖြစ်၊ သမ္မတပဲ ဖြစ်ပစေ လူတဦးချင်းက ဘယ်လို ကတိတွေပေးပေး၊ စစ်တပ်ကို ကိုင်ထားသူ၊ သေ နတ်ကို အမိန့်ပေးနိုင်သူတွေက အချိန်မရွေး အာဏာသိမ်းနိုင်သည်။ လက်နက်မဲ့အင်အားစုကို လက်နက်အပိုင်ကိုင်ထား သူက အာဏာသိမ်းနိုင်သည်။ အာဏာသိမ်းထားသော လက်နက်ကိုင်အင်အားရှိသူကို ပို၍အင်အား တောင့်တင်းသော နောက်ထပ် လက်နက်ကိုင်အင်အားစုက ထပ်မံအာဏာသိမ်းနိုင်သည်။ ဒါမျိုးတွေ ကမ္ဘာ့သမိုင်းမှာ မရှိခဲ့ဖူးတာ မဟုတ်။
အစိုးရအပြောင်းအလဲ၊ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေမှာ လူပုဂ္ဂိုလ်တဦးချင်း၏ ကတိစကားမဆိုထားနဲ့၊ အဖွဲ့ အစည်းတခု၏ ကတိစကားတခွန်း ဒါမှမဟုတ် ကတိစကား အမျိုးမျိုးဟာ အချိန်မရွေး ရေပေါ် အရုပ်ရေးသလို ပျက်ပြယ် ပြောင်းလဲသွားတတ်သည်။
နောင်ကျမှ ပြဿနာပေါ်ကာမှ ပေါ်ရော့၊ တရုတ်အပေါ် ပေးထားသော ကတိစကားလည်း အကြောင်းအမျိုးမျိုး ပြ၍ ဖျက်သိမ်းလိုလျှင် ဖျက်သိမ်းပစ်လို့ ရသည်။ အမေရိကန်အပေါ် ပေးထားတဲ့ ကတိစကားဆို တာကလည်း ဒီလိုပါပဲ။ ဒါပေမဲ့ အစိုးရတရပ်အနေနှင့် လုံလောက်သည့် ခိုင်ခိုင်လုံလုံ အကြောင်းပြချက်မရှိဘဲ ထွေးပြီး သားတံတွေး ပြန်မျိုချရင်တော့ ပြဿနာ ကြီးတတ်သည်။
အခု စစ်တပ်က အာဏာမသိမ်းတော့ပါဘူး-ဆိုသည့်စကားသည် ထွက်ပြီးသား ဆင်စွယ်တချောင်းလို ဖြစ်သွားပြီလား။
ဒီစကားအပေါ် ကြိုဆိုသူက ကြိုဆိုနေပြီ။ မျှော်လင့်သူက မျှော်လင့်နေပြီ။ အရေးကြီးတာက လက်တွေ့နဲ့ သက်သေပြဖို့ပဲ ဖြစ်သည်။
လက်နက်ကိုင် အင်အားရှိသူက ဘယ်သူတွေ ဘာပြောပြော ဘာတွေပဲ လုပ်နေနေ အချိန်မရွေး အာဏာသိမ်းနိုင်တယ် ဆိုတဲ့ အချက်ကို ခဏ ဘေးဖယ်ထားလိုက်ပါဦး။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဒီစကားကို အတည် ပြုပေးနိုင်မလား။
ဦးသိန်းစိန်အစိုးရက ဒီစကားကို တရားဝင် ထုတ်ပြန်ကြေညာနိုင်သလား။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေပါ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံအတွက် လိုအပ်မှုရှိလျှင် အာဏာသိမ်းနိုင်သည် ဆိုသည့်အချက်ကို ပယ်ဖျက်ပေးနိုင်သ လား။ ပယ်ဖျက်ပေးဝံ့သလား။
တိုင်းပြည်အတွက် ကောင်းကျိုးမပေးသော ၂ဝဝ၈ အခြေခံ ဥပဒေပါ တချို့အချက်များကို ပယ်ဖျက်ဖို့ ရည်ရွယ်ဆောင် ရွက်သွားမည်ဆိုသော ဒေါ်အောင်ဆန်းစုကြည် ပင်လျှင် ဒီအချက်ကို အစိုးရသစ်က တကယ်တမ်း ပယ်ဖျက်ပေးမည်ဆို လျှင် အလွန်ကြီး မပင်ပန်းဘဲ အတော်သက်သာသွားလိမ့်မည်။
ပြုပြင်ပြောင်းလဲရေး လေသံဟစ်ပြနေသော အစိုးရသစ်က စစ်တပ်ပြုပြင်ပြောင်းလဲရေးအကြောင်း တခွန်းမှ လေသံ မဟ။ စစ်တပ် မပြုပြင် မပြောင်းလဲနိုင်သမျှ၊ စစ်တပ်နှင့် စစ်အုပ်စု၏ အတွေးအခေါ်တွေ မပြုပြင် မပြောင်းလဲနိုင်သေးသ မျှ “စစ်တပ်က အာဏာမသိမ်းတော့ပါဘူး” ဆိုတာတို့၊ “ဒီမိုကရေစီလမ်းကြောင်းအတိုင်း လိုက်မှာပါ” ဆိုတာတို့ဟာ နည်းနည်းမှ ယုံကြည်စိတ်ချစရာ မရှိ။
တခုတော့ ရှိသည်။ သူတို့က အရပ်ဝတ် ဝတ်ထားသော၊ အရေခြုံထားသော သူတို့အစိုးရသစ်၏ အနေအထားကို အ တော်ကြီး ခိုင်ခိုင်မာမာ ယုံကြည်ပြီး (စစ်တပ် တမတ်သားအင်အားနှင့် ကြံ့ဖွတ်ပါတီ ပူးပေါင်းထားသော သူတို့အစိုးရ သစ်၏ အင်အားကို ဘယ်သူမှ မထိုးဖောက်နိုင်သည့် “ကြေးဝါတံတိုင်းကြီး” သဖွယ် ထင်မြင်ယူဆပြီး) “ဒီအစိုးရသစ်ဆို တာလည်း တကယ်က စစ်အစိုးရပဲ။ စစ်အုပ်စုရဲ့ အစိုးရပဲ။ စစ်အုပ်စုရဲ့ အစိုးရကို စစ်အုပ်စုက ပြန်ပြီး အာဏာမသိမ်း ပါဘူး” ဟူသော စိတ်ချမှုမျိုးဖြင့် “စစ်တပ်က အာဏာမသိမ်းတော့ပါဘူး” ဆိုသည့်စကား ပြောချလိုက်ခြင်းလည်း ဖြစ်နိုင် သည်။
ညိုစိန်ဝင်း
December 2, 2011
http://www.naytthit.net/?p=22466
0 comments:
Post a Comment