Monday, December 5, 2011

ဖေ့စ်ဘုတ်ခ်သတင်းများသည် သတင်းမီဒီယာလောက၌ အလျင်မြန်ဆုံးဖြစ်လာ

by Internet Journal on Tuesday, December 6, 2011 at 11:47am
 
ပုံနှိပ်တင်ပြခွင့်မရသော သတင်းများနှင့် လတ်တလော ဖြစ်ပျက်နေသည့် သတင်းများသည် ဖေ့စ်ဘုတ်ခ် အင်တာနက်စာမျက်ပေါ်၌ လျင်မြန်စွာ ဖော်ပြလာကြသည်ဟု အင်တာနက်သတင်းကို ပုံမှန်ဖတ်ရှုသူများက ပြောသည်။ “သတင်းအချက်အလက်စီဆင်းမှု ပိုမိုကောင်းမွန်လာတယ်လို့ ပြောလို့ရပါတယ်။ ဥပမာ - ဟိုတစ်လောက မန္တလေးသတင်းမျိုးပေါ့။ ဂျာနယ်တွေမှာ ထည့်ခွင့် မရပေမယ့်လည်း ဖေ့စ်ဘုတ်ခ်ကျေးဇူးကြောင့် ဖြစ်ပေါ်နေမှုကို အချိန်နဲ့ တစ်ပြေးညီအားလုံးသိနိုင်ကြပါတယ်။ ကောင်းကျိုးကတော့ ပိုများပါတယ်။
အပြန်အလှန် comment ပေးခြင်း အားဖြင့်လည်း သတင်းတွေ ဘယ်လောက်မှန်တယ်ဆိုတာကို သိနိုင်ကြပါတယ်”ဟု မြန်မာတိုင်း(မ်) သတင်းဂျာနယ်မှ လက်ထောက်စာတည်းမှုး ကိုဆန်းဦးကပြောသည်။သတင်းအချက်အလက် လျင်မြန်လာသည့် ဖေ့စ်ဘုတ်ခ်မီဒီယာနှင့် အွန်လိုင်းမီဒီယာကြောင့် ပုံနှိပ်မီဒီယာများမှာ ပျောက်ကွယ်သွားနိုင်ခြင်း မရှိကြောင်း လက်ရှိအခြေအနေအရ အွန်လိုင်းအသုံးပြုနိုင်သူလူဦးရေသည် နောင် ၁၀ နှစ်ကြာမြင့်သည့်အထိ လူဦးရေ၏ ရာခိုင်နှုန်းအနည်းငယ်မျှသာ တည်ရှိနေမည်ဖြစ်ကြောင်း The Voice Weekly ဂျာနယ်မှ အယ်ဒီတာချူပ် ဦးကျော်မင်းဆွေက ဆိုသည်။

“လူမှုရေးကွန်ရက်တွေမှာ ပွင့်ပွင့်လင်းလင်း တစ်ခုခုပြောလို့ရနေလို့ အွန်လိုင်းသတင်းတွေကို စိတ်ဝင်စားမှုများနေတာပါ။ မီဒီယာလွတ်လပ်ခွင့် ပေးလိုက်မယ်ဆိုရင် ပုံနှိပ်မီဒီယာတွေထဲမှာ အဲဒီလောက်မဟုတ်ရင်တောင် တော်တော်ကြီး ပွင့်ပွင့်လင်းလင်း ရေးသားခွင့်ရလာမှာမို့ အလားအလာ ပိုတောင်ကောင်းလာဦးမယ် ထင်ပါတယ်။ နောင် ၁၅ နှစ် အထိတော့ သိသိသာသာ ရိုက်ခတ်လိမ့်မယ် မထင်ပါဘူး”ဟု ဦးကျော်မင်းဆွေက ပြောသည်။
လူမှုရေးကွန်ရက်ကို အသုံးပြု၍ ဝါဒဖြန့်ခြင်းများ လှုံ့ဆော်ခြင်းများ ကိုလည်းပြုလုပ်တတ်ကြကြောင်း အွန်လိုင်းပေါ်၌ အထင်ကရမီဒီယာ များမှမဟုတ်သည့် သတင်းအချက်အလက်များကို ယုံကြည်ရန်ခက်ခဲ လာရကြောင်း အဆိုပါကိစ္စရပ်များကို ဖြေရှင်းရန်အတွက် တစ်ဦးချင်းစီ၏ အသိပညာရေချိန်နှင့် ဆင်ခြင်တတ်ရန်လိုအပ်ကြောင်း သိရသည်။
“ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားစရာလေးတွေရှိလာနိုင်ပါတယ်။ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အပြောအဆိုတွေ အရေးအသားတွေ ရှိလာနိုင်ပါတယ်။ ဆင်ဆာမရှိဘဲ ရေးချင်ရာရေး ပြောချင်ရာပြောခွင့်ရတဲ့နေတဲ့အတွက် အဲဒါရဲ့နောက်ဆက်တွဲ ဆိုးကျိုးကတော့ ရှိနေမှာ ပါ”ဟု ဦးကျော်မင်းဆွေကပြောသည်။

ဖေ့စ်ဘုတ်ခ်သတင်းမီဒီယာကြောင့် နိုင်ငံတကာ၌ ခေတ်စားလာသည့် citizen journalism ဆိုသည်ကို အထောက်အကူဖြစ်လာနိုင်ကြောင်း လူတစ်ဦးတစ်ယောက်၏ အသိအမြင်များကို တစ်ခဏအတွင်း တစ်ကမ္ဘာလုံး သိမြင်လာစေနိုင်ကြောင်း ကိုဆန်းဦးကဆိုသည်။ သတင်းအချက်အလက် စီးဆင်းမှုအင်အားကောင်းမွန်သည့် ဖေ့စ်ဘုတ်ခ် အင်တာနက်စာမျက်နှာသည် အခြားသော အင်တာနက်စာမျက်နှာများကို ကျော်လွန်၍ သြဇာအင်အား ကြီးမားလာခဲ့ပြီဖြစ်ကြောင်း အဆိုပါ သတင်းအချက်အလက်စီးဆင်းခြင်းကိ တားမြစ်ရန်မဖြစ်နိုင်သည့်အတွက် သတင်းမှန်ကန်ခြင်းသာ ဆုံးဖြတ်တတ်ရန်လိုအပ်ကြောင်း The Voice Weekly သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးကျော်နိုင်က ပြောသည်။
“၂၀၁၂ ခုနှစ်လောက်ဆိုရင် ဂျာနယ်ဖတ်ပြီးသွားပြီလားလို့ မေးတော့မှာမဟုတ်ဘူး။ ဖေ့စ်ဘုတ်ခ် ကြည့်ပြီးသွားပြီလား ဆိုတာကိုပဲ မေးကြတော့မှာ။ အွန်လိုင်းမီဒီယာ တစ်ခုအနေနဲ့တော့ အခုချိန်မှာ ထူထောင်လို့မရနိုင်သေးဘူး။ အင်တာနက်အသုံးပြုမှုစရိတ် ကြီးမားနေခြင်း၊ အင်တာနက်အသုံးပြုရာမှာ ကျွမ်းကျင်မှုနည်းပါးနေခြင်း၊ အင်တာနက်အမြန်နှုန်း နှေးကွေးနေခြင်း ဒါတွေကြောင့်ပါ”ဟု ဦးကျော်နိုင်က ဆိုသည်။

“ဆိုရှယ်နက်ဝက်ခ်က အလျင်မြန်ဆုံး မီဒီယာလို့ပြောလို့ရပါတယ်။ လွတ်လည်းလွတ်လပ်တယ်လေ။ ဘာအကန့်အသတ် အချုပ်အနှောင်မှလည်းမရှိဘူး။ ကိုယ့်ဘာသာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေတော့လိုလာပြီ။ ဖော်ပြမှုဟာ ဘယ်လောက်အထိ ဂုဏ်သိက္ခာရှိရှိ ယုံကြည်ရမလဲဆိုတာပါ”ဟု MRTV-4 မှ သတင်းအယ်ဒီတာချူပ်ဖြစ်သူ ဦးထွန်းနေစိုး ကပြောသည်။
အင်တာနက် ပုံမှန်အသုံးပြုသော လူတန်းစားအနေဖြင့် ဂျာနယ်များကို စောင့်ဆိုင်းဖတ်ရှုနေခြင်းမရှိဘဲ ဖေ့စ်ဘုတ်ပေါ်မှ သတင်းအချက်အလက်များကို လျင်မြန်စွာရယူလာကြကြောင်း ယခင်ထက်ပိုမို၍ သတင်းအချက်အလက်များကို ဖေ့စ်ဘုတ်ခ်ပေါ်၌ လျင်မြန်စွာ တင်ပြလာကြသည့်အတွက် နောက်ဆက်တွဲ ကောင်းကျိုးဆိုးကျိုးများသည် အသုံးပြုသူအပေါ်၌ပိုမို မှုတည်လာခဲ့ကြောင်း ရှမ်းပြည်နယ် ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဦးကျော်ကျော်ဘိုကပြောသည်။
အင်တာနက်အသုံးပြုသူတိုင်း အကောင့်ဖွင့်လှစ်အသုံးပြုလာကြသည့် ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်၌ ပြည်တွင်းမှ နာမည်ကြီး သတင်းဂျာနယ်များ အပါအ၀င် အင်တာနက်အသုံးပြုသူ အားလုံးတို့သည် ၄င်းတို့၏ သတင်းဦး သတင်းထူးများကို လျင်မြန်စွာ အလုအယက် တင်ပြလာကြကြောင်း အင်တာနက် ပုံမှန်အသုံးပြုသူများကဆိုသည်။

- ထွန်းထွန်း၊ မြင့်ကျော်လှိုင် (အတွဲ ၁၂၊ အမှတ် ၄၇)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...