မှတ်စု မူကြမ်း
by Zay Ya on Saturday, December 3, 2011 at 2:39am
အထီးတည်း ဖြစ်တဲ့ အခြေအနေ ( Aloneness ) နဲ့ အထီးကျန် ဖြစ်တဲ့ အခြေအနေ ( Loneliness ) က မတူပါဘူး။ သဘာထားချင်း အများကြီး ကွာဟချက် ရှိပါတယ်။
၁။ အထီးတည်း ဖြစ်တယ် ဆိုတာ သူ့ တစ်ခုတည်း အတွင်းမှာတင် ပြည့်စုံတယ်။ ပြည့်ဝ နေတယ်။ အထီးကျန်တယ် ဆိုတာ က အခြားသူ တစ်ဦး တစ်ယောက် တစ်စုံတစ်ခု အပေါ် တွယ်ငြိ နေတယ်။ သူ့ တစ်ယောက်တည်း မှာ လိုအပ်နေတယ်။ သူလိုလားတဲ့ အရာ သူ့အနားမှာ ရှိနေစေချင်တယ်။ သူတစ်ခုခု ဖြစ်ချင်နေတယ်။ အထီးတည်း ဖြစ်တာနဲ့ ဆန့်ကျင်ဘက် တစ်ခုလို ကွာခြားပါတယ်။ အထီးတည်း ဖြစ်တယ် ဆိုတာကတော့ မိမိကိုယ် မိမိ ရဲ့ အတွင်းသန္တာန် နဲ့တင် သက်ဆိုင်ပါတယ်။
၂။ ခင်ဗျား ပတ်ဝန်းကျင်မှာ ဘာဖြစ်ဖြစ်၊ ခင်ဗျားဘေးမှာ ခင်ဗျားအတွက် ဘယ်သူ တစ်ဦး တစ်ယောက်မှ ရှိရှိ၊ မရှိရှိ၊ တစ်ကမ္ဘာလုံးကပဲ ဝိုင်းမုန်း နေစေ ဦးတော့ -- ခင်ဗျားဘာသာ ခင်ဗျား- ကိုယ့် သန္တာန်မှာ အေးချမ်းမှု ရှိနေရင် အဲ့ဒါ အထီးတည်း ဖြစ်နေတယ်လို့ ကျနော် ဆိုလိုပါတယ်။ ဘယ်သူ့ကိုမှ မျှော်လင့်တမ်းတ နေစရာ မလိုတဲ့ အပြင်၊ ဘယ်အရာပေါ်မှာမှ တွယ်ညိမနေတဲ့ အဖြစ်ပါ။ တစ်နည်း ဆိုရရင်- ခင်ဗျားရဲ့ သန္တာန် ထဲမှာ ဘယ်အထောက်အကူ မှ မလိုအပ်ဘဲ ခင်ဗျား ဘာသာ ချမ်းမြေ့နေတယ်။ အဲ့ဒီလို ချမ်းမြေ့နေနိုင်တဲ့သူ ကမ္ဘာမှာ ရှား လိမ့်မယ်။ အထီးတည်း ဖြစ်မယ့်သူ ကို ရှာတွေ့ဖို့ ခဲယဉ်းတယ်။ ခြွေရံသင်းပင်း များသည် ဖြစ်စေ၊ နည်းသည် ဖြစ်စေ သူ့အတွက် ဘာမှ မထိခိုက်ဘူးရယ်။
၃။ တစ်ကိုယ်တည်း၊ အထီးတည်း ဆိတ်ငြိမ်စွာ နေထိုင်နိုင်မယ် သာ ဆိုရင် ခင်ဗျား အတွက် ငြိမ်းချမ်း နေနိုင်မှာပဲ။ အဲ့ဒီ ဆိတ်ငြိမ်မှုကနေ ဖြတ်စီး လာတဲ့ ချမ်းမြေ့မှုဟာ ဘယ်ဆင်ခြင်ဥာဏ် နဲ့မှ တုယူလို့ မရတဲ့ ချမ်းမြေ့မှုပဲ ။ သဘာဝ အကျဆုံး ချမ်းမြေ့မှု အစစ်အမှန်ဟာ အဲ့ဒီ နေရာ ကနေသာ ထွက်ရှိပါတယ်။ ဒါ့ကြောင့် အခြား တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို မှီတွယ်ပြီး ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှု၊ အေးချမ်းမှုဟာ မစစ်မှန်ဘူး - မတည်မြဲဘူးလို့ ကျနော် ပြောချင်တယ်။ အဲ့လို အချိန်မျိုးမှာ ခင်ဗျား သန္တာန်ထဲက ရိုးရှင်းစွာ အထီးတည်း ထွက်ရှိလာတဲ့ ချမ်းမြေ့မှု ဟာ မရွှေ့လျား ဘူး။ လှုပ်ရှား မနေဘူး။ ပြောင်းလဲ မနေဘူး။ တည်ငြိမ် ပြတ်သား နေတယ်။ ရိုးရိုးစင်းစင်းလေး ရှိတယ်။ ရေစင်တစ်ခု ခင်ဗျား နှလုံးသား ထဲ ဖြတ်စီး သွားသလို အဲ့ဒီ ခဏမှာ အေးမြမှု သက်သက် က ဖုံးလွှမ်းသွားတယ်။
၎။ အဲ့ဒီ ဖြစ်စဉ်ကို အထီးကျန် ဖြစ်မှု အနေအထားမှာ ခင်ဗျား ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး။ ဘာလို့ ဆို အထီးကျန် ဖြစ်နေချိန်မှာ ခင်ဗျားက အခြားကို တွေးနေတယ်။ အခြား တစ်ခုခု၊ တစ်ယောက်ယောက် ကို လိုချင် တမ်းတ တယ်။ ခင်ဗျား ဟာ ခင်ဗျားရဲ့ နှလုံးသားက တစ်စုံတစ်ခု - လိုအပ်နေတယ် ဆိုတဲ့ အတွေးစဉ် စိတ်ကူး တွေ နဲ့ ဖုံးလွှမ်းထား နေတယ်။ အဲ့အတွက် ခင်ဗျားရဲ့ စိတ်နှလုံးဟာလည်း မချမ်းမြေ့ တော့ဘူးပဲ။
................................................
မှတ်ချက်
၁။ အခု ကျနော် အပေါ်မှာ ပြောခဲ့တဲ့ စကားကို ခင်ဗျား ယုံလား။ ဒီမေးခွန်းကို သေသေချာချာ ဖြေကြည့် စေချင်တယ်။ အဖြေထွက်လာလို့ -- အင်း ယုံတယ်-- ဆိုရင် ခင်ဗျား မှားပြီ။ ကျနော် ပြောတဲ့ စကား အခွန်း တိုင်းမှာ ယုံကြည်စရာ ဘာအကြောင်းမှ မရှိဘူးရယ်။ ယုံကြည်မှု တစ်ခုနဲ့ တည်ဆောက်တဲ့ ခင်ဗျားရဲ့ အတွေးဟာ ခင်ဗျား အတွက် ဘိန်း ပဲ ဖြစ်လိမ့်မယ်။ ခင်ဗျား မူးရစ်သွားမယ်။ ဒီစကားလုံး တွေအပေါ် ပုံရိပ်တွေ ထိုးပြီး သာသာယာယာ မှီခို နေပြန် ဦးမယ်။
၂။ ကျနော် ပြောချင်တာက - ဒီ စကားလုံး တွေကိုလည်း သိမ်းဆည်း ထား မနေပါနဲ့ ။ ဘယ် စာအုပ်၊ ဘယ်စကားလုံး၊ ဘယ်သူ ပြောဟောတဲ့ စကား မဆို ခင်ဗျား နားထောင် ကြည့်ရှုပြီးရင် ဘယ်တော့မှ ဒီအတိုင်း မနေဘူး။ ပြန်ငြင်းပယ် ရင် ငြင်းပယ်၊ ဒါမှမဟုတ် ရင် လက်ခံ ပစ်လိုက်တယ်။ ဒါ ကျနော်တို့ ခင်ဗျားတို့ လုပ်နေကျ သမားရိုးကျ ပုံစံပဲ။ တစ်ခုခု ခင်ဗျား ခေါင်းထဲ ရောက်တာနဲ့- ခင်ဗျားက ခင်ဗျားရဲ့ ဆင်ခြင်ဥာဏ်၊ ခင်ဗျားရဲ့ အစွဲနဲ့ အားကြိုး မာန်တက် တိုက်ဆိုင် ကြည့်တော့တယ်။ ခင်ဗျား သုံးစွဲနေကျ ယုတ္တိဗေဒ နဲ့ ကိုက်ညီ နေရင် လက်ခံ သွား ဖို့ က ရာခိုင်နှုန်း အများကြီးရယ်။ တကယ် လို့သာ ခင်ဗျား တွေးခေါ်နေတဲ့ အညွှန်းဘောင်ထဲက လွတ်ထွက်ပြီး ကျနော် အမှန် တစ်ခုကို ပြောမယ် - ကန့်လန့်တိုက်ပြီး ပြောနေတာပဲ- ဒါပေမယ့် အမှန် ဆိုပါတော့ - အဲ့လိုမျိုး ဆိုရင်လည်း ခင်ဗျား လက်ခံနိုင်တော့မှာ မဟုတ်ဘူး။ ခင်ဗျား ချက်ချင်း ငြင်းပယ် ဖို့ စတော့မယ်။
၃။ အဲ့တော့ ဖြစ်သင့်တာက - ခင်ဗျား လုပ်ချင်း လုပ်ရင် -- ခင်ဗျား ယုံကြည် မိတာတွေကို ခင်ဗျား ဘာသာ ပြန်စစ်ကြည့်တာ ပိုကောင်းမယ်။ ငါကြိုက်လို့ ၊ သဘောကျ လို့ ယုံလိုက်မိတာလား။ သူပြောတဲ့ စကားက လှလို့ လက်ခံလိုက်မိတာလား၊ ကိုယ့်အယူအဆ ကိုယ့်အစွဲအလမ်းနဲ့ ကိုက်လို့ သိမ်းထား လိုက်မိတာလား ။ အဲ့ဒီ လားပေါင်း များစွာ ထဲကို -- ခင်ဗျား အနည်းဆုံး ပြန် စစ်ကြည့် တာ ပိုကောင်း ပါလိမ့်မယ်။
.....................................
Footnote
- အခု ကျနော် ပြောတဲ့ စကားတွေ အားလုံးကို မယုံပါနဲ့။
0 comments:
Post a Comment