အရင်ကတော့ မဟာရန်သူ...အခုတော့
by Wai Maw on Wednesday, December 21, 2011 at 10:29am
ဇင်ဘာဘွေနိုင်ငံ ၀န်ကြီးချုပ် မော်ဂန်ဆဗန်ဂီရိုင်းက ယခင်က ၄င်းအား လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ သူတစ်ဦးနှင့် လက်တွဲခဲ့ရသော အတွေ့အကြုံကို တိုင်းမ်မဂ္ဂဇင်းသို့ ဤကဲ့သို့ ရင်ဖွင့်ခဲ့သည်။
မေး။ အမေရိကန်ပြည်ထောင်စု သံတမန်ကြေးနန်းပါ ပေါက်ကြားချက်တွေအရ အရင်က ခင်ဗျားရဲ့ရန်သူဖြစ် ခဲ့ပြီး၊ အခုအစိုးရအဖွဲ့မှာ အတူလက်တွဲနေတဲ့ သမ္မတ ရောဘတ်မူဂ်ဘီ တစ်ယောက်တော့ ကင်ဆာရောဂါ ခံစားနေရတယ်တဲ့။ အဲဒါတကယ်လား။
ဖြေ။ သူ့ကျန်းမာရေးအခြေအနေ ဆိုးတယ်လို့ အတည်ပြုပြောကြားတာ မကြားရသေးပါဘူး။
ကျွန်တော်တို့ သိသလောက်က မလေးရှားမှာ ဆေးသွားကုတယ်။ မကြာသေးခင်က စင်္ကာပူမှာလို့ကြားတယ်။ ကျန်းမာရေး ဆေးစစ်ဖို့ သွားတာတဲ့။ သူအတော်လေး နေမကောင်းဖြစ်နေလားဆိုတဲ့ သူ့ကျန်းမာရေး အခြေအနေ အတိအကျကို ဘယ်သူမှ မပြောနိုင်ဘူး။ မေး။ သူ သမ္မတတာဝန်ယူနေတုန်း ဆုံးပါးသွားရင် ဘာတွေဖြစ်လာမလဲ။
ဖြေ။ သမ္မတရာထူးနဲ့ ပတ်သက်ရင်တော့ သူ့အကြံပေးပုဂ္ဂိုလ်တွေထဲက တစ်ယောက်လောက်က ရက်ပေါင်း ၉၀ လောက် လွှဲပြောင်းတာဝန်ယူရမှာပေါ့။ နောက်ရွေးကောက်ပွဲတွေ မတိုင်မီအထိပေါ့။
မေး။ ဒါပေမဲ့ မူဂါဘီမရှိတော့ရင် သူ့ရဲ့“ဇင်ဘာဘွေ အာဖရိကန် အမျိုးသားသမဂ္ဂ မျိုးချစ်တပ်ဦး” (ZANU-PF) ပါတီ ဆက်ပြီးရပ်တည် နိုင်ပါ့မလား။
ဖြေ။ သူတို့မှာ အဲဒီပြဿနာရှိတာပေါ့။ သိတဲ့အတိုင်း သူတို့ပါတီက လွတ်လပ်ရေးတိုက်ပွဲ ကာလက အကျိုးဆက်ကြောင့် ပေါ်ထွက်လာခဲ့တာ။ ဒါပေမဲ့ နောက်ဆက်ခံမယ့်သူ တိတိကျကျမရှိသေးဘဲ မူဂါဘီတစ်ဦး တည်း တွယ်ကပ် ချုပ်ကိုင်ထားတာ။ ဒီနေ့ သူသေသွားကြည့် သူ့ပါတီက တိုင်းပြည်အတွက် ပြဿနာ တက်စေမှာ။
မေး။ ဒါဆို သူတို့အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ ခင်ဗျား ဘာအောင်မြင်မှုတွေ ရနေလဲ။
ဖြေ။ ကျွန်တော်တို့က အသွင်ကူးပြောင်းရေးလုပ်ငန်းကို ဖန်တီးနေကြတာ။ မူဂါဘီကို ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဖယ်ရှားလိုက်နိုင်တယ် ဆိုပါစို့။ ဒါပေမဲ့ သူ့ပါတီခမျာတော့ နှစ်ပေါင်း သုံးဆယ်လုံးလုံး ပုံစံသွင်းခံထားရတာမို့ တကယ်အရေးတကြီး လုပ်ရမှာက အဲဒီအဖွဲ့ဝင်တွေကို အသွင်ပြောင်းပေးဖို့ပဲ။
မေး။ ခင်ဗျား မူဂါဘီကို ယုံနိုင်သေးလို့လား၊ သူ့လူတွေက ခင်ဗျားကို အကြမ်းဖက်တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေ တုန်းပဲနော်။
ဖြေ။ ယုံတယ်ဆိုတာဘာလဲ၊ အလုပ်ထဲမှာတော့ ဆက်ဆံနေရတာပဲ။ သို့ပေမဲ့ ရွေးကောက်ပွဲတွေ နီးလာတာ နဲ့အမျှ ဆက်ဆံရေးကိုချည့်နဲ့စေမယ့် အနေအထားတွေ စတွေ့နေရပြီ။
မေး။ မူဂါဘီက ခင်ဗျားကို သေစေချင်တဲ့အထိ ဖြစ်ခဲ့တာနော။
ဖြေ။ ကျွန်တော်တို့ စိတ်ထဲမှာ အမြဲသိမြင်ခံစားနေရတာက ကျွန်တော်တို့ပေါ်မှာရော အတိုက်အခံတွေပေါ် မှာပါ သူတို့ပြုမူကျူးလွန်ခဲ့တာတွေဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ ဒီတိုင်းပြည် က ရှေ့ခရီးကို ဆက်ရဦးမှာလေ။ ဒီလိုအတိတ်ဆိုးတွေဆီ နောက်ပြန်လှည့်လို့ မရတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အတုန့်အပြန် ဒဏ်ခတ်တဲ့ရလဒ်မျိုးတွေ ထွက်လာနိုင်တယ်။ ကျွန်တော်တို့ ရုန်းကန်ကြိုးစားခဲ့ကြစဉ်က အသက်ဆုံးရှုံးခဲ့ရတဲ့ ကျွန်တော့ကို ထောက်ခံသူတွေအားလုံးနဲ့ ကျွန်တော့်တစ်ကိုယ်ရေ ဆုံးရှုံးထိခိုက်အောင် လုပ်ခဲ့တဲ့ ကျူးလွန်မှုတွေကို ကျွန်တော် ဘယ်မေ့နိုင်မှာလဲ။ ဒါပေမဲ့ တကယ်အရေးကြီးတာက နာကျင်ခံစားခဲ့ရ သူတွေရဲ့ ညည်းညူသံတွေ နဲ့ ကျူးလွန်သူတွေရဲ့ ဒဏ်ခတ်ခံရမှာ စိုးရွံ့တဲ့ အကြောက်တရား ဒီနှစ်ခုကြားမှာ ဟန်ချက်ညီညီ ရှိဖို့ပါပဲ။
မေး။ မွန်မာဂဒါဖီနဲ့ သူ့ရောင်းရင်း မူဂါဘီတို့လိုလူတွေက အာဖရိကမှာ ဘယ်လိုအမွေဆိုးတွေ ထားခဲ့ပြီလဲ။
ဖြေ။ အာဖရိက က ဒီအခြေအနေကို လက်ခံရရုံပဲပေါ့။ မူဝါဒ အဆိုးတွေ၊ အလွဲသုံးစား အာဏာရယူမှုတွေကို ပဲပေါ့။ ဒါကတော့ သိပ်မထူးဆန်းပါဘူး။ ဒီပုဂ္ဂိုလ်တွေ ဖန်တီးခဲ့တာက အာဏာရှင် အုပ်ချုပ်ရေးတွေ၊ ဆွေစဉ် မျိုးဆက် အာဏာရယူမှုတွေ ပဲပေါ့။ အာဖရိကကိုသာ ဒီမိုကရေစီကျကျ ကြွယ်ဝချမ်းသာမယ့် အနာဂတ်ခရီးမှာ ပါဝင်ခွင့်ပေးတော့မယ် ဆိုရင် ဒါမျိုးတွေ မရှိနိုင်တော့ ပါဘူး။
မေး။ အာဖရိကမှာ အင်အားကြီး အင်ပါယာအသစ်ဟာ တရုတ်နိုင်ငံလား။
ဖြေ။ ဟင့်အင်း။ ကျွန်တော် ဒီလိုမထင်ပါဘူး။ ဒါပေမဲ့ သူတို့က ဒီမှာ ဘာသာရေးလာလုပ်နေတာ မဟုတ်ဘူး။ စီးပွားရေး နောက်ကိုလိုက်နေကြတာ။ သူတို့က သယံဇာတ အရင်းအမြစ်တွေအတွက် အကြိတ်အနယ် ယှဉ်ပြိုင် ရတော့မယ်ဆိုတာ သိနေကြတယ်ဗျ။
မေး။ ခင်ဗျားရေးတဲ့ စာအုပ်ကနေ စာဖတ်သူတွေ ဘာတွေမှတ်သားရမယ်လို့ ထင်သလဲ။
ဖြေ။ ဒီစာအုပ်က ဒီမိုကရေစီရည်မှန်းချက်အတွက် ဒီမိုကရေစီနည်းကျ ရုန်းကန်ခဲ့ရမှုတွေ၊ များမြောင်လှတဲ့ အစမ်းသပ်ခံရမှုတွေ၊ ဒုက္ခသုက္ခတွေအကြောင်း ရေးထားတာပါ။ အကြမ်းဖက်မှုတွေ၊ အကွန့်အညွန့်နည်းလမ်း တွေမှာ လမ်းဆုံးမသွားဘဲ ဒီမိုကရေစီလမ်းကိုသာရွေးပြီး အာဏာရှင်အုပ်ချုပ်ရေးကို ဘယ်လိုဖီဆန်ခဲ့ကြတယ် ဆိုတဲ့ အကြောင်းတွေပါ။ ဒီစာအုပ်ဟာ အများအားဖြင့် အသွင်ကူးပြောင်းရေးအတွက် မှာတမ်းတစ်ခုဖြစ်ပြီး၊ ကျွန်တော့် စိတ်ထင် ထူးခြားပြီး အခြားသူများ သင်ခန်းစာရစေမယ့် ရုန်းကန်မှု အကြောင်းပါ။
မေး။ ခင်ဗျားဟာ တစ်လျှောက်လုံးနှိပ်ကွပ်မှုတွေ၊ အကြမ်းဖက်မှုတွေ ကြုံခဲ့ရတယ်နော်။ ခံရကျိုး နပ်ရဲ့လား။
ဖြေ။ ကျွန်တော် ထပ်ကြိုးစားဦးမှာပါ။ လူထုရဲ့ စိတ်ပျက်လက်ပျက် အနေအထားကို ထည့်တွက်ပါဦး။ ကျွန်တော်ကြိုးစားသွားဦးမှာပါ။ ဇင်ဘာဘွေလူထုဟာ သူတို့ချစ်ခင်သူတွေကို ဆုံးရှုံးခဲ့ရပြီ။ ရက်စက်မှုအပေါင်း ကို ခံခဲ့ရပြီးပြီ။ စိတ်ဒုက္ခခြောက်ချားမှုတွေလည်း ရင်ဆိုင်ခဲ့ကြရပြီ။ ဒါကြောင့် ဒီပြည်သူတွေ ကြိုးစားရုန်းကန်ခဲ့ ကြရတာ အချည်းအနှီး မဖြစ်စေရဘူးလို့ နောက်ကြောင်းကို အမြဲပြန်သုံးသပ်ရင်း ကြွေးကြော်နေဖို့ အလွန်အရေးကြီးပါတယ်။ မျှော်လင့်ချက်ကို ဖန်တီးပေးဖို့ လိုပါတယ်။ ။
နိုင်ငံတကာရေးရာ အယ်ဒီတာ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၃
0 comments:
Post a Comment