Friday, December 16, 2011

ပဉ္စရူပ

by သစ္စာနီ on Friday, December 16, 2011 at 2:07pm

(၁)

ပဉ္စရူပဟူသော အကောင်ကို ကျွန်တော် စတင်မြင်ခဲ့ဖူးသည်မှာ အသက် ငါးနှစ်အရွယ်တွင် ဖြစ်လေသည်။ (အတိအကျပြောရလျှင် ကျွန်တော့်အဘွား ဖြစ်သူက ပဉ္စရူပအကြောင်း ပုံပြင်ကို ကျွန်တော့်အား ပြောပြခဲ့ပြီးနောက်၊ သုံးရက်မြောက်ညတွင် ဖြစ်ပါသည်။)

ထိုညက ..
ကျွန်တော့်အခန်း ပြတင်းပေါက်အား ထုံးစံအတိုင်း ပိတ်ပေးရန်၊ ကျွန်တော့်အမေသည် မေ့လျော့သွားခဲ့ပါသည်။ ကျွန်တော့်ကို သိပ်ပြီးလျှင် သူမိတ်ဆွေများ စောင့်ဆိုင်းနေသော ဖဲဝိုင်းသို့ အမြန်ဆုံးပြန်သွားရန် စိတ်အားထက်သန်နေပုံရပါသည်။ အဖေကမူ ဤအချိန် (ညကိုးနာရီ)တွင် ပြန်ရောက်လေ့မရှိပါ။ တခါတရံ မိုးလင်းမှသာ ပြန်လာတတ်လေသည်။
ကျွန်တော်သည် တက်ဒီကိုဖက်ကာ (ကျွန်တော်၏ အမွေးပွ ဝက်ဝံရုပ်ကလေး ဖြစ်ပါသည်)ပြတင်းဝမှ လှမ်းမြင်နေရသော ဝိုင်းစက်ဝင်းပသည့် လမင်းကြီးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။ ထိုအခိုက်မှာပင် လေတဟူးဟူးတိုက်နေသော ပြတင်းပေါက်မှ ပဉ္စရူပတစ်ကောင်သည် ကျွန်တော့်အိပ်ရာပေါ်သို့ ပျံဝဲ ဆင်းသက်လာလေသည်။

သူသည် သဘောကောင်းပုံရကာ ကျွန်တော့်ကို သူ့ကျောပေါ်တင်၍ အဝေးကို ခေါ်ဆောင်သွားလေသည်။ တိမ်တွေကြားထဲကို ကျွန်တော်တို့ ထိုးဝင်ဖောက်ခွဲသွားခိုက်၊ လိမ့်ကျမှာမကြောက်ဘဲ ကျွန်တော် ပျော်ရွှင်နေခဲ့သည်။ ပဉ္စရူပက ကျွန်တော့်ကို အင်မတန်သာယာလှပသော တောင်ထိပ်တွင် ချပေးပါသည်။ ထိုနေရာတွင် ရောင်စုံပန်းတွေ ပွင့်ဝေနကာ ရောင်စုံလိပ်ပြာလေးများ ပျံသန်းနေကြသည်။ ကြည်စင်သော စမ်းချောင်းကလေးများ စီးဆင်းနေကာ ကလေးတချို့က စမ်းချောင်းထဲက အရောင်စုံ ငါးကလေးများကို ရယ်မောရင်း လိုက်ဖမ်းနေကြသည်။ ကလေးတချို့က မနိမ့်မမြင့် သစ်ပင်တွေပေါ်တက်ကာ ချိုအေးပုံရသော အသီးတွေကို ခူးဆွတ်စားနေကြသည်။ ကလေးတချို့က စိမ်းမြသော မြက်ခင်းလွင်ပြင်တွင် လွတ်လပ်စွာ ပြေးလွှားဆော့ကစားနေကြသည်။ မောပန်းကြလျှင် လှပသော ပုံစံဆန်းဆန်း ကလေးများဖြင့် ဆောက်လုပ်ထားသည့် ရေခဲမုန့်ဆိုင်ကလေးများ၊ ချောကလက် သကြားလုံး ဆိုင်ကလေးများတွင် ကလေးတွေ ဝလင်အောင် စားကြရသည်။ မည်သူမှ ပိုက်ဆံပေးစရာ မလိုပါ။

ထိုနေရာတွင်..
“မပြေးနဲ့ ခလုတ်တိုက်လဲမယ်”
“ဒါတွေ မစားနဲ့ ချောင်းဆိုးလိမ့်မယ်”
“ဒါတွေမကိုင်နဲ့၊ လက်တွေပေကုန်မယ်”
“အကျယ်ကြီး မရယ်ရဘူး”
စသည့် ကျွန်တော်တို့ ကြားနေကျစကားသံများကို မကြားရပါ။ ဟန့်တားမည့်သူ မရှိသော ထိုအရပ်တွင် ကျွန်တော်သည် လွတ်လွတ်လပ်လပ်ပင် ကစားချင်တိုင်း ကစား၍ စားချင်တိုင်း စားလိုက်သည်။ မိုးလင်းသောအခါ အအေးပတ်ပြီး ရင်ကျပ်ကာ ကျွန်တော်ဖျားနေသဖြင့် အိမ်ကို ဆရာဝန်ပင့်ကာ ဆေးထိုးဆေးတိုက် ကုသခဲ့ရလေသည်။


(၂)

ဒုတိယအကြိမ် ပဉ္စရူပကို ကျွန်တော်တွေ့သည်မှာ ဆယ့်သုံးနှစ်သား အရွယ်တွင် ဖြစ်လေသည်။ သတ္တမတန်း စာမေးပွဲကျသည့်အတွက် ကျွန်တော့်အဖေက ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ ထမင်းမကျွေးဘဲ အခန်းတံခါး ပိတ်လှောင်ထားစဉ် ဖြစ်သည်။


(၃)

တတိယအကြိမ် သူ့ကို တွေ့ရသည်မှာ သစ်ပင်တစ်ပင်အောက်တွင် ကျွန်တော်တစ်ကိုယ်တည်း ထိုင်ကာ အရှေ့က ရေပြင်ကို ငေးကြည့်နေခိုက် ဖြစ်လေသည်။ ထိုနေ့ကား ကျွန်တော့်ဘဝတွင် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရကာ မကြုံဖူးအောင် စိတ်ပျက်နွမ်းလျော့နေခိုက် ဖြစ်၏။ ပြင်းပြင်းထန်ထန် ကျွန်တော် စွဲလမ်းချစ်ခင်နေသော မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို ခါးခါးသီးသီး ငြင်းပယ်လိုက်သော နေ့ဖြစ်သည်။

“ဟဲလို”

ပဉ္စရူပဟာ ရေထဲက တက်လာကာ ကျွန်တော့်ကို နှုတ်ဆက်ရင်း ကျွန်တော့်ဘေးတွင် ဝင်ထိုက်လိုက်လေသည်။ သူ့ခန္ဓာကိုယ်မှာ ရွှဲနစ်နေကာ ရေစက်ရေပေါက်များက မြက်ခင်းပေါ်သို့ ယိုစီးကျလျက်ရှိသည်။

“ခင်ဗျားဟာ ရေထဲမှာလည်း နေတာပဲလား”

“ငါက ပဉ္စရူပလေ။ မင်းဘာဖြစ်နေတာလဲ။ ကြည့်ရတာ အငွေ့ပျံတော့မယ့် ပုံလိုပဲ”

“ကျွန်တော်ချစ်တဲ့ ကောင်မလေးက ကျွန်တော့်ကို ငြင်းလိုက်လို့ဗျ။ ကျွန်တော့်ဘဝဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး”

“ဘဝအဓိပ္ပါယ်ဆိုတာ အရွယ်နဲ့လိုက်ပြီး ပြောင်းလဲတဲ့အရာပါကွာ။ မင်းသူ့ကို တော်တော်ချစ်လို့လား”

“ကျွန်တော့်ဘဝမှာ ပထမဆုံး ချစ်ဖူးတာပဲ။ ဒီတော့ သိပ်ချစ်တယ်”

“မင်း အသက်ဘယ်လောက်ရှိပြီလဲ”

“နှစ်ဆယ်”

“နောက် မင်း ဒီ့ထက်ချစ်စရာကောင်းတဲ့ ကောင်မလေးတွေနဲ့ ဆုံဦးမှာပါ”

“ကျွန်တော်ကတော့ သူကလွဲရင် ချစ်လို့ရမယ်မထင်တော့ဘူး”

“မင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်သူရဲကောင်းဘွဲ့ ခံချင်တဲ့ လူငယ်လေးတွေ ပြောနေကျ စကားပဲ။ လူငယ်ဘဝ ရူးသွပ်မှုတစ်ခုပေါ့။ ပြီးတော့လည်း ပြီးသွားတာပါပဲ”

“ခင်ဗျားသာ ပဉ္စရူပ မဟုတ်ရင် ဆွဲထိုးမိမယ်”

“ဒီမယ် မောင်ရင်လေး၊ မင်းစိတ်ထိခိုက်နေတာ သူ့အချစ်ကို မရလို့ မဟုတ်ဘူးကွ၊ ငြင်းပယ်ခံရလို့”

“ဗျာ ငြင်းပယ်ခံရလို့ ဟုတ်လား”

“ဟုတ်တယ်၊ သူငြင်းတာက မင်းရဲ့ မာနနဲ့သိက္ခာကို ထိပါးသွားတယ်။ ဒါကြောင့် မင်းမခံမရပ်နိုင်ဖြစ်နေတာ။ မင်းဘဝမှာ ဆက်ရှင်သန်ချင်တယ်ဆိုရင် ငြင်းပယ်မှုတွေကို လက်ခံရဲတဲ့ သတ္တိရှိရမယ်။ လောကဆိုတာ ငြင်းပယ်မှုတွေက စိန်ခေါ်ဖို့ စောင့်နေတဲ့ အရပ်ပဲ။ မင်းဟာ ငြင်းပယ်ခံရလိမ့်မယ်။ မင်းကိုယ်တိုင်ကလည်း ငြင်းပယ်လိမ့်မယ်”

ထိုစကားမှာ မှန်ပါသည်။ နောက်ပိုင်းတွင် ကျွန်တော်သည် ငြင်းပယ်မှုတွေကို ခံနိုင်ရည်ရှိသွားသည်။ ဥပမာ အမေရိကန်နိုင်ငံသို့သွားရန် လျှောက်ထားသော ကျွန်တော့်ဗီဇာကို အပယ်ခံရခြင်း။ ကျွန်တ်ာကိုယ်တိုင်လည်း ငြင်းပယ်ခဲ့တာတွေ ရှိလာခဲ့သည်။ ဥပမာ မိဘများက လက်ထပ်ပေးရန် စီစဉ်သော မိန်းကလေး။ (ထိုမိန်းကလေးကား ကျွန်တော့်ကို ဆွဲဆောင်နိုင်လောက်အောင် မလှပပါ)

ကျွန်တော် အတွေးထဲတွင် အတန်ကြာအောင် နစ်မျောနေပြီးနောက် သတိရ၍ ပဉ္စရူပကို ကြည့်လိုက်သောအခါ မတွေ့ရတော့ပေ။ ကျွန်တော့်ရှေ့ ကန်ရေမျက်နှာပြင်မှာကား ပျောက်ကွယ်လုဆဲဆဲ ဂယက်ကလေးတစ်ခုကို မြင်လိုက်ရလေသည်။


(၄)

ဒီတစ်ခါတော့ အရက်ဆိုင်ထဲသို့ လှမ်းဝင်လာသော ကျွန်တော့်ကို သူက မြင်ကာ လှမ်းခေါ်လိုက်ခြင်း ဖြစ်လေသည်။

“ကောင်လေး ဒီကိုလာကွ”

ပဉ္စရူပသည် ချောင်ကျကျ စားပွဲတစ်လုံးတွင်ထိုင်ကာ အရက်သောက်နေသည်။ ကျွန်တော်က သူ့စားပွဲသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။

“ခင်ဗျား ကောင်လေးလို့ ခေါ်တာကိုတော့ မကျေနပ်ဘူး။ ကျွန်တော့်အသက်က ၃၅ နှစ်ရှိပြီ”

ပဉ္စရူပက ပြုံးလိုက်ကာ

“ငါကတော့ ဝက်ဝံရုပ်ကလေးပိုက်ပြီး ငါ့ကျောပေါ် ခွစီးလိုက်လာတဲ့ ငါးနှစ်သားကလေးလို့ပဲ မျက်လုံးထဲမှာ ခုထိ မြင်ယောင်နေတယ်”

ထိုစဉ်က တိမ်တွေကြားထဲမှာ ထွင်းဖောက်ပျံသန်းသွားရသော အတွေ့အကြုံကို ကျွန်တော်သည် ပူနွေးစွာ အမှတ်ရနေဆဲ ဖြစ်သည်။
သို့သော် မြက်ခင်းပေါ်မှာ စမ်းချောင်းထဲမှာ ပြေးလွှားဆော့ကစားချင်စိတ်ရှိသောစိတ် ကုန်ခန်းသွားတာကတော့ ကြာချေပြီ။

“ခု ဘာဖြစ်လာတာလဲ”

“စီးပွားရေးမှာ ကျွန်တော့်ပြိုင်ဘက်တစ်ယောက်ကို ကျွန်တော်နှိပ်လိုက်တာ သူ အလူးအလဲ ခံလိုက်ရတယ်။ နာလန်ထူမယ်တောင် မထင်ဘူး”

“ဒါကြောင့် အောင်ပွဲခံတဲ့အနေနဲ့ မင်းက အရက်သောက်မလို့ပေါ့ ဟုတ်လား”

“အောင်ပွဲ။ ဟုတ်လား။ ဘာအောင်ပွဲလဲ။ အောင်ပွဲဆိုတာဘာလဲ။ လူတစ်ယောက် ဘဝပျက်သွားတာ ပျော်စရာလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘာသာတောင် ဝမ်းသာရမလား၊ ဝမ်းနည်းရမလား ဝေခွဲမရဘူး ဖြစ်နေတယ်”

“မင်း မပြတ်သားတာပဲ၊ မင်းအပေါ် ဒီလူဟာ ကောင်းမွန်ခဲ့ဖူးသလား”

“သူ သာတုန်းကနှက်လိုက်တာ ကျွန်တော် တော်တော်ခံလိုက်ရတယ်”

“အဲဒါ သင်ခန်းစာပဲ၊ ပြိုင်ဘက်တွေကို ဘယ်တော့မှ မငဲ့ညှာနဲ့ ကောင်လေး”

“ပြိုင်ဘက်တွေကလည်း မင်းကို ဘယ်တော့မှ ငဲ့ညှာမှာမဟုတ်ဘူး”

ကျွန်တော် မူးအောင်သောက်ပစ်လိုက်သည်။ စားပွဲပေါ်ကို မှောက်လဲကျသွားသည်။ ပဉ္စရူပ ဘယ်အချိန်က ထွက်သွားသည်ကိုပင် မသိလိုက်တော့ပါ။


(၅)

မိတ်ဆွေတစ်ဦး နှလုံးရောဂါကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရသဖြင့် လူနာမေးရန် ဆေးရုံသို့ ကျွန်တော်ရောက်ရှိသွားသည်။ မိတ်ဆွေလူနာကို သတင်းမေးပြီး ပြန်အထွက်တွင် သူ့ကို တွေ့လိုက်ရသည်။ ပဉ္စရူပသည် ခုတင်ဖြူဖြူပေါ်တွင် ပက်လက်လှန်လှဲနေကာ သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် ပိုက်ကြိုးတွေသွယ်ဆက် ချိတ်ဆင်ထားတာ တွေ့ရသည်။ ကျွန်တော် သူ့ခုတင်ဘေးနား ကပ်သွားသောအခါ သူက မျက်စိဖွင့်ကြည့်သည်။ ကျွန်တော့်ကို ကောင်းကောင်း မှတ်မိဟန်တူ၏။ ကျွန်တော်ကပင် စတင်နှုတ်ဆက်လိုက်၏။

“ကျွန်တော်တို့ မတွေ့တာ အနှစ်နှစ်ဆယ်လောက် ရှိရော့မယ်ထင်တယ်”

“အေးကွ မင်းအခုဘယ်လိုနေလဲ”

“ဒီလိုပါပဲ”

သူက ပြုံးသည်။

“ကောင်းလိုက်တဲ့စကား။ အမှန်တော့ ဘဝဆိုတာ ဒီလိုပါပဲ။ ဟုတ်တယ်။ ဒီလိုပါပဲ။ ဒဿနမဆန်ဘူးလားကွ”

“ခင်ဗျားဟာ ဆိုကရေးတီး သေလို့ ဝင်စားတာလား”

“တော်စမ်းပါ။ လူမိုက်တွေသာ အဆိပ်ခွက်ကို သောက်မှာကွ။ ပြောစမ်းပါဦး။ မင်းရဲ့ ဒီလိုပဲက ဘယ်လိုလဲ”

“ကျွန်တော့်မိဘတွေ မရှိကြတော့ဘူး။ ကျွန်တော်နောက်ထပ် ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ ဒီကောင်မလေးက ပထမ ကောင်မလေးထက် အစစအရာရာ သာတယ်။ သူ့ကိုချစ်တဲ့ အချစ်က ပထမအချစ်ထက် ပိုပြီးလေးနက် ခိုင်မာတယ်။ သူနဲ့ကျွန်တော်နဲ့ လက်ထပ်လိုက်ကြတယ်။ ကလေးသုံးယောက်ရတယ်။ ကျွန်တော် အသက် ၂၅ နှစ်မှာ ဆေးလိပ်ဖြတ်လိုက်တယ်။ ဖဲလည်း မရိုက်တော့ဘူး။ အခုတော့ အရက်လည်းပြတ်သွားပြီ။ ကျွန်တော့်စီးပွားရေးလုပ်ငန်းလေးကလည်း အသင့်အတင့် အောင်မြင်တယ်။ ကျွန်တော့်မှာ မိသားစု နေလောက်တဲ့ အိမ်ကလေးတစ်လုံးလည်း ရှိတယ်။ ကျွန်တော့်ဘဝဟာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်ကလည်း ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး။ ဒီလိုနေရတာကို ကျေနပ်တယ်လည်း မဟုတ်ဘူး။ မကျေနပ်ဘူးလည်း မဟုတ်ဘူး။ အခု ကျွန်တော် ဘာကိုမှ လက်မခံတော့ဘူး။ အဲဒါကြောင့် ဘာကိုမှ မငြင်းပယ်တော့ဘူး။ အဲဒီတော့ ဘာကမှ ငြင်းပယ်တာကိုလည်း မခံရတော့ဘူး။ တကယ်တော့ ဘဝမှာ အောင်ပွဲလည်းမရှိဘူး။ ရှုံးနိမ့်ခြင်းလည်း မရှိဘူး။ အိပ်မက်လည်းမရှိဘူး။ မျှော်လင့်ခြင်းလည်း မရှိဘူး။ တကယ်တော့ ဘဝဆိုတာ ဒီလိုပါပဲ”

ပဉ္စရူပသည် ခုတင်ပေါ်တွင် မျက်လုံးများမှေးကာ ငြိမ်သက်နေသည်။ ကျွန်တော့်စကားများကို အလေးအနက် စဉ်းစားနေလေမလားမသိ။ (ကျွန်တော်ကတော့ အလေးအနက် မစဉ်းစားစေလိုပါ) သူ့ကို နှုတ်မဆက်တော့ဘဲ သူ့ခုတင်ဘေးက ကျွန်တော် အသာအယာ ထွက်ခွာလာခဲ့သည်။

ထိုအကြိမ်ကား သူနှင့်ကျွန်တော် နောက်ဆုံး ကြုံခဲ့ရခြင်းပင် ဖြစ်သည်။ ကျွန်တော် နောက်တစ်ရက်ကစ၍ သတင်းစာ၏ နာရေးကြော်ငြာကဏ္ဍတွင် သူ့အမည်ကို စောင့်စားရှာဖွေ ကြည့်ရှုနေခဲ့မိသည်။ သို့သော် ယနေ့ထက်တိုင်အောင်ပင် ပဉ္စရူပါဟူသော အမည်ကို မတွေ့ရသေးဘဲ ရှိလေသည်။


သစ္စာနီ (ဝါကျထဲက ကွက်လပ်များ)

source: ဗန္ဓတ်

Read more...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...