၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သုံးသတ်ချက်များ
by Myanmar Journal on Monday, February 28, 2011 at 10:49am
CIVIL RESISTANCE & POWER POLITICS : The Experience of Non-violent Action from Gandhi to the Present
စာအုပ်မှ အခန်းတစ်ခုဖြစ်တဲ့ စာရေးဆရာမ Christina Fink ရဲ့ The Moment of the Monks: Burma, 2007 ဆောင်းပါးကို
Poe C ကနေ မူရင်းအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျောအောင်ပြန်ထားတာဖြစ်ပါတယ်။
သံဃာတော်တို့ရဲ့အချိန်ကာလ : မြန်မာပြည်၊ ၂၀၀ရ ခုနှစ် (ခရစ်စတီနာ ဖင့်ခ်)
မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ဖြစ်စဉ်မှာဆိုရင် ပြည်သူ့တော်လှန်ရေးတွေနဲ့ ပါဝါနိုင်ငံ ရေးကြားက ပြိုင်ဆိုင်မှုတွေက အရေးပါတဲ့အချက်ဖြစ်လာနေတယ်။
ဒီဖြစ်စဉ်က ဘာကိုဖော်ပြသလဲဆိုတော့ လူအင်အားအမြောက်အမြားက ပါဝင်ထောက်ခံအားပေးကြတဲ့ ဒီလိုပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုတွေကို ဖြစ်ပေါ်လာအောင် ဆောင်ရွက်နိုင်ကြပေမယ့် လို့ ဒီလုပ်ရှားမှုတွေက အမြဲတမ်းအောင်မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့မရဘူးဆိုတာပဲ။ အနည်းဆုံးတော့ ရေတိုကာလမှာပေါ့။ အဓိ ကကျတဲ့အမှန်တရားက အစိုးရက စစ်ရေးကိုအားပြုတဲ့စနစ်ကို ကျင့်သုံးနေတာရယ် နောက်ပြီးတော့ ထိရောက်တဲ့ နိုင်ငံတကာဖိအား တွေ လစ်ဟင်းနေတယ်ဆိုတဲ့ အချက်တွေက အစိုးရကို ပါဝါကို ဆက်လက်ဆုပ်ကိုင်နိုင်စေခဲ့တယ်ဆိုတာပါ။ အစိုးရက မကျေချက် တွေကို လူစုလူဝေးနဲ့ ထုတ်ဖော်ဆန္ဒပြတာမျိုးတွေကို ပြင်းပြင်းထန်ထန်တားမြစ်ထားသလို နိုင်ငံရေးအကျဉ်းသားတွေကိုလည်း တစ် ချိန်တည်းမှာပဲ ကာလရှည်ပြစ်ဒဏ်တွေနဲ့ အကျဉ်းချထားတာမျိုးတွေ လုပ်နေတဲ့ သည်းမခံနိုင်လောက်အောင် ဆိုးရွားနေတဲ့ ဗမာ ပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ပေါက်မြောက်အောင်မြင်တဲ့ လူထုတော်လှန်ရေးလှုပ်ရှားမှုတွေကို စတင်လှုံ့ဆော်ဖို့နဲ့ ဆောင် ရွက်အကောင်အထည်ဖော်ဖို့ ဆိုတာတွေကိုလုပ်ဖို့အတွက် စိန်ခေါ်မှုတွေက ကြောက်ခမန်းလိလိပါပဲ။ တခြားနိုင်ငံတွေမှာတော့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ သူတို့ရဲ့အမှားတွေကနေတဆင့် သင်ယူမှုတွေလုပ်ပြီးတော့ သူတို့ရဲ့နည်းဗျူဟာတွေကို ပြန်လည် ပြင်ဆင်မှုတွေလုပ်ပြီး နောက်တစ်ကြိမ်ကြိုးစားဖို့ အခွင့်ရှိကြပါတယ်။ ဗမာပြည် (မြန်မာလို့ အစိုးရကနေပြီးတော့ ၁၉၈၉ခုနှစ်မှာ ပြောင်းလဲခဲ့)မှာတော့ ပြည်သူတော်တော်များများက အခွင့်အရေးတစ်ကြိမ် အများဆုံးနှစ်ကြိမ်သာ ရခွင့်ရှိကြတာပါ။
ဒီစာအုပ်မှာပါတဲ့ တခြားသော အခန်းတွေမှာ ရေးထားခဲ့တဲ့အတိုင်း ပြည်တွင်းက ပါဝါကို ကိုင်ထားတဲ့သူတွေရဲ့ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေကို ဘယ်နည်းဘယ်ပုံကိုင်တွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သတိထားမိလာအောင် နည်းလမ်းတွေကို နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ပြိုင်ဆိုင်မှုတွေကလည်းပဲ တစ်နည်းတစ်ဖုံနဲ့ ပုံဖော်ပေးနေပါတယ်။ မြန်မာပြည်ရဲ့ဖြစ်စဉ်မှာဆိုရင် တ ခြားသောနိုင်ငံတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေမှာ တိုးတက်နေတဲ့အချက်က နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို အားနည်းချိနဲ့ လာခဲ့အောင် လုပ်နိုင်ခဲ့တဲ့အလားအလာရှိပါတယ်။ သို့သော်လည်း ဒေသတွင်းအင်အားကြီးတွေဖြစ်တဲ့အပြင် မြန်မာနိုင်ငံအပေါ် လည်း လွှမ်းမိုးမှုအရှိဆုံးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်တို့လိုမျိုးနိုင်ငံတွေက အစိုးရအပေါ်မှာ ထိထိရောက်ရောက်ဖိအားပေးတာ မျိုးကို တက်တက်ကြွကြွလုပ်ဖို့ စိတ်ကူးမရှိတာက စစ်တပ်ကဗိုလ်ချုပ်ကြီးတွေကို အင်အားသုံးဖြိုခွင်းတာမျိုးလုပ်ဖို့ ပိုမိုလွယ်ကူသွား စေပါတယ်။ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီမှာ မြန်မာပြည်ရဲ့ဖြစ်ရပ်တွေကို ဆွေးနွေးတာမျိုးတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တ ရုတ်နဲ့ရုရှားတို့က ဗီတိုအာဏာကို ဆုပ်ကိုင်ထားတာမို့လို့ ထိရောက်တဲ့အရေးယူမှုတွေကို မလုပ်နိုင်ခဲ့ပါဘူး။ ကုလသမဂ္ဂကနေ အင် အားသုံးဖြိုခွင်းမှုတွေလုပ်နေစဉ်မှာပဲ အထူးကိုယ်စားလှယ်တွေကို စေလွှတ်ခဲ့တာကလည်း ထိရောက်တဲ့လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်မျိုးကို မရယူနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့အစိုးရက သူတို့ကိုယ်သူတို့ ယုံကြည်မှုတိုးလာခဲ့ပြီး သူတို့ရဲ့အစီအစဉ်တွေကို အတားအဆီးမ ရှိ ဆက်လက်လုပ်ကိုင်ခွင့်ရခဲ့သလို တစ်ချိန်တည်းမှာပဲ တက်ကြွလှုပ်ရှားသူတွေနဲ့ သာမန်ပြည်သူလူထုရဲ့ အမြင်မှာတော့ သူတို့အ တွက်အလိုအပ်ဆုံးအချိန်မှာ စွန့်ပယ်ခံထားရတယ်ဆိုတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီစာအုပ်မှာပါတဲ့ အခြားသော အခန်းတွေမှာ ဖော်ပြဖူးသလိုပဲ ရုတ်ချည်းအောင်မြင်မှုမျိုးကို ဖော်ဆောင်ဖို့အတွက် လူထုလှုပ်ရှားမှု တွေက ရှုံးနိမ့်ခဲ့ရသော်ငြားလည်းပဲ နောင်လာမယ့်နှစ်တွေမှာ ပါဝါမျှခြေကို သက်ရောက်မှုတွေရှိစေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အခြေအနေနဲ့ရော စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအနေနဲ့ပါ ရှိနေမယ့် ကြိမ်မီးအုံးနေတဲ့အကြောင်းအချက်တွေကတော့ ရှိနေနိုင်ပါ တယ်။ ဗမာပြည်ရဲ့အနေအထားကို ပြန်ပြီးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေအပေါ် ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ ပြုခဲ့တာက ပြည်သူထုတစ်ရပ်လုံးရဲ့ နိုင်ငံရေးခံယူချက်တွေကို နိုးကြားစေခဲ့ပြီးတော့ အစိုးရရဲ့ စိတ်ဓါတ်ရေးရာအရ တရားဝင်ဖြစ်မှု ကို ရယူရန် ကြိုးပမ်းအားထုတ်နေမှုကို အကြီးအကျယ်အထိနာစေခဲ့တယ်။
ဒီအခန်းမှာတော့ စက်တင်ဘာ ၂၀၀၇ လူထုလှုပ်ရှားမှုရယ်၊ မြန်မာပြည်က စစ်တပ်အုပ်ချုပ်သူတွေရယ်၊ နိုင်ငံတကာက ကြိုးကိုင် ခေါင်းဆောင်သူတွေရယ်၊ မြန်မာပြည်ရဲ့အကြီးဆုံးအိမ်နီးချင်းနိုင်ငံတွေရယ်နဲ့ ကုလသမဂ္ဂတို့ရဲ့ အချင်းချင်းကြားက အားပြိုင်မှုတွေကို တင်ပြသွားပါမယ်။ နောက်ပြီးတော့ ဘာဖြစ်လို့များ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက ဦးဆောင်မှုကို ပြုခဲ့ကြတာလဲဆိုတာနဲ့ ဒီလှုပ် ရှားမှုကြီးရဲ့ အကျိုးသက်ရောက်မှုကို ဘယ်လိုတန်ဖိုးဖြတ်အဆုံးအဖြတ်ပြုသင့်တယ်ဆိုတာတွေနဲ့အတူ အကြမ်းမဖက်လှုပ်ရှားပါ့ မယ်လို့ သံဓိဋ္ဌာန်ချထားချက်ရဲ့ အဆင့်ကွဲပြားပုံ၊ နည်းပညာအသစ်တွေရဲ့အခန်းကဏ္ဍ၊ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်ပါ ရုန်းကန်နေရတဲ့ မြန်မာပြည်အခြေအနေရဲ့သီးခြားစရိုက်လက္ခဏာများကိုပါ ဆွေးနွေးသွားပါမယ်။
1 Christina Fink ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ the International Sustainable Development Studies Institute က Lecturer တစ်ယောက်ဖြစ်ပြီးတော့ သူမက သူမရဲ့ Ph.D(social/cultural anthropology) ဘွဲ့ကို 1994 ခုနှစ်က UC Berkeley ကနေ ရရှိခဲ့သူပါ။ သူမရေးသားခဲ့တဲ့စာအုပ်က Living Silence: Burma Under Military Rule (Zed Books, 2001) ဖြစ်ပြီး တွဲဖက်ပါဝင်တည်းဖြတ်ခဲ့တဲ့ စာအုပ်ကတော့ Converging Interests: Traders, Travelers, and Tourists in Southeast Asia (University of California at Berkeley, 1999) ဖြစ်ပါတယ်။ မူရင်းစာရေးသူက Peter Carey, Małgorzata Gorska နှင့် ဝင်းမင်းတို့ကို ဒီအခန်းရဲ့ အစောပိုင်းမူကြမ်းတွေအပေါ်မှာပေးခဲ့တဲ့ သူတို့ရဲ့အဖိုးတန်တဲ့ မှတ်ချက်တွေ၊ အကြံပေးချက်တွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောထားပါတယ်။
**********************
၂၀၀၇ ခုနှစ် လူထုလှုပ်ရှားမှုကြီးအား ခြုံငုံသုံးသပ်ခြင်း
၂၀၀၇ ခုနှစ်သြဂုတ်လ လလယ်မှာ မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးက အစိုးရရဲ့လောင်စာဆီနဲ့ပတ်သက်ပြီး အကူအညီတွေပေး နေတာကို ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်လို့ ဒီဇယ်နဲ့ CNG သဘာဝဓါတ်ငွေ့တွေရဲ့ဈေးနှုန်းက အလွန်အမင်းမြင့်တက်သွားတဲ့ အ ကြောင်းကိုသိလိုက်ရလို့ ထိတ်လန့်ကုန်ကြတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေနဲ့ အခြေခံစားသုံးကုန်တွေရဲ့ စရိတ်တွေက မိုးထိ အောင်ဒုံးပျံလို မြင့်တက်သွားတာကြောင့် အထူးသဖြင့်တော့ အောက်ခြေလူတန်းစား ဆင်းရဲသားတွေအတွက် အထိနာတဲ့ဆုံးရှုံးနစ် နာမှုတွေ ဖြစ်ပေါ်လာတယ်။ လူအချို့က အလုပ်ကိုသွားဖို့ လမ်းစရိတ်တောင် မတတ်နိုင်တော့တဲ့အထိ ဖြစ်ကုန်တယ်။
၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့ကြတဲ့ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထား တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မှာ ဆန္ဒပြချီတက်မှုတွေလုပ်ခဲ့ ပြီး အစိုးရထံမှာ ဈေးနှုန်းတွေ မြင့်တက်နေတာတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ အစိုးရက လျင်လျင်မြန်မြန်နဲ့ပဲ သူတို့ ရှာဖွေဖမ်းဆီးနိုင်ခဲ့တဲ့ အဖွဲ့ရဲ့ဦးဆောင်သူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်ခဲ့တာကြောင့် ချီတက်ဆန္ဒပြသူတွေရဲ့ စိုးရိမ်မှုတွေ က တိုးတိုးလာခဲ့တယ်။
နောက်ပိုင်းမှာတော့ နိုင်ငံရေးအသိဥာဏ်ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အဖွဲ့ငယ်တစ်ဖွဲ့က ချီတက်ဆန္ဒပြမှုကို ဆက်လက် လုပ်ဆောင်ဖို့တာဝန်ကို ပုခုံးပြောင်းယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဘုန်းတော်ကြီးတွေရော၊ သာမန်ဘုန်းတော်ကြီးတွေကပါ လူထု ကြီးကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကောင်းကောင်းကြီးသိနေကြတယ်။ ဘာလို့လဲဆိုတော့ ဘုန်းတော်ကြီးတွေဟာ နေ့စဉ်နေ့ တိုင်း ကျောင်းကနေထွက်ပြီးတော့ ဒကာ၊ ဒကာမလူထုကြီးဆီကနေ ဆွမ်းအလှူကို ခံနေကြရလို့ပဲ။ တစ်နေ့တခြားလူတွေက ပိုပြီး တော့သူတို့ကိုယ်သူတို့တောင်မှ ကောင်းကောင်းမွန်မွန် စားသောက်နိုင်ခြင်းမရှိသလို၊ အလှူဒါနကိုလည်း ကောင်းမွန်စွာလှူဒါန်းနိုင် တဲ့ အနေအထားမရှိတော့ဘူး။ ဒါကအလွန်ကိုစိတ်ပျက်စရာအခြေအနေပါ။ သံဃာကို ဆွမ်းလုပ်ကျွေးလှူဒါန်းတယ်ဆိုတာက ထေရ ဝါဒဗုဒ္ဓဘာသာဝင်တွေအဖို့ အခြေခံအကျဆုံး ကုသိုလ်ကောင်းမှုပြုခြင်းဖြစ်ပါတယ်။
စက်တင်ဘာလ ၅ရက်နေ့မှာတော့ ရာပေါင်းများစွာသော ဘုန်းတော်ကြီးတွေဟာ ဘာသာရေးဆိုင်ရာစာပေတွေ သင်ကြားပို့ချကြတဲ့ ဘုန်းတော်ကြီးကျောင်းများ တည်ရှိနေခြင်းကြောင့် လူသိများတဲ့ ပုခုက္ကူမြို့ရဲ့လမ်းတွေပေါ် ထွက်လာပြီးတော့ သတ္တဝါအများအတွက် မေတ္တာပို့သတဲ့အနေနဲ့ မေတ္တသုတ္တန်ကို ရွတ်ဆိုကြပါတယ်။ ထောင်ပေါင်းများစွာသော မြို့နေလူထုကြီးကလည်း သူတို့ရဲ့ထောက်ခံမှု ကိုပြသဖို့အတွက် အပြင်ကိုထွက်လာခဲ့ကြတယ်။ ဒေသခံအာဏာပိုင်များက ဘုန်းတော်ကြီးတွေရဲ့ခေါင်းပေါ်ကကျော်ပြီး ပစ်ခတ် ခြောက်လှန့်တာ၊ ဘုန်းတော်ကြီးတွေကို ရိုက်နှက်တာ၊ အချို့ကိုတော့ တိုင်မှာချည်ပြီးရိုက်နှက်တာမျိုးတွေကို ပြုလုပ်ပြီးတော့ တုံ့ပြန် ခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေကို ကိုယ်ထိလက်ရောက်စော်ကားတာက ဗုဒ္ဓဘာသာအမြင်အရ အပြင်းထန်ဆုံးအကုသိုလ် အလုပ် တွေထဲက တစ်ခုကို ကျူးလွန်တာပဲ။ ဒီအဓိကရုန်းက ပြင်းထန်တဲ့မကျေနပ်မှုကို အစပျိုးပေးလိုက်ပြီး လှုပ်ရှားမှုကြီးတစ်ခုလုံးကို ဘယ်တုန်းကနဲ့မှမတူအောင်လို့ မြန်မြန်ဆန်ဆန်ကြီးထွားလာအောင် အထောက်အပံ့ပေးနိုင်ခဲ့တယ်။
နောက်ငါးရက်ကြာပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု All Burma Monks Alliance (ABMA) ကို တည်ထောင်ကြောင်း ကြေငြာခဲ့ပြီး သံဃာတော်တွေကို ပြန်လည်ဝန်ချတောင်းပန်ဖို့၊ စက်သုံးဆီဈေးနှုန်းများနဲ့ အခြားသောအခြေခံ လူသုံးကုန်တို့ရဲ့ ဈေးနှုန်းများကို လျော့ချပေးဖို့၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်များပါတဲ့ တောင်းဆိုချက်ကို အစိုးရထံမှာတောင်း
ဆိုခဲ့ကြပါတယ်။
2 ဒီဖော်ပြချက်မှာ အကယ်၍များ စက်တင်ဘာ ၁၇ရက်နေ့ ရောက်သည်အထိ အစိုးရဖက်မှ တုန့်ပြန်မှုမရှိခဲ့လျှင် ဘုန်းတော်ကြီးများအနေနဲ့ စစ်တပ်နဲ့ ၄င်းတို့ရဲ့မိသားစုများထံကနေပြီးတော့ အလှူခံမှုကို ငြင်းဆန်ခြင်း၊ ၄င်းတို့ကျင်းပတဲ့ ဘာသာ ရေးပွဲလမ်းသဘင်များကို ငြင်းဆန်ခြင်းတွေကို ပြုလုပ်သွားမယ့် ဘာသာရေးဆိုင်ရာ သပိတ်မှောက်မှုကို ဦးဆောင်ပြုလုပ်သွားမည်လို့ ပါရှိပါတယ်။3
သူတို့ရဲ့တောင်းဆိုမှုတွေကို အစိုးရက ငြင်းဆန်လိုက်တဲ့အချိန်မှာတော့ ဘုန်းတော်ကြီးတွေက သပိတ်ကိုစတင်လိုက် ပြီး လမ်းတွေပေါ်ကို ထွက်လာကြတယ်။ ပုခုက္ကူက အဖြစ်အပျက်ရဲ့သတင်းနဲ့ ABMA ရဲ့ ကြေငြာချက်တွေက ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ဒကာ၊ဒကာမတွေဆီကို ပြည်ပကအသံလွှင့်ဌာနတွေကနေတဆင့်ကော အချင်းချင်းပါးစပ်သတင်းအနေနဲ့ပါ ပျံ့နှံ့သွား ခဲ့တယ်။ ဘုန်းတော်ကြီးအစုအဖွဲ့ငယ်ကလေးတွေက သူတို့ရဲ့ကျောင်းထိုင်ဆရာတော်ကြီးတွေဆီက ခွင့်ပြုချက်နဲ့ရော၊ ခွင့်ပြုချက်မရှိ ပဲနဲ့ပါ ပေါ်ပေါက်လာကြတယ်။
ရွှေဝါရောင်တော်လှန်ရေးရဲ့ ပထမဦးဆုံးနေ့တွေမှာတော့ သံဃာတော်တွေချည်း(နောက်ပိုင်းတော့ သီလရှင်ဆရာကြီး၊ ဆရာလေး တွေ ပါပါဝင်) သီးသန့်ချီတက်ကြတယ်။4
သို့သော်လည်း တစ်ချို့သော်လူဝတ်ကြောင်တွေကပါ သံဃာတော်တွေရဲ့ ၄င်းတို့ကိုယ်စား အနစ်နာခံအားထုတ်ကြတဲ့ လှုပ်ရှားမှုရဲ့တွန်းအားကြောင့် သံဃာတော်တွေထံမှာ ချဉ်းကပ်ပြီး သူတို့လည်းပါဝင်ဆင်နွဲခွင့်ကို တောင်း ခံခဲ့ကြတယ်။ ညှိနှိုင်းညီညွှတ်တဲ့စိတ်ဓါတ်ကြောင့် လူပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ရဲ့လက်တွေကို အချင်းချင်းချိတ်ဆက်ပြီး လူတံတိုင်းအ နေနဲ့ သံဃာတော်တွေလျှောက်လှမ်းရာ လမ်းတစ်လျှောက်မှာ သံဃာတွေလိုင်းရဲ့ နံဘေးတစ်ဖက်တစ်ချက်ဆီကနေပြီး လိုက်ပါခွင့်ရ ရှိခဲ့တယ်။ သာသနာ့အလံတော်တွေ၊ မှောက်ထားတဲ့သပိတ်တွေကို ကိုင်ဆောင်ရင်း၊ မေတ္တာသုတ္တန်ကို ရွတ်ဖတ်ပူဇော်လာကြတယ်။ အဲဒီလိုမျိုး ထုတ်ဖော်ဆန္ဒပြမှုတွေကို တခြားမြို့ကြီးများနဲ့ မြို့အတော်များများမှာ ဘေးကနေရပ်ကြည့်အားပေးသူတွေက လက်ခုပ် တွေတီးရင်း၊ ငိုကြွေးရင်းနဲ့ ပြုလုပ်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေ အရှိန်အဟုန်အလွန်မြန်ဆန်စွာနဲ့ ဖြစ်ပေါ်လာတာနဲ့ ဖြစ်ပေါ်လာတဲ့ ဒီဆန္ဒ ပြပွဲတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မဆုံးဖြတ်နိုင်သေးတာကြောင့် အံ့အားသင့်စိတ်ပျက်နေရတဲ့ အစိုးရဟာ အစပိုင်းမှာ တော့ သတိထားပြီး တုံ့ပြန်လာခဲ့တယ်။ ယူနီဖောင်းဝတ်မထားတဲ့ ထောက်လှမ်းရေးအရာရှိတွေက လူထုလှုပ်ရှားမှုတွေကို ဗီဒီယို ရိုက်ယူမှတ်တမ်းတင်မှုတွေ လုပ်လာခဲ့တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူခြင်းမျိုးမရှိခဲ့ဘူး။
တစ်ချိန်တည်းမှာပဲ လှုပ်ရှားမှုတွေကို ပိုမိုကျယ်ပြန့်လာအောင်နဲ့ နိုင်ငံရေးပြန်လည်ဖော်ဆောင်မှုကို အရှိန်တိုးမြှင့်နိုင်ဖို့ ABMA အနေ နဲ့  ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပုန်းအောင်းနေတဲ့ ခေါင်းဆောင်တွေအပါအဝင် အခြားလူဝတ်ကြောင်အဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းပြီး စက်တင်ဘာ၂၁ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ပြီး လူထုကြီးကို မိစ္ဆာဒိဋ္ဌိအစိုးရကို နှင်ထုတ်ဖို့အတွက် သံဃာ တော်များနဲ့ ပူးပေါင်းကြဖို့ ဆော်သြလိုက်တယ်။5
စက်တင်ဘာ ၂၂ရက်နေ့မှာတော့ ရာပေါင်းများစွာသော ဘုန်းတော်ကြီးတွေက လူပု ဂ္ဂိုလ်တွေ ဝန်းရံပြီးတော့ ရဲတပ်ဖွဲ့တွေရဲ့အတားအဆီးတွေကို ဖြစ်ကျော်ပြီး ဒီမိုကရေစီခေါင်ဆောင်တစ်ဦးဖြစ်တဲ့ အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရတဲ့အိမ်ရှိရာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းဆီကို ချီတက်သွားခဲ့ကြတယ်။ သူမက ငိုကြွေးနေတဲ့မျက်လုံး တွေနဲ့ အိမ်ပေါက်ဝအထိထွက်လာခဲ့တယ်။ ဒီဖြစ်ရပ်ရဲ့သတင်းတွေက နိုင်ငံတကာနဲ့ ပြည်ပရောက်သတင်းမီဒီယာတွေဆီကို ပြန့်နှံ သွားခဲ့တယ်။ လူအများကို လှုံ့စော်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ လူအတော်များများကို ဆန္ဒပြချီတက်ပွဲဆီကို ပူးပေါင်းပါဝင်စေခဲ့ တယ်။ ၂၄ရက် စက်တင်ဘာမှာတော့ နာမည်ကျော်အနုပညာရှင်များက သူတို့ရဲ့ထောက်ခံမှုကို လူသိရှင်ကြားပြသခဲ့ကြတယ်။ သံ ဃာတွေက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သူတို့ချီတက်ရာလမ်းကြောင်းတစ်လျှောက် အလယ်ကောင်ကနေပါဝင် ချီတက်ခွင့် ပြုခဲ့ပြီး၊ နိုင်ငံရေးအလံတွေကိုလည်း ကိုင်မြှောက်လျှောက်လှမ်းခွင့်ပြုခဲ့တယ်။ လူတစ်သိန်းလောက်က ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ ချီတက်နေကြတဲ့အချိန်မှာ ထောင်ပေါင်းများစွာသောလူထုကြီးကလည်း အခြားမြို့တွေမှာ ချီတက်ဆန္ဒပြနေခဲ့ကြတယ်။
အစိုးရအတွက်တော့ သည်းခံနိုင်စွမ်းက ကုန်သွားပါပြီ။ ၂၄ရက် စက်တင်ဘာရဲ့ညနေပိုင်းမှာတော့ အစိုးရကထိန်းချုပ်ထားတဲ့ သံဃာ နာယကအဖွဲ့က သံဃာတွေအားလုံးကို လောကီကိစ္စတွေမှာ မပါဝင်ကြဖို့ ဆော်သြလိုက်ပါတယ်။ ၂၅ရက်နေ့မှာတော့ ရန်ကုန်နဲ့ မန္တ လေးမြို့တွေက အာဏာပိုင်အဖွဲ့အစည်းတွေက ညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီး သံဃာတွေကို လမ်းပေါ်မထွက်ကြဖို့ သတိပေးခဲ့ ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ တပ်မတော်(မြန်မာ့စစ်တပ်) စစ်သားတွေနဲ့ လုံထိန်းရဲတွေကနေ မျက်ရည်ယိုဗုံးတွေ၊ မီး လောင်ဗုံးတွေနဲ့ ပစ်ခတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဆန္ဒပြပွဲကို ဖျက်ဆီးဖို့အတွက် လူအမြောက်အမြားကို ဖမ်းဆီးခြင်းတွေကို ပြုလုပ်ပြီး တော့ အကြမ်းဖက်အင်အားသုံးဖြိုခွဲမှုကို စတင်ခဲ့ပါတယ်။
စစ်တပ်ရဲ့အစိုးရကို ထောက်ပံ့ပေးဖို့အတွက် ၁၉၉၃ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး အင်အားကြီးမားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးအသင်း Union Solidarity Development Association (USDA)က အသင်းဝင်တစ်ချို့နဲ့အတူ ၄င်းအဖွဲ့နောက်မှ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ စွမ်းအားရှင်အဖွဲ့တို့ကလည်း အင်အားသုံးဖြိုခွင်းမှုကို ကူညီပေးခဲ့ကြတယ်။ ညဖက်တွေ မှာဆိုရင် စစ်သားနဲ့လုံထိန်းတွေက ဘုန်းတော်ကြီးကျောင်းတွေကို အငိုက်ဖမ်းစီးနင်းဝင်ရောက်ပြီး သံဃာတော်တွေကို ရိုက်နှက်ကာ၊ ထိန်းသိမ်းရေးစခန်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ဒေါသထွက်နေတဲ့လူငယ်အစုအဖွဲ့တွေက ရက်အတော်ကြာအောင် လမ်းတွေပေါ်မှာ စုဝေးပြီးနေခဲ့ကြပေမယ့် ခေါင်းဆောင်မယ့်သူမရှိသလို၊ လူစုလူဝေးတွေလည်း ဘယ်မှာမှမရှိတော့ဘူး။ သူတို့ရှေ့ ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာ သိသွားကြတယ်။ နောက်ဆုံးတော့ အစိုးရက ဂျပန်လူမျိုးရုပ်သံသတင်းထောက်တစ်ဦး အ ပါအဝင် လူ ၁၅ဦးသေဆုံးတယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးလူ့အခွင့်အ ရေးကိုယ်စားလှယ်ရဲ့ အစီအရင်ခံချက်မှာတော့ ဒီသတင်းထုတ်ပြန်မှုဟာ တကယ့်အဖြစ်မှန်ထက်အများကြီးလျော့ပေါ့ခန့်မှန်းမှု ဖြစ် နိုင်တယ်လို့ ဆိုထားပါတယ်။
6 သေဆုံးမှုတွေက လူလေးထောင်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ယာယီထိန်းသိမ်းရေးစခန်း တွေနဲ့ ထောင်တွေမှာ ပိုပိုပြီးဖြစ်နေခဲ့တယ်။ သံဃာတွေအတော်များများကိုတော့ အဓမ္မသင်္ကန်းချွတ်ခိုင်းတာမျိုးတွေ လုပ်ခဲ့တယ်။
ဆန္ဒပြပွဲတွေတစ်လျှောက်လုံးမှာ ပြည်သူထဲကသတင်းသမားတွေနဲ့ ဘလော့ဂ်ဂါတွေက ဓါတ်ပုံတွေ၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ဗီဒီယိုတွေကို အင်တာနက်ပေါ်မှာ ဖြန့်ဝေခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့က ဒီဖြစ်ရပ်ဟာ မြန်မာတို့ရဲ့ပြည်တွင်း ရေးသာဖြစ်တယ်ဆိုပြီး ပြောခဲ့ပေမယ့် တစ်ကမ္ဘာလုံးက အစိုးရတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာအစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြ နေကြတဲ့ ဆန္ဒပြသူတွေကို ကိုင်တွယ်တဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ဆော်သြခဲ့ပါတယ်။ အစိုးရကတော့ နာကျင်မှုတွေနဲ့ပဲ ရှေ့ဆက်ခဲ့ပါတယ်။ မျက်မြင်သက်သေအတော်များများ ပြောကြတာက အချို့စစ်သားတွေနဲ့ ရဲတွေက ဆန္ဒပြပွဲတွေရဲ့အစပိုင်းနေ့ တွေမှာတုန်းက လက်ဟန်ခြေဟန်နဲ့ သံဃာတွေကို ရိုသေမှုပြခဲ့ကြတယ်(ရှိခိုးတာကို ဆိုလိုချင်ဟန်ရှိပါတယ်)ဆိုပေမယ့် ဆန္ဒပြသူ တွေကို ရိုက်နှက်ဖို့နဲ့ ပစ်ခတ်ဖို့ အမိန့်ချပြီးတဲ့အချိန်မှာတော့ သူတို့တွေက ညှာတာမှုမရှိပြုမူခဲ့ကြတယ်။
ဘုန်းတော်ကြီးအများအပြားက ယုံကြည်တာက သူတို့ဒီလိုချီတက်နေတာက မေတ္တာသက်သက်ဖြစ်ပြီး ဒဏ်ခတ်အပြစ်တင်တာမျိုး မ ဟုတ်ဘူးဆိုတာပါ။ ဒီဆန္ဒပြပွဲဟာ ပေါ်ပေါ်ထင်ထင်လုပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုးဆိုတာထက် ဘာသာရေးကို အခြေခံတဲ့ ချီတက်ပွဲ တစ်ခုဖြစ်လို့ပါ။
2 မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ကြေငြာချက်၊ ဝါခေါင်လပြည့်ကျော် ၁၂ရက်၊ ၁၃၆၉ခုနှစ်၊ တနင်္ဂနွေ၊ ကြေငြာချက်အမှတ် ၁/၂၀၀၇
3 ပါဠိဘာသာမှလာတဲ့ ပတ္တနိကုဇ္ဇနကမ္မဆိုတဲ့စကားရပ်ကနေ ဆင်းသက်လာတာပါ။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကတည်းက ပြုခဲ့တဲ့အမှုဖြစ်ပြီး ပြောင်းပြန်မှောက် ထားတဲ့သပိတ်ပုံနဲ့ သင်္ကေတပြုပါတယ်။
4 တကယ်တော့ မြန်မာပြည်က သံဃာတွေရဲ့သင်္ကန်းက ကြက်သွေးရောင်ပါ။
5 People’s Alliance Formation Committee, ‘Statement of the People’s Alliance Formation Commit tee to the Entire Clergy and the People of the Whole Country’, 21 Sept. 2007.
သံဃာတော်များ ဦးဆောင်မှုကို ယူခဲ့ရခြင်းရဲ့ နောက်ကွယ်မှ အကြောင်းအရင်းခံများ
မြန်မာနိုင်ငံဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး ဓနသဟာယနိုင်ငံအဖြစ်မှ နုတ်ထွက်ခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ်အစိုးရ ပေါ်ပေါက်လာခဲ့ပေမယ့် အဓိကကျတဲ့ နိုင်ငံရေးပါဝါကတော့ ဗဟိုအစိုးရထံမှာပဲ တည်နေပါတယ်။ ပါတီနိုင်ငံရေးနဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုရဲ့ လူနည်းစုလူမျိုးတွေနေထိုင်ရာ ပြည်နယ်တွေကို ပိုပြီးတော့နိုင်ငံရေးပါဝါကိုပေးဖို့ စဉ်းစားချင်တဲ့ဆန္ဒရှိမှုတွေအပေါ်မှာ မကျေမ နပ်ဖြစ်နေတဲ့ စစ်တပ်ရဲ့မကျေနပ်ချက်က ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာသိမ်းမှုကို ၁၉၆၂ခုနှစ်မှာ ဖြစ်ပွားစေခဲ့တယ်။ နောက်ပိုင်းမှာ တော့ လူနည်းစုအမျိုးသားလက်နက်ကိုင်တပ်တွေက မြေပြန့်လွင်ပြင်ကို ဝိုင်းထားတဲ့ တောင်တန်းတွေပေါ်မှာ တပ်မတော်နဲ့ စစ်ပွဲ တွေဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်ပြည်မပိုင်းမှာတော့ တည်ငြိမ်နေဆဲပါပဲ။ ကျောင်းသားတွေ၊ အလုပ်သမားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲလေးတွေ တစ်ခြားအချိန်တွေမှာ ရုတ်တရက်ဖြစ်ပွား ပေါ်ပေါက်ခဲ့ပေမယ့် နှစ်ပေါင်းလေးဆယ်ကျော် စစ်တပ်ရဲ့အုပ်ချုပ်မှု အောက်မှာ ၁၉၈၈ခုနှစ်နဲ့ ၂၀၀၇ခုနှစ်တွေမှာပဲ ကြီးကျယ်တဲ့ လူထုတော်လှန်ရေးကြီး ၂ခုသာဖြစ်ပွားခဲ့တယ်။7
၁၉၉၈ နဲ့ ၂၀၀၇ နှစ်ခုစလုံးမှာတော့ (၁၉၈၈ခုနှစ်က ကျောင်းသားတွေအပေါ်မှာနဲ့ ၂၀၀၇ခုနှစ်က ဘုန်းတော်ကြီးတွေအပေါ်မှာ) အာ ဏာပိုင်တွေရဲ့ လက်မခံနိုင်စရာ အကြမ်းဖက်ပြုမူမှုတွေက ပြည်သူတွေရဲ့ကြောက်စိတ်တွေကို ဘေးဖယ်ပြီး ပြန်လည်တော်လှန်ဖို့အ တွက် အစပျိုးပေးလိုက်တဲ့ အချက်ဖြစ်လာပါတယ်။ ဖြစ်စဉ်နှစ်ခုစလုံးမှာ တက်ကြွလှုပ်ရှားသူတွေ စုဖွဲ့ထားတဲ့ အစုအဖွဲ့ငယ်ကလေး တွေက သူတို့ထက်အသက်ပိုကြီးတဲ့ အရင်မျိုးဆက်တက်ကြွလှုပ်ရှားသူကြီးများကို နည်းလမ်းအမြောက်အမြားနဲ့ ဆက်သွယ်ခဲ့ပြီး လူ ထုကြီးကို စည်းရုံးလာစေမယ့် အစပျိုးမှုကို စောင့်ဆိုင်းနေခဲ့ကြတယ်။ မြန်မာပြည်မှာက တခြားနိုင်ငံတွေမှာလိုပဲ ကျောင်းသားတွေက ယေဘုယျအားဖြင့် ဦးဆောင်မှုကို ရယူကြတယ်။ ၁၉၈၈ နဲ့ ၂၀၀၇ နှစ်ခုစလုံးမှာ ကျောင်းသားတွေက ဆန့်ကျင်မှုကို စတင်ပြီး နောက်ပိုင်းမှာ သံဃာတွေက လွတ်နေတဲ့နေရာတွေကို ဖြည့်တယ်၊ သူတို့ရဲ့ဒကာ၊ ဒကာမတွေအပေါ်သြဇာသက်ရောက်မှုကို အသုံး ချစေတယ်။ ၁၉၈၈ခုနှစ်တုန်းကတော့ ဘုန်းတော်ကြီးတွေက မြို့တော်ဟောင်းဖြစ်တဲ့ ရန်ကုန်မှာတော့ ကြီးကျယ်တဲ့အခန်းကဏ္ဍက နေပါဝင်မှုမရှိခဲ့ပေမယ့် ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးနဲ့ တခြားမြို့ငယ်လေးတွေမှာတော့ ကျောင်းသားတွေ၊ ဒေသခံ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ဆန္ဒပြပွဲတွေကို ဦးဆောင်ဆင်နွဲခဲ့ကြတယ်။ ၂၀၀၇ခုနှစ်မှာကြတော့ ၈၈မျိုးဆက်ကျောင်းသားများအ ဖွဲ့ရဲ့ ခေါင်းဆောင်တွေ အဖမ်းဆီးခံရချိန်မှာ ပိုပြီးတော့နိုင်ငံရေးအသိအမြင်ရှိတဲ့ ဘုန်းတော်ကြီးတွေက ကြားဝင်လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ ကြတယ်။ ဆင်ခြေဖုံးတွေမှာ သီတင်းသုံးနေကြတဲ့ သက်တော်၂၀နှစ်နဲ့ ၄၅ကြားက သံဃာတွေအများအပြားက ၄င်းသံဃာတွေနဲ့ ပူး ပေါင်းခဲ့ကြတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ၁၉၈၈ခုနှစ်ကလိုပဲ ပြင်းထန်တဲ့ စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုတွေကြောင့် ကာလကြာမြင့်စွာ မပြောင်းမလဲတည်ရှိနေတဲ့ ယိုယွင်းပျက် စီးနေတဲ့ စီးပွားရေးစနစ်က ဆန္ဒပြပွဲတွေဖြစ်လာအောင် တွန်းပို့ပေးတဲ့ အချက်တွေဖြစ်လာခဲ့တယ်။ အစိုးရရဲ့ပြည်သူလူထုကောင်းစား ရေးအပေါ်မှာ အာရုံစိုက်မှုမရှိတာက ပြဿနာတစ်ရပ်အနေနဲ့ နက်နက်ရှိုင်းရှိုင်းရှိနေတယ်။ ကျန်းမာရေးနဲ့ ပညာရေးလိုကဏ္ဍတွေမှာ မြှပ်နှံဖို့အတွက် ရက်ရက်စက်စက်ငြင်းပယ်ခံနေရချိန်မျိုးမှာ အစိုးရက ငွေကြေးအမြောက်အများကို တောကြီးခေါင်ခေါင်မှာ မြို့တော် သစ်ကြီးတည်ဆောက်ဖို့အတွက် ရင်းနှီးအသုံးချနေသလို စစ်လက်နက်ပစ္စည်းတွေကိုလည်း အဆင်မြှင့်တင်မှုတွေလုပ်နေတယ်။ ဘုန်းတော်ကြီးတွေက မဖြစ်မနေလုပ်ဖို့လိုတယ်လို့ ခံစားမိလာလို့ မိဘမဲ့ဂေဟာတွေ၊ ဆင်းရဲတဲ့ကလေးငယ်တွေအတွက် စာသင် ကျောင်းတွေ၊ HIV-AIDS အပါအဝင် ရောဂါကုသရေးအစီအမံတွေကို သူတို့ရဲ့ကျောင်းဝင်းအတွင်းမှာ လုပ်ကိုင်ပေးနေရတယ်။ ဘုန်း တော်ကြီးတွေနဲ့ လူပုဂ္ဂိုလ်တွေက အခြေအနေတွေကို စိတ်ပျက်ပြီးမချင့်မရဲဖြစ်နေကြတဲ့အတိုင်းပဲ တိုင်းပြည်ရဲ့အနေအထားက တ ဖြေးဖြေးပိုပိုပြီးဆိုးလာပေမယ့် လူအများကတော့ တစ်ခုခုကိုလုပ်ဖို့ အလွန်အမင်းကြောက်လန့်နေကြဆဲပဲ။
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေထဲက အလွန်နည်းတဲ့အရေအတွက်လောက်ပဲ တခြားသောနိုင်ငံတွေမှာ ဘုန်းတော်ကြီး တွေက ပြည်သူတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကြတယ်ဆိုတဲ့အကြောင်းကို သိကြတယ်။ တစ်ပါးမှမသိတာမျိုးတောင် ဖြစ်နိုင် တယ်။ ဒါပေမယ့်အားလုံးသိထားတဲ့အချက်က လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကစလို့ နောက်ပိုင်းအချိန်တွေအထိ ပြည်တွင်းက လူ ထုတော်လှန်ရေးလှုပ်ရှားမှုတွေမှာ သံဃာတော်တွေက သမိုင်းဝင်တဲ့အထိ ပါဝင်ခဲ့ကြတယ်ဆိုတာပဲ။ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံ ကြည်မှုကို ကာကွယ်ဖို့နဲ့ လူထုရဲ့ခံစားနေရတဲ့ ဒုက္ခတွေကို စဉ်းစားမိတာက အမြဲတစေအဓိကကျတဲ့ စိတ်ဓါတ်မြှင့်တင်ရေး အ
ကြောင်းအချက်ဖြစ်လို့နေတယ်။ ၂၀၀၇လူထုဆန္ဒပြပွဲကြီးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်အများစုဟာ သူတို့ပညာသင်ကြားရာနဲ့ လေ့လာ ဆည်းပူးရာဖြစ်တဲ့ စာသင်ကျောင်းတိုက်တွေကနေ လာကြတာဖြစ်တယ်။ အချို့သောဦးဆောင်စည်းရုံးသူတွေက ၁၉၈၈ခုနှစ် လူထု လှုပ်ရှားမှုမှာပါဝင်ခဲ့တာကြောင့်မို့လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ၁၉၉၀မှာ စစ်တပ်ကို ဆန့်ကျင်ခဲ့တဲ့ ဘာသာရေးသပိတ်ကြောင့်ပဲဖြစ်ဖြစ် နှစ်ရှည်လများ အကျဉ်းကျခံထားရဖူးသူတွေဖြစ်တယ်။ ၉၀ပြည့်နှစ်သပိတ်ဟာ စစ်တပ်က မန္တလေးမြို့မှာပြုလုပ်မယ့် ၈လေးလုံးနှစ် နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရပြည်သူ့ဆန္ဒပြပွဲအတွက် စည်းရုံးလှုံဆော်နေတဲ့ သံဃာတွေနဲ့ ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်။ ထောင်ကျနေစဉ်မှာပဲ အချို့သောသံဃာတွေဟာ ၈၈မျိုးဆက်တက်ကြွလှုပ်ရှား သူတွေနဲ့ ရင်းနှီးခင်မင်မှုရှိခဲ့ကြတယ်။ အချို့သောရဟန်းပျိုခေါင်းဆောင်တွေက လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အကြမ်းမဖက်တုံ့ပြန် လှုပ်ရှားမှုတွေအကြောင်းကို တက်ကြွလှုပ်ရှားသူတွေနဲ့ ထိတွေ့မှုတွေဆီကတဆင့်ဖြစ်စေ၊ ကိုယ်တိုင်လေ့လာသင်ယူမှုကနေဖြစ် စေ သင်ယူခဲ့ကြတယ်။ လမ်းတွေပေါ်မှာ ဦးဆောင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးအချို့ကတော့ နိုင်ငံရေးနောက်ခံဘာဆိုဘာမှမရှိပဲနဲ့ BBC တို့ ပြည်ပရောက်သတင်းဌာနတွေတို့က ထုတ်လွှင့်တဲ့အသံလွှင့်ချက်တွေကိုသာ ရံဖန်ရံခါနားထောင်ဖူးကြတာဖြစ်တယ်။ သာမာန် ဘုန်းတော်ကြီးတွေကိုတောင်မှပဲ စည်းရုံးနိုင်ခဲ့တယ်။ သံဃာတော်တစ်ပါးက အခုလိုမိန့်တယ်။ “ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး နဲ့ နိုင်ငံရေးဆိုတာတွေက အားလုံးဆက်စပ်နေတယ်။ ဒါတွေကိုခွဲထုတ်လို့မရနိုင်ဘူး။”
၂၅ စက်တင်ဘာ ၂၀၀၇။ ပြင်းထန်တင်းကျပ်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သ တိပေးချက်ကို ဆန့်ကျင်ပြီးပြုလုပ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ။ ဒါကကြီးကျယ်တဲ့ပြည်သူလူထုရဲ့ စစ်ခေါင်းဆောင်တွေနဲ့ ၄င်း တို့ရဲ့တင်းကျပ်တဲ့ချုပ်ချယ်မှုတွေကို အာဏာဖီဆန်မှုပြုလုပ်တဲ့နေ့တွေထဲက တစ်နေ့ပါ။ ခေါင်းစီးစာတန်းကို ကိုင်ဆောင်လာတဲ့ လူ ငယ်တွေရဲ့အနောက်ကပ်လျက်ကနေ ချီတက်ဆန္ဒပြသူတွေက ဥပဒေပြင်ပအဖွဲ့အစည်းဖြစ်တဲ့ All Burma Federation of Students Unions အဖွဲ့ရဲ့အလံကိုကိုင်ပြီး ချီတက်လာတာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာဆိုရင် တက်ကြွလှုပ်ရှားသူ မျိုးဆက်သစ် ကျောင်းသားတွေနဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး လွတ်လပ်လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
စိတ်ပျက်စရာကောင်းတဲ့ တိုင်းပြည်ရဲ့ရှေ့မတိုးသာနောက်မဆုပ်သာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေက တက်ကြွလှုပ်ရှားသူများနဲ့ ဘုန်းတော်ကြီးတွေကို တစ်ခုခုကို မဆိုင်းမတွလုပ်ဖို့လိုအပ်နေတယ်လို့ မြင်လာစေတယ်။ ၁၉၈၈ ပြည်လုံးကျွတ်လူထုအုံကြွမှုကြီး ပျက်သုံးသွားပြီးတဲ့အချိန်မှာ အစိုးရက ပြည်သူကိုချွေးသိပ်ဖို့ နည်းလမ်းရှာတဲ့အနေနဲ့ ၁၉၉၀မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့တယ်။ အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ခေါင်းဆောင်ဖြစ်လာပြီး အစိုးရရဲ့ပါတီကို အပြတ်အ သတ်အနိုင်ရခဲ့ပေမယ်လို့ အစိုးရကတော့ အာဏာကိုလွဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အရင်ရေး ဆွဲရမယ်လို့ အကြောင်းပြပြီး ဖွဲ့စည်းအခြေခံဥပဒေမှာပါဝင်မယ့် အချက်အလက်တွေကို ရေးဆွဲဖို့အတွက် အစိုးရကတင်းကျပ်စွာ ချုပ်ကိုင်ထားတဲ့ အမျိုးသားညီလာခံကို ကျင်းပပေးခဲ့တယ်။ ဒီအချက်က ၁၉၉၃ကနေပြီးတော့ ၂၀၀၇ခုနှစ်အထိ စုစုပေါင်း၁၄နှစ်ကြာ ခဲ့တယ်။ နိုင်ငံတကာရဲ့ဝေဖန်မှုကို ရှောင်ရှားဖို့အတွက် အစိုးရက မြန်မာပြည်အတွက်မှန်ကန်တဲ့ ငြိမ်းချမ်းမှုရှိတဲ့ ဒီမိုကရေစီဆီသို့ သွားနေပါတယ်လို့ အကြောက်အကန်ပြောဆိုနေပေမယ့် တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ရာထူးကဆင်းပေးဖို့ ရည်ရွယ် ရင်းလုံးဝမရှိခဲ့ဘူး။ ဒီကာလတစ်လျှောက်လုံးမှာ အောင်ဆန်းစုကြည်အနေနဲ့ နေအိမ်အကျယ်ချုပ်ကျခံနေရပါတယ်။ တစ်ချိန်တည်းမှာ ပဲ အာဏာပိုင်တွေက NLD ရဲ့နည်းစနစ်ပိုင်ကိုင်တွယ်သူတွေကို စနစ်တကျထောင်သွင်းအကျဉ်းချတာတွေလုပ်ခဲ့သလို ပါတီဝင်တွေ ကိုလည်း ပကါတီကနေ နုတ်ထွက်ဖို့ ခြိမ်းခြောက်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ ကျန်ရှိနေခဲ့တဲ့ NLD ခေါင်းဆောင်ပိုင်းက ပါတီကိုတရား ဝင်ရပ်တည်နိုင်နေဖို့ကို
အာရုံထားလုပ်ကိုင်နေရပြီးတော့ တက်ကြွလှုပ်ရှားသူတွေနဲ့အတူတကွ ပူးပေါင်းပြီး လမ်းပေါ်ကိုထွက်ဖို့ တုံ့ ဆိုင်းနေခဲ့ကြတယ်။ ၂၀၀၇ ခုနှစ်မှာတော့ NLD တိုင်းအဖွဲ့တွေက လူငယ်တွေဟာ ဘုန်းတော်ကြီးတွေက မပါဝင်လာခင်မှာကိုပဲ ဆန္ဒ ပြပွဲတွေမှာ လှုပ်ရှားကြဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။
၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သုံးသတ်ချက်များ (အပိုင်း ၁)
http://www.facebook.com/note.php?saved&¬e_id=205834062765202&id=178970842137463
၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သုံးသတ်ချက်များ (အပိုင်း ၂)
http://www.facebook.com/note.php?saved&¬e_id=205836162764992&id=178970842137463
၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သုံးသတ်ချက်များ (အပိုင်း ၃)
http://www.facebook.com/note.php?saved&¬e_id=205837462764862&id=178970842137463
0 comments:
Post a Comment