စာနယ်ဇင်းနှင့် နိုင်ငံရေး (ဇဝန)၊ အပိုင်း (၁)
by Thant Ko Ko Maung on Monday, December 5, 2011 at 11:53am
အားမလို အားမရ ဖြစ်မိပါရဲ့။ ၁၉၇၅ ခုနှစ် စာနယ်ဇင်းသမိုင်း ဟောပြောပွဲမှာ ဆရာကြီးဇဝန တင်သွင်းခဲ့တဲ့
စာနယ်ဇင်းနှင့် နိုင်ငံရေး စာတန်းကို နုတ်အဖြစ် အပိုင်းများခွဲပြီး တင်ပေးလိုက်ပါတယ်။ ဗဟုသုတ အပြင်
သင်ခန်းစာ ယူစရာ အချက်လေးတွေပါ ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို
မအအောင်ပေါ့ဗျာ။ နုတ်မှာတော့ ဓာတ်ပုံတွေ ရှာမထည့်တော့ပါဘူး။ တအားရှည်နေမှာ စိုးလို့ပါ။ အားလုံးစုပြီးမှ
ပီဒီအက်ဖ် အနေနဲ့ သတ်သတ် တင်ပေးပါ့မယ်ဗျို့ …)
သတင်းစာတွင် ဖော်ပြ ပါရှိသည့် ပြည်သူ့ အရေးအခင်းတို့သည် ယနေ့ အဘို့၌ “သတင်း” ဖြစ်သော်လည်း
နောက်နေ့တွင် “သမိုင်း” အဖြစ်သို့ ရောက်ရှိ သွားကြလေသည်။ ထို့ကြောင့် သတင်းစာများသည် သမိုင်းကို မှတ်တမ်း တင်နေကြသည်ဟု ဆိုရိုး ရှိလေသည်။ ဤစကားသည် မှန်၏။ သို့သော် မပြည့်စုံသေးချေ။ သတင်းစာ၏
အခန်းကဏ္ဍကို တဝက်တပျက်မျှသာ ထင်ဟပ်ခြင်း ဖြစ်ပေသည်။ အကြောင်းသော်ကား သတင်းစာများသည်
သမိုင်းကို မှတ်တမ်းတင် နေကြသည်သာ မဟုတ်ပဲ အနာဂတ် သမိုင်းကိုပါ ဖန်တီး နေကြ၍ ဖြစ်သည်။
ဤနေရာတွင် သတင်းစာဟု ဆိုရာ၌ စာနယ်ဇင်း တစ်ရပ်လုံးကို ဆိုလိုခြင်း ဖြစ်ပါသည်။ သတင်းစာသည်
နိုင်ငံရေးနှင့် လူမှုရေးကို ရှေ့တန်းတင်၍ ဂျာနယ်နှင့် မဂ္ဂဇင်းတို့က စာပေ ယဉ်ကျေးမှုနှင့် အနုပညာတို့ကို အလေး
ပေးကြခြင်းသာ ခြားနားမှု ရှိလေသည်။ တခါတရံတွင် ဂျာနယ် မဂ္ဂဇင်းတို့က သတင်းစာထက် ပို၍ နိုင်ငံရေး
ရှေ့ဆောင်မှု ပေးနိုင်ခဲ့သည် ကိုလည်း တွေ့ကြရပေသည်။
ထို့ကြောင့် “စာနယ်ဇင်းနှင့် နိုင်ငံရေး” အကြောင်း စာတန်း တင်သွင်းရာတွင် တခုစီ ကဏ္ဍ ခွဲခြားမနေပဲ
အားလုံးကို ပေါင်းရုံးကာ သင့်လျော်သလို ထည့်သွင်း ဖော်ပြ သွားပါမည်။ အချို့နေရာတွင် “စာနယ်ဇင်း” အစား
“သတင်းစာ” ဟူသော စကား အသုံးအနှုန်းဖြင့် ဖော်ပြပါမည်။ (စာနယ်ဇင်း ပေါ်ဦးစက ဂျာနယ် မဂ္ဂဇင်း ဟူသော
ဝေါဟာရ မပေါ်သေးပဲ လစဉ်ထုတ် အပတ်စဉ်ထုတ် ရက်ခြားထုတ် စာစောင် အားလုံးကို သတင်းစာ ဟူ၍သာ
ခေါ်ဝေါ် ခဲ့ကြသည်။)
သတင်းစာ၏ နယ်ပယ်သည် လွန်စွာ ကြီးမား ကျယ်ဝန်းသလို နိုင်ငံရေး လောကသည်လည်း “ကြက်ဥအရောင်၊
တိမ်တောင်သဘွယ်၊ မင်းရေးကျယ်” ဆိုသည့် စကားအတိုင်း လွန်စွာမှပင် နက်နဲ ကျယ်ပြော လှပါသည်။ ဤမျှ
ကြီးကျယ်လှသော အကြောင်း နှစ်ရပ်ကို ပေါင်းစပ်ပြီး တင်ပြရန်မှာ ဤစာတန်းမျှဖြင့် မလုံလောက်နိုင်ပါ။
ကျမ်းအစောင်စောင် ရေးသည့် တိုင်အောင်လည်း ပြီးပြည့်စုံ နိုင်မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ မြန်မာ့ လွတ်လပ်ရေး
သမိုင်းတစ်လျှောက်တွင် ထင်ရှားသော နိုင်ငံရေး လှုပ်ရှားမှုများ၌ မြန်မာ သတင်းစာတို့က မည်ကဲ့သို့ ပါဝင်ခဲ့ကြပုံမျှ
လောက်သာလျှင် စုတ်တံကြမ်းဖြင့် ပန်းချီကား ရေးချယ်သလို သိလွယ် မြင်လွယ်ရုံမျှ ဖော်ပြနိုင်စွမ်း ရှိပါလိမ့်မည်။
ယင်းသို့ ဖော်ပြရာတွင် မြန်မာ သတင်းစာပေါ်စ ဖြစ်သော စာနယ်ဇင်း သမိုင်းဦးခေတ်က အခြေအနေ များကို
စကားပလ္လင် ခံရပါလိမ့်မည်။
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲကြီး (၁၈၂၄-၂၆) တွင် အင်္ဂလိပ်တို့က အနိုင်ရ၍ ရခိုင်နှင့် တနင်္သာရီ ပြည်နယ်တို့ကို
သိမ်းယူလိုက်ကြ ရရှိပြီးသည့်နောက် မော်လမြိုင်တွင် သတင်းစာများ စတင် ပေါ်ပေါက် ခဲ့သည်။ ပထမဆုံး
ထုတ်ဝေသည့် သတင်းစာမှာ “မော်လမြိုင် ခရော်နီကယ်” (၁၈၃၆) ဖြစ်ပြီး အင်္ဂလိပ် ဘာသာဖြင့်
ထုတ်ဝေသော သတင်းစာဖြစ်သည်။
ထိုနှစ် အတွင်းမှာပင် မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာတစောင် ပေါ်ထွက်ခဲ့သည်ဟု မှတ်တမ်း
အချို့တွင် အထောက်အထား တွေ့ရသော်လည်း သတင်းစာ အမည်ကိုကား မသိရချေ။ သို့ဖြစ်၍ ၁၈၄၃
ခုနှစ်တွင် ထွက်ပေါ်လာသော “ဓမ္မသိသတင်းစာ” ကိုသာလျှင် ပထမ ဦးဆုံးသော မြန်မာ
သတင်းစာအဖြစ် အသိအမှတ် ပြုခဲ့ ကြရပေသည်။
ထိုသတင်းစာမှာ ခရစ်ယန် နှစ်ခြင်း သာသနာပြု အသင်းက တလတကြိမ် ထုတ်ဝေခြင်း ဖြစ်သော်လည်း
ဘာသာရေးအပြင် အခြား ဗဟုသုတ ဖြစ်ဘွယ်ရာများနှင့် စစ်သတင်းများလည်း ပါရှိလေသည်။ စစ်သတင်းမှာ
“အင်္ဂလိပ်မင်းနှင့် မြန်မာမင်းတို့ စစ်တိုက်ကြသည့် အကြောင်း” ဖြစ်ပြီး မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြ
ခဲ့လေသည်။ ထိုသတင်းများမှာ “ကာလကတ္တားမြို့မှ မီးသင်္ဘောဖြင့် ပါရှိလာသည့် သတင်းများ” ဖြစ်လေသည်။
ယင်းစစ်သတင်းများကို ဖော်ပြရာတွင် “ရန်ကုန်မြို့၌ အင်္ဂလိပ်သင်္ဘော သူကြီးများတို့သည် အဖန်ဖန်
ညှင်းဆဲခြင်းကို ခံရသောကြောင့် ကုမ္ပဏီ ရှင်ဘုရင်သည် စစ်သင်္ဘောကြီး တစ်စင်းနှင့် မီးသင်္ဘောကြီး နှစ်စင်းကို
ရန်ကုန်မြို့သို့ စေလွှတ်တော် မူလေပြီ” ဟူ၍၄င်း၊ “စစ်တိုက်မည်ဟု ကုမ္ပဏီ ဘုရင်သည် အမိန့်တော်ကို
မထုတ်ရသေး။ မြမ္မာတို့ဘက်ကမူကား စစ်ခံစေခြင်းငှာ ပြင်ဆင်လျှက် ရှိကြသည်သာမက စစ်ဖြစ်စေချင်သော
သဘောရှိသည်လိုဖြစ်၍” စသည်အားဖြင့်၎င်း မြန်မာတို့ ဘက်က ရန်စ လွန်ကျူးလေဟန် ဝါဒဖြန့်
ရေးသားခဲ့လေသည်။
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကြီး (၁၈၅၂) တွင် အင်္ဂလိပ်တို့က အောက်မြန်မာပြည်ကို သိမ်းပိုက် ရယူလိုက်ကြ
ပြီးသည့်နောက် ရန်ကုန်မြို့တွင် သတင်းစာများ စတင် ပေါ်ပေါက်လာခဲ့သည်။ သို့သော် ၁၈၅၃ ခုနှစ်မှ ၁၈၆၈
ခုနှစ်အထိ ထိုနှစ်များအတွင်း ထွက်ပေါ်ခဲ့သော သတင်းစာ အားလုံးသည် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော
သတင်းစာများ ဖြစ်ကြသည်။
၁၈၇၁ ခုနှစ်တွင်မှ “မြန်မာသံတော်ဆင့် သတင်းစာ” ဟူသော အမည်ဖြင့် မြန်မာသတင်းစာ
တစ်စောင် ရန်ကုန်မြို့တွင် စတင် ထွက်ပေါ်လာလေသည်။ ထုတ်ဝေသူမှာ အေ ဂျွန် ဟန်နေး
ဆိုသူဖြစ်၏။ ဟန်နေးက သတင်းစာ တစ်စောင်လုံးအတွက် အင်္ဂလိပ်လို ရေးပေးပြီး ဘာသာပြန်
ကောင်းသူ တစ်ဦးက မြန်မာဘာသာသို့ ပြန်ဆို၍ ရိုက်နိုပ် ထုတ်ဝေခြင်းဖြစ်ရာ အရေးအသား
ပြောင်မြောက်သဖြင့် လူကြိုက်များခဲ့သည်။ သတင်းစာ ပညာသားပါသည့် ခေတ်ရှေ့ဆောင်
သတင်းစာ တစ်စောင်လည်း ဖြစ်ခဲ့ပေသည်။
ထိုသတင်းစာထဲတွင် မန္တလေး ရွှေမြို့တော်ကြီး၏ မသန့်ရှင်းပုံ၊ သူခိုး ဒမြ ထူပြောပုံတို့ကို အယ်ဒီတာထံ
ပေးစာ အနေဖြင့်၎င်း၊ သတင်း ပုံစံဖြင့်၎င်း မပြတ်မလပ် ရေးသား ဖော်ပြကာ မြန်မာဘုရင်၏ အုပ်ချုပ်ခြင်းကို
အထင်အမြင် သေးသိမ်အောင် ဝါဒဖြန့်လေ့ရှိသည်။
ထိုသို့ ရေးသားသည့်အတွက် အထက် မြန်မာနိုင်ငံကို စိုးစံနေသော မင်းတုန်း ဘုရင်မင်းမြတ်သည် စိတ်ဆိုးတော်
မမူချေ။ ဟန်နေးအား မန္တလေးသို့လာ၍ သတင်းစာ ထုတ်ဝေရန်ပင် ဖိတ်ခေါ် လိုက်သေးသည်။ သို့သော်
ဟန်နေးသည် မန္တလေးသို့ မသွားပဲ မြန်မာဘုရင်၏ ဖိတ်ကြား ခံရခြင်းကို သူ့သတင်းစာထဲ၌ ဖော်ပြလိုက်ပြီး
ခေါင်းကြီးပိုင်းမှလည်း မှန်ရာကိုရေးသော မန္တလေးရောက် သတင်းစာ ဆရာသည် ပါရှင်းနိုင်ငံက မှုးကြီးမတ်ကြီး
များလို မနက် အိပ်ရာကထလျှင် မိမိ၏ ဦးခေါင်း ရှိမှ ရှိပါသေးရဲ့လားဟု စမ်းကြည့် နေရမည်ကို စိုးရိမ် မိပါသည်
ဟူ၍ပင် ရေးထည့် လိုက်လေသည်။
ဤကဲ့သို့ ရေးလိုက်ခြင်းကို မင်းတုန်းမင်းကြီးသည် တုန့်ပြန် ချေပသည့် အနေဖြင့် “ငါမကောင်းလျှင် ငါ့ကိုရေး၊
ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး၊ ငါ့သားသမီး မကောင်းလျှင် ငါ့သားသမီးတွေကိုရေး၊ မင်းတို့ သတင်းစာတိုက်၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ
ဝင်ထွက်စေ” ဟူသော အမိန့်တော်ဖြင့် “ရတနာပုံ နေပြည်တော်” သတင်းစာကို ထုတ်ဝေစေကာ မိမိ၏
နိုင်ငံတော်တွင် လူ့အခွင့်အရေးနှင့် သတင်းစာ လွတ်လပ်ခွင့် ရှိခြင်းကို ထုတ်ဖော် ခဲ့လေသည်။
ထိုသတင်းစာကို ၁၈၇၄ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သည်။ သတင်းစာ၏ ရည်ရွယ်ချက် ၁၁ ချက်ပါရှိသော
“သတင်းစာတိုက်တည် ဥပဒေ” ကိုလည်း ထုတ်ပြန်ခဲ့သည်။ ဥပဒေသ အပိုဒ် ၄ တွင် “ဥရောပတိုက်၊ အိန္ဒိယ၊
ရန်ကုန် စသည်များက မြန်မာနိုင်ငံတော်ကို ထိခိုက်၍ မကောင်းသတင်း ရိုက်ထုတ်ခဲ့လျှင် ရွှေမြို့တော်
သတင်းစာတိုက်က ပြန်လှန်ချေဆို၊ နိုင်ငံတကာ ကြားသိ ကြေလည် ယုံကြည်ကြရန်” ဟူ၍၄င်း၊ အပိုဒ် ၆ တွင်
“ပြည်သူတို့ အကြံအစည် အဆိုးအကောင်း အကြောင်းအရာ များကို အစိုးရလူကြီးတို့ မပြတ်ကြားသိ တိုင်းထွာ
ဆင်ခြင် ပြုပြင်ရ၍ နိုင်ငံတော် အခြေခိုင်ပြီး ကြီးကျယ် တိုးတက်ရန်” ဟူ၍၄င်း ဖော်ပြထားသော်လည်း
ဤရည်ရွယ်ချက်များ အတိုင်း မပေါက်မြောက်ခဲ့ပေ။
ထိုသို့ ဖြစ်ရခြင်းမှာ “ရတနာပုံ နေပြည်တော် သတင်းစာ” တွင် တာဝန် ထမ်းရွက်ကြသည့်
သတင်းစာ ဆရာတို့သည် မြန်မာစာပေ ကျမ်းဂန်များ လောက်သာ နှံ့စပ် တတ်သိကြသည့်
မြန်မာပညာရှိများ ဖြစ်ကြပြီး ခေတ်ပညာ ခေတ်အတွေးအခေါ်များ မရှိကြ၍ ဖြစ်ပေသည်။
“မြန်မာသံတော်ဆင့် သတင်းစာ” ကို ဦးစီးထုတ်ဝေသူ အေ ဂျေ ဟန်နေးသည် သတင်းစာလုပ်ငန်း
ကျွမ်းကျင်မှုကြောင့် ထိုစဉ်က ရန်ကုန်တွင် ထွက်ပေါ်နေပြီ ဖြစ်သော “ရန်ကုန်ဂေဇက်” အင်္ဂလိပ်
သတင်းစာကို စီမံခန့်ခွဲရန် (၁၈၇၄ ခုနှစ်တွင်) လွှဲအပ်ခံရလေရာ ထိုသတင်းစာမှ နေ၍လည်း မြန်မာဘုရင့်
အစိုးရကို အမျိုးမျိုး ထိပါး ပုတ်ခတ်ခဲ့လေသည်။
သူသည် မန္တလေးတွင် သတင်းထောက်များ ထားရှိရာ ထိုသတင်းထောက်များက ရွှေမြို့တော် သတင်းများကို
မန္တလေးရှိ ဗြိတိသျှ သံအရာရှိတို့က ဗြိတိသျှ အစိုးရထံ အစီရင်ခံစာများ ပေးပို့ကြသည်ထက် စောစီးစွာ
ရန်ကုန်ဂေဇက်သို့ ရောက်အောင် ပို့နိုင်ကြသည်။ ယင်းသို့ ပေးပို့ကြသည့် သတင်းများမှာ များသောအားဖြင့်
မြန်မာများက ဗြိတိသျှ ကျေးတော်မျိုး ကျွန်တော်မျိုးတို့အား နိုပ်စက်ကြခြင်း။ မြန်မာ အရာရှိကြီးတို့ ဗြိတိသျှ
သံအိမ်သို့ ကြွရောက် လာကြသည့်အခါ နောက်လိုက် နောက်ပါတို့က ဗြိတိသျှအလံ လွှင့်ထူထားသော
သံအိမ်ဝင်းထဲသို့ မလေးမစား ဝင်ရောက်ကြကာ မြင်သူတကာတို့ကို ကြိမ်တံပြာဝင့်၍ လမ်းရှင်း ဖယ်ရှားကြခြင်း
စသည်တို့ ဖြစ်လေသည်။ ထိုရေးသားချက်များကို “ရတနာပုံ နေပြည်တော် သတင်းစာ” က ချေပ တုန့်ပြန်ခြင်း
ပြုသည်ကို မတွေ့ခဲ့ချေ။
ယခုလို အေ ဂျေ ဟန်နေးက ဗြိတိသျှ အစိုးရဘက်က ကူညီ ရေးသားပေးသည့် အတွက် ဗြိတိသျှ အစိုးရက
သူ့အား ချီးကျူးခဲ့ရသည့်ပြင် သူ့ထံမှ သတင်းထူး သတင်းဦးများကို တောင်းယူကာ မိမိတို့ ရရှိသည့်
သတင်းများနှင့် အလဲအလှယ် ပြုရလေသည်။ အိန္ဒိယပြည်ရှိ သတင်းစာများ ကလည်း ရန်ကုန်ဂေဇက်ကို
များစွာ အားကိုးအားထား ပြုကြရလေသည်။
ယင်းသို့ သတင်းစာနှင့် နိုင်ငံရေး အလုပ်တို့တွင် မြန်မာများသည် လွန်စွာ အောက်ကျ နောက်ကျ
ဖြစ်နေခဲ့ ကြရာက ၂၀ ရာစု နှစ်ဦးပိုင်းတွင် ဒီရေသည် ပြန်၍ လှန်စပြု၍ လာခဲ့လေသည်။
တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၈၅) အပြီးတွင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့ရ
ပြီးသည့်နောက် နှစ် ၂၀ ခန့်အကြာတွင် ဂျပန်နှင့် ရုရှတို့ စစ်ဖြစ်ကြရာ ဂျပန်က အနိုင် ရလိုက်လေသည်။
ထိုသို့ အင်အား ကြီးမား၍ လူလုံးထွားသော ရုရှများကို အရှေ့တိုင်းသား လူပုကလေးများက အနိုင်
ရလိုက်ခြင်းသည် လက်နက်အင်အား မမျှ၍ ဗြိတိသျှတို့ကို အရှုံးပေးခဲ့ရသော မြန်မာတို့အား များစွာအားကျ
စေခဲ့ပေသည်။ ထိုသို့ ဂျပန်တို့ကို အားကျ အထင်ကြီးခဲ့သူတို့ အထဲတွင် ဆရာတော် ဦးဥတ္တမသည် ရှေ့တန်းက
ပါဝင်ခဲ့သည်။
ဆရာတော်သည် မျိုးချစ် မြန်မာလူငယ် တို့အား နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့သော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပေသည်။
ဆရာတော်၏ ဟောပြောမှုကြောင့် နိုင်ငံရေး စိတ်ဓာတ်များ နိုးကြား တက်ကြွလာကြ သူတို့ အထဲတွင် ရန်ကုန်
တက္ကသိုလ်မှ ဘွဲ့ရပညာတတ် တစ်ဦးဖြစ်သူ ဦးဘဘေလည်း ပါဝင်လေသည်။ သို့ရာတွင် ထိုစဉ်က နိုင်ငံရေး
လှုပ်ရှားမှုများလည်း မရှိသေး၊ နိုင်ငံရေး အသင်းအဖွဲ့ များလည်း ဖွဲ့စည်းခွင့် မရကြသေးပဲရှိရာ၊ ဦးဘဘေနှင့်
လူငယ်နှစ်ကျိပ်ခန့် တို့သည် ဝိုင်အမ်စီအေခေါ် ခရစ်ယန် လူငယ်အသင်းကို တုပြီး ဝိုင်အမ်ဘီအေ
အမည်ဖြင့် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းကို ၁၉၀၆ ခုနှစ်တွင် စတင် တည်ထောင် ကြလေသည်။
အသင်း၏ ရည်ရွယ်ချက်မှာ ဘာသာရေး မြှင့်တင်ရန်ဟု ဆိုသော်လည်း လက်တွေ့ ဟောပြော
ဆောင်ရွက်ချက်တို့မှာ နိုင်ငံရေးနှင့် လူမှုရေးရာ တို့သာလျှင် ဖြစ်ပေသည်။
ထိုအချိန်တွင် မြန်မာဘာသာဖြင့် ထုတ်ဝေသော ဟံသာဝတီ သတင်းစာ ပေါ်ထွက်နေပြီဖြစ်၏။
ထိုသတင်းစာ ကလည်း မြန်မာ အမျိုးသမီးများသည် လူမျိုးခြား ဟိန္ဒူကုလား၊ ပန်ဂျာပီ စသည်တို့နှင့်
လက်ထပ် ပေါင်းသင်း ကြရာတွင် နစ်နာ ဆုံးရှုံးရပုံများကို မပြတ်မလပ် ရေးသားကာ ဝံသာနု
ရက္ခိတတရား စောင့်ရှောက်ကြရန် လှုံ့ဆော် ရေးသားလျက် ရှိလေသည်။ ထိုစဉ်က ဟံသာဝတီအပြင်
အခြား မြန်မာသတင်းစာ နှစ်စောင် ရှိသေးသည်။ တစ်စောင်မှာ ရန်ကုန်ဂေဇက် သတင်းစာတိုက်က
ထုတ်ဝေသော “မြန်မာအဆွေ သတင်းစာ” နှင့် အခြားတစ်စောင်မှာ အေ ဂျေ ဟန်နေး
တည်ထောင်ခဲ့သော “မြန်မာသံတော်ဆင့်” သတင်းစာများ ဖြစ်လေသည်။ နှစ်စောင်စလုံးသည်
ဗြိတိသျှ အစိုးရ အလိုတော်ရိ သတင်းစာများ ဖြစ်ကြသည်။
၁၉၀၇ ခုနှစ်တွင် ဆရာတော် ဦးဥတ္တမသည် ဂျပန်နိုင်ငံသို့ သွားရောက် ခဲ့ပြီးနောက် အပြန်တွင်
ဦးဘဘေတို့အား ဝိုင်အမ်ဘီအေ အသင်း၏ စည်းရုံးရေး လက်နက်အဖြစ် သတင်းစာတစ်စောင်
ထုတ်ဝေရန် တိုက်တွန်းလေသည်။
ဤတွင် ဦးဘဘေသည် သတင်းစာလုပ်ငန်းတွင် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်သော ဦးလှဖေနှင့်
တွဲဖက်၍ သတင်းစာတစ်စောင် ဖြစ်ပေါ်လာအောင် ကြိုးစားရာ ၁၉၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်
နေ့တွင် သူရိယ သတင်းစာကို စတင် ထုတ်ဝေနိုင်ခဲ့လေသည်။
ထိုအချိန်မှစ၍ သူရိယ သတင်းစာသည် ဝိုင်အမ်ဘီအေ အသင်း၏ လုပ်ဆောင်မှုများကို ပြည်သူတို့
သိအောင် လှုံ့ဆော်စည်းရုံး နိုင်ခဲ့သဖြင့် အသင်းခွဲ အများအပြား တိုးလာပြီး ထိုနှစ် အတွင်းမှာပင်
ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးကို ကျင်းပ နိုင်ခဲ့လေသည်။
ဆက်ရန် ...
0 comments:
Post a Comment