စာနယ်ဇင်းနှင့် နိုင်ငံရေး (ဇဝန)၊ အပိုင်း (၅) (၆)
by Thant Ko Ko Maung on Thursday, December 8, 2011 at 4:06pm
သာယာဝတီ သူပုန်ကြီး စတင် ဖြစ်ပွားချိန်တွင် ဦးဘဘေနှင့် ဦးမောင်မောင်အုန်းခိုင် တို့သည် ပထမ ဗိလတ်
(၁၉၃၁ ခု နိုဝင်ဘာလအတွင်း) ဗိလတ်တွင် ကျင်းပသော မြန်မာပြည် မျက်နှာစုံညီ အစည်းအဝေးကို တက်ရောက်နေကြသည်။
၁၉၃၂ ခုနှစ်ဦးတွင် အင်္ဂလိပ် နန်းရင်းဝန် မစ္စတာ ရမ်းဆေး မက္ကဒေါ်နယ်က မြန်မာပြည်သည် အိန္ဒိယမှ ခွဲရေး
မခွဲရေးကို ရွေးကောက်ပွဲဖြင့် ဆုံးဖြတ်ရန် ကြေငြာ လိုက်လေသည်။ မြန်မာပြည်သည် အိန္ဒိယနှင့် ခွဲခွာရန်ထိုရွေးကောက်ပွဲကဆုံးဖြတ်လျှင် မြန်မာပြည်အတွက် အုပ်ချုပ်ရေးသစ် တစ်ခု စီမံပေးနိုင်ရန် လျာထားချက်ရှိ၍ထိုသို့ ကြေငြာခြင်း ဖြစ်ပေသည်။
သို့နှင့် ခွဲရေး တွဲရေးကို အဆုံးအဖြတ် ပေးရမည့် ရွေးကောက်ပွဲသည် ၁၉၃၂ ခု နိုဝင်ဘာလ ၉ ရက်
နေ့တွင် ဖြစ်ပေါ် လာခဲ့လေသည်။
ထိုရွေးကောက်ပွဲတွင် ၂၁ ဦးနှင့် ဆာဂျေအေ မောင်ကြီးတို့ အဖွဲ့က ခွဲရေးဘက် ဖြစ်ကြ၍
လှိုင်မြတ်ပေါ်နှင့် မောင်မြင့်ဗြဲတို့က တွဲရေးဘက်မှ ဖြစ်ကြလေသည်။ သို့သော် မောင်မြင့်ဗြဲတို့က
ထာဝရ အတွဲမဟုတ်၊ အခြေအနေ အရ တွဲမည်၊ နောင်ခွဲထွက်လိုက ခွဲထွက်မည်ဟူသော
ကြေငြာချက်ဖြင့် ရွေးကောက်ပွဲ ဝင်ကြခြင်း ဖြစ်သည်။
ထိုချိန်တွင် တစ်နိုင်ငံလုံးက ခွဲရေး တွဲရေးကို စိတ်ဝင်စား နေကြလေရာ ထိုအချက်ကိုမှီ၍
ဟိုဘက်သည်ဘက် ထောက်ခံရေးသား ကြသော သတင်းစာ တော်တော်များများ ထွက်ပေါ်
လာကြသည်။ အချို့က နိုင်ငံရေး ပါတီတို့၏ အသံဖြစ်ပြီး အချို့က နိုင်ငံရေးတွင် စိတ်သန်ကြသည့်
ငွေရှင် ကြေးရှင်တို့၏ ထောက်ပံ့မှုဖြင့် ထုတ်ဝေကြခြင်း ဖြစ်သည်။ ထိုအချိန်က တွဲရေး
နိုင်ငံရေးသမား ခပ်များများမှာ ကုလားများထံမှ ငွေစားကြသည် ဟူသော အပုပ်နံ့ ထွက်ခဲ့သည်။
ထိုစဉ်က တွဲရေးဘက်က ပါဝင်ရေးသား လာကြသော သတင်းစာများမှာ သရာဇ ဦးတုတ်ကြီး၏ ကေသရ
သတင်းစာနှင့် လောကသာရ သတင်းစာတို့ ဖြစ်ကြသည်။ သို့သော် ကေသရ သတင်းစာသည် သတင်းစာ
ဆိုသော်လည်း နေ့စဉ်ထုတ် မဟုတ်၊ အပတ်စဉ်ထုတ် ဖြစ်သည်။ လောကသာရမှာ နေ့စဉ်သတင်းစာ
ဖြစ်သော်လည်း မထင်ရှားချေ။
တွဲရေးဘက်က မားမားမတ်မတ် ရေးသားလျက် ရှိကြသော သတင်းစာများမှာ ဒီးဒုတ်နှင့် ဗန္ဓုလဂျာနယ်တို့
ဖြစ်ကြသည်။ ခွဲရေးဘက်တွင် သူရိယနှင့် မြန်မာ့အလင်း သတင်းစာကြီး နှစ်စောင် ရှိကြပြီး ဖြစ်သည်။ သို့ဖြစ်၍
တွဲရေးဘက်မှ နေ့စဉ် သတင်းစာ ကြီးကြီးမားမား တစ်စောင် လိုလေရာ ဒီးဒုတ် ဦးဘချိုနှင့် ဝတ်လုံ ဦးကျော်မြင့်တို့
ဦးစီး၍ မြန်မာ့ဇေယျာ နေ့စဉ်သတင်းစာကို ရွေးကောက်ပွဲ မတိုင်မီ နှစ်လလောက်က စတင်၍ ထုတ်ဝေခဲ့ကြသည်။
ထို့ပြင် မဟောသဓာ အမည်ဖြင့် သတင်းစာ တစ်စောင်လည်း ရွေးကောက်ပွဲ မတိုင်မီ တစ်လလောက် ကလေးမှာပင်
ထွက်လာခဲ့သေးသည်။ ထိုသတင်းစာလည်း တွဲရေး သတင်းစာ ဖြစ်လေသည်။
ယင်းသို့လျှင် တွဲရေးဘက်တွင် သတင်းစာအင်အား ကောင်း၍ လာသည့်အတွက် တွဲရေး ခေါင်းဆောင်တို့၏
တရားပွဲ သတင်းများနှင့် ဟောပြောချက်များကို ယင်းသတင်းစာများက တဆင့် ပြည်သူတို့ သိခွင့် ရရှိခဲ့ကြ
လေသည်။ ထိုစဉ်က လူအများ၏ ကြိုက်လုံးဖြစ်သော ဟောပြောချက် တစ်ရပ်မှာ အိန္ဒိယမှ မြန်မာပြည်
ခွဲထွက်ခဲ့လျှင် ယခု ထမ်းဆောင် နေကြရသော အခွန်တော်များ အပြင် ခွေးခွန်၊ ဝက်ခွန်၊ ဗိုက်ခွန်များ ထမ်းဆောင်
ကြရလိမ့်မည်ဟု ဖြစ်သည်။
ထိုသို့ တွဲရေး သတင်းစာတို့၏ စည်းရုံးမှုနှင့် လှုံ့ဆော် ဝါဒဖြန့်မှု ကောင်းသည့်အတွက် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်
ငါးသိန်းကျော်တို့က တွဲရေးဘက်မှ မဲပေးကြ၍ တွဲရေးအမတ် ၄၂ နေရာ၊ ခွဲရေးအမတ် ၂၉ နေရာနှင့် တစ်သီးပုဂ္ဂလ
အမတ် ၉ နေရာ ရကြကာ တွဲရေးဘက်က အရေးသာခဲ့ လေသည်။ သို့သော် ရွေးကောက်ပွဲတွင် အနိုင်ရရုံနှင့်
မပြီးသေး၊ ဒီဇင်ဘာလတွင် ကျင်းပသည့် ဥပဒေပြု လွှတ်တော်တွင် အဆိုတစ်ရပ် အနေဖြင့် တင်သွင်း ဆုံးဖြတ်ရ
ဦးမည် ဖြစ်ပေသည်။
ဤစတုတ္ထ ဒိုင်အာခီ လွှတ်တော်တွင် ဆာဂျေအေ၏ အဆိုပြုချက်အရ ဦးချစ်လှိုင်အား လွှတ်တော်
ဥက္ကဋ္ဌ တင်မြှောက် ခဲ့ကြသည်။ သို့သော် ရှစ်ရက်မျှ အကြာတွင် ဆာဂျေအေ၏ အယုံအကြည်မရှိ
အဆိုဖြင့်ပင် ဦးချစ်လှိုင်အား ဥက္ကဋ္ဌ နေရာမှ ဖြုတ်ချလိုက်ကြ ပြန်သည်။ ထိုသို့ အယုံအကြည်မရှိ အဆို
တင်ခြင်းမှာ ထိုလွှတ်တော် အစည်းအဝေးတွင် ခွဲရေးအဆို တစ်ခုနှင့် တွဲရေးအဆို ငါးခု တင်သွင်းကြရာ
ဦးချစ်လှိုင်က ခွဲရေး အဆိုနိုင်လျှင်ခွဲ၊ မနိုင်လျှင် တွဲရုံဘဲ ရှိသည်ဟု ဆိုပြီး တွဲရေးအဆို ငါးခုကို
ပယ်ချခဲ့၍ ဖြစ်သည်။
ထိုအချိန်တွင် ဒေါက်တာဘမော်သည် ဆာဂျေအေ မောင်ကြီးနှင့် စက်ပုန်းခုတ်လျက် ရှိကာ မောင်မြင့်ဗြဲတို့က
ဆာဂျေအေ၏ အဆိုဘက်မှ ထောက်ခံမဲ ပေးကြသဖြင့် မဲအပြတ်အသတ်ဖြင့် ဦးချစ်လှိုင်ကို ဖြုတ်ချ နိုင်ခဲ့ပေသည်။
ဒေါက်တာဘမော်သည် ထိုမျှဖြင့် မနေသေးဘဲ ဒိုင်အာခီဝန်ကြီး ဖြစ်ရေးအတွက် ဘုရင်ခံ၏အိမ်ကို ဝင်ထွက်
သွားလာလျက် ရှိလေသည်။ သို့အတွက် ရာထူး လက်မခံပါဟူသော ကတိဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ကြသော
ဦးကျော်မြင့်နှင့် ရမ်းဗြဲ ဦးမောင်မောင် တို့က မောင်မြင့်ဗြဲ ပါတီမှ ထွက်သွားကြလေသည်။
ထိုသို့ ဒေါက်တာဘမော် ဖောက်ပြန်လာသည့် အတွက် ဒီးဒုတ်ဂျာနယ်မှ ရွှေတလေး၏ ကာတွန်းဖြင့်
ယောကတော်ကြီး ဆာဂျေအေက ဒေါက်တာဘမော် မြွေကြီးကို အစိမ်းတိုက် နေသည့်အတွက်
မြွေလမ္မာယ်ဆရာ ဒီးဒုတ် ဦးဘချိုနှင့် ဦးကျော်မြင့်တို့က “အရပ်တို့ ကြည့်သာ ရှောင်ကြပေတော့၊
ကျုပ်တို့မြွေကို ကျုပ်တို့ မနိုင်တော့ဘူး၊ ရွာသူ တိုက်ထားလို့ ပယောဂ ဝင်နေတယ်” ဟု ဆိုကြဟန်ကို
ဖော်ပြခဲ့လေသည်။
သူရိယသည် တွဲရေးသမား အချို့၏ ခြေလှမ်းကို မြင်၍ “အတွဲသမား တချို့သည် အရွေးခံစဉ်က
အတွဲ၊ လွှတ်တော်ထဲ မဲပေးသည့်အခါ ဆာဂျေအေတို့နှင့် အတွင်းကြိတ် ပေါင်းပြီး အခွဲ ဖြစ်လာ
လိမ့်မည်” ဟု မြို့သား အခန်းမှ ကြိုတင်ဟောကိန်း ထုတ်ခဲ့လေသည်။
လွှတ်တော်တွင် ခွဲရေး တွဲရေးအဆို အသီးသီး တင်ကြသောအခါ ဦးဘဘေနှင့် ဦးချစ်လှိုင်တို့ အဆိုများရှုံးပြီး ရမ်းဗြဲ
ဦးမောင်မောင်၏ “တိုင်းပြည်က ကျေနပ်လောက်သော အုပ်ချုပ်ရေး မရသေးမီ အိန္ဒိယနှင့် ပူးပေါင်းနေမည်။
နောင်တွင် ဥပဒေပြု ကောင်စီက ခွဲထွက်ရန် ဆုံးဖြတ်ချက်ဖြင့် ခွဲထွက်နိုင်ခွင့် ရှိရမည်” ဟူသော အဆိုကို လက်ခံ
လိုက်ကြလေသည်။
ထိုအဆိုမှာ မရေမရာ ရှိသည့်အတွက် ယတိပြတ် ဆုံးဖြတ်ပေးရန် ဘုရင်ခံက ၁၉၃၃ ခုနှစ် ဧပြီလ
ထဲတွင် အထူး အစည်းအဝေး ခေါ်ပေးခဲ့သည်။ သို့ရာတွင် အစည်းအဝေးရက် ကုန်ဆုံးသည့်
တိုင်အောင် စကားကြောရှည်ကာ အချိန် ဆွဲခဲ့ကြသဖြင့် မဲမခွဲရဘဲနှင့် အစည်းအဝေး ရုပ်သိမ်းခဲ့ရ
လေသည်။ ထိုအစည်းအဝေးတွင် ဦးဘဘေ တစ်ဦးတည်းက နာရီပေါင်း ၄၀ မျှ ပြောကြား
သွားလေသည်။
နောက်ဆုံးတွင် ဗိလတ် အစိုးရက မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ပေးရန် ဆုံးဖြတ်ကာ ၉၁ ဌာန အုပ်ချုပ်ရေးဟု
ခေါ်တွင်သော ၁၉၃၅ ခုနှစ် မြန်မာပြည် အုပ်ချုပ်ရေး အက်ဥပဒေကို ရေးဆွဲပြဋ္ဌာန်း ပေးလိုက်လေသည်။ ထိုဥပဒေ
အရ ၁၉၃၆ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ၍ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အိန္ဒိယနှင့် မြန်မာပြည်
ခွဲခွာရေးကို စတင်ရမည် ဖြစ်ပေသည်။
၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင် လူငယ်များပါ ဝင်ရောက် အရွေးခံကြလေသည်။ တို့ဗမာ
သခင် အစည်းအရုံးသည် ၁၉၃၀ ပြည့်နှစ်က စတင် ပေါ်ပေါက်ခဲ့သော်လည်း သူတို့သည် ဒိုင်အာခီ
အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့ကြပြီး ယခင် ရွေးကောက်ပွဲများကို သပိတ် မှောက်ခဲ့ကြသည်။ သူတို့သည်
၂၁ ဦးနှင့် အလိုတော်ရိများ ကိုလည်း အတိုက်အခံ လုပ်ခဲ့ကြသည်။ သို့ဖြင့် ၂၁ ဦးတို့၏ အသံဖြစ်သော
သူရိယနှင့် မြန်မာ့အလင်းတို့က သခင်တို့၏ ဆောင်ရွက်ချက် သတင်းမှန်သမျှ အမှောင် ချထားခဲ့ကြရာ
သခင်တို့မှာ နိုင်ငံရေးတွင် လူရာ မဝင် သကဲ့သို့ ဖြစ်ခဲ့ကြလေသည်။
နိုင်ငံရေးသမားသည် မိမိအကြောင်း ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သတင်းစာထဲတွင်
မကြာခဏ ပါနေမှ “အသက်” ရှိသူ ဖြစ်လေသည်။ သို့မဟုတ်ပါက သေသူနှင့် မခြားပေ။ သို့ဖြစ်၍ နိုင်ငံရေးသမားများသည် သတင်းစာနှင့် အလွမ်းသင့်အောင် ပေါင်းရလေသည်။ ငွေကြေး
တောင့်တင်းသော နိုင်ငံရေးသမားများ သို့မဟုတ် အသင်းအဖွဲ့တို့ကမူ ကိုယ်ပိုင် သတင်းစာ
ထောင်ကြလေသည်။ သို့သော် သူရိယ သတင်းစာက လွဲ၍ အခြားသော နိုင်ငံရေးသမားတို့၏
သတင်းစာများသည် သက်ဇိုဝ်း မရှည်ကြချေ။
နိုင်ငံရေး အာဏာရပါတီ သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးက ထုတ်ဝေသော သတင်းစာသည် ထိုပါတီ အာဏာရ
နေစဉ်သာ တည်တံ့လေသည်။ ခွဲရေး တွဲရေး ရွေးကောက်ပွဲဖြင့် ဒိုင်အာခီ ဥပဒေပြု လွှတ်တော်တွင် ပညာရေး
ဝန်ကြီး ဖြစ်လာသော ဒေါက်တာဘမော်သည် ကိုယ်ပိုင် သတင်းစာ တစ်စောင်ကို “မောရိယ” အမည်ဖြင့် ထုတ်ဝေ
ခဲ့လေသည်။ သို့ရာတွင် ထိုသတင်းစာသည် ၁၉၃၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ၁၉၃၆ ခုနှစ် ဇန်နဝါရီလ
၃၁ ရက်အထိ ၁၄ လသာ ခံလေသည်။
၁၉၃၅ ခုနှစ် သြဂုတ်လထဲတွင် သူရိယ ညအယ်ဒီတာ အဖြစ်မှ နုတ်ထွက်ခဲ့သော ဦးထွန်းဖေ
ဦးဆောင်သည့် မြန်မာ့နေ့စဉ် သတင်းစာ ပေါ်ထွက်လာတော့မှ ထိုသတင်းစာက တက္ကသိုလ်
ကျောင်းသား သမဂ္ဂ ခေါင်းဆောင်များနှင့် သခင်တို့ကို မြှောက်ပင့် အားပေးခဲ့သည့်အတွက်
သခင်များ၏ လှုပ်ရှားမှုတို့မှာ ပေါ်လွင် ထင်ရှား လာခဲ့လေသည်။
သည့်နောက် သာယာဝတီဦးပု တည်ထောင်သော အနော်ရထာ သတင်းစာ ပျက်သွား၍ မြန်မာ့အလင်းသို့
ရောက်လာသော ဦးချစ်မောင်သည် မြန်မာ့အလင်းတွင် အယ်ဒီတာချုပ် ဖြစ်လာသည့် အချိန်မှစ၍ တက္ကသိုလ်
ကျောင်းသား သမဂ္ဂ အမှုဆောင်များနှင့် တို့ဗမာ အစည်းအရုံးဝင် သခင်များကို အားပေးခဲ့လေသည်။ တို့ဗမာ
သခင်များသည် ယခင်က ဆေးဖော်ကြောဘက် လုပ်မည့်သူ မရှိသလောက် ဖြစ်ခဲ့ရာက ယခုအခါ
နိုင်ငံရေး ဇာတ်ခုံပေါ်တွင် နေရာ ရလာကြပြီ ဖြစ်၍ ၉၁ ဌာန အုပ်ချုပ်ရေး ရွေးကောက်ပွဲတွင်
ဝင်ရောက် အရွေးခံကြ လေသည်။ အားလုံး သခင် ၂၈ ဦး ဝင်ရောက် အရွေးခံကြရာ သခင်မြ၊
သခင်လှတင်နှင့် သခင်အံ့ကြီးတို့ သုံးဦး အရွေးခံကြ ရလေသည်။
ထိုအချိန်တွင် ဦးနုသည် သခင် မဖြစ်သေးပေ။ သူသည် ဒီးဒုတ်ဦးဘချို၊ ဦးဘခိုင်တို့နှင့် ပေါင်းကာ
ဖေဘီယံ ပါတီမှနေ၍ အရွေးခံခဲ့သည်။ သို့သော် ထိုရွေးကောက်ပွဲတွင် ဖေဘီယံ ပါတီမှ တစ်ဦးမျှ
အရွေးမခံရပေ။
ယခင်က မြန်မာ့အလင်းသည် ၂၁ ဦးတို့ကို အားပေးခဲ့သော်လည်း ဦးချစ်မောင် မြန်မာ့အလင်း အယ်ဒီတာချုပ်
ဖြစ်လာသည့်အခါ ၂၁ ဦး တဖြစ်လဲ ငါးပွင့်ဆိုင်တို့ကို အားမပေးတော့ချေ။ ၂၁ ဦးကို လိုလားသော ဦးစိန်း၏
ခေါင်းကြီးများသည် ခေတ်နောက်ပြန် ဆွဲသည်ဆိုကာ ဦးစိန်း၏ ခေါင်းကြီး များကိုလည်း မထည့်တော့ဘဲ
ထားလေသည်။ ဦးစိန်း၏ စကားတောင်စား ဆောင်းပါးများကိုမူ ရေးသူ၏ အာဘော်အဖြစ် ထည့်ပေးခဲ့သည်။
ဦးချစ်မောင်သည် သခင်လူငယ်များ တက္ကသိုလ် သမဂ္ဂ အမှုဆောင်များကို အားပေးသည်နှင့်အမျှ
သူတို့ကလည်း ဦးချစ်မောင်၏ အကြံဉာဏ် ပေးချက်များကို လက်ခံ လိုက်နာကြသည်။ ဘုရင်မ
ပန်းခြံ (ယခု ဗန္ဓုလ) ဘေးတွင် ဦးနုနှင့် သခင်ထိန်ဝင်းတို့ ယူနီယံဂျက် အလံနှင့် ၉၁ ဌာန
အုပ်ချုပ်ရေး အက်ဥပဒေ စာအုပ်ကို မီးရှို့ ပြာချ ကြသည်မှာ ဦးချစ်မောင်၏ အကြံပေးချက်
မကင်းချေ။ ထိုသို့ မီးရှို့သည့် ကိစ္စကို အခြား မည်သူမျှ ကြိုတင်၍ မသိအောင် ပြုလုပ် ထားခဲ့သဖြင့်
မီးရှို့သည့် သတင်းနှင့် ဓာတ်ပုံကို မြန်မာ့အလင်း တစ်စောင်တည်းကသာ ဖော်ပြနိုင်ခဲ့ လေသည်။
ဦးနုနှင့် သခင်ထိန်ဝင်း တို့သည် မီးရှို့၍ အပြီးတွင် ကွယ်ပျောက် သွားကြသည်။ သို့သော် ဤကိစ္စနှင့်
ပတ်သက်၍ အစိုးရက မည်သို့မျှ အရေးမယူသဖြင့် ဦးနုတို့လည်း ပြန်၍ ပေါ်လာကြသည်။
ထို့နောက် ဦးချစ်မောင်သည် ရန်ကုန်ရှိ စာနယ်ဇင်း အသီးသီးမှ ကိုယ်စားလှယ်များကို မြန်မာ့အလင်းသို့
ဖိတ်ကြားပြီး အစည်းအဝေးတစ်ရပ် ပြုလုပ်လေသည်။ ထိုအစည်းအဝေးသို့ သူရိယမှလွဲ၍ ကျန်စာနယ်ဇင်း
၁၂ တိုက်မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။ ထိုအစည်းအဝေးက နိုင်ငံရေး ခေါင်းဆောင်ကြီးများအား
ချဉ်းကပ်၍ ရာထူးမယူဘို့ တိုက်တွန်းရန် ဆုံးဖြတ်ကာ ထိုကိစ္စကို ဆောင်ရွက်ရန် အယ်ဒီတာ ငါးဦးကို ရွေးချယ်
လိုက်သည်။
ဦးချစ်မောင်၏ ခံယူချက်မှာ ခေါင်းဆောင်ကြီးများ အားလုံးက ရာထူးမယူဘဲ နေကြလျှင် ဘုရင်ခံသည် ၉၁ ဌာန
အုပ်ချုပ်ရေး အက်ဥပဒေ ၁၃၉ အရ ကိုယ်တိုင် အုပ်ချုပ်ရမည်။ သို့သော် ဘုရင်ခံသည် သုံးနှစ်ထက်ပို၍
မအုပ်ချုပ်နိုင်။ သုံးနှစ်ကျော်လျှင် အုပ်ချုပ်ရေးအသစ် ရေးဆွဲ ပေးရလိမ့်မည်။ ထိုအခါတွင် ယခုထက် ကောင်းသော
အုပ်ချုပ်ရေး ရမည်ဟူ၍ ဖြစ်သည်။ ထိုသဘောထား ခံယူချက်ကို စာနယ်ဇင်း ကိုယ်စားလှယ် ၁၂ ဦး၏
လက်မှတ်ဖြင့် တိုင်းပြည်သို့ ကြေငြာကာ သတင်းစာ ဆရာတို့၏ အကြံပေးချက်ကို ခေါင်းဆောင်တို့က
မလိုက်နာလျှင် တိုင်းပြည်က အရေးယူ အပ်ကြောင်းဖြင့် တင်ပြခဲ့ပေသည်။
ဤကဲ့သို့ သတင်းစာ ဆရာများက နိုင်ငံရေးနှင့် စပ်လျဉ်း၍ တိုင်းပြည်သို့ ကြေငြာချက် ထုတ်ပြန်ကြသည်မှာ
၁၉၂၁ ခုနှစ်က မြန်မာပြည်နှင့် သင့်လျော်မည့် အုပ်ချုပ်ရေးအတွက် စုံစမ်းရန်လာသော “ဝှိုက်ကော်မတီ” ကို
သပိတ်မှောက်ရန် သတင်းစာဆရာ ၁၃ ဦးတို့က လက်မှတ်ရေးထိုး တိုက်တွန်းခဲ့ကြသည့် အစဉ်အလာ တစ်ရပ်ကို
လိုက်နာခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် ရာထူးလိုချင်၍ နိုင်ငံရေး လုပ်နေကြသူများ နိုင်ငံရေး အပါးဝ နေကြသူများက သတင်းစာ
ဆရာတို့၏ ကြေငြာချက်ကို လေးစားလောက်သည်ဟု မထင်ကြချေ။ ရာထူးမယူရန် ချဉ်းကပ်
ပြောဆိုကြခြင်း ကိုလည်း လက်မခံကြဘဲ တောင်တောင်အီအီ ပြော၍ လွှတ်လိုက် ကြလေသည်။
ဤ ၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးဘဘေ ဦးဆောင်သော ငါးပွင့်ဆိုင် ပါတီက အမတ်ဦးရေ
အများဆုံး ရရှိသော်လည်း ဒေါက်တာဘမော်၏ အဆွယ် ကောင်းခြင်းကြောင့် ငါးပွင့်ဆိုင်
ခေါင်းဆောင်အချို့ ပဲ့ထွက် သွားကြပြီး ဒေါက်တာဘမော်နှင့် ပေါင်းလိုက် ကြသဖြင့်
ဒေါက်တာဘမော်က နန်းရင်းဝန် ရာထူးယူကာ ညွန့်ပေါင်း အစိုးရကို ဖွဲ့လိုက် နိုင်ခဲ့လေသည်။
သည်တွင် ၁၉၂၃ ခု ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင် ပေါ်ပေါက်ခဲ့သော ဒိုင်အာခီ
အုပ်ချုပ်ရေးသည် ၁၉၃၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဇီဝိန် ချုပ်ငြိမ်း သွားလေတော့သည်။
စာနယ်ဇင်းနှင့် နိုင်ငံရေး (ဇဝန) အပိုင်း (၆)
၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အုပ်ချုပ်ရေး အသစ် ပြောင်းလဲ ခဲ့သည်နှင့်အတူ မြန်မာပြည်နှင့် အိန္ဒိယတို့သည်လည်း ခွဲလိုက် ကြလေသည်။ ထိုသို့ ခွဲလိုက်ကြသည့် အတွက် မြန်မာပြည်ရှိ အိန္ဒိယ တိုင်းရင်းသားအချို့သည် ဘဝင်မကျနိုင်ဘဲ ရှိကြရာက မော်လဝီနှင့် ယောဂီ စာတန်းကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေမှုကြောင့် ဒုတိယအကြိမ် ကုလား-မြန်မာ အဓိကရုဏ်းကြီး ဖြစ်ပွား ရပြန်လေသည်။
ထိုစာတန်းမှာ ဦးပန်းညိုဆိုသူ ဗုဒ္ဓဘာသာဝင်တစ်ဦး ရေးသားချက်ကို ရွှေဘိုမှ အစ္စလာမ် ဘာသာဝင် ဦးရွှေဖီဆိုသူနှင့် ဦးဆင်တို့က တစ်ဦးချင်း ပြန်လည်ချေပ ရေးသားခဲ့ကြခြင်း ဖြစ်သည်။ ထိုချေပချက်များတွင်
မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံခြင်းနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာကို ပုတ်ခတ် ရေးသားချက်များ ပါရှိလေသည်။ထိုစာတန်း သုံးစောင်စလုံးကို ပူးတွဲ၍ မန္တလေးမှ နေရှင်နယ် စာအုပ်တိုက်တွင် ရိုက်နိုပ်ကာ ၁၉၃၁ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့လေသည်။ ထိုစာအုပ်များကို အစ္စလာမ် ဘာသာဝင်များ အများအပြား ရှိရာဖြစ်သော မန္တလေး၊ရွှေဘို၊ ကသာ၊ နမ္မား၊ ဝန်းသို၊ ကောလင်းနှင့် ကန့်ဘလူ မြို့များတွင် အခမဲ့ ဝေငှခဲ့သည်။
ထိုစာတန်းကို ၁၉၃၀ ပြည့်နှစ် ပထမ ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ပွားပြီး မကြာမီမှာပင် ထုတ်ဝေ ဖြန်ဖြူးခဲ့သော်လည်း ထိုစဉ်က ဗုဒ္ဓဘာသာဝင် အများက မသိလိုက်ကြချေ။ သိသူတို့ကလည်း ဂရုမစိုက် နေလိုက်ကြသည်။ယင်းသို့ အေးနေခဲ့သည့် ကိစ္စကို အေးမနေစေရဘဲ သိမ်ကြီးဈေးမှ ပဒုမ္မာသူဌေး ပတေးလ်က ၁၉၃၇ ခုထဲတွင်ဒုတိယအကြိမ် ပုံနိုပ်ကာ မွတ်ဆလင်များ အကြားတွင် ဝေငှပြန်သည်။ ဤအကြိမ်တွင် ထိုစာအုပ်ကိုရမည်းသင်းမြို့မှ သူရိယ သတင်းထောက်က တွေ့ရှိပြီး သူရိယ သတင်းစာထဲမှ ဖော်ထုတ် ရေးသားခဲ့လေသည်။
ထိုသတင်းကို မှီ၍ ခေါင်းကြီးနှင့် တစ်မျိုး၊ ဆောင်းပါးနှင့် တစ်ဖုံ နောက်ဆက်တွဲ လိုက်၍ ရေးသား ကန့်ကွက်ကြရာ တစ်နိုင်ငံလုံး အုံကြွဆူပူ လာခဲ့လေသည်။ ပို၍ မကျေမချမ်း ဖြစ်ကြသူများမှာ သံဃာတော်များ ဖြစ်ကြ
လေသည်။ သို့ဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ သာသနာ့ မာမက ရဟန်းပျို အဖွဲ့က ရွှေတိဂုံ ဘုရားပေါ်တွင်
အစည်းအဝေးခေါ်ကာ ဦးရွှေဖီအား ရှုတ်ချသည့်အဆို တင်သွင်း ဆုံးဖြတ်ကြပြီး ထိုကိစ္စကို အစိုးရက
အရေးယူရန် တိုက်တွန်းခဲ့ကြ လေသည်။ ယင်းသို့ စည်းဝေး ဆုံးဖြတ်ကြပြီး စီတန်း လှည့်လည် လာခဲ့ကြရာကစူရတီဈေးခေါ် သိမ်ကြီးဈေး အပေါ်မှ မသမာသူတို့က ခဲများဖြင့် ပစ်ခတ် ကြသည့်အတွက် ကုလား-မြန်မာဒုတိယ အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ရ လေသည်။
ဤအဓိကရုဏ်းသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့ရာ တစ်ပတ်ခန့် အကြာတွင် အေးငြိမ်း
သွားခဲ့ပြီးနောက် စက်တင်ဘာလ အလယ်လောက်တွင် ထပ်မံ မီးတောက် လာပြန်ခဲ့သည်။ ထိုမော်လဝီနှင့်
ယောဂီစာတန်း စာအုပ်ရေးသား ထုတ်ဝေမှုဖြင့် ဦးရွှေဖီမှာ ပုဒ်မ ၂၉၅ (က) အရ ဖမ်းဆီး အရေးယူခြင်း
ခံရလေသည်။ ဦးရွှေဖီ၏ အမှုကို မန္တလေး ဒိစတြိတ် ရာဇဝတ် တရားသူကြီး၏ ရုံးတွင် စစ်ဆေးလေသည်။
ထိုအမှုကို တစ်နိုင်ငံလုံးက အာရုံ စိုက်နေကြရာ သူရိယနှင့် မြန်မာ့အလင်း သတင်းစာ နှစ်စောင်စလုံးက
သတင်းစုံအောင် အပြိုင်အဆိုင် ကြိုးစား၍ ထည့်သွင်း ဖော်ပြ ကြလေသည်။
ထိုအမှုတွင် ဦးရွှေဖီ၏ ပုံကို မည်သည့် သတင်းစာကမှ မရကြချေ။ ရုံးခန်းထဲတွင်လည်း ဓာတ်ပုံရိုက်ခွင့်
မပြုချေ။ သို့ဖြစ်ရာ မန္တလေး မြန်မာ့အလင်း ကိုယ်စားလှယ် ဦးကိုကိုလတ်၏ စီစဉ်ချက်ဖြင့် မန္တလေးမှ
ဦးမောင်မောင်ကြီး (ပန်းချီ ကျောင်းအုပ်ဟောင်း ဦးခင်မောင်၏ ဘခင်) က ရုံးခန်းထဲဝင်၍ အမှုကို
နားထောင်ရင်း ဦးရွှေဖီ၏ ပုံတူနှင့် တရားခွင်တွင် စစ်ဆေးနေသည့် ရှုခင်းကိုပါ ရေးဆွဲပြီး မြန်မာ့အလင်း
သတင်းစာတိုက်သို့ ပို့လိုက်လေသည်။ သည်အခါမှပင် သတင်းစာဖတ် ပရိသတ်သည် ဦးရွှေဖီ၏ ပုံကို
မြင်ကြရပြီး မြန်မာ့အလင်း၏ ကြိုးပမ်းမှုနှင့် စိတ်ကူးရပုံကို ချီးကြူး မကုန်နိုင်အောင် ရှိကြလေသည်။
ဦးရွှေဖီသည် ပုဒ်မ ၂၉၅ (က) အရ ပြစ်မှု ထင်ရှားသော်လည်း ထောင်ကြီးချုပ်ဖြင့် ၁၀ ပတ်နှင့် ပုလိပ်ချုပ်ဖြင့်
ရက်အတန်ကြာ ချုပ်နှောင်ထားခြင်း ခံခဲ့ရပြီ ဖြစ်၍ ရုံးတော်မှ ရုံတက် ရုံးဆင်း အပြစ်ဒဏ် ပေးလိုက်လေသည်။
ဤအမိန့်ကို မကျေနပ်၍ အစိုးရက ဟိုက်ကုတ်တွင် အယူခံဝင်ရာ ဟိုက်ကုတ် တရား ဝန်ကြီးချုပ် ဆာဂွတ်မင်ရောဘတ်နှင့် တရားဝန်ကြီး မစ္စတာ မိုစလေတို့က အောက်ရုံး၏ စီရင်ချက်ကို လက်ခံ အတည်ပြုလိုက်ကြလေသည်။
၁၉၃၈ ခုနှစ် သို့မဟုတ် မြန်မာ သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်သည် အစိုးရက ညွန့်ပေါင်းရောင်စုံ ဖြစ်သလို
တိုင်းပြည်မှာလည်း အဖြစ်တော်ပုံ အရေးတော်ပုံပေါင်း စုံလှသည်။ ယင်းတို့မှာ ရေနံမြေသပိတ်၊ မြင်းခြံ
ချည်စက်သပိတ်၊ သခင် နှစ်ဂိုဏ်းကွဲခြင်း၊ ကုလား-မြန်မာ အဓိကရုဏ်း၊ ကျောင်းသား အရေးတော်ပုံ၊ မန္တလေးဈေးချိုသပိတ်နှင့် အာဇာနည် ၁၇ ဦး စသည်တို့အပြင် တစ်နိုင်ငံလုံးတွင် အထွေထွေ သပိတ်ကြီးများ ဖြစ်ပွားခဲ့လေသည်။
သခင် နှစ်ဂိုဏ်း ကွဲခြင်းသည် ပြည်မြို့တွင် မတ်လ အတွင်း၌ ကျင်းပခဲ့သော တို့ဗမာ အစည်းအရုံး
တတိယ ညီလာခံက စခဲ့လေသည်။ ထိုညီလာခံတွင် မီးဒုတ် သခင်သိန်းမောင်နှင့် သခင်ညီ (ပြည်) တို့ ဥက္ကဋ္ဌ
ယှဉ်ပြိုင် အရွေးခံကြရာ မဲချင်းတူနေသဖြင့် သဘာပတိ သခင်လေးမောင်က သဘာပတိမဲဆို၍
သခင်သိန်းမောင်ဘက်သို့ တစ်မဲပို၍ ပေးလိုက်လေသည်။ ဤတွင် သခင်ဗစိန်တို့ ဘက်က မကျေမနပ်
ဖြစ်ကြပြီး တစ်စင်ခွဲ၍ သခင် အစည်းအရုံးတစ်ခု တည်ထောင် ကြလေသည်။ ထိုသို့ ခွဲထွက်ရာတွင် သခင်ဗစိန်တို့မှာ ဒေါက်တာဘမော်ဘက် ပါကြသဖြင့် သူတို့အုပ်စုကို ဓားမသခင်ဟု ခေါ်ကြလေသည်။
ထိုသို့ နှစ်ဂိုဏ်းကွဲ၍ သွားရာတွင် သခင်ကိုယ်တော်မှိုင်းသည် သခင်သိန်းမောင်တို့ အုပ်စုတွင် ပါဝင်နေသဖြင့်
သခင်ဗစိန်တို့ ဘက်မှလည်း သခင် ကိုယ်တော်မှိုင်းနှင့် ယှဉ်နိုင်သူ တစ်ဦးကို ရှာကြရာ ဦးပေါ်ဦး လျှောက်ထုံးကို
ရေးသားသော မြန်မာ ပညာယှိ ဦးအောင်ကြီးကို တွေ့ကြလေသည်။ ဦးအောင်ကြီးသည် သခင်ဗစိန်တို့
ထုတ်ဝေသော သခင် သတင်းစာမှနေ၍ သခင် ကိုယ်တော်မှိုင်းကို တုပြိုင် ရေးသားခဲ့လေသည်။ သို့သော် ငွေကြေးမလိုက်နိုင်၍ သခင် သတင်းစာမှာ ရပ်စဲ သွားရလေသည်။
မည်သို့ရှိစေ ဓားမ သခင်တို့ဘက်မှ ထောက်ခံ အားပေးမည့် ဗန္ဓုလ နှစ်ပြား သတင်းစာ တစ်စောင် ပေါ်ထွက်လာသည်။ ထိုစဉ်က သူရိယနှင့် မြန်မာ့အလင်းတို့က စာမျက်နှာ များများဖြင့် တစ်စောင်ကို ငါးပြားနှင့်ရောင်းချလျက် ရှိကြရာ နောက်ပေါ် သတင်းစာများက လိုက်၍ မတုပြိုင်နိုင်ကြ သဖြင့် စာမျက်နှာလျှော့၍နှစ်ပြား သတင်းစာ ထုတ်ကြရလေသည်။ ထိုအထဲတွင် တိုးတက်ရေး သတင်းစာသည်ပင် ပါဝင်ခဲ့ရပြီး တစ်ခါတစ်ရံ ရတတ်သမျှ ရောင်စုံ စက္ကူများဖြင့် ထုတ်ဝေခဲ့ရ လေသည်။
ဦးစောက ဗန္ဓုလ သတင်းစာသည် ဒေါက်တာဘမော်၏ သတင်းစာဖြစ်သည်။ ဒေါက်တာဘမော် အစိုးရသည်
ဗန္ဓုလ သတင်းစာကို ဖတ်ကြရန် တိုင်းပြည်၏ စရိတ်ဖြင့် ကြော်ငြာရိုက်နိုပ် ဝေငှသည်ဟု စွပ်စွဲခဲ့လေသည်။ ထိုသို့စွပ်စွဲ ရလောက်အောင်လည်း အကြောင်း ရှိခဲ့လေသည်။
ပညာရေးဝန်ကြီး သာယာဝတီ ဦးမောင်မောင်သည် ရွှေတောင်လမ်း တိုင်းချစ်ရုံကြီးတွင် တရားပွဲ ကျင်းပရာ
ဦးဘသိမ်း (မန္တလေး ဝံသာနုလူငယ်) က သူရိယ၊ မြန်မာ့အလင်း သတင်းစာတို့သည် ငါးပြားမတန်၊ ဆင်းရဲသား
ကောင်းအောင် မရေး၊ ဓနရှင်ဘက် လိုက်သည်။ ကြော်ငြာတွေသာ များများ ဖတ်ရသည်။ ဆင်းရဲသားက
ငါးပြားပေး၊ ဓနရှင်က ၁၀၀၀ ပေး။ နှစ်စောင်စလုံး တိုင်းပြည်၏ ရန်သူများ ဖြစ်ကြသည်။ ဗန္ဓုလ နှစ်ပြား
သတင်းစာ ထုတ်မှ အမှန် ဗဟုသုတ ရကြ၍ လမ်းမှန်ကျမည်၊ ကြီးပွားမည်ဟု ဟောပြောခဲ့လေသည်။
ဗန္ဓုလ သတင်းစာမှာ မြို့တော်တော် များများတွင် မီးရှို့ခံရသည်။ အာလံ၌ သာယာဝတီ ဦးမောင်မောင်
တရားပွဲတွင် လူ ၅၀၀ တက်သည်ကို ၂၀၀၀ တက်သည်ဟု ရေးခဲ့သဖြင့် မီးရှို့ကြသည်။
ညွန့်ပေါင်း အစိုးရ လက်ထက်တွင် သပိတ်များ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်ခဲ့သည်။ အဓိကရုဏ်းလည်း နှစ်ကြိမ်
ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ အစိုးရကလည်း ပို၍ ဖိနိုပ်လာကာ ပုဒ်မ ၁၄၄၊ ပုဒ်မ ၁၀၇၊ ပုဒ်မ ၂၃ (၇) တို့ကို ထုတ်ပြန်ခဲ့လေသည်။
သတင်းစာများက ဤအမိန့်များကို ရုပ်သိမ်းရန် အရေးဆိုကြသည်။ မန္တလေး သူရိယ ဦးထွန်းရင်က
ယခုအတိုင်း စခန်းသွားနေလျှင် တစ်နိုင်ငံလုံး ရေတိမ်နစ်မည်။ သို့ဖြစ်၍ မည်သို့ လုပ်သင့်သည်တို့ကို
သတင်းစာတိုက် အားလုံးသို့ အကြံဉာဏ် တောင်းခံလွှာပို့သည်။ ဦးထွန်းရင်၏ အကြံဉာဏ် တောင်းခံချက်
အရ ဦးစော (သူရိယ)၊ ဦးတင် (မြန်မာ့အလင်း)၊ ဦးဘချို (ဒီးဒုတ်)၊ ဦးအောင်မြင် (ဆယ်သန်း)၊ ဦးထွန်းသန်း
(တိုးတက်ရေး)၊ တို့၏ လက်မှတ်ဖြင့် သတင်းစာ ဆရာများနှင့် ပုံနိုပ် တိုက်ရှင်တို့၏ အရေးတကြီး
အစည်းအဝေး တစ်ရပ်ကို ၁၉၃၈ ခု ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သူရိယတိုက်၌ ကျင်းပရန် ခေါ်ဆိုခဲ့ေ
လသည်။
ထိုအစည်းအဝေးတွင် ဦးစိန်းအား သဘာပတိ တင်မြှောက်ပြီး မြန်မာ တစ်နိုင်ငံလုံး ပြည်သူ့လွတ်လပ်ရေး
တည်းဟူသော ယဉ်ကျေးသော နိုင်ငံသူ နိုင်ငံသားတို့၏ အခွင့်အရေးများကို အလွန်အမင်း ဖိနိုပ် ချုပ်ချယ်နေ၍
ဤကဲ့သို့ အစိုးရ၏ ကြမ်းတမ်းစွာ အုပ်ချုပ်နေခြင်းကို မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေး
ကြပြီးလျှင် -
(၁) ချုပ်ချယ်မှုများကို ကန့်ကွက် (၂) ဥပဒေဆိုးများကို ရုပ်သိမ်းရန် တောင်းဆိုပြီး (၃) မည်သည့် အစည်းအရုံးနှင့်
မည်သူမဆို အာဏာဖီဆန်ရန် ဆောင်ရွက်ပါက ဤအစည်းအဝေးက ချီးကြူး အားပေးသည်ဟု ဆုံးဖြတ်ခဲ့သည်။
ထို့နောက် အာဏာ ဖီဆန်ရန် သတင်းစာ ဆရာထဲက ဖိတ်ခေါ်ရာ ဦးဘရှိန် (စာရေးဆရာ မဟာဆွေ)
တစ်ဦးတည်သာ ရဲသတင်းစာ အယ်ဒီတာ အဖြစ်ဖြင့် ပါဝင်ရန် သဘောတူခဲ့သည်။ ကျန်သတင်းစာ ဆရာများက မပါကြချေ။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဦးစော၊ ဦးဘအုန်း၊ ဦးအိန်၊ ဦးထွန်းရင်နှင့် ဦးဘရှိန်တို့ ရှေ့ဆောင်သည့် မျိုးချစ်
ပါတီဝင်များသည်ပုဒ်မ ၁၄၄ ကို ဆန့်ကျင်သည့် အနေဖြင့် စီတန်း လှည့်လည်ကြသည်။ စင်စစ်အားဖြင့်
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းသားများ အတွင်းဝန်ရုံးကို ဝိုင်း၍ စီတန်း လှည့်လည်ကြမည်ကို ဦးစောတို့
သိကြသည်။ သို့ဖြစ်၍ ကျောင်းသားများထက် မိမိတို့က အလျင်ဦးသည့် အဖြစ်ရောက်အောင် ဦးစောတို့က
နိုင်ငံရေး အမြတ်ထုတ်ကြခြင်း ဖြစ်သည်။ ထိုအကြံကိုသိ၍ သတင်းစာ ဆရာများက ဦးစော၏
အာဏာဖီဆန်သည့် စတန့်အလုပ်ကို ပါဝင် အားမပေးကြခြင်း ဖြစ်ပေသည်။
ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကျောင်းသား ၇၀၀၀ ခန့် အတွင်းဝန်များရုံး (ယခု ဝန်ကြီးများရုံး) ကို ဝိုင်း၍
လှည့်လည် ဆန္ဒပြကြကာ ဖမ်းဆီးထားသော ကျောင်းသားခေါင်းဆောင် ကိုဘဟိန်းနှင့် ကိုဘဆွေတို့ကို
လွှတ်ရန် ကြွေးကြော် တောင်းဆို ကြလေသည်။
ထိုအချိန်တွင် ရန်ကုန် အရေးပိုင် ဦးဘိုးစနှင့် မြန်မာပြည် ပုလိပ်မင်းကြီး၊ ရန်ကုန် ပုလိပ်မင်းကြီး စသူတို့
မလှမ်းမကမ်းမှ စောင့်ကြည့် နေကြလေသည်။ သူရိယတိုက်၏ ဝရန်တာ ပေါ်မှလည်း ဦးစော ဦးဘအုန်းနှင့်
ဦးအိန်တို့ ထွက်ကြည့် နေကြသည်။ ထိုစဉ် မြင်းစီး ပုလိပ်များအပေါ် ခဲတစ်လုံး ကျလာရာက ရုန်းရင်းဆန်ခတ်
ဖြစ်သွားကာ ကျောင်းသားများ အရိုက်အနှက် ခံကြရလေသည်။
ထိုခဲမှာ သူရိယ တိုက်ထဲက လူများက ပစ်ခတ်ခြင်း ဖြစ်သည်ဟု ရာဇဝတ်ဝန်ထောက် မစ္စတာ ပရက်စကော့က
ဆိုသည်။ သူရိယ ဦးဘကလေးက ပရက်စကော့၏ စွပ်စွဲချက်မှာ မမှန်ပါ။ လူကြီးများက တိုက်ပေါ်မှနေ၍
ကျောင်းသားများအား စည်းကမ်း ရှိကြဘို့နှင့် ပုလိပ်များ အားလည်း အကြမ်း မဖက်ဘို့ရန် ပြောဆို
ဟန့်တားခြင်းကိုသာ ပြုလုပ်ကြပါသည်ဟူ၍ ရှင်းချက်ထုတ်သည်။ နောင်တွင် ဦးအိန်က မြင်းစီးပုလိပ်ကို ခဲနှင့်
ပေါက်ခဲ့သူမှာ မိမိပင် ဖြစ်ကြောင်းဖြင့် သူနှင့် ရင်းနှီးသော မိတ်ဆွေများအား ဖွင့်ဟ ဝန်ခံခဲ့လေသည်။
ထိုကျောင်းသား ဆန္ဒပြပွဲတွင် ပုလိပ်ရိုက်၍ ကျောင်းသားတစ်ယောက် (ကိုအောင်ကျော်) သေသည်။
၈၃ ယောက် ဒဏ်ရာရသည်။ ၃၀ မှာ အတွင်းလူနာအဖြစ် ဆေးရုံတက်၍ ကုသရသည်။
အရိုက်ခံရသူတို့ အထဲတွင် သူရိယ အယ်ဒီတာဟောင်း ဦးထွန်းဖေနှင့် လူငယ်များ အသင်းမှ ကိုကျော်စိန်တို့လည်း
ပါဝင်ကြသည်။ (ဦးထွန်းဖေမှာ ထိုသို့ အရိုက်ခံခဲ့ရပြီး ၃၆ နှစ်ခန့် အကြာတွင် အာရုံကြောကို ထိခိုက်ထားသော
ရောဂါဖြင့် ဆေးရုံတက်၍ ကုသမှု ခံယူရလေသည်။)
ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ညဘက်တွင် သတင်းစာ တိုက်များကို စစ်ပုလိပ်တို့က ဝိုင်းဝန်း ရှာဖွေကြသည်။
ရန်ကုန် အရေးပိုင်က ဆန္ဒပြပွဲ ဓာတ်ပုံများနှင့် သတင်းဆောင်းပါးများကို မထည့်ရန် ထုတ်ပြန်လိုက်သော အမိန့်ကို
ပြ၍ သူရိယမှ ဓာတ်ပုံ ဘလောက်များကို စာဖောင်ထဲမှ ဖြုတ်၍ သိမ်းဆည်း သွားကြသည်။ မြန်မာ့အလင်းမှ
ဓာတ်ပုံ ဘလောက်များကိုမူ ရ၍ မသွားကြချေ။ သူရိယတိုက်ကို ရှာနေပြီဟု ကြားရသည်နှင့် ဦးချစ်မောင်သည်
မြန်မာ့အလင်းနှင့် တစ်တိုက်ခြားရှိ မိမိအိမ်သို့ ဓာတ်ပုံ ဘလောက်များနှင့် မူရင်းဓာတ်ပုံများ၊ ဖလင် (နက်ဂေးတစ်)
များကို ပို့ထားလိုက်သည်။ စစ်ပုလိပ်များ ပြန်သွားမှ စာဖောင်သွင်း၍ ရိုက်နိုပ်လေရာ နောက်နေ့တွင် မြန်မာ့အလင်း
တစ်စောင်တည်းသာ ကျောင်းသားများ ဆန္ဒ ပြကြပုံနှင့် ရက်ရက်စက်စက် ရိုက်နှက်ကြပုံတို့ ပါရှိလာလေသည်။
သူရိယသည် ဓာတ်ပုံများ အသိမ်းခံရသည့် အပြင် ဒီဇင်ဘာ ၁၆ ရက်နေ့ သတင်းစာထဲ၌ “အာဏာဖီဆန်ရန်
စီစဉ်ကြ။ နိုင်ငံအတွက် ထောင်ကျခံဝံ့သူ ထွက်ကြလော့” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိသည့်
ဆောင်းပါးများကြောင့် ဇန်နဝါရီလ ၃ ရက်နေ့ မတိုင်မီ အာမခံငွေ ၃၀၀၀ ကျပ် တင်ရန် ဘုရင်ခံ၏ အမိန့်ဖြင့်
တောင်းဆိုခြင်း ခံရလေသည်။ ထို့ပြင် သတင်းစာတိုက်ကိုလည်း ပုဒ်မ ၁၄၄ အရ ပိတ်ထားရန် အရေးပိုင်က
အမိန့် ထုတ်လိုက်လေသည်။ သို့သော် ထိုအမိန့်ဖြင့် သတင်းစာတိုက်ကို မပိတ်နိုင်ဟုဆိုကာ ဟိုက်ကုတ်က
အရေးပိုင်၏ အမိန့်ကို ပယ်ဖျက် လိုက်လေသည်။
ဒေါက်တာဘမော် အစိုးရသည် ဦးစော၏ သူရိယ သတင်းစာကိုသာ ဖိပြီး မဲခဲ့သည်။ မြန်မာ့အလင်းကိုမူ
နိုင်ငံရေး သမားများ၏ လက်ကိုင် မဟုတ်သဖြင့် အရေးမယူ၊ လစ်လျူရှုထားခဲ့ လေသည်။ အရေးယူမည်
ဆိုလျှင် အရေးပိုင်၏ အမိန့်ကို လွန်ဆန်၍ ဆန္ဒပြပွဲ ဓာတ်ပုံများ ဖော်ပြမှုနှင့်ပင် အရေး ယူနိုင်လေသည်။
ညွန့်ပေါင်း အစိုးရသည် သူရိယကို အာမခံငွေ ၃၀၀၀ ကျပ် တောင်းသည့်အပြင် ဒီးဒုတ် ဂျာနယ်ကို ၁၅၀၀ ကျပ်၊
မန္တလေး သူရိယကို ၁၀၀၀ ကျပ် အာမခံငွေ အသီးသီး တောင်းလိုက်လေသည်။ ထိုသို့ တောင်းဆိုခြင်းကို
မကြေနပ်၍ ထိုစာနယ်ဇင်းများက ဟိုက်ကုတ်တွင် အယူခံ ဝင်ခဲ့ကြသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးစော၊ ဦးအုန်းနှင့် ဦးအိန်တို့ကို တတိယ ပုလိပ်မင်းကြီး မစ္စတာတိတ်က
အရေးပိုင် ဦးဘိုးစရုံးသို့ တင်၍ တရား စွဲဆိုလေသည်။ ဦးဘိုးစက ထိုအမှုကို ၁၀ မိနစ်ဘဲ စစ်ဆေးကာ
စွဲထားသော ပုဒ်မအရ ဒဏ်ငွေ အများဆုံး ၂၀၀ ကျပ် တပ်နိုင်သော်လည်း ၁၀၀ ကျပ်ဘဲ တော်ပြီဆိုကာ
စီရင်ချက် ချလိုက်လေသည်။
ဦးစောတို့က ဒဏ်ငွေမဆောင် ထောင်အကျ ခံမည်ဟု ဆိုကြသည်။ အစိုးရ ရှေ့နေက ဒဏ်ငွေ
မဆောင်လျှင် ထောင်ဒဏ်လေးလ အပြစ်ပေးနိုင်ကြောင်း တင်ပြရာ ဦးဘိုးစက ထောင်ဒဏ်ကိုလည်း
ထက်ဝက်လျှော့ကာ နှစ်လ ကျခံစေရန် အမိန့် ချလိုက်လေသည်။
ထိုသို့ ဦးစောတို့က ထောင်ကျ ခံလိုက်ခြင်းမှာ ဒေါက်တာဘမော်အဘို့ လွန်စွာ ကျေနပ် သဘောကျစရာ
ဖြစ်သွား လေသည်။ အကြောင်းမှာ နိုင်ငံရေးသမား တစ်ယောက် ထောင်ကျနေလျှင် နိုင်ငံရေး လှုပ်ရှားမှု
ဘာမျှ မပြုလုပ်နိုင်သောကြောင့် ဖြစ်ပေသည်။
ဦးစောတို့သည် ထောင်ကျခံပြီးမှ မိမိတို့ စတန့်လုပ်မိသည့် အမှားကို သိမြင်ကြကာ အပြင်သို့ မျက်နှာပန်း
လှလှဖြင့် ပြန်၍ ထွက်နိုင်ရန် ကြံကြရလေသည်။ ထိုအကြံအတိုင်း “ဦးစောတို့သည် အပြင်မှာ ရှိသင့်သည်။
ဒဏ်ငွေဆောင်ပြီး အပြင်ထွက်ခဲ့ပါ” ဟု ကျောက်တံခါး ဦးစံကျော်၏ နာမည်ဖြင့် ဆောင်းပါးတစ်စောင်
သူရိယတွင် ထည့်လိုက်သည်။ ပြီးမှ အခြား အသင်းအဖွဲ့များနှင့် ပုသိမ်မှ သံဃာများကို အစည်းအဝေးများ
ပြုလုပ်စေပြီး ဦးစောတို့ပြန်၍ ထွက်လာကြရန် တိုက်တွန်း ဆုံးဖြတ်သည့် အနေမျိုး ကလဖန် ထိုးကြရ
လေသည်။
ဦးစောတို့သည် ထောင်ထဲတွင် တစ်လကြာ နေခဲ့ကြရပြီးမှ ကျန်တစ်လအတွက် ဒဏ်ငွေ ၅၀ ကျပ် ကျစီကို
ဘုန်းကြီးများ၏ အမည်ဖြင့် ထမ်းဆောင်ပြီး ထောင်က ထွက်လာကြလေသည်။ ဦးစောတို့ ထောင်က
ထွက်လာ ကြသည့်အခါ သခင်ကိုယ်တော်မှိုင်း ကလည်း မည်သူ အဆွယ်ကောင်းသည် မသိ ယောင်ယောင်
ပေါင်ပေါင်ဖြင့် ရှေ့ဆုံးကနေ၍ ဆီးကြို ခေါ်ဆောင် လာခဲ့လေသည်။
ဦးစောတို့ ထွက်မလာကြမီ ဒီးဒုတ် သတင်းစာတိုက်တွင် ရန်ကုန် မြို့လုံးဆိုင်ရာ သတင်းစာ ဆရာများ၏
အစည်းအဝေး တစ်ရပ် ကျင်းပပြီး ညွန့်ပေါင်း အစိုးရကို တတ်နိုင်သော နည်းတို့ဖြင့် ဖြုတ်ချရန်၊ အစိုးရ
ပြုတ်ကျသွားလျှင် အတိုက်အခံတို့က ရာထူးမယူကြရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်
လိုက်ကြသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လှံစွပ်ကိုင် တပ်များက သပိတ်မှောက် ကျောင်းသားများ စခန်းချရာ ရွှေတိဂုံ ဘုရားကို
ဝိုင်းပြီး ဖိနပ်စီး၍ ကုန်းတော်ပေါ်သို့ တက်ကာ မော်လမြိုင် ဇရပ်ပေါ်မှ ဒို့ဗမာ အမှုဆောင်များကို ဖမ်းဆီး
ကြလေသည်။ သခင်ကိုယ်တော်မှိုင်း ကိုလည်း ဖမ်းဆီးသွားပြီးမှ ပြန်၍ လွှတ်လိုက်လေသည်။ ဒီးဒုတ် ဦးဘချို
အိမ်ကိုလည်း ဝင်ရောက် ရှာဖွေကြသည်။ ဘာမျှ မတွေ့ရသည့်အခါ ဦးဘချိုကို ဖမ်း၍ မဂို ဂတ်မှတဆင့်
ထောင်ကြီးသို့ ပို့လိုက်လေသည်။ ဦးဘချိုကို ဖမ်းသွားပြီး ငါးရက်အကြာတွင် မြန်မာပြည် လွတ်လပ်ရေး
အမျိုးသမီးအဖွဲ့ ပေါ်လာသည်။ ဥက္ကဋ္ဌမှာ ဒီးဒုတ် ဦးဘချို၏ ဇနီး ဒေါ်လှမေဖြစ်ပြီး၊ အတွင်းရေးမှုးမှာ
ဒေါ်ခင်မြ (ခင်မျိုးချစ်) ဖြစ်လေသည်။
ဦးစောသည် ထောင်က ထွက်လာပြီး တစ်လလောက် မကြာမီမှာပင် ဒေါက်တာဘမော်၏ ညွန့်ပေါင်း
အစိုးရကို အယုံအကြည်မရှိ အဆို တင်လေသည်။ ထိုအဆိုကို အင်္ဂလိပ် အမတ်များကပါ ထောက်ခံ
ကြသဖြင့် ဒေါက်တာဘမော်၏ ညွန့်ပေါင်း အစိုးရမှာ မရှုမလှ ပြုတ်ကျ သွားလေသည်။ ညွန့်ပေါင်းတို့
ပြုတ်ကျ သွားပြီးသည့်နောက် အတိုက်အခံတို့က သတင်းစာ ဆရာများ၏ ဆုံးဖြတ်ချက်အတိုင်း
မလိုက်နာကြဘဲ ရာထူး ယူကြလေသည်။
ထိုအစိုးရ အဖွဲ့တွင် ရွှေကျင်ဦးပုက နန်းရင်းဝန် ရာထူးကို ယူ၍၊ ဦးစောက သစ်တောရေးဝန်ကြီး
ရာထူးကို ယူလေသည်။ ဦးစောတို့ အာဏာ ရလာသည့်အခါ ဖိနိုပ်မှုများ လျော့မသွားဘဲ ပို၍
ဆိုးလာသည်။ ထို့ကြောင့် ဦးပု အစိုးရကို ပြည်သူတို့ကလည်း မလိုလား၊ ကျောင်းသားတို့ကလည်း
မနှစ်ခြိုက်ဘဲ ရှိကြသည်။ သတင်းစာများ ကလည်း နောက်လာတဲ့ (မောင်ပု) လဲ ဒေါက်တာထက်ကဲ
စသည်ဖြင့် လက်သံပြောင်ပြောင် အုပ်ကြလေသည်။
ထိုအခါ ဦးစောသည် ဦးပု အစိုးရထဲက နုတ်ထွက် လိုက်ပြီးလျှင် ဦးပု အစိုးရကို အယုံအကြည်မရှိ အဆို
တင်ပြန်လေသည်။ သည်တစ်ပွဲမှာမူ ဦးစော၏ ပွဲသက်သက် ဖြစ်လေသည်။ သူ့ကို ကျောင်းသားတို့
ကလည်း ထောက်ခံသည်။ သခင်အောင်ဆန်းတို့ ကိုယ်တိုင်ကပင် ဦးစောသည် ကိုယ့်ဒူး ကိုယ်ချွန်ကာ
တက်လာသူအဖြစ် အထင်ကြီးခဲ့ ကြသည်။ တကြိမ်ကဆိုလျှင် တက္ကသိုလ် ကျောင်းသား သမဂ္ဂသို့
ဦးစောအား ပင့်ဖိတ်၍ ဒေါက်တာဘမော်ကို ထိုးနှက်သော ဟောပြောပွဲတစ်ခု ကျင်းပပေးခဲ့ကြ
ဘူးသည်။
ဆက်ရန် ... နိဂုံး
0 comments:
Post a Comment