ရွှေဘစိတ်ကူး အင်တာဗျူး
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ အင်း...
ရွှေဘကလည်း ဘုန်းကြီးကျောင်းသား အညတရ နုံအအဆိုတော့ ဘယ်ဆိုဒ်ကမှ အင်တာဗျူး
မခေါ်ကြဘူးဗျ၊ ဒီတော့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ကလိမ်ကကျစ်
နည်းတွေသုံးပြီး ပြောလိုက်ချင်တာကတော့ ဓါတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား မောင်ရွှေဘနဲ့ အဆင့်မြင့် ပညာရေး အကဲဖြတ်ရေးအဖွဲ့တို့ရဲ့ ၂၀၀၉ခုနှစ် အတွင်းက
အင်တာဗျူး အစီအစဉ် လေး တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်ဗျာ...
အစီအစဉ်မစတင်မီ ကြိုတင်မိတ်ဆက်ပေးချင်တာကတော့ မေးမြန်းသူအရာရှိက ပါမောက္ခ ဦးပညာ ဖြစ်ပြီး၊ ဖြေကြားသူကတော့ ၂၀၀၉ခုနှစ်မှာ ဓါတုဗေဒဘွဲ့ ရရှိခဲ့တဲ့ (ယခု ဆန်စပါး ကုန်သည် လူချောလေး ရွှေဘ) ဖြစ်ပါတယ်ဗျာ၊ ကျေးဇူးတင်ပါတယ်နော်...
မေး။ သားရဲ့ နာမည်နဲ့ အတန်းလေးကို ပထမဆုံး ပြောပြပါနော်၊
ဖြေ။ ဟုတ်ကဲ့၊ ကျနော့နာမည် ရွှေဘ၊ ဓါတုနောက်ဆုံးနှစ်ပါ၊
မေး။ အင်း... စာမေးပွဲတောင် ဖြေရတော့မှာနော်၊ သားက ဘာတွေ ပြင်ဆင်ထားပြီလဲ၊
ဖြေ။ ဆရာတွေရဲ့ မှတ်စုထဲကို အချိန်မီ ကိုယ့်ရဲ့ ခုံနံပါတ်လေးပါသွားအောင်
ကျူရှင်လခသွင်းနေပါတယ်၊ နောက်ပြီး ဆရာတွေရဲ့ အိမ်လိပ်စာတွေကို
စုဆောင်းနေပါတယ်၊ ဒါမှလည်း စာမေးပွဲ ပြီးပြီးချင်း သူများထက်ဦးအောင်
ကန်တော့နိုင်မှာပါ၊ ကန်တော့ဖို့ပိုက်ဆံကိုတော့ ဟိုနေ့ကပဲ အိမ်ကိုလှမ်းပြီး
ဖုန်းဆက်ပြောထားပါတယ်၊ စာတွေတော့ မလုပ်ဖြစ်သေးပါဘူးဗျာ၊
မေး။ အင်း.. ဒါက နောက်ဆုံးနှစ်လည်းဖြစ်တော့ ဒီစာမေးပွဲအောင်ရင် ဘွဲ့ရတော့မယ်၊
သားက ဘာရည်ရွယ်ချက်နဲ့ ဘာတွေလုပ်မယ်လို့ စိတ်ကူးထားလဲ၊
ကျောင်းသားဘ၀ကနေ လုပ်သားဘ၀ကို ပြောင်းရတော့မယ့်အချိန်မှာ
ဘယ်လိုခံစားရလဲကွာ၊
ဖြေ။ သိပ်ကို ၀မ်းနည်းပြီး ယူကျုံးမရ ဖြစ်မိပါတယ်၊ ဘာလို့လည်းဆိုတော့...
တကယ်လို့ ဘွဲ့ရခဲ့ရင် ကျနော့အနေနဲ့ကတော့ တရားဝင် လိုင်စင်ရ
အလုပ်လက်မဲ့တစ်ယောက် ဖြစ်သွားပါပြီ၊ အခုက ကျောင်းတက်နေတာဆိုတော့
ဘာပဲပြောပြော ကျောင်းသားဘ၀ဆိုတာ အိမ်က ထောက်ပံ့နေဆဲလေ၊ ဒါပေမယ့်
ကျောင်းပြီးသွားရင်တော့ အိမ်ရဲ့ထောက်ပံ့မှုတွေ လုံးဝပိတ်သွားတော့မှာပါ၊ ဒီတော့
ကျနော့မှာ ကျောင်းတော်ကြီးကို လွမ်းတာတို့၊ သူငယ်ချင်းတွေကို တမ်းတတာတို့၊
ချစ်သူလေးနဲ့ ခွဲခွာရတော့မှာတို့ထက် အသုံးမကျတဲ့ကောင်ကြီး ဖြစ်သွားပြီဆိုပြီး
ဝမ်းနည်းမိပါတယ်၊
မေး။ ကျောင်းသားဘ၀ဆိုတာက တောက်ပတဲ့ အနာဂတ်တွေရှိတယ်လို့ ဆိုကြတယ်၊
ဒီတော့.. သားအနေနဲ့က သားရဲ့အနာဂတ်ကို ဘယ်လိုစိတ်ကူးထားလဲ၊ နိုင်ငံတော်ရဲ့
သားကောင်းတစ်ယောက်အဖြစ်၊ နိုင်ငံဂုဏ်ဆောင် တစ်ယောက်အဖြစ် စတာတွေပေါ့၊
ဖြေ။ ဒါမျိုးစဉ်းစားဖို့က တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့စာတွေကို
တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့လည်း စိတ်ညစ်ရပါတယ်။
တစ်ကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့ မီးလာပေးစေချင်ပါတယ်။
နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ဆိုင်တဲ့ ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ
လက်တစ်ဖက်က ထမင်းချိုင့် လက်တစ်ဖက်က ကားလက်တန်းကို ကိုင်ပြီးစီးရတဲ့
မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ ကားတွေလို ကျောင်းကားတွေ နေ့စဥင်္နေ့တိုင်း
စီးနင်းကျော်ဖြတ်နေရတာတွေ ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ စိတ်မကူးပါဘူး။
အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။
မေး။ ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။
သားရဲ့အမြင်နဲ့ ကျောင်းသားတစ်ဦးရဲ့ ပုံစံကိုပြောပေးပါဦး။
ဖြေ။ ကျောင်းသားဆိုတာ အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့
ခေတ်ကလို ကွဲပြားခြားနားသွားတာမဟုတ်ဘူး၊ ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့
အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။
ကျွန်တော်တို့ ကျောင်းသားတွေဆိုက များသောအားဖြင့် တောကြီးမျက်မဲလိုနေရာတွေ၊
မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။
ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို
မိုက်ရိုင်းသွားကြတော့တာပေါ့။
မေး။ အခု ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို ကျောင်းပြီးရင် အစိုးရဆီမှာ
လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ ရှိနေပြီလား၊
ဖြေ။ အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ
ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို ဗထူးဗိုလ်သင်တန်းမှာ
တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS လို့ခ်ါတာပေါ့ဗျာ။ ဒါလောက်ပါပဲ၊
သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ အလုပ်ရရေး မရရေးဆိုတာ
ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရရဲ့
ပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့ PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို
ဘွဲ့ရပြီးပြီးခြင်း ခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာဟာလည်း အလုပ်ရဖို့အတွက်
အထောက်အကူကောင်းတစ်ခု မဟုတ်ပါဘူး။ တစ်ကယ့်ကို ကျောင်းပြီးပြီးချင်း
အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက လုပ်ငန်းရှင် တစ်ယောက်ယောက်နဲ့
ဆွေမျိုးနီးစပ်တော်နေသလား၊ ဥပမာ.... ပြောရရင် လုပ်ငန်းရှင်တစ်ယောက်ယောက်
ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ ကိုယ်က ခင်နေရုံလောက်ဆိုရင်ကို ဖြစ်ပါတယ်။
စောစောကပြောတဲ့ PSC စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။
လူ (၁၂) ယောက်လောက် ခေါ်တယ်ဆိုရင် များသောအားဖြင့် (၁၀) ဦးလောက်က
ဖြေဖြေ မဖြေဖြေ အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ (၂) နေရာစာကိုတော့ ကျွန်တော်တို့
ဘွဲ့ရ ပညာတတ် အယောက် (၅၀) လောက်က ကံစမ်းကြရတာမျိုးပါပဲ။
မေး။ ကျောင်းမှာ ဆရာပြန်လုပ်ဖို့ကော ရည်ရွယ်ချက်ရှိပါသေးလား၊
ဖြေ။ လုံးဝကို မရှိပါဘူးခင်ဗျာ။ တစ်ကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက မတတ်တဲ့သူတွေကို
ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ ကျွန်တော်က
စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊ မိုးရာသီမှာ
သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။
မေး။ ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား။
ဖြေ။ လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ နေရာလည်း မရှိပါဘူး။
မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။
ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ ခိုးကူးခွေလေးတွေ
ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ၊ လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်
ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။ သေသေချာချာတော့ မပြောနိုင်သေးပါဘူးဗျာ။
မေး။ သားလေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။
ဖြေ။ တစ်ချို့တွေကပြောကြပါတယ်၊ ပညာ စီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက
စီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့သူတွေလည်းရှိပါတယ်။
ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။
ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေတဲ့ ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့၊
ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။ ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့
မူလတန်းကနေ ဒီကနေ့အထိ အလွတ်တွေကျက် အလွတ်တွေချရေးပြီး
အောင်မြင်လာတာပါဘဲ။ အခုနေ ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ၊
ဖြေနိုင်ခဲ့တဲ့ စာတွေကို ပြန်မေးကြည့်ပါ၊ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။
ဒါပေမယ့် ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။
မေး။ မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ သားလေးက
ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည်
ကို့လူမျိုးအတွက်ပေါ့။
ဖြေ။ ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ မမေးပါနဲ့လား။
တစ်ကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ သက်ဆိုင်သူတို့ရဲ့
အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ ဗိုလ်လုပ်လုပ်ပေါ့နော် ရပ်ကွက်ထဲက
ပဲပြုတ်သည်တွေလည်း ပဲပြုတ်ဆက်ရောင်းကြမှာ၊ ဆိုက်ကားဆရာတွေလည်း
ဆိုက်ကားဆက်နင်းကြမှာဘဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို
ကုလားကြီးလို့ခေါ်ခေါ်၊ မာမူကြီးလို့ခေါ်ခေါ်၊ အရားကြီးလို့ခေါ်ခေါ် ကုလားက
ကုလားပါဘဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေကသက်ဆိုင်သူတွေနဲ့
စီးပွားရေးလုပ်ငန်းရှင်ကြီးများတို့ရဲ့ တာဝန်သာဖြစ်ပါတယ်။ ပိုက်ဆံလည်းမရှိ
အင်အားလည်း မတောင့်ဘဲနဲ့၊ အခြေအနေကိုလည်း ကြိုတင်မသုံးသပ်ဘဲနဲ့
ဝင်ပြိုင်ဖို့ကြိုးစားနေတဲ့ ကစားသမား အငယ်လေးတွေကိုတော့ သနားပါတယ်။
ပါမောက္ခ။ အခုလိုဖြေကြားပေးတာ ကျေးဇူးအထူးတင်ပါတယ် သားလေးရယ်။
ရွှေဘ။ ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ လူကြီးမင်းကို ကျေးဇူးအထူးတင်ပါတယ်။

0 comments:
Post a Comment