Saturday, December 10, 2011

မြောက်ပြန်လေရိုင်းများ... (၁)

by Augustine Nge on Saturday, December 10, 2011 at 9:41pm
 


အိမ် တံခါးဝကို ဖွင့်လိုက်တော့... မြောက်ပြန်လေများက... ရင်ဝကို ဓါးနှင့် ထိုးလိုက်သလို... အေးစက် စူးရှစွာ... နင့်နင့် နက်နက်။

အိမ်တံခါးကို သော့နှင့် ပြန်ပိတ်ရင်း... အပါ့မန့်ရှေ့မှ ကတ္တရာလမ်းကို နင်းလှမ်းလိုက်သည်။ လမ်းဘေး ၀ဲယာမှာ အစီအရီ  အေးခဲနေကြသော ရေခဲမှုန်ကလေးများ ...။ နားမခံနိုင်အောင် အေးလွန်းနေသော လေရိုင်းကြောင့် သူ့ စစ်အနွေးထည်ကြီးမှ ခေါင်းစွပ် (hood) ကို ဂုတ်ပိုးနောက်မှ ဆွဲထုတ်ယူပြီး ခေါင်းပေါ် စွပ်လိုက်ရသည်။ နည်းနည်းတော့ နားနွေးသွားပြီ။ သို့သော်လည်း နားမအေးပါ။ လမ်းမပေါ်မှ ဖြတ်သန်းသွားသော ကားမျိုးစုံ၏ ဆူညံကျယ်လောင် အသံများက သူ့နားကို ပူလောင်စေသည်လေ။


အိမ်ရှေ့ လမ်းမပေါ်မှာ အရာအားလုံး ရှုပ်ထွေးနေကြပြီ။ ကျောင်းကားများ၊ ကျောင်းသား ကျောင်းသူများ၊ ဘတ်စ်ကားများ။ အလုပ်သွားချိန်မှ ကားမျိုးစုံ...။

သူ အလုပ်ကို သွားဖို့ရာ စီးရမည့် ဘတ်စ်ကား၏ မှတ်တိုင်က လမ်းဟိုတဖက်ခြမ်းမှာ...။ သည်ဖက်ခြမ်းမှ ဟိုဖက်ခြမ်းကို ကူးဖို့ အရေးကလည်း ကမ္ဘာမြေမှ အင်္ဂါဂြိုဟ်ကို သွားရသည့်အလား... ။ စောင့်ဆိုင်းနေရသည်မှာ တမေ့တမော...။ သည်ဖက်ခြမ်းမှာ ကားရှင်းတော့... ဟိုဖက်ခြမ်းမှာ ကားရှုပ်...။ ဟိုဖက်ခြမ်းမှာ ကားရှင်းတော့... သည်ဖက်ခြမ်းက ကားရှုပ်...။ ဆယ့်ငါးမိနစ်လောက် စောင့်နေရတော့ သူ စိတ်မရှည်ချင်တော့...။

အာ... သည်လိုနဲ့ဆို အလုပ်ကို နောက်ကျမှ ရောက်တော့မယ်... ။ တိုက်ချင်ရင် တိုက်ကွာ... - ဆိုပြီး... ကားတွေ မပြတ်လာနေသည့် သည်ဖက်ခြမ်းက လမ်းကို သူ ခပ်တည်တည် အေးဆေး လမ်းလျှောက်ပြီး ကူးပစ်လိုက်သည်။ တဝေါဝေါ မောင်းလာသည့် တိုယိုတာ ကဲမ်မရီ အနီလေး တစီး သူ့ အနားမှာ ကျွိ-ကနဲ ထိုးရပ်သွားသည်... ။ သူကလည်း မိုက်ရူးရဲပါပေ...။ ဒရိုင်ဘာ ကောင်မလေးကိုလည်း သူ လှမ်းမြင်ဖြစ်အောင် မြင်လိုက်သေးသည်။ တစုံတရာ ရေရွတ်နေသည်မှာ သေချာသည်။ WTF ဖြစ်မည်။ သို့ မဟုတ် MF You wanna die? Or smth like that... အို ဘာဖြစ်ဖြစ်... သူ့ကိုတော့ ကားနှင့် မတိုက်ရဲတာ သေချာသည်။

လမ်းဟိုဖက်ခြမ်းမှာလည်း Ford F-150 Truck တစီးကလည်း ဆက်မမောင်းတော့ပဲ သူ လမ်းဖြတ်ကူးနေသည်ကို ရပ်စောင့်ပေးနေသည်။

သူကတော့ အောင်ပွဲခံသည့် ဘုရင်တပါးလိုလို... သူ့ ကားမှတ်တိုင်ဆီသို့... အေးဆေး ညင်သာ လျှောက်လှမ်း...။

တခါတခါတော့လည်း... ဘ၀မှာ သည်လို အရွဲ့တိုက် စွန့်စားရသည်မျိုး လိုအပ်နေသည်လား...။

လမ်းဖြတ်ကူးဖို့ ကားရှင်းအောင် စောင့်ဆိုင်းနေစဉ်တော့ မည်သည့် အခြမ်းကမျှ ကားမရှင်း...။ လမ်းဖြတ်ကူး၍ မရ...။

ဖြစ်ချင်တာဖြစ်ကွာ-ဆိုပြီး အရွဲ့တိုက်ကာ လမ်းဖြတ်ကူးတော့မှ... ကားတွေက ရပ်ထားပေးသည်။

အင်း... ...  ဘ၀မှာ... တခါ တခါတော့ အရွဲ့တိုက်မှ ဖြစ်မည် ထင်သည်...။

++++++++++++++++++++++++++++++++++++++++++++++++

အမေရိကကို ဒုတိယ နိဗ္ဗာန်ဘုံ-ဟု ခေါ်ဆိုကြသည်ကို သူ ကြားဖူးသည်။ ဟုတ်သည်လား... မဟုတ်သည်လား... သူ မသိ။ သူ သိသည်ကတော့... အမေရိကသည် သူ့အတွက်တော့ ပထမဆုံး ငရဲ ဖြစ်မည်...။

အမေရိကကို ရောက်လာဖို့... သင်္ဘောပေါ်မှ ခုန်ချသူက ခုန်ချ...။ မက္ကစီကိုမှ ခြံကျော်ဝင်သူက ကျော်ဝင်...။ ဂွမ်-ကျွန်းပေါ်မှ ဒုက္ခသည်အဖြစ် လိမ်လျှောက်သူက လျှောက်...။ မလေးရှားမှတဆင့် အမေရိကားမှာ တတိယနိုင်ငံသားဖြစ်ရေး... ဒုက္ခသည်စခန်းမှာ လက်မှတ်ဝယ်ပြီး တွေးသူက တွေး...။

သူက အဲသည် အရာများ အားလုံးကို စိတ် မ၀င်စားပါ...။ သူ့ ဘ၀နှင့် သူ... ။ ကိုယ့်ဘ၀နှင့် ကိုယ်...။

ကျိမ်းသေသည့် အချက် တခုကတော့.... အမေရိကကို သူရောက်လာရသည့် အကြောင်းမှာ... တရားမ၀င် ၀င်ရောက် လာသူတယောက် အဖြစ် ထိုင်းနိုင်ငံမှာ သူ ရှိနေခြင်းပင်...။ ထိုင်းနိုင်ငံမှာ တရားဝင် နေခွင့် ရခဲ့လို့ကတော့... အမေရိကကို သူက မျက်စောင်းပင် လှမ်း ထိုးမည် မဟုတ်သည်မှာ သိပ်ကို သေချာသည်။

ထိုင်းမှာ ရှိနေစဉ်တုန်းက.... သူ လုပ်ခဲ့ဖူးသော အလုပ်များ အားလုံးသည် အဲကွန်းဖွင့်ထားသော အခန်းတခုမှာ စားပွဲတလုံး၊ ကွန်ပြူတာ တလုံးနှင့် အေးအေးလူလူ အပူအပင်မရှိ လုပ်ခဲ့ရသော အလုပ်များသာ...။ တလကို ဘတ်ငွေ ၇၈၀၀ ရသော အလုပ်...။ လူတယောက်စာအတွက် လုံလောက်ရုံမျှမက... ပိုပင် ပိုနေသေးသည်...။  စနေ၊ တနင်္ဂနွေဆို နေဖင်ထိုးအောင် အိပ်... ။ နေ့လည် တနာရီ ၂ နာရီမှ အိပ်ယာထ...။ သည်လို ဘ၀ကို စွန့်ပစ်ပြီး ခု သည် အမေရိကကြီးကို သူလာစရာ ဘာအကြောင်းမှ မရှိ...။

သို့သော်လည်း... ကံကြမ္မာဆိုသည်က မည်သူမဆို ကိုယ်တိုင် စိတ်လိုလက်ရ မှားယွင်းစွာ ၀ယ်ယူခဲ့သော မွေးနေ့လက်ဆောင် ပစ္စည်းတခုသာ ဖြစ်မည်...။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(ဘယ်တော့ လာမှာလဲ... )

ဗီဒီယို ချက်တင်းမှာ... စကားပြောနေရင်းက.. သူ့ကို ရုတ်တရက် မေးလိုက်သော ကောင်မလေး၏ မေးခွန်းကို ချက်ချင်း ဖြေဆိုဖို့ရာ အဆင်သင့် အဖြေများ သူ့မှာ မရှိပါ...။

ကောင်မလေးကို သူ ချစ်သည်...။ ရီးစားများခဲ့သော သူသည်... သည်ကောင်မလေးနှင့်ကျမှသာ ဂျင်တလုံးလို တနေရာထဲမှာ တည်ငြိမ်စွာ လည်ပတ်နေတော့သည်...။ (နင် သိပါကွယ်.... ဂျင်တလုံးဟာ ဟိုသည် လျှောက်ပြေးပြီးရင် တနေရာထဲမှာပဲ နောက်ဆုံး လဲကျသွားသည်အထိ လည်နေတတ်တယ်-ဆိုတာ... )... သူ့ဘာသာသူ တိုးတိုးလေး ပြောနေမိသည်။ ကောင်မလေး ကြားလေမည်လား...။ ကြားစေချင်ပါသည်...။

စကား ပြောတိုင်း ရီစရာများကိုသာ ရှာကြံပြောနေဖြစ်သော သူတို့ နှစ်ယောက်အကြားမှာ စိတ်အားငယ်စရာ မည်သည့်အရာမျှ မရှိစေချင်သည်မှာ သူ့ စေတနာ ဖြစ်သည်...။ သူကိုယ်တိုင် မပျော်ဖြစ်သည့်တိုင် ကောင်မလေးကို ပျော်နေစေချင်သည်... မှာ... သူ့ ဆန္ဒ...။

ဆန္ဒကလည်း ဘ၀နှင့် ထပ်တူ မကျ...။ ခက်သည်...။

ရီစရာတွေ ပြောရင်းက... ရုတ်တရက် မေးချလာသော... (ဘယ်တော့ လာမှာလဲ...) ဆိုသည့် အမေးနောက်မှာ... ပြုံးနေရာက... ညှိုးချုံးကျသွားသော ကောင်မလေး မျက်နှာလေးကို သူ မကြည့်ရက်... ။

မျက်ရည်များ လည်နေသည့် ထို မျက်ဝန်းလေးသည်... အနာဂတ် အမေး-အဖြေများအတွက် အခက်တွေ့နေပုံပေါ်သည်...။

ထို မျက်ဝန်းလေးများကို သူ... မကြည့်ရက်ပါ...။ (ဆင့်ဆင့်သက်... ရယ်... ) ရင်ထဲမှာ သူ အော်ခေါ်နေမိသည်...။

မနက်ဖန်များကို သူ့ လက်ဖ၀ါးပေါ်မှာ ဆုပ်ကိုင်ထားခွင့်ရလျင်... ... ...

(atn)

++ ဆက်လက် ဖော်ပြပါမည် ++

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...