Thursday, December 15, 2011

ဂြိုဟ်သားတစ်ယောက်နှင့် လမ်းလျှောက်ထွက်ခြင်း (၁)

by Sai Naw on Thursday, December 15, 2011 at 9:18am
 
နိဒါန်း...

ကျွန်ုပ်သည် နှစ်ပေါင်း ၃၀ ကျော်မျှ ကျောင်းဆရာဘဝကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းလာပြီးနောက် အငြိမ်းစားယူကာ၊ မိဘများက အမွေအဖြစ် ထားရစ်ခဲ့သည့် အညာမြို့လေးတစ်မြို့၏ မြို့စွန်ရှိ ခြံဝင်းလေးထဲတွင် ပင်စင်စားတစ်ယောက်၏ဘဝကို ပျင်းရိငြီးငွေ့စွာ တစ်ကိုယ်တည်း ဖြတ်သန်းနေရပေသည်။

ကျေးလက်ဒေသများတွင် ဖခင်ဘက်မှ ဆွေမျိုးညာတိများ ရှိနေသေးသော်လည်း ကျွန်ုပ်သည်ကား အပါး၌ တွယ်တာစရာ အဖော်မရှိသည့် တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက် ဖြစ်ပေသည်။ တစ်ကိုယ်တည်း အထီးကျန်နေသူဖြစ်၍ လည်းကောင်း၊ ကျန်းမာရေးအတွက် ဆေးဖြစ်ဝါးဖြစ်ဟုဆိုကာ မိမိကိုယ်ကို ဇွတ်အတင်းကြီး အားပေး၍သော်လည်းကောင်း၊ ကျွန်ုပ်အတွက် သစ္စာအပြည့်ရှိသော ရဲဘော်ရဲဘက်ကောင်းဖြစ်သည့် 'သူရာဖြူဖြူအရည်' များအား အဖော်ပြုကာ ရက်ခပ်စိပ်စိပ်များ၏ ဆည်းဆာချိန်မှန်တိုင်းတွင် ခပ်ထွေထွေလေးလည်း ဖြစ်နေတတ်ပြန်၏။



(၁)

တစ်ခုသော ညနေခင်းတွင် ကျွန်ုပ်သည် ထန်းလက်များဖြင့် ပြုလုပ်ထားသော ပက်လက်ကုလားထိုင်လေးပေါ်၌ ဇိမ်ကျစွာ မှေးစက်နေပြီး ညင်းသွဲ့သွဲ့ ဖြတ်သန်းတိုက်ခတ်လာသော လေပြေနုအေးလေးအား ကြည်နူးစွာ ခံစားမိနေချိန်...

'ကျွီ...အီ... အီ...'

ဆိုသော အသံများကြောင့် ကျွန်ုပ်၏ ခံစားမှုအာရုံများ ပျောက်ပြယ်သွားခဲ့ရလေသည်။ သစ်သားအဟောင်းစများဖြင့် ခနော်နီ ခနော်နဲ့ တပ်ဆင်ထားသည့် ခြံဝင်းတံခါး ဆုံလည်တိုင်များမှ ချောဆီ ခန်းနေသည့် အသံများ ထွက်လာရာသို့ ကျွန်ုပ်သည် မှေးစက်လုလုဖြစ်နေသည့် မျက်ခွံများကို ပျင်းရိပျင်းတွဲ ဖွင့်ရင်း လှမ်းကြည့်မိလိုက်ရာ-

အသက် ၁၂ နှစ် ဝန်းကျင်သာ ရှိဦးမည့် ချာတိတ်ကလေးတစ်ယောက်သည် ရင်ခွင်ထဲ၌ ပါပီပုတုလေးနှစ်ကောင်ကို ပိုက်ထွေးကာ ကျွန်ုပ်ရှိရာသို့ မဝံ့မရဲလေး၊ တစ်လှမ်းချင်းလှမ်းကာ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရ၏။

ချာတိတ်ကလေးသည် အသားညိုညို၊ ခန္ဓာကိုယ် ကျစ်ကျစ်ကလေးဖြစ်ပြီး အုန်းမုတ်ခွက်ဆံပင်ပုံစံလေးနှင့် လွန်စွာမှ သနားကမားပုံလေး ရှိသော်လည်း ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိသူတစ်ဦးဖြစ်ပြီး၊ မြင်တွေ့ရသူတိုင်းအတွက် အကွယ်တစ်နေရာမှ စွမ်းအားများဖြင့် ဆွဲငင်ညှို့ယူနိုင်စွမ်းရှိသူဟုလည်း ကျွန်ုပ်၏စိတ်ထဲ၌ ငြိမ့်ကနဲ ခံစားမိလိုက်သည်။

ကျွန်ုပ်ကို တွေ့လိုက်သည်နှင့် ထိုချာတိတ်ကလေးသည် ဝင်းလက်တောက်ပနေသည့် အပြုံးကြီးတစ်ခုကို ပြုံးပြနေရင်း ခပ်သုတ်သုတ်လေး လျှောက်လှမ်းလာနေလေသည်။ သူ့ရင်ခွင်ထဲမှ ပါပီလေး နှစ်ကောင်သည်ကား အမည်းပေါ် အဖြူကွက်ကျားလေးများ ပါရှိနေသည့်၊ ဝဝကစ်ကစ်ဖြင့် အလွန်ချစ်စရာကောင်းလှသော သတ္တဝါလေးများ ဖြစ်ကြပေသည်။

ကျွန်ုပ်ထံသို့ မဝံ့မရဲလေး လျှောက်လှမ်းကာ ရောက်ရှိလာသည့် ချာတိတ်ကလေးကို ကျွန်ုပ်သည် အချိုသာဆုံးဆိုသည့် လေသံဖြင့် မေးမြန်းလိုက်၏။

"ကလေးက ဘာများ အလိုရှိလို့လဲကွဲ့"

ချာတိတ်ကလေးသည် ကျွန်ုပ်ရှိရာသို့ တိုးလျှိုးတောင်းပန်နေသည့် မျက်နှာပေးလေးဖြင့် ချဉ်းကပ်လာပြီးနောက်

"ဒီက ဘဘကြီးဆီမှာ အကူအညီတစ်ခု တောင်းခံချင်လို့ပါ ခင်ဗျာ"

ဟု မဝံ့မရဲလေသံ ဟဟလေးဖြင့် ပြောဆိုလေသည်။ ထိုစကားကို ပြောပြီးသည်နှင့် ကျွန်ုပ်၏ မျက်နှာရိပ် မျက်နှာကဲကိုလည်း အကဲခတ်နေပြန်သေး၏။

"ကလေးက ဘာများ အကူအညီတောင်းမလို့လဲကွယ်... ဘဘကြီး ဘာများ အကူအညီပေးရမတုန်းကွဲ့... ပြော ပြော... ဘဘကြီးကို ရဲရဲပြောနိုင်ပါတယ်"

ထိုအခါကျတော့မှပင် သက်ပြင်းလေးတစ်ချက်ချကာ ချာတိတ်ကလေးက ဆိုသည်မှာ

"ဒီလိုပါ ဘဘကြီးရယ်၊ သားသားဟာ ခရီးတစ်ခုထွက်လာခဲ့သူပါ၊ လမ်းမှာ မိခင်မရှိတော့တဲ့ ဟော့ဒီက ပါပီလေးနှစ်ကောင်ဟာ မျက်စိသူငယ် နားသူငယ်နဲ့ ဆာလောင်မွတ်သိပ်နေကြတာကို သနားပြီး သားသား ခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်၊ ဒီခြံရှေ့ကို ရောက်လာတဲ့ထိ လမ်းတလျှောက်လုံး သားသားတတ်နိုင်သလောက်လေး သူတို့ကို ရှာဖွေကျွေးမွေးလာခဲ့ပေမဲ့ မိခင်နို့ကို မသောက်စို့ခဲ့ရတဲ့ သူတို့လေးတွေဟာ တဖြည်းဖြည်းနဲ့ အာဟာရ ချို့တဲ့လာခဲ့ကြပါတယ်၊ ဒါကြောင့်မို့လို့ ဘဘကြီးရဲ့ခြံရှေ့အရောက်မှာ ခြံတံခါးကလည်း ပွင့်သလိုဖြစ်နေလို့ သားသားတို့ ဝင်လာခဲ့ကြတာပါ၊ ဘဘကြီးဆီမှာ သူတို့လေးတွေကိုတိုက်ဖို့ နွားနို့လေးများ ရနိုင်တယ်ဆိုရင်ဖြင့် ကူညီစေချင်ပါတယ်ခင်ဗျာ"

မျက်လွှာလေး အောက်ချထားရင်း ယဉ်ကျေးချိုသာစွာ စကားဆိုလာသည့် ချာတိတ်ကလေးကို ကျွန်ုပ် အလွန် စိတ်ဝင်စားသွားခဲ့လေပြီ။ အသက်ငယ်ရွယ်သည့် ကလေးလေးသာ ဖြစ်နေသော်လည်း စကားပြော အင်မတန်မှ ပြေပြစ်လွန်းသည့် သည်ချာတိတ်ကလေးသည် မည်သည့်နေရာသို့ ခရီးထွက်ခွာနေပါသနည်း ဆိုသည့် မေးခွန်းမှာ ကျွန်ုပ်၏ အတွေးအိမ်ထဲသို့ ပထမဦးစွာ ရောက်ရှိလာသည့် မေးခွန်းပင် ဖြစ်လေသည်။

"ဒါနဲ့ နေပါဦးကွယ်... ကလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲကွဲ့၊ နို့ ပြီးတော့ ကလေးရဲ့ မိဘများကရော... ကလေးနဲ့ အတူတူ ခရီးထွက်လာကြတာ မဟုတ်ဘူးလားကွဲ့"

ကျွန်ုပ်၏ ကြင်နာသော အမေးစကားများကြောင့် ချာတိတ်ကလေး ရဲရဲတင်းတင်း ဖြစ်လာပြီး ပြန်ဖြေသည်မှာ

"သားသား မှာ မိဘတွေ မရှိကြတော့ပါဘူး ဘဘကြီးရယ်၊ သားသားမှာ ခေါ်စရာ နာမည်လည်း မရှိဘူးလို့ပဲ သဘောထားနိုင်ပါတယ် ခင်ဗျာ... ဘဘကြီးက နာမည်နဲ့ ခေါ်ဆိုချင်တယ်ဆိုရင်တော့ သားသားကို ကြိုက်တဲ့ နာမည် ခေါ်ဆိုနိုင်ပါတယ် ခင်ဗျာ"

ကျွန်ုပ်၏ စိတ်နှလုံးတွင်း၌ လွန်စွာမှပင် ထူးဆန်းသွားပေသည်။ ဤမျှနုနယ်ပျိုမြစ်သော ကလေးတစ်ယောက်သည် မိဘများ မပါဘဲ တစ်ယောက်တည်း ခရီးထွက်လာခြင်းကိုက ထူးဆန်းလွန်းနေပေပြီ။ ပြီးနောက် ဤကလေးတွင် ကျွန်ုပ် မသိစေချင်သည့် နောက်ကြောင်းများ ရှိနေ၍ သူ၏နာမည်ကို ဖုံးကွယ်ထားခြင်း ဖြစ်နေမည်လောဟုလည်း စဉ်းစားမိပြန်၏။

သို့သော် ချာတိတ်ကလေးကို ကြည့်ရသည်မှာ ကျွန်ုပ် မျက်မှန်းတန်းမိသည့် အသိမိတ်ဆွေများ၏ မျက်နှာပေါက်မျိုးလည်း မဟုတ်ပြန်သဖြင့် ချာတိတ်ကလေး၏ နောက်ကြောင်း ဇစ်မြစ်ကို ကျွန်ုပ် ခန့်မှန်း၍ မရနိုင်ပါ။ ထို့အတူ... ချာတိတ်ကလေးသည် မိမဲ့ဘမဲ့ တစ်ကောင်ြွကက် ဖြစ်နေသောကြောင့် ကျွန်ုပ်၏ အဖော်မဲ့ အထီးကျန်ဘဝနှင့် နှိုင်းယှဉ် မိလိုက်သောအခါ ရင်တွင်း၌ လွန်စွာမှပင် သနားသွားမိလေသည်။

ကျွန်ုပ်သည် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ပင် တစ်ထိုင်တည်း ချမှတ်ခဲ့လေတော့၏။ ထို့ကြောင့် ချာတိတ်ကလေး၏ အုန်းမုတ်ခွက် ဆံပင်ပုံစံလေးအား ခပ်ပြုံးပြုံးလေး ကြည့်နေကာ-

"ကလေးမှာက မိဘတွေလည်း မရှိကြတော့ဘူး၊ အမည်သညာလည်း ခေါ်မှတ်စရာ မရှိဘူးဆိုတော့ကာ ဘဘကြီးကပဲ ကလေးကို ချစ်စနိုးနာမည်လေးတစ်ခု မှည့်ပေးရတော့မှာပေါ့ကွယ်၊ မောင်ဧလိယန် လို့ခေါ်မယ်ကွဲ့... ဟုတ်ကဲ့လား..."

ချာတိတ်ကလေးသည် ကျွန်ုပ်ပြောပြနေသည်များကို ပြုံးရွှင်တောက်ပနေသည့် မျက်နှာထားဖြင့် ချက်ချင်းပင် ခေါင်းညိတ် အဖြေပေးလေတော့၏။

ကျွန်ုပ်သည် မောင်ဧလိယန်ကလေးကို သဘောကျစွာ ကြည့်နေရင်း ဆက်ပြီး ရှင်းပြနေမိပြန်သည်။

"ဒီလိုရှိတယ် မောင်ဧလိယန်ကလေးရဲ့... အင်္ဂလိပ်စကား 'ဧလိယန်' (Alien) ဆိုတာ တိုင်းတပါးခြားကနေ ကိုယ့်နိုင်ငံထဲကို တရားမဝင် ရောက်ရှိနေထိုင်နေတဲ့၊ စာရွက်စာတန်း အထောက်အထားမရှိသူတွေကို ခေါ်တာ ဖြစ်သလို အာကာသ ဟင်းလင်းပြင်ကြီးထဲကနေ ကမ္ဘာမြေကို ရောက်ရှိလာကြတယ်ဆိုတဲ့ ဂြိုဟ်သားတွေကို ခေါ်ဆိုတာလည်း ဖြစ်တယ်ကွဲ့၊ ဂြိုဟ်သား ဆိုတာကတော့ ကောလာဟလ ပြောကြတာပေါ့ကွယ်၊ တကယ်ရှိမရှိ ဘဘကြီးလည်း မပြောတတ်တော့ပါဘူး၊ ဘာပဲဖြစ်ဖြစ်ကွယ်... ကလေးဟာ မဖိတ်ခေါ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့တယ်ဆိုတော့ ဘဘကြီးက ကလေးကို မောင်ဧလိယန် လို့ပဲ ခေါ်ချင်တယ်ကွဲ့၊ သဘောတူရဲ့ မဟုတ်လား"

ကျွန်ုပ်၏ ရှင်းပြချက်များကို စိတ်ဝင်စားစွာ နားထောင်နေသော မောင်ဧလိယန်ကလေးသည် မဆိုင်းမတွပင် ခေါင်းညိတ်ပြကာ-

"သဘောတူပါတယ် ဘဘကြီးရယ်၊ သားသားလည်း မောင်ဧလိယန် ဆိုတဲ့ နာမည်လေးကို သဘောကျပါတယ်"

ဟု ဖြေဆိုလေတော့၏။

ကျွန်ုပ်သည် ငဲ့ထည့်ထားသော ဖန်ခွက်ထဲမှ ယမကာဖြူလက်ကျန်လေးကို မော့ချပြီးနောက် ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ မောင်ဧလိယန်လေးကို မျက်ရိပ်ပြလိုက်၏။

"ဒီလိုလုပ်ကွဲ့... မောင်ဧလိယန်လေးရဲ့ ပါပီကလေးတွေကို တိုက်ကျွေးဖို့ နွားနို့တော့ ဘဘကြီးဆီမှာ မရှိဘူး၊ အဲတော့ကာ ကာကာဆိုင်မှာ သွားဝယ်ရမယ်၊ ကာကာဆိုင်က နွားနို့က စစ်မစစ်ဆိုတာကိုလည်း ဘဘကြီး မပြောနိုင်ပြန်ဘူး၊ လောလောဆယ် ဒီရက်ပိုင်းအတွင်းမှာတော့ ဘဘကြီးတို့ ကာကာဆိုင်က နွားနို့ကိုပဲ ဝယ်တိုက်ရမယ်ကွဲ့၊ နောက် သုံးလေးရက်လောက်ဆိုရင်တော့ ဘဘကြီး မင့်ကို ရွာခေါ်သွားမယ်လို့ စဉ်းစားထားတယ်၊ ရွာမှာ ဘဘကြီးရဲ့ အမျိုးတွေ ရှိတယ်ကွဲ့၊ သူတို့က မွေးမြူရေး လုပ်ကိုင်ကြတာဆိုတော့ သူတို့ဆီမှာ အာဟာရ ပြည့်တဲ့ နွားနို့စစ်စစ် ရနိုင်မယ်၊ မောင်ဧလိယန်လေးနဲ့ ပါပီကလေးတွေ ဘဘကြီးနဲ့ အတူတူ နေနိုင်ပါတယ်ကွယ်၊ ဘဘကြီးဆီမှာနေသ၍တော့ ဘဘကြီးစားတာကို စားရမယ်၊ ဘဘကြီး အိပ်သလို အိပ်ရမယ်၊ ဘဘကြီးဟာ တစ်ယောက်တည်း နေတာဆိုတော့ ထမင်းဟင်းက ကောင်းမှာတော့ မဟုတ်ဘူးကွဲ့၊ ဖြစ်ကဲ့လား"

ကျွန်ုပ်၏ မေတ္တာ ကရုဏာလေသံအပြည့်ဖြင့် ပြောဆိုနေသည်များကို မောင်ဧလိယန်လေးသည် ပါပီကလေးများ၏ ဦးခေါင်းလုံးလုံးလေးများအား ပွတ်သပ်ပေးနေရင်း သဘောကျစွာ နားထောင်နေ၏။ ပြီးသည်နှင့် မျက်ဝန်းများထဲမှ အနက်ရောင် တဖိတ်ဖိတ် လင်းလက်တောက်ပနေသည့် သူငယ်အိမ်ကြီးများဖြင့် ကျွန်ုပ်ကို စိုက်ကြည့်နေကာ ခေါင်းညိတ်ဖြေဆိုလိုက်လေတော့သတည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...