`စိန်နားကပ်ကြီးပန်ရမလို´
by Soe Min on Friday, 11 November 2011
at 18:34
နာရီကြည့်စရာမလိုပဲ ကြက်ကလေး ငှက်ကလေးများတောင် သူ့အချိန်သူသိပြီး
ပြုနေကျအမှုတို့ကို သူ့ဘာသာမှန်မှန်လုပ်နေကြသောအရပ်မို့ကိုယ်လည်း ရောက်နေကျအချိန်
ဆေးရုံပေါ်ရောက်ရစမြဲ
ဖြစ်သည်။ စမ္ပာနဂိုရ်ဆေးရုံ ပြည်သူ့ဆေးရုံရှေ့တွင်လည်း
လူနာများတဖွဲဖွဲ ရောက်နှင့်ပြီလေ။ တာဝန်ကျဆရာမများကလည်း
မီးခိုးတလူလူနှင့်ဆိုင်ကယ်သံ ဖွတ်ချက်ဖွတ်ချက်ကြားသည်နှင့်
ခေါင်းပေါ် အဖြူဆောင်းကလေးတင်သူတင်၊ ပေတံဘောပင် ပြင်သူပြင်၊ တနေကုန်
အော်နိုင်ဟစ်နိုင်ရန် လည်ချောင်းရှင်းသူရှင်းဖြင့် ဆရာဝန်ရောက်ကြောင်း လူနာများကို
သိသာစေသည်။
လူနာများကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာပြီး
စာအုပ်ထပ်ထားသောနေရာတွင် ရွစိရွစိ တန်းစီကြပြန်သည်။ နံမည်ခေါ်တုန်း မကြားမိရင်
နောက်ဆုံးရောက်သွားမှာ ကြောက်ရသည်ကော။
`ဆေးရုံတက်မယ့်လူနာတွေနဲ့ အရေးကြီး အသည်းအသန်လူနာတွေပဲ အရင် ကြည့်သွားမယ်။ ကျန်တာ
ပြန်လာမှ ဆက်ကြည့်မယ်။ ဒီနေ့ အစည်းအဝေးသွားရမှာ။´
မထူးဆန်းသော ဖြစ်ရိုးဖြစ်စဉ်မို့ သူနာပြုဆရာမကြီးက အဆင်ပြေအောင်
စီမံခန့်ခွဲရင်း..
`ညက မွေးလူနာတစ်ယောက် တင်ထားတယ်ဆရာရေ။ လက်နှစ်လုံးလောက် လိုသေးတယ်။ FHS
(ကလေးနှလုံးခုန်နှုန်း) လည်း ကောင်းပါတယ်။ သားဦးကိုယ်ဝန်၊ နေ့စေ့လစေ့ပါ။ Synto
(သားအိမ်ညှစ်ဆေး) တင်ထားပေးရမလား။ ဆရာပြန်လာရင် အတော်လောက်နေမှာပါ။´
´ခေါင်းထွက်ခါနီးရင် ကျွန်တော့်ဆီဖုန်းဆက်လိုက်။ ခင်ဗျားမဆက်နဲ့။
စစ္စတာအော်ပီကျယ်ကို ဆက်ခိုင်း။ အကျယ်ကြီးအော်ပြောခိုင်း။ ကျွန်တော်
စပီကာဖွင့်ထားမယ်။ ကလေးထွက်ထွက် မထွက်ထွက်၊ နောက်တစ်နာရီလောက်ဆိုဆက်လိုက်။ ဆရာရေ
ကလေးထွက်နေပြီ။ အခုချက်ခြင်းပြန်လာပါလို့ နှစ်ခါ သုံးခါအော်လိုက်။´
`ပေါက်ပြီဆရာ။ ပေါက်ပြီ။ ခါတိုင်းလည်း ဒိလိုပဲ လုပ်နေကျ။ ဒီတစ်ခါ
ဘာအစည်းအဝေးတုန်း။´
`ဟ .. ထုံးစံအတိုင်း မအေးဖွံ့ မြင့်မြင့်စန်း လမ်း၃၀ လေ။ မအေးဖွံ့ရုံးက
အစည်းအဝေး။´
`ဘယ်သူတုန်းဆရာရဲ့ မအေးဖွံ့။ ကျွန်မလည်း မကြားဖူးပါဘူး။´
´ထူလှချည်လား။ စမ္ပာနဂိုရ်မြို့နယ်…´
`သိပြီ။ သိပြီ။ အောင်မယ် .. အဲဒါ ကျွန်မက ထူတာမဟုတ်ဘူးဆရာရဲ့။ ဆရာကသာ ထူတာ။
အဲဒီအဖွဲ့အစည်းကြီးက ရှိမှ မရှိတော့တာပဲ။ ဖျက်သိမ်းလိုက်ပြီကော။ ဆရာ အများကြီး
ခေတ်နောက်ကျနေပြီ။´
`ရော်.. နံမယ်နဲ့ လေသံတွေသာ ပြောင်းသွားတာပါဗျာ။ အကုန်လုံး အရင်လူတွေချည့်ပဲ။
ဘာထူးလို့လဲ။ အရာကြီး နဲ့ ကုလားကြီး။´
`ခေတ်မီချင်လို့ ဒေစီစံတုတ်၊ မာဂရက်ဂွက်ထော် မှည့်ထားတာ။ ချက်စူတို့ ဗိုက်ပူတို့
ငယ်နံမယ်တွေ သွားခေါ်ရင် စိတ်ဆိုးမှာပေါ့ ဆရာရဲ့။ တို့ဆရာတော့ တောစော်နံနေပြီ။´
`တော်ပြီဗျာ။ ခင်ဗျားနဲ့ ငြင်းနေရင် ဒီနေ့ ၀ဒ်ထဲ ရောင်းရမှာမဟုတ်ဘူး။
နောက်တစ်နာရီကြာရင်သာ ဖုန်းဆက်ဖို့ မမေ့နဲ့။ ဒါပဲ ဒါပဲ။´
`ဖုန်းဆက်လိုက်ရမလား။ ဖုန်းဆက်လိုက်ရမလား´ ဟူသော ဆရာမကြီး အသံကို
မသိချင်ယောင်ဆောင်လျက် သုတ်သုတ်သုတ်သုတ်နှင့် လုပ်စရာရှိသမျှတို့ကို
ကုပ်ကုပ်ကုပ်ကုပ် လုပ်ပြီးသကာလ ဆိုင်ကယ်အစုတ်ကလေး ဘုတ်ဘုတ်ဘုတ်ဘုတ်နှင့်
ထွက်လာသောအခါ ဆေးရုံကြီးမှာလည်း အရင်အတိုင်း လှုပ်လှုပ်လှုပ်လှုပ်ကျန်ခဲ့မည်ကို
လှည့်မကြည့်ပဲ သိနေလေသည်။
================
လူစုံနှင့်သော အစည်းအဝေးခန်းထဲသို့ အတန်းနောက်ကျသော ကျောင်းသားလေးပမာ
နောက်နားက၀င်ထိုင်လိုက်သောအခါ မြင်ဖြစ်အောင်မြင်တတ်သော ဆရာများအတိုင်း..
`ဆရာဝန်ကြီး ရောက်ပြီ။ ဒီနေ့ အစည်းအဝေးက ခင်ဗျားနဲ့ အဓိကဆွေးနွေးရမှာ။
ဆေးရုံကိစ္စတွေ ပြောစရာရှိတယ်။´
(ဘယ်နေ့က အစည်းအဝေးတုန်းကရော ကိုယ်မပါပဲ နေခဲ့ပါလိမ့် ) ဟု တွေးရင်း..
`ဟုတ်ကဲ့… ´
(ဘာပြောပြော အဲဒါနဲ့စရတယ်။ မှတ်ထား)
´အရင်တစ်ပါတ်တုန်းက တောင်းထားတဲ့ စာရွက်စာတမ်းတွေ အကုန်ပို့လိုက်ပြီးပါပြီ။´
`ဟုတ်တယ်။ အဲဒါတွေပဲ ပြောမလို့။ ကျွန်တော်တို့ စမ္ပာနဂိုရ်မြို့ကလေးကနေ
ဂန္ဓာလရာဇ်တိုင်းအထိရောက်အောင် ပိုက်လိုင်းကြီးသွယ်ဖို့၊ ရထားလမ်းကြိးဖောက်ဖို့
ဗာရာဏသီပြည်က ကျွမ်းကျင်သူတွေနဲ့ စာချုပ်ချုပ်တဲ့အခါ သူတို့ ကုမ္ပဏီတွေကနေ
ဒေသဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒေသခံတွေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဖွတ်ကလိဒင်္ဂါး
သန်းတစ်ထောင်တိတိ လှူပါမယ်တဲ့။ ခင်ဗျားတို့ ဆေးရုံကနေ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ
စာရင်းပြုစုပြီး တင်ခိုင်းထားတာ အရင်တစ်ပါတ်တုန်းက ခင်ဗျားတင်တဲ့ စာရင်းထဲမှာ တန်ဖိုးသင့်ငွေတွေ
မပါဘူး။ လိုတဲ့ပစ္စည်း အရေအတွက်နဲ့ တန်ရာတန်ဖိုးကို အကြမ်းဖြင်းသိရမှ
ကျွန်တော်တို့ဘက်က သူတို့လှူမယ့် သန်းတစ်ထောင်နဲ့ ကွက်တိဖြစ်အောင်
လိုတိုးပိုလျှော့ လုပ်လို့ရမှာပေါ့။ ခင်ဗျားတင်တဲ့ လျှောက်လွှာစာရွက်ကလေး
နှစ်ရွက်နဲ့ သန်းတစ်ထောင်ဖိုးမပြည့်ရင် အလကားနေရင်း ကျွန်တော်တို့
နစ်နာနေပါ့မယ်ဗျာ။´
(ဗုဒ္ဓော..။ ကိုယ့်ခေါင်းထဲက သိသမျှတော့ အဲဒါအကုန်ပဲလေ။ တန်ရာတန်ဖိုးဆိုတာက
ပါရာစီတမောလောက်၊ ဆောမျုလောက်ပဲ ကိုယ်ကသိတာ။ မမြင်ဖူး မသုံးဖူးတဲ့ စက်ပစ္စည်း
ကိရိယာတွေရဲ့ဈေးနှုန်းကိုသိချင် ဒေင်ဆရာဆီသွားမေးရမယ် ထင်ပါရဲ့။ နေပါစေလေ။
ဟန်ကိုယ့်ဖို့တဲ့။ ဒီလိုပဲ ဆက်ရွှီးရတာပ။)
`အဲဒီကိစ္စကတော့ ဆေးကုမ္ပဏီတွေဆီမှာ အက်စတီမိတ်တင်ခိုင်းလိုက်ပါ့မယ်။
ကျွန်တော့်အနေနဲ့ အတိအကျ ခန့်မှန်းပေးဖို့ ခက်ပါတယ်။´
`ခင်ဗျားကလည်း ကိုယ်သုံးမယ့် ပစ္စည်းမှ ကိုယ်တန်ဖိုးမသိဘူးဆိုရင် အလကားပေးမယ့်သူတွေ
အားနာစရာကြီးဗျာ။ ခင်ဗျားဟာခင်ဗျား စုံစမ်းပြီး ပြန်တင်။ သန်းတစ်ထောင်မပြည့်သေးရင်
တခြားဟာတွေ စဉ်းစားပြီးတင်။ ဆင်ဖြူတော် ပြုတ်စားချင်တောင် အိုးရှိမှ ဖြစ်တာဗျ။´
(ခံလိုက်ဟ ။ ခံလိုက်ဟ။ ဒါပါနဲ့ဆို တင်တင်နေတာ လေးငါးခါမကတော့ဘူး။ စာရွက်ဖိုးတင်
မနည်းရှိနေပြီ။ ပြီးကျ ဘာမှလည်း မဟုတ်ပဲနဲ့။)
`ဟိုလေ…။ အဲဒီသန်းတစ်ထောင်လှူမယ့် အလှူရှင်ကြီးတွေဆီမှာ စက္ကူနဲ့
စာရေးကိရိယာစားရိတ် ကြိုတင်အသုံးငွေကလေးများ ထုတ်လို့ရမလားမသိဘူးနော်။´
`ဆရာရယ်။ ငါးထောင်တန်ပေးမယ့်သူကို တံဆိပ်ေါင်းဖိုး ပြားငါးဆယ် အမ်းစရာမရှိလို့
ငြင်းလွှတ်ရမယ့်ပုံပေါက်နေပြီ။ မနောက်ပါနဲ့ဗျာ။´
(တိန်..။ ခံရပြန်ပြီဟ။ အထွန့်တောင် မတက်ရဲတော့ဘူး။ စကားလမ်းကြောင်း
ပြောင်းသွားအောင် တေတေဂနိတ်သိုင်းကွက်ကြီး ထုတ်သုံးလိုက်မယ်။ လာလေ့..။)
=============
`…………. ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးမှာ လမ်းပန်းဆက်သွယ်ရေးတွေ
ချောမွေ့လာလို့ ဒေသထွက်ကုန်တွေကို
ပြည်ပဈေးကွက်အထိအရောက်တင်ပို့ရောင်းချနိုင်လာတဲ့အခါ စီးပွားရေးအခွင့်အလမ်းသစ်တွေ
အဆက်မပြတ် ထွက်ပေါ်လာပြီဖြစ်လို့ ကျွန်တော်တို့ဒေသ အနေနဲ့လည်း ထွက်ကုန်
ထုတ်ကုန်သယံဇာတတွေ တိုးတက်လာအောင်…..´
(တချက်လောက် အိပ်ငိုက်လိုက်တာ အိပ်မက်တွေ ဘာတွေတောင်မက်တယ်။ ထူးပါဘူး။
အပြင်မှာလည်း အိပ်မက်မက်ကောင်းတုန်း။ မီရာရထားနဲ့ အမြန်လိုက်မှ။ ဘာတဲ့
ဒေသထွက်ကုန်တဲ့။ ငရို့ဆီ ဘာတွေများ ပေါပါလိမ့်။ လုပ်စမ်းပါဦး။ သိပြီ။ သိပြိ။)
`ဥက္ကဌကြီးခင်ဗျား။ ကျွန်တော်တို့ဒေသမျာ အလျှံပယ်ထွက်တဲ့ ဒေသထွက်ကုန်တွေ
အများကြိးရှိတယ်လို့ ကြားဖူးပါတယ်။ ဥပမာ ရေထွက်ပစ္စည်းထဲကဆို ရေတက်ငါးဇင်ရိုင်းတွေ
တယ်ပေါဆိုပဲ။ ဇွဲသီချင်းထဲမှာတောင် ပါသေး။ ပြီးတော့ ထီးတင်ထားတဲ့ တောင်ပို့ကြီးထဲက
ဖွတ်တွေကလည်း အကောင်အကြီးကြီးနဲ့ ပေါမှပေါတဲ့။ အဲဒါတွေ ဂန္ဓာလရာဇ်ပြည်ကို
ဂဏန်းကားနဲ့ အပြည့်တင်ရိုက်လို့ ရပါတယ်။´
ထိုအခါ ကိုယ့်လိုပဲ အိပ်ငိုက်နေသော မွေး/ရေကြီးနှင့် သစ်တောကြီးတို့မှာ
လှုပ်နှိုးလိုက်သလိုဖြစ်သွားပြိး..
`ဟုတ်..။ ကျွန်တော်တို့ ဌာနအကြီးအကဲဆီမှာ တင်ပြပြီး
ခွင့်ပြုမိန့်လျှောက်ထားနိုင်ပါတယ်။´
သို့သော် ငါးလုပ်ငန်းဦးစီးကြီးကတဖန်..
`ငါးဇင်ရိုင်းတွေ ရေခဲရိုက်ဖို့အတွက် ရေခဲစက် ရေသန့်စင်စက်တွေ လိုပါလိမ့်မယ်။
အဲဒီအတွက် .. မီး ….´
ဆက်မပြောရဲတော့ပဲ အသံတိမ်ဝင်သွားလေသည်။ မီးလင်းရေးကော်မီတီဥက္ကဌကမူ
မျက်ထောင့်နီကြီးနှင့် ကြည့်နေလေ၏။ နေနှင့်ဦး။ ညကျမှ ဒင်းတစ်အိမ်ထဲ
ကွက်မှောင်ချထားလိုက်မယ်ဟု တွေးနေဟန်ရှိ၏။ ခြင်းဝိုင်းကလေးစည်လာပြီမို့
အားပေးချင်စိတ်က မနေနိုင်ပြန်…
`ရေအားက စီမံကိန်းအင်ဂျင်နီယာကြီးကို တစ်ခုလောက် တင်ပြပါရစေ။ စီမံကိန်းမပြီးသေးခင်
ဒေသတွင်းမီးသုံးစွဲမှု ဖူလုံအောင် ကျွန်တော်တို့ဆီမှာ ပေါပေါများများ ရနိုင်တဲ့
ကောက်ရိုးမီးမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်လို့ ရနိုင် မရနိုင် သိပါရစေ။
ဟုန်းကနဲတောက်ပြီး ငြိမ်းသွားတယ်ဆိုပေမယ့် အထင်သေးလို့မရဘူးလေ။
လူသန်းခြောက်ဆယ်ရှိရင် အဟုန်းပေါင်း သန်းခြောက်ဆယ် တက်လာမှာ..။ LED
မီးသီးလေးလောက်တော့ ညလုံးပေါက်ထွန်းနိုင်လောက်တယ်။´
နဂိုကမှ ဘတ်ဂျက်မကျသဖြင့် အေသင်ချိုဆွေသီချင်းကို ကာရာအိုကေဆိုင်မှ အပိုင်ဝယ်ပြီး
အမုန်းဆွဲနေသူ စီ/အင်ကြီးက…
`ခင်ဗျားအိမ်မှာ ရှိတဲ့ လူဆယ်ယောက် တပြိုင်တည်း ဟုန်းနိုင်တဲ့အခါ ကျုပ်ဆီလာခဲ့။
ဒိုင်နမိုဆင်ပေးလိုက်မယ်။´ ဟု ဘုတောလေသည်။
ထိုအခါ ဈေးကွက်ဂျာနယ်၊ ကြိးပွားရေးမဂ္ဂဇင်းတို့ကို အရည်ကျိုသောက်ထားသူ ဥက္ကဌကြီးမှ…
`အိုင်ဆေး။ ဒါက ဒီလိုရှိတယ်ဗျ။ ဒေသထွက်ကုန်ဆိုတဲ့နေရာမှာ ပုန်းပေါလအော
ထွက်တိုင်းလည်း အကျိုးအမြတ်က များချင်မှများတာ။ အဓိက ကတော့ဗျာ။
ကိုယ့်ထွက်ကုန်ပစ္စည်းကို တန်ဖိုးမြင့်သထက်မြင့်အောင် စီးပွားရေးဗျူဟာတစ်ခုခုနဲ့
စွမ်းဆောင်နိုင်မှ စိးပွားဖြစ်မှာဗျ။ မားကက်တင်းပေါ့ဗျာ။ မားကက်တင်း..။´
ထို့နောက် ပြောင်ရှင်း မင်းပိုင်သကွာဟူသော အပြုံးမျိုးဖြင့် သူ့စကားကို
ထောက်ခံမည့်သူ စောင့်နေလေသည်။
(ကြာရိုးကို ဒါမျိုး လာချိုးလို့ကတော့ ဒီက လွှတ်အသည်းယားပါသလေ။ ဘာရမလဲ။ လာမစနဲ့။
ဒါန။ ကြည့်ထားလိုက်။)
`မှန်လိုက်တာ ဥက္ကဌရယ်။ အမြှော်အမြင် ရှိလိုက်လေ။ တကယ့်လက်တွေ့မှာ ကျွန်တော်တို့
စမ္ပာနဂိုရ်သားတွေလောက် ကုန်ပစ္စည်းတစ်ခုကို ဈေးမကောင်းကောင်းအောင်
တင်ရိုက်တတ်တဲ့သူ ကမ္ဘာမှာ မပေါ်သေးဘူး။ ထွက်ကုန်အရောင်းအ၀ယ် စီမံခန့်ခွဲမှုကို
နိုင်ငံတော်က စံနစ်တကျ စီမံခန့်ခွဲလိုက်ရင် တရုတ်ကြီးတွေ ဂျပန်ကြီးတွေတောင် နောက်ကောက်ကျပြီး
ငိုင်ဆင်းသွားရတာ။ သူတို့ခမျာ ဖုန်းတွေ ကားတွေကို ထုတ်ရုံသာ ထုတ်တတ်တာ။
ကျုပ်တို့လို ဈေးကောင်းရအောင်မှ မရောင်းတတ်ပဲနဲ့။ သူတို့ကားတစ်စီးလုံးတန်ဖိုးက
ဒီကလူကြီးလက်ရေးနဲ့ စာရွက်ကလေး တစ်ရွက်လောက်တောင် ဈေးမရှိဘူး။ မယုံရင်
ဆူဇူကီးကုမ္ပဏီပိုင်ရှင်ကြီးကို စမ္ပာနဂိုရ်မှာ သူထုတ်ထားတဲ့ကား
သူပြန်ဝယ်စီးခိုင်းလိုက်။ မျက်ဖြူဆိုက်မသွားတော့ ပြောချင်တိုင်းပြော။´
ထိုအခါ စီးပွား/ကူးသန်းကြီးက အားတက်လာပြီး..
`အဲဒီဗျူဟာအတိုင်းကစားရမှာဖြင့် ကျွန်တော်တို့ဆီမှာလည်း တနိုင်တပိုင် ထင်းပါမစ်၊
မှိုပါမစ်၊ မျှစ်ပါမစ်တွေ လျှောက်ခိုင်းရ မကောင်းဘူးလား။ သစ်တောကြီးက ဘယ်လို
သဘောရသလဲ။´
`အထက်ကို တင်ပြပြိး ကန့်ကွက်ရန်မရှိက အကြောင်းပြန်ပါ့မယ်။ သစ်ပါမစ်
မဟုတ်ဘူးဆိုတော့ ဖြစ်နိုင်လောက်ပါရဲ့။´
ဥက္ကဌကြီးမှ စကားလမ်းကြောင်းကို ပြန်လည်တည့်မတ်ရန် အချိန်ကျပြီဟု ယူဆကာ..
`ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုပြီးရင် ဆက်လက်ဆွေးနွေးရမယ့် အကြောင်းအရာကတော့
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပဲ ဖြစ်ပါတယ်။´
ထိုအခါ ပညာရေးမှူးကြီးမှ
´ဒီနေရာမှာ ဆင်းရဲနွမ်းပါးမှုဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြမလဲဗျာ။
ကျွန်တော်တို့ဒေသရဲ့စံကို သူများတွေဆီ လိုက်တိုင်းလို့မရသလို သူများတိုင်းပြည်က
စံတွေကိုလည်း ကျွန်တော်တို့ဆီမှာ လာတိုင်းလို့ ဘယ်ရပါ့မလဲ။´
`ဟုတ်တာပေါ့ဗျာ။ ကျွန်တော်တို့အဘဆိုရင် ပါဂျဲရိုးကလေးတစ်စီးမှ မစီးနိုင်အောင်
ဆင်းရဲရသလားဆိုပြီး စိတ်ဓါတ်တွေ ကျနေတာ။´ ဟာ စည်ပင်ကြီးမှ ၀င်ထောက်ခံလေသည်။
`ဒါကတော့ဗျာ။ တစ်နေ့ထမင်းသုံးနပ်မှန်အောင်စားနိုင်ပြီး ပုဆိုး၊ ထမီ၊ ဘိနပ်
စုံအောင် ၀တ်နိုင်ရင် ဘယ်ဆင်းရဲတယ် ပြောလို့ ဖြစ်မှာတုန်း။ ထမင်းတနပ် တစ်ထောင်နဲ့
တွက်ဦး။ စားစားရိတ်ချည့်ပဲ တနေ့ သုံးလေးဒေါ်လာ ၀င်ငွေရှိလို့ပေါ့။ ဒါဆို ဆင်းရဲတယ်လို့
မခေါ်နိုင်တော့ဘူးလေ။´ ရာဖြတ်ကြီးမှ အကဲဖြတ်၏။
`ဒီလိုလုပ်ရအောင်ဗျာ။ စစ်တမ်းကောက်မှ ကိန်းဂဏန်းအတိအကျနဲ့ ထွက်လာမှာပေါ့။
လ၀ကကြီးနဲ့ ရာအိမ်မှူးကြီးက တနေ့သုံးခါ တစ်အိမ်တက်ဆင်း ထမင်းစားပြီးပြီလား။
ဘာဟင်းနဲ့ စားလဲ။ စာရင်းပြုစုလိုက်။ ၃ကြီမ်ပြည့်တဲ့သူကို ဆင်းရဲသားစာရင်းကထုတ်၊
နှစ်ကြိမ်ဆို အနည်းငယ်ဆင်းရဲ။ တစ်ကြိမ်တည်းစားရင် အလွန့်အလွန်ဆင်းရဲ။
ဥပုသ်သည်တွေတော့ မပါကြေးနော်။´
ထို့နောက် ပြောင်ရှင်း မင်းပိုင်သကွာ ဟူသော အပြုံးမျိုးဖြင့် သူ့စကားကို
ထောက်ခံမည့်သူ စောင့်နေလေသည်။ သို့သော် သာ-ထွန်း-ပြန့်ကြီးက သူ့ဘက်ကိုတော့
လုံအောင် ကာရပြန်လေသည်။
`ဘုန်းကြီးကျောင်းတွေကိုလည်း ထည့်မကောက်ကြေးဗျာ။ သူတို့က ညစာဘုဉ်းပေးတာမှ
မဟုတ်ပဲနဲ့။´
လူ-ကယ်-ပံ့ကြီးကလည်း မနေသာတော့ပါ။
`ကျောင်းအောက်မှာ ကပ်ရပ်တောင်းစားနေရတဲ့ အသည် ကယ်ပါတွေကတော့ ဘယ်နည်းနဲ့မှ လွတ်မှာ
မဟုတ်ဘူးဗျ။ လူကြီးလာမယ်ဆိုရင်တော့ ဖွက်ထားလိုက်မယ်လေ။´
ကယ်တင်ရှင်ကတော့ စည်ပင်ကြီးပဲ ဖြစ်ပါသည်။
`လွယ်ပါတယ်ဗျာ။ သူတို့ကို လိုင်စင်ဓါတ်ပုံရိုက်၊ ကဒ်ပြားကလေးတစ်ခုစီလုပ်ပေးထား။
လည်ပင်းမှာ အလှူခံလုပ်သားများကောင်စီအသင်းဝင်လို့ ဆွဲပေးထားလိုက်။ အရပ်ထဲကလူတွေ
ကယ်ပါ၊ သူတောင်းစား ခေါ်ရင် ဒဏ်ရိုက်လိုက်။ ဒါဆို သူတောင်းစားတို့ အလုပ်လက်မဲ့တို့
ဘယ်ရှိတော့မလဲ။ သူတို့လည်း သူတို့လုပ်အားနဲ့ တောင်းရမ်းရှာဖွေစားသောက်ရတာ။
နေ့စဉ်ဝင်ငွေရှိတယ်။´
`ကောင်းလိုက်တဲ့ အိုင်ဒီယာဗျာ။ ဒါဆိုရင် သူတောင်းစားကင်းစင် စမ္ပာတခွင် ဆိုပြီး
ဆိုင်းဘုတ်တစ်ခု၊ စမ္ပာနဂိုရ်တပြည်လုံး ဆင်းရဲနွမ်းပါးမှု လုံးဝ ပပျောက်ရမည်ဆိုပြီး
ဆိုင်းဘုတ်တစ်ခု ရေးပြိးထောင်လို့ရပြီ။´
ထို့နောက် ပြောင်ရှင်း မင်းပိုင်သကွာ ဟူသော အပြုံးမျိုးဖြင့်…
`
`နောက်တစ်ခုက ဒီနေ့ကမ္ဘာမှာ ဆက်သွယ်ရေးနဲ့ နည်းပညာတွေ ထွန်းကားပြီး အရှိန်အဟုန်နဲ့
လျှင်မြန်စွာ ပြောင်းလဲနေတဲ့ အိုင်တီခေတ်ကြီးကို ရောက်နေပြီဗျ။ ကျုပ်တို့
စမ္ပာနဂိုရ်မှာလည်း မျက်ခြေမပြတ်အောင် အမီလိုက်ဖို့ လိုတယ်။´
(ရော်.. ခက်တော့နေပါပြီ။ ခရမ်းချဉ်မီးသီးမလင်းတဲ့ အရပ်မှာ အိုင်ပေါ့နာနို
လာရောင်းနေပါပေါ့။ တစ်ရက်ခြားလာတဲ့မီးကလေးနဲ့ မိုးလေ၀သတောင် မှန်မှန်မကြည့်နိုင်။
အိုင်တီခေတ်ကြီးကို အမီလိုက်ရမယ်လား။ ရရမှာပေါ့.)
`ဟုတ်ကဲ့..။ ဥက္ကဌရုံးမှာ အိုင်ပီစတား တစ်လုံးလောက် တပ်လိုက်ပါလားဗျာ။ မိတာ မမိတာ
အပထား။ ဘာရယ်ဟုတ်ဘူးလေ။ လူရှိန်တာပေါ့။´
0 comments:
Post a Comment