ကြက်သွန်နီ ကို ခွဲခြမ်း စိတ်ဖြာခြင်း
by Zay Ya on Saturday, December 10, 2011 at 2:59pm
What’s Philosophy?
ကျနော် တစ်ခါက အဲ့လိုအမေးခံရတော့ - ကိုယ့်အမြင် ကိုယ့်အတွေးနဲ့ ကိုယ် ပြန်ဖြေခဲ့လိုက်တယ်။
ဒဿနိကဗေဒ ဆိုတာ မေးခွန်းမှားတွေ မေးမြန်း နေတတ်တဲ့ ပညာရပ်တစ်ခုပါ။ ဥပမာ - ဝမ်းတွင်းကန်း တစ်ယောက်က အလင်းဆိုတာ ဘာလဲ မေးသလိုမျိုး၊ ဝမ်းတွင်းမှာတင် နားပင်းခဲ့ရသူ တစ်ဦးက ဂီတဆိုတာ ဘာလဲ-အသံဆိုတာ ဘာလဲ မေးသလိုမျိုး။ အဲ့ဒါဟာ ဒဿနိက ဖြစ်ပါတယ်။
အဲ့ဒီ မျက်ကန်း ကပဲ မေးခွန်းတစ်ခု မေးမယ်။ - ကျနော်မျက်လုံး ပြန်မြင်အောင် ဘယ်လိုလုပ်လို့ရမလဲ - ဒီလိုမေးပြီ ဆိုရင်တော့ ဒါဟာ ဒဿနိက မဟုတ်တော့ဘူး။ ဘာသာရေး ထဲ စပြီး ရောက်လာပြီ။ နားကန်းနေတဲ့ သူက ဆရာဝန်ဆီ သွားပြီး သူ့နား ပြန်ကောင်းအောင် လုပ်တော့မယ် ဆိုပါတော့။ ဒါဆို သူဟာ ဒဿနိက ထက် ဘာသာရေး ဘက်ကို ဦးတည်ဝင်လာပြီ လို့ ကျနော် ပြောချင်ပါတယ်။ ( ဒီနေရာမှာ ဘာသာရေး - ဆိုတာတောင် ကျနော် မသုံးချင်ပါဘူး။ ထားတော့ )
ဆိုလိုတာက -
ဒဿနိကဗေဒ ဟာ ခန့်မှန်း အလုပ်တွေပဲ လုပ်တယ်။ သူ့ဆီမှာ မှန်းဆချက်တွေ ရှိပါတယ်။ ဒါပေမယ့် သိမြင်မှုတော့ ဘာမှ မရှိဘူး။ ဒဿနိက ထဲမှာ ရှိနေမယ့်သူ တစ်ယောက် က စကားလုံး Form, linguistics, logic,reason တွေကို အသုံးပြုပြီး အမှန် ( Truth ) ကို သီဝရီ ဖန်တီး တည်ဆောက်ယူဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် ပြန်မေးရမယ် - Truth ကို အဲ့သလို ဖန်တီး ယူလို့ ရပါသလား။ မရနိုင်ဘူးလို့ ကျနော် မြင်ပါတယ်။ အမှန်သဘော ( Truth ) ဟာ ရှာဖွေ တွေ့ရှိတာပဲ ဖြစ်နိုင်တယ်။ ( ဖြစ်တယ် ) ။ သူက ရှိနေပြီးသားပါ - ကျနော်တို့မှာ လိုအပ်ကောင်း လိုအပ်နေတာက မျက်လုံးတွေ ပွင့်ဖို့။ အဲ့ဒီ အမှန်ကို မြင်ဖို့ ကြည့်နိုင်မယ့် မျက်လုံး ရှိနေဖို့ပဲ ။ အဲ့ဒီ အမှန် ဆိုတာ ကို ခံစားဖို့ နှလုံးသား ရှိရမယ်။ အဲ့ဒါနဲ့ အတူရှိနေမယ့် နေထိုင်မှုမျိုး ရှိရမယ်။
ဆိုလိုတာက အမှန် ( Truth ) ဟာ အခု ဒီနေရာ ( Present ) မှာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီနေရာကနေ ပျောက်နေတယ်။ ဒီနေရာကနေ ပျောက်နေတာ မို့လို့လည်း အမှန် ကို မမြင်မတွေ့ဘူးရယ်။ အဲ့အတွက် အမှန် ဆိုတာ ဘာလဲ - မေးခွန်းတွေ ဆက်တိုက် မေးတယ်။ မေးသမျှ မေးခွန်း တော်တော်များများက ဒီအကြောင်းတွေကြောင့်ပဲ လွဲမှား ထွက်သွားတယ်။ မှန်ကန်မယ့် မေးခွန်း ကတော့ ကျန်ရစ်ခဲ့တယ် - မေးခွန်းအမှန်က - “အခု ဘယ်လိုလဲ” “အခု - ဒီနေရာမှာ ဘာဖြစ်နေသလဲ” အဲ့ဒါလေးပါ။
ကျနော် တို့ အမှန်တရား “အကြောင်း” ကို မေးခွန်းဝါကျ တွေ ထုတ်ပြီး မေးလေ့ မေးထ ရှိကြပါတယ်။ အဲ့ဒီ နောက်ပိုင်း ဒီမေးခွန်းဟာ အမှန်တရား ကနေ အဝေးကိုသာ ခေါ်ဆောင် သွားတယ်။ ဒီမေးခွန်း အတွက် အဖြေ ရှိမယ် ထင်ပါသလား။ တိကျမှန်ကန်ပြီး သိမြင်သွားမယ့် အဖြေ စကားစု ရှိမယ် ထင်ပါသလား။ တကယ်စင်စစ်မှာ - အမှန်တရားဟာ ဘာလဲ လို့ ဖြေရှင်း မပြနိုင်ဘူးလို့ ဆိုချင်ပါတယ်။ အမှန်တရား ဆိုတာကို ပြောပြလို့လည်း မရပါဘူး။ ဆိုလိုတာက - အမှန်တရား အတွက် စကားလုံး မရှိဘူး။
လောက်ဇူရဲ့ စကား- “ပြောပြလို့ ရနိုင်တဲ့ ဓမ္မဟာ စစ်မှန်တဲ့ ဓမ္မတော့ မဟုတ်သေးဘူး” တဲ့။ ပြောပြပြီ ဆိုတာနဲ့ အမှန်တရား စင်စစ်က လွဲချော်နေဦးမယ်လို့ သူဆိုလိုတာ ဖြစ်မယ်။ သူဘာကြောင့် ဒီလို ပြောတာပါလဲ။ ဘယ် အကြောင်း ကြောင့်လဲ။
အကြောင်းက အမှန်တရား ( Truth ) ဟာ သတင်း အချက်အလက် တစ်ခု မဟုတ်လို့ပါ ။ ဖော်မြူလာ အဆိုပြုချက် တစ်ရပ် မဟုတ်လို့ပါပဲ။ ဒါကို သိမြင်တဲ့သူက ဘယ်လို စကားလုံး သွားပြောမလဲ။ ဘယ်လို ဝါကျ စီကုံးဖွဲ့နွဲ့နိုင်မလဲ။ ကျနော် နားလည်တဲ့ အမှန် ( Truth ) ရဲ့ ဂုဏ်ရည်က မိမိ အတွင်းသန္တာန် သိမြင်မှု ( Inner Experience ) ပါ။ လျာအရသာ တစ်ခုလိုပဲ။ အဲ့ဒီအရသာ မခံစားဖူးတဲ့ သူတစ်ယောက်ကို စကားလုံးတွေ ဘယ်လောက် ရှင်းပြရှင်းပြ သူမသိနိုင်ဘူး။ အရောင် တစ်ခုကို မမြင်ဖူးတဲ့သူ ကို ခင်ဗျားက ဘယ်လို ဘာ ဆိုတာ ရှင်းပြနေလဲ သူ မသိနိုင်ဘူး။ ခင်ဗျား အများကြီး ရှင်းပြမယ် - အလင်းလှိုင်းက ဘယ်လို၊ လှိုင်းအလျား ဘယ်လောက် ထွက်ရင် ဘာအရောင် ဆိုတာမျိုး။ သူလည်း စိတ်လိုလက်ရ လိုက်မှတ်သား နိုင်တယ်။ နောက်ဆုံး အလင်း ဆိုင်ရာ ရူပဗေဒ သီဝရီမှာ ကျွမ်းကျင် အဆင့် ရောက်သွားနိုင်တယ်။ ဒါပေမယ့် သူသိမှာက သီဝရီတွေ နဲ့ စကားလုံးတွေပဲ ။ အဲ့ဒါ ကိုတော့ သူကိုယ်တိုင်ကိုယ်ကျ မသိဘူး။
အတွေ့အကြုံကို ဖြတ်သန်းသွားပြီးမှ သိရှိနားလည်ရတဲ့ အရာတွေ တော်တော် များများ ရှိကြောင်း လက်ခံနိုင်မယ် ထင်ပါတယ်။ ကျနော် ဒီမှာ ဆိုချင်တာကလည်း အမှန် ( Truth ) ကို အတွေ့အကြုံဆီ ဖြတ်သန်းပြီးမှ သိရှိနိုင်တယ်။ အဲ့ဒီ အတွက် စကားလုံး ဝေါဟာရတွေကနေ အလွန်ဆုံး ချပေးနိုင်တဲ့ အရာတွေဟာ သဲလွန်စ ( Hints ) တွေချည်း သက်သက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ သဲလွန်စ တွေကို အမှန်တရား စင်စစ်ပဲ လို့ ယူဆရင် လွဲမှား သွားလိမ့်မယ်။ သဲလွန်စ ဆိုတာဟာ လိုချင်တဲ့ နေရာကို ရောက်ဖို့ လမ်းပြသက်သက်။ လိုအပ်တာက တကယ် လျောက်သွားနိုင်ဖို့။ တကယ် ရောက်သွားနိုင်ဖို့။ တကယ် လုပ်ဖို့ ပဲ ဖြစ်ပါတယ်။ ဒီလို တကယ် သိမြင်တဲ့ စိတ်နှလုံးမရှိဘဲ - သဲလွန်စတွေ ကိုသာ ခွဲခြမ်း စိတ်ဖြာနေရင် လွဲချော် နေလိမ့်ဦးမယ်။
ခင်ဗျား ရဲ့ အတွေးစဉ်ထဲမှာ ရှိတဲ့ ခွဲခြမ်း စိတ်ဖြာမှုဟာ နောက်ထပ် ခွဲခြမ်း စိတ်ဖြာဖို့ တွေကိုပဲ ဖန်တီးပေးတယ်။ ခင်ဗျား တကယ့် အသိ ဖြစ်သွားဖို့ မရှိဘူး။ ခင်ဗျား တကယ် မလျောက်သွား နိုင်ဘူး။ အတွေးထဲမှာတင် စကားလုံးတွေနဲ့ လည်ပတ် နေတဲ့အခါ၊ ဝါကျတွေချည်း ထိုးသီ နေတဲ့အခါ ခင်ဗျားတို့ ကျနော် တို့ မလျောက်သွားနိုင်ဘူး။ နေရာမှာတင် ရပ်နေတယ်။ အဲ့အတွက် ရှေ့ကို ဘယ်လိုမှ မရောက်နိုင်ကြ တော့ဘူးရယ်။
တစ်နည်း ပြောရင် - ကျနော်တို့ ခင်ဗျားတို့ ဥာဏ်မှာ အတွေးတွေချည်းသာ ပြည့်နှက် နေမယ် ဆိုရင် - ကျနော် တို့ ရလာမယ့် အဖြေဟာ အမှန်တရား ( Truth ) မဟုတ်ဘူး။ အခြား အတွေးတစ်ခုပဲ ရလာ လိမ့်မယ်။ အတွေးက အတွေးကိုပဲ ဖန်တီးတယ်။ အမြင်ကို မရောက် စေနိုင်ဘူး လို့ ဆိုလိုပါတယ်။
တကယ် စစ်မှန်တဲ့ ဘာသာရေး ( ကျနော် ခံယူတဲ့ ဘာသာရေး ) ဟာ အဲ့ဒီ အတွေးတွေ အားလုံးကို သုတ်သင် ပစ်နိုင်ရမယ်။ ရှင်းလင်း၊ ကြည်လင်နေတဲ့ သန္တာန်ကိုပဲ ပေးနိုင်ရမယ်။ တကယ့် အရှိကို အရှိအတိုင်း သိမြင်မှုကိုသာ ဆောင်ကျဉ်း နိုင်ရမယ်။ ကျနော့ ဘာသာရေးမှာ ယုံကြည်မှု မလိုဘူး။ အတွေးစဉ်တွေ မလိုအပ်ဘူး။ လက်ရှိ ဖြစ်သလား - ဖြစ်တဲ့အတိုင်း သိမယ် - လက်ရှိ ပျက်သလား - ပျက်တဲ့အတိုင်း သိမယ် အဲ့ဒီ ရိုးရှင်းတဲ့ အမြင်ပဲ လိုအပ်ပါတယ်။ ဆိုလိုတာက အခု ( Now ) နဲ့ ဒီနေရာ ( Here ) အပေါ် - ရှင်းလင်းထားတဲ့ အမြင် သက်သက်ပဲ။
ကျနော်တို့ ပုံမှန် တွေးနေကျ အတွေးတွေ၊ မေးခွန်းတွေကို - “အခု၊ ဒီနေရာ” တည့်တည့်နဲ့ စစ်ထုတ်ပြီး ခွာကြည့်ကြည့်ပါ။ ကြက်သွန်နီ တစ်လုံးကို တစ်လွှာချင်း ခွာချရသလိုပဲ။ တစ်လွှာပြီး တစ်လွှာကွာကျ သွားမယ်။ အနှစ်သားကို တွေ့နိုင်ဖို့ ထပ်ခွာရင်း ခွာရင်း - - နောက်ဆုံး ကိုယ့်လက်ထဲမှာ ဗလာချည်းသာ ကျန်ရစ်ခဲ့တော့တယ်။
.....................
အခုတလော စာရေးရမှာ ပျင်းနေလို့
တပိုင်းတစတွေနဲ့ပဲ ထားခဲ့တယ် - မပြည့်စုံရင် ဆောရီး
.....................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
0 comments:
Post a Comment