Sunday, December 4, 2011

ရေသာများ၍ ငါးမတွေ့

by Zay Ya on Monday, December 5, 2011 at 6:08am

ငါးသည် ရေတွင်မွေး၍
အကြင်သူ သည် Tao တွင် မွေးဖွားသည် ။

ရေတွင် မွေးသော ငါးသည် ရေ၏ နက်ရာသို့ တိုးဝင်၍
အလိုဖြည့်သကဲ့သို့
Tao တွင် မွေးဖွားသော အကြင်သူ သည်
ဥပါဒါန်၊ လိုအင်ဆန္ဒတို့ ကင်းချုပ်စေ၍
အသင်္ခါရ အပြုအမူကို နက်နဲစေခြင်း အားဖြင့်သာ
ဘဝ၏ ဘေးကင်းရာသို့ လျိုးဝင်သည်။

Chaung Tzu

Osho: When The Shoe fits

ကျနော်တို့ ဘဝတွေမှာ လိုအပ်ချက်တွေ
( Needs ) ရှိပါတယ်။ အဲ့ဒီ လိုအပ်ချက်တွေကို ပြည့်စုံအောင် ဖြည့်စွမ်းကောင်း ဖြည့်စွမ်းနိုင် ပါလိမ့်မယ်။ ဒါပေမယ့် လိုအင်ဆန္ဒ၊ လိုဘ ( Desire ) ကိုတော့ ပြည့်စုံအောင် ဘယ်တော့မှ မဖြည့်စွမ်း ပေးနိုင်ဘူး။


လိုအပ်ချက် ဆိုတာက ရိုးစင်းပါတယ်။ သဘာဝ ကပဲ လာပါတယ်။ လိုအင်ဆန္ဒ ဆိုတာ ကတော့ ရှုပ်ထွေးသွားတယ်။ ဆိုလိုတာက - သူက သဘာဝ မဟုတ်ဘူး။ ကျနော်တို့ ရဲ့ စိတ်အကြံ၊ အစွဲတွေ ပဲ ဖြစ်ပါတယ်။ သူက အနာဂတ် ဆိုတာ အတွက်ပဲ အမြဲ ရှိတယ်။ ရှင်သန်နေမှု ဘဝ ဖြစ်တည်ချက် က ဖန်တီးတာ မဟုတ်ဘူး။ စိတ်၊ အကြံအတွေး တွေက ပုံရိပ်ထိုး လှုံ့ဆော် ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ဆန္ဒ ဟာ  အဲ့သလို စိတ်ကူး ပုံရိပ်နဲ့ လှုံ့ဆော်ထားတဲ့ အရာတစ်မျိုး သက်သက်က လွဲရင် သူတို့ဟာ တကယ့် လိုအပ်ချက်တွေ မဟုတ်ကြဘူး လို့ ကျနော် ဆိုချင်တယ်။

ဒါကို ခင်ဗျား ပိုပြီး နားလည်လာနိုင်မယ် ဆိုရင် - ခင်ဗျား ဘဝ ရှင်သန်မှုမှာ ပိုပြီး အေးချမ်းလာနိုင် လိမ့်မယ်။ ဒါဆို လိုအင်ဆန္ဒ ဆိုတာ ဘာလဲ။ စေ့စေ့ငှငှ မေးပြီ ဆိုပါတော့။  အနာဂတ်ကို မျှော်ခေါ်နေတဲ့ စိတ်အဟုန် တစ်ခု လို့ ကျနော် ဆိုရပါမယ်။ လိုအပ်ချက် ( Needs ) နဲ့ လိုအင် ဆန္ဒ ( Desires ) က မတူဘူး။ လိုအပ်ချက် ဆိုတာ အခု ဒီ “ခဏ” နဲ့ သက်ဆိုင်တယ်။ ခင်ဗျား အခု ဆာလာရင် - အခု အစာ စားချင်တယ်။ အစာ ဖြည့်ပေးမယ်။ ဖြည့်လိုက်တယ်။ ဒါ ထွေထွေထူးထူး ပြဿနာ မရှိလောက်ဘူး မဟုတ်လား။ ခင်ဗျား အခု၊ ဒီနေရာမှာတင် ရေဆာတယ်၊ အဲ့အတွက် ရေရှာတယ်။ သောက်လိုက်တယ်။ ဒါဟာ ခင်ဗျားရဲ့ ရှင်သန်နေမှုမှာ ၊ ဘဝမှာ ရှိတဲ့ လိုအပ်ချက် ရိုးရိုးလေးပါ။ ဒါပေမယ့် လိုအင်ဆန္ဒ ကတော့ အဲ့လို မဟုတ်ဘူး။ ခင်ဗျားမှာ စားစရာ မရှိမှာ စိတ်ပူတယ်။ သောက်စရာ မရှိမှာ စိတ်ပူတယ်။ ဒါပေတဲ့ ဒါလေးက ရိုးသေးတယ်။ စားစရာ သောက်စရာ ရလာပြန်ရင် ခင်ဗျား လိုဘ ( Desire ) က ထပ်တွေးတယ်။ ငါနေထိုင်မကောင်း၊ မကျန်းမမာ ဖြစ်ရင် သုံးဖို့ စွဲဖို့ ရှာရဦးမယ်။ - အဲ့ဒီနောက်တော့ ခင်ဗျား သန္တာန်မှာ လိုဘ ဆန္ဒ ( Desires ) တွေ တစ်စစ များပြားလာတယ်။

ဆိုပါစို့ရယ် ခင်ဗျား နိုင်ငံတော် သမ္မတကြီး ဖြစ်ချင်တယ်။ အဲ့ဒါ လိုအပ်ချက် မဟုတ်တော့ဘူး - ခင်ဗျား ရဲ့ ရည်ရွယ်ချက်၊ စိတ်ကူး ဆိုတာကြီး သက်သက်။ ခင်ဗျား အနာဂတ်ကို ပုံဖော်ချင်တဲ့ ခင်ဗျားရဲ့ အတ္တ သက်သက်။ ဒါမှ မဟုတ်ဘဲ ခင်ဗျားက ကောင်းကင်ဘုံ ရောက်ချင်တယ်။ ဒါလည်း ခင်ဗျား အနာဂတ်ကို မျှော်ကြည့်နေတဲ့ အရာ တစ်ခုပဲ။ - ဒါမှ မဟုတ် ခင်ဗျား ဘုရား ဖြစ်ချင်တယ် - ဒါလည်း ခင်ဗျားရဲ့ အနာဂတ် မျှော်တွေးနေမှုပဲ ဖြစ်ပါတယ ။

ဒါကြောင့် ပြောလိုတာက - လိုအပ်ချက် ဆိုတာ ဒီအချိန်- ဒီနေရာမှာသာ ရှိပြီး ဖြစ်တည်မှုမျှ လေးအပေါ် မှီခိုတယ်။ လိုဘ ဆန္ဒ တွေ ဆိုတာ ကတော့ ဒီအချိန်-ဒီနေရာမှာ ဘယ်တော့မှ မရှိဘူး။ သူတို့က မရှိတဲ့ နေရာ- မရှိတဲ့ အချိန်ကို အမြဲတမ်း ရောက်နေတယ်။ တနည်းပြောရင် - လိုဘ ဆန္ဒ တွေ ဆိုတာ “အဖြစ်မရှိတဲ့ အရာတွေ” လို့ ဆိုလိုပါတယ်။ သူတို့က ခင်ဗျားရဲ့ စိတ်ပိုင်း အတွေး၊ ခံစားချက် အနေနဲ့ပဲ ခင်ဗျား သန္တာန်မှာ ဖြစ်နေတယ် ။ အနာဂတ်ကို စိတ်ကူး အမြဲရှိနေတဲ့ အတွက် - ခင်ဗျားလည်း သူတို့ကို ဖြည့်စွမ်းပေးလို့ မရတော့ဘူးရယ်။

ဘာနဲ့ တူလဲ ဆိုရင် ခင်ဗျား အခုမြင်နေရတဲ့ မိုးကုပ်စက်ဝိုင်းကြီး လိုပဲ။ မိုးကုပ်စက်ဝိုင်း ဆိုတာ ကြည့်လိုက်ရင်သာ ကောင်းကင်နဲ့ မြေကြီး ထိစပ်နေတဲ့ တစ်နေရာရာ ဖြစ်နေသလိုလို မျှော်လင့်နိုင်တယ်။ ထင်နိုင်တယ်။ ဒါပေမယ့် တကယ်တမ်းက အဲ့ဒါ “အထင်” ပဲ ရှိပါတယ်။ ခင်ဗျား အဲ့ဒီကို လျောက်သွား လိုက်ပါ။ ခင်ဗျား အမြဲတမ်း ဆက်လျောက် နေရလိမ့်မယ်။ ခင်ဗျား ဆက်လျောက် သွားတိုင်း ခင်ဗျားရဲ့ ရှေ့ နကို အကွာအဝေး အတူတူလောက်မှာ သူက အမြဲ ရှိနေတယ်။ ခင်ဗျား ရောက်ချင်နေတဲ့ ကောင်းကင်နဲ့ မြေကြီး ထိစပ်နေရာ အဲ့ဒီ နေရာကို ဘယ်လိုမှ မရောက်ဘူး။ ခင်ဗျား ဆက်လျောက်သွားတိုင်း - ခင်ဗျား အခု မြင်ရတဲ့ အတိုင်းပဲ   မြင်မြဲ မြင်နေရဦးမှာပဲ။ ဆိုလိုတာက ခင်ဗျား  ဘယ်တော့မှ ရောက်သွားမှာ မဟုတ်ဘူး ။ ကောင်းကင်နဲ့ မြေကြီး ဟာလည်း အဲ့ဒီ မိုးကုပ်စက်ဝိုင်းမှာ မြင်နေရသလို ဘယ်တော့မှ ထိစပ် မနေဘူး မဟုတ်လား ။ ဒါဟာ ထင်ယောင်ထင်မှား သက်သက်ပါ။ ဟိန္ဒူ အခေါ်နဲ့ ဒါဟာ မာယာ လို့ နာမည်တပ်တယ်။ “ဖြစ်ဟန်ရှိတယ် - ဒါပေမယ့် တကယ် မဟုတ်ဘူး” ဆိုတာမျိုး။

မိုးကုပ် စက်ဝိုင်းဆီ ရောက်ချင်လို့ ခင်ဗျား ရှေ့တိုး တိုးပြီး ဆက်လှမ်း သွားသလို၊ ခင်ဗျား အလိုဆန္ဒတွေ ဖြည့်စွမ်း ဖို့ တိုးတိုးပြီး ဆက်လုပ် သွားမယ် ။ ဒါဆို ခင်ဗျား မိုးကုပ်စက်ဝိုင်း ဆီကို ဘယ်တော့မှ မရောက်သလို၊ ခင်ဗျား အလိုဆန္ဒတွေကိုလည်း ဘယ်တော့မှ မဖြည့်စွမ်း နိုင်ဘူး။ ခင်ဗျား သိန်းငါးဆယ် လိုချင်တယ် - ရှိရင် ကောင်းမယ် ဆိုတဲ့ လိုအင်ဆန္ဒ ရှိမယ် ဆိုပါစို့။ - တစ်နေ့နေ့မှာ ရကောင်း ရနိုင်ပါတယ်။ ဒါပေမယ့် အဲ့လို ခင်ဗျား ရတဲ့အချိန်မှာ ခင်ဗျား လိုအင်ဆန္ဒ က သိန်း တစ်ထောင် အဖြစ် ပုံပြောင်းသွားတယ်။ ခင်ဗျား သိန်းတစ်ထောင် ရခဲ့ရင်လည်း သန်းပေါင်း ကုဋေ ကုဋာ အဖြစ် ပုံပြောင်းနေဦးမှာပဲ။ သူဟာ ခင်ဗျား ရှေ့အဝေးမှာ အမြဲတမ်း ရှိနေဦးမှာပဲ။

လိုအပ်ချက် ဆိုတာ ကတော့ ရိုးရှင်းပါတယ်။ ဖြည့်စွမ်း လိုက်ရင် ပြေပျောက် သွားတယ်။ ဆာလို့ စားလိုက်တယ်။ ရေငတ်လို့ သောက်လိုက်တယ်။ အိပ်ချင်လို့ - အိပ်လိုက်တယ်။ လိုအင်ဆန္ဒ ကတော့ ခင်ဗျား အပေါ် အမြဲတမ်း ကောက်ကျစ် နေလိမ့်မယ်။ ရှုပ်ထွေး သွားအောင် လုပ်ပစ်ပါလိမ့်မယ်။ ဥပမာ - ငါ ခဏခဏ ဆာနေတယ် - စားဖို့တွေ စုထားမယ်။ ဒါဟာ လက်တွေ့ လိုအင်ဆန္ဒ မျိုး ဆိုပါတော့ ။ ခင်ဗျား ဒီတင် ဆက်ပြီး မရပ်သွားဘူး။ ဘယ် အစားအသောက်က ပိုကောင်းတယ်။ အဲ့ဒါလေးကို ငါရှာလိုက်ဦးမယ်။ - ရှာလို့ တွေ့ရင်လည်း ခင်ဗျား မရပ်ပြန်ဘူး ။ ဒီလို အစားကောင်းမျိုး များများ ရအောင် ငါများများ စုရဦးမယ်။ စသဖြင့် ခင်ဗျား အဲ့လိုနဲ့ ဆက် ဆက်ပြီး သွားရင်း - နောက်ဆုံး - ခင်ဗျား လူချမ်းသာကြီး၊ စီးပွားရေးလုပ်ငန်း ပိုင်ရှင်ကြီး၊ အပြိုင်အဆိုင်တွေနဲ့ အာဏာပါဝါ လုမယ့် နိုင်ငံရေး သမားကြီး ဖြစ်ဖို့ လိုဘတွေက ဆွဲခေါ် သွားကြတယ်။ အခန့်မသင့်ရင် စိတ်ဓာတ်တွေ ပျက်ပြား ရှုပ်ထွေးသွားတဲ့ အထိ ဖြစ်သွားနိုင်တယ်။ ဘာလို့ဆို အဲ့ဒါ တွေဟာ လိုအပ်ချက် ရိုးရိုး မဟုတ်လို့ပါ။

ခင်ဗျားရဲ့ လိုအင်ဆန္ဒ၊ လိုဘ တွေက အများအားဖြင့် ခင်ဗျား စွမ်းအားတွေ တော်တော်များများကို ညှစ်ထုတ်ယူ ပစ် နေတတ်တယ်။ အဲ့လို ဆိုရင် ခင်ဗျား လိုအပ်ချက်စစ်စစ် ကိုတောင် မဖြည့်စွမ်း နိုင်ပဲ ဖြစ်သွားပါတယ်။ နောင် အနာဂတ် ဆိုတာအတွက် လိုအင် ဆန္ဒ ကြောင့် - အခု ရှိနေတဲ့ ခင်ဗျား ကိုယ်ကို ခင်ဗျား ဂရုမစိုက် နိုင်တော့ဘူး။ ဒီ အလိုဆန္ဒတွေကို ဘယ်သူက ဖြည့်ဆည်းပေးမလဲ။ ခင်ဗျား ဘာသာ ခင်ဗျား အပြည့်အဝ ဖြည့်စွမ်းနိုင်မယ် ထင်ပါလား။ ကျိန်းသေ တာက ခင်ဗျားလည်း မဖြည့်စွမ်းနိုင်ဘူး။ အကြောင်းရင်း ပြောရင်- ခင်ဗျား လိုအင်ဆန္ဒ၊ လိုဘတွေဟာ အနာဂတ်ကိုပဲ ရွေ့နေလို့ပါ။ အနာဂတ် အကြောင်းပဲ တွေးနေလို့၊ ခင်ဗျား စိတ်ကူးတွေက အမြဲတမ်း အိပ်မက် တွေချည်း မက်နေတာ မို့လို့ပါ။

ခင်ဗျား ကိုယ်တိုင် ဒီနေရာ ဒီအချိန် ( Now and Here ) မှာ ရှိမနေနိုင်တဲ့ နောက် - နေ့စဉ်အမျှ လိုအပ်နေတဲ့ ဘဝလိုအပ်ချက် ရိုးရိုးလေး တွေကို ခင်ဗျား ဘယ်လို ဖြည့်စွမ်းတော့ မလဲ။ ခင်ဗျား အခု ဆာနေတာကို မဖြည့်နိုင်ဘူး - မိုးကုပ်စက်ဝိုင်း ကိုပဲ အမြဲ ဆာလောင်နေတယ်။ အခု ရေငတ်နေတာ ထ မသောက်နိုင်ဘူး - မိုးကုပ်စက်ဝိုင်း ဆီကိုပဲ ဆက်လျောက်ချင် နေတယ်။ အခု လိုအပ်ချက်တွေကို ဘေးဖယ်ချထားပြီး လိုဘ -ဆန္ဒ နောက်ကို ကိုယ့်စွမ်းအားတွေ စုပုံ အသုံးချပစ်တယ်။ အဆုံးသတ်မှာ ခင်ဗျား ဘာဖြစ်သွားမလဲ။ လိုအင်ဆန္ဒ လိုဘတွေလည်း မပြည့်ခဲ့ဘူး ။ အခု လိုအပ်ချက် တွေကိုလည်း မဖြည့်ဆည်းနိုင်ခဲ့ဘူး။ အဲ့တော့ ခင်ဗျား ပြိုယွင်း ပျက်စီးသွားတယ်။ နောက်ပြန် ဘယ်တော့မှ မရနိုင်တဲ့ အခုအချိန် တွေ ခင်ဗျား လက်လွှတ် ပစ်ခဲ့ရတော့တယ်။

အဘိုးကြီးတစ်ယောက် ရှိတယ်။ သူ့နာမည်က မင်စီးယပ်။ ကွန်ဖြူးရှပ်ရဲ့ တပည့်ပေါ့။ သူ သေခါနီး အချိန်က သူလည်း အသက် တော်တော် ကြီးနေ ပါပြီ။ လူတစ်ယောက်က လာမေးတယ်။ “ခင်ဗျားသာ ဘဝသစ် ပြန်ရမယ် ဆိုရင် ဘာ စလုပ်မလဲ” တဲ့။ မင်စီးယပ်က - “ငါ့ လိုအပ်ချက် တွေကို ငါ အာရုံစိုက်မယ်။ ငါ့ဆန္ဒ လိုဘတွေကို ဘေးဖယ်ထားမယ်” တဲ့။

တကယ်က ခင်ဗျား လိုအပ်ချက်ကို ခင်ဗျားကိုယ်တိုင် သိမြင်နေခြင်း သာ “ခင်ဗျား စင်စစ်” ဖြစ်နေဖို့ အကြောင်း ရှိပါတယ်။ လိုအပ်ချက် ဆိုတာ လက်တွေ့ပိုင်း၊ လိုဘ ဆန္ဒ ဆိုတာ စိတ်ကူး သက်သက်။ ဒါပေမယ့် ဒီအချက်ကို ထားရစ်ခဲ့ကြတာ ချည်းပဲ။ - အခု ကမ္ဘာလောကကို ကြည့် ကြည့်ပါ - ဘယ်လောက် အရုပ်ဆိုး အကျည်းတန် နေသလဲ။  တစ်ဦးနဲ့ တစ်ဦး  လိုအင်ဆန္ဒတွေနဲ့ ဖြတ်ရပ် နေတုန်းပဲ။ ပဋိပက္ခ ပွားများ နေတုန်းပဲ မဟုတ်လား။ ခရစ်ယာန်တွေ ပြောကြ သလို - လူတွေဟာ မွေးကတည်းက အပြစ်သားတွေ လို့ ဆိုရင် - အဲ့ဒီ လိုဘဆန္ဒ ဟာ လူတွေရဲ့ အပြစ် ပဲ ဖြစ်လိမ့်မယ်။ ဗုဒ္ဓဘာသာမှာ သုံးသလို - လူတွေ ဟာ ဒုက္ခသစ္စာ ကြီးပါ ဆိုရင် - အဲ့ဒီ လိုဘ စိတ်တွေ ဟာ ဒုက္ခသစ္စာရဲ့ အကြောင်းရင်းခံ ပဲ ဖြစ်လိမ့်မယ်။

ဒီပို့စ်ရဲ့ အစဦး စာပိုဒ်ငယ်ကို ပြောခဲ့တာ - ချောင်ဇူးပါ။ ( Tao Teh Ching ကျမ်းဆရာ လောက်ဇူရဲ့ တပည့် ) သူက သူ့လိုအပ်ချက် နဲ့ပဲ နေထိုင်ပါတယ်။ လိုအပ်ချက် ရှိလာရင် ဖြည့်စွက် ပေးလိုက်တယ်။ လိုဘဆန္ဒ အတွက်တော့ ဘယ်တော့မှ မေးခွန်း မထုတ်ဘူးရယ်။ လိုအင် ဆန္ဒ၊ လိုဘ ဆိုတဲ့ စိတ်ကူး ရုပ်ပုံ၊ စကားလုံးတွေကို - ရိုးရိုးရှင်းရှင်း ဖြုတ်ချထားတာ၊ အဲ့ဒီ ဖြုတ်ချထားတဲ့ အတိုင်း လိုအပ်ချက်အပေါ်သာ အာရုံစိုက် နေထိုင်နေတာ ဖြစ်ပါတယ်။ အဲ့အတွက် သူ့မှာ အနာဂတ် မထားဘူး။ အခု ပစ္စုပ္ပန်တွေပဲ ရှိတယ်။ ဘယ်လောက် လှပ ပါသလဲ။

ယေရှုခရစ် ပြောခဲ့တဲ့ စကားတစ်ခွန်း။ “နက်ဖြန် အကြောင်း မတွေးပါနဲ့။ အခု ပန်းခင်းပြင် ကြီးကို ကြည့် ကြည့်စမ်းပါ။ ဘယ်လောက် စိမ်းလန်း ယိမ်းနွဲ့နေသလဲ။” ။ တကယ်တမ်း မှာလည်း ဒီပန်းပွင့်ငယ်တွေဟာ ဘာတွေး နေလို့လဲ။ သူတို့ အနာဂတ်ကို သူတို့ ဘာတွေ ပူပန်နေရသလဲ။ သူတို့ ဒီနေရာ ဒီအချိန်လေးမှာ ဖူးပွင့် နေကြတယ်။ သူတို့ ပွင့်အာလာကြတယ်။ မနက်ဖြန် ဆိုတာ အတွက် ဂရုစိုက် ပြီး ပွင့်အာလာတာမျိုး လို့ ထင်ပါသလား။

စင်စစ် စိတ်နှလုံး အေးချမ်းသူ တို့ရဲ့ ဘဝဟာ “အခု” နေရာ၊ အခု အချိန် အပေါ် တည့်တည့် ဖြစ်တည်ထားခြင်း ပါ။ ခင်ဗျား ဟာ အခုနေရာ၊ အချိန်လေး မှာပဲ ရှိနေပါတယ်။ ဒီခဏတာလေး က လုံလောက်ပါတယ်။ ဘာကို ထပ် တောင်းဆို နေမလဲ။ ဒါကို သိမြင်သူဟာ စိတ်ရော ကိုယ်ပါ အေးငြိမ်း သွားတယ်။ သူ့အတွက် ဒီခဏ ဟာ လုံလောက် ပြည့်စုံပါတယ်။ ဒီခဏမှာ ဖြည့်စွမ်းတယ်။ သူ့အတွက် ကောင်းကင်ဘုံ မရှိဘူး။ အခုအတွက် သူ ကိုယ်တိုင် က ကောင်းကင်ဘုံပဲ။ သူ့အတွက် ဘုရားသခင် လို့ အမည်တပ်ကြတဲ့ အခြား မြင့်မြတ်မှု တစ်ခုခု သီးခြား မရှိဘူး။ သူ ကိုယ်တိုင်က မြင့်မြတ်မှု သက်သက် ၊ ဘုရားသခင် ပဲ ဖြစ်နေပါတယ်။

ဒီစကားဟာ အပြော လွယ်ပေမယ့် အလုပ်ခက်တယ်။ အဲ့ဒီ အတွက် လက်ခံဖို့ ၊ မြင်ဖို့ ဆိုရင် ပိုပြီး ခက်ခဲပါလိမ့်မယ်။ စစ်မှန်တဲ့ ဘာသာတရား တိုင်း ဟာ ဒီအချက် ကို နည်းအမျိုးမျိုး၊ စကားလုံးအမျိုးမျိုး၊ လမ်းကြောင်းအမျိုးမျိုး ဟောပြော သွန်သင်ကြမှာပဲ လို့ ကျနော် နားလည် ထားတယ်။ လူအများမှာ - ဒီ “ခဏတာ” ဆိုတာလေး အပေါ် မကြည့်နိုင်အား ကြပါဘူး။ သူတို့ကို လိုဘ ဆန္ဒ တွေကသာ ဖုံးလွှမ်းထား လို့ပါ။  အဲ့ဒီ “လိုဘဆန္ဒ” တွေဟာ မိုးကုပ်စက်ဝိုင်း နဲ့ တူတယ် ဆိုတဲ့ အကြောင်း၊ တကယ် မဖြည့်စွမ်းနိုင်တဲ့ အရာ တစ်ခုပဲ ဆိုတဲ့ အကြောင်း လက်တွေ့ကျကျ သုံးသပ်နိုင်ဖို့ မလွယ် လှပါဘူး။



နို့ပေမယ့် မေးကြည့် ချင်ပါတယ် - နောက်လာမယ့် အနာဂတ် တစ်ချိန်ချိန် မှာ ခင်ဗျားဟာ တစ်ခုခု ဖြစ်တော့မယ်လို့ ဘယ်သူ အတိအကျ ပြောနိုင် ပါသလဲ။ ဘယ်သူ အာမခံ နိုင်ပါသလဲ။ ခင်ဗျား ကိုယ်တိုင်ရော ကျိန်းသေ အပ်ကျ မတ်ကျ သိပါသလား။ စင်စစ် အနာဂတ် ဆိုတာ ကျနော်တို့ ခင်ဗျားတို့ ထင် ထားသလို အချိန် ဖြစ်စဉ် မဟုတ်ပါဘူး။ ခင်ဗျားတို့ ကျနော်တို့ ခေါင်းထဲ ၊ စိတ်ထဲ က “အတွေး” ပါ ။ အချိန်က တကယ် စင်စစ် မရွေ့သွားဘူး။ ခင်ဗျား လက်ရှိ ရနေတာ - ဒီ “ခဏ” တာလေးပဲ ရှိပါတယ်။ ဒီ “ခဏ” ပဲ ရှိပါတယ်။ ဒီ ခဏ မှာတင် ရပ်တန့် ကုန်ဆုံးတယ်။ စင်စစ် ရွေ့သွား နေတာက အတွေးတွေ ချည်းသာ ဖြစ်ပါတယ်။ မိုးကုပ်စက်ဝိုင်း ဆိုတာ နေရာ တစ်နေရာ လို့ မြင်နေသလို မျိုး- အချိန်ဆိုတာ ရွေ့လျား တွဲဆက်နေတဲ့ ဖြစ်စဉ်ကြီး တစ်ခု ဆိုတာမျိုး မြင်နေရင် လွဲမှားနေမယ် လို့ ကျနော် မြင်ပါတယ် ။ အချိန် ဆိုတာ ရွေ့သွားတာမျိုး မဟုတ်ဘူး။ မိုးကုတ်စက်ဝိုင်း လို နေရာမျိုးဟာလည်း တကယ် မရှိဘူး။ အဲ့ဒါကြောင့် အချိန်ရှိတုန်းလေး ကြိုးစား လိုက်ရှာမယ်ဟဲ့ ဆိုတဲ့ လိုဘ ဆန္ဒ စကားတွေကလည်း အဓိပ္ပာယ် မရှိတော့ဘူး။ 

ဒါပေမယ့် လူတိုင်းကတော့ အဲ့ဒီ မိုးကုပ်စက်ဝိုင်းဆီ ရောက်ဖို့ အလောတကြီး ပြင်ဆင် နေကြတုန်း၊ သွားနေကြတုန်းပါ။


5.12.2011
5:30 AM
........................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
........................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...