သံတိုင်မဲ့ အကျဉ်းထောင်2
by Maung Gyi on Friday, December 16, 2011 at 6:55pm
ထောင်တန်တဲ့ကဗျာ
အဲဒီည တညလုံး ကျနော် ကောင်းကောင်း အိပ်မပျော်ဘူး၊ အိမ်မှာ ကျနော်က ဘုရားခန်းထဲအိပ်တာ ဆိုတော့ မနက်စောစောဘုရားဝတ်ပြုဖို့ အမေ အခန်းထဲဝင်လာတာ ကျနော်သိပါတယ်။ ဒါပေမယ့် အသာလေးပဲ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။ အမေ ကျနော့် ခြင်ထောင်လှပ်ကြည့်တယ်၊ ပြီးတော့ ဘုရားစင်ရှေ့သွားပြီး ဘုရားဝတ်ပြုတယ်။ ဒါပေမယ့် အမေ့အာရုံတွေ လွင့်နေဟန်ပဲ၊ ခပ်မြန်မြန် ဘုရားဝတ်ပြုခဲ့ပြီး ကျနော့်အိပ်ယာကို ပြန်လာတယ်။ အဲဒီတော့ အခုမှ အိပ်ယာက နိုးလာတဲ့ပုံနဲ့ ကျနော်မျက်စေ့ဖွင့်လိုက်ပါတယ်။ စစ်ဒေသမှူးနဲ့ သွားတွေ့မယ့်ကိစ္စကို အမေ ရတက်မအေးဖြစ်နေတာကို ကျနော် ကောင်းကောင်း နားလည်ပါတယ်။ ငြင်ငြင်သာသာနဲ့ အားပေးစကားပြောရှာတယ်။ သူနဲ့တွေတဲ့အခါ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်ပြောဖို့၊ သူ့ကို ဘာမှပြန်ခံမပြောဖို့ အတန်တန် တဖွဖွ မှာရှာတယ်။ သွားတွေ့တာရဲ့ အဖြေဟာ ဘာလဲဆိုတာ ကျနော်ကြိုသိနေပေမဲ့ အမေ့မျှော်လင့်ချက်ကို မဖျက်ဆီးပစ်ချင်ဘူး၊ အမေစိတ်မကောင်းအောင်လည်း မလုပ်ရက်ဘူး။
ဒါကြောင့် အမေပြောသလိုနေမယ်လို့ အမေ့ကို မတည်မဲ့ ကတိတစ်ခု အမေ့ကို ကျနော် ပေးလိုက်မိတယ်။ အဲဒီအချိန်က အမေ့မျက်လုံးအစုံမှာ မျက်ရည်တွေအပြည့်၊ အင်မတန်နူးညံ့တဲ့ အမေ့ရဲ့အကြည့်တွေမှာ စိုးရိမ်သောကနဲ့ ရီဝေနေပါတယ်။ (၂ဝဝ၄ မတ်လ ၂ ရက်နေ့မှာ အမေဘဝတပါးကို ပြောင်းသွားပါပြီ)။
စစ်ဒေသမှူးရုံးကို ကျနော်ရောက်ပါပြီ၊ သူနဲ့ သီးသန့်တွေ့ဖို့ အခန်းတခန်းထဲ ကျနော့်ကို ခေါ်သွားတယ်၊ ကျနော် ကုလားထိုင်ပေါ် ထိုင်လိုက်တယ် ဆိုရင်ပဲ စစ်ဒေသမှူးက “ဒီမှာကြည့်စမ်း” ဆိုပြီး စားပွဲပေါ်တင်ထားတဲ့ သူ့လက်ဖဝါးတွေကို ဖြန့်ပြတယ်၊ လက္ခ္ခဏာပညာအရ ပြောရရင် ဒီလက်ပိုင်ရှင်မျိုးဟာ ဘဝတလျှောက်လုံး လူ့အသက်ပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်တတ်တဲ့ သဘာဝမျိုး ရှိပါတယ်။ “ကျနော် သဘောပေါက်ပါတယ်၊ ခင်ဗျားဘယ်လိုလူမျိုးလဲဆိုတာ” ကျနော့်စကားဆုံးတော့ သူက “အေးဟုတ်တယ်၊ ငါ လူအများကြီး သတ်ခဲ့ပြီးပြီ၊ ဒါပေမယ့် အခု ငါ့ဒေါသချုပ်တည်းနိုင်အောင်လို့ တရားလေးဘာလေး ထိုင်နေတယ်ကွာ” လို့ သွေးအေးအေးနဲ့ ပြန်တုန့်ပြန်ပါတယ်။ ဒါနဲ့ ကျနော်က “ခင်ဗျားဟာ စစ်ဒေသမှူးတစ်ယောက်ပါ၊ လုပ်ပိုင်ခွင့်တွေ အများကြီးရှိသလို လုပ်နိုင်စွမ်းလဲ ရှိသူ တစ်ယောက်ပါ၊ ခင်ဗျား စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ ဘဝကို အဆုံးအဖြတ် ဖြစ်သွားနိုင်လောက်အောင်ကို စွမ်းပါတယ်၊ တကယ်လို့ ခင်ဗျားကသာ ရွှေ့ပေးပါဆိုရင် ရပ်ကွက်ကြီးတစ်ခုလုံး ရွှေ့ပေး ဖျက်ပေးရမှာပါပဲ၊ ဘာအထောက်အထား ဘာသက်သေမှ မရှိဘဲ လူတစ်ယောက်ကို ထောင်ထဲ ခင်ဗျား ပို့ချင်သပ ဆိုရင် ပို့နိုင်တဲ့ အခွင့်အာဏာမျိုး ခင်ဗျားမှာ ရှိတာ ကျနော်သိပါတယ်” ကျနော်နဲ့ သူ သုံးနာရီလောက် စကားပြောဖြစ်တယ်။ အကြောင်းအရာလည်း တော်တော်စုံပါတယ်။ ဒီအထဲမှာ နဝတရဲ့ လုပ်ဆောင်မှုတွေအကြောင်းလည်း ပါတယ်။ သူ ကျနော့်ကို တခု မေးသေးတယ် “ငါတို့ သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနက ထုတ်လွှင့် ပြသနေတာတွေကို လူတွေ ဘာကြောင့် မယုံတာလဲ၊ BBC, VOA, RFA နဲ့ DVB တို့လို သတင်းဌာနတွေက သတင်းတွေကို ဘာကြောင့် လူတွေ ပိုစိတ်ဝင်စားကြတာလဲ” ဒါနဲ့ ကျနော်က “လူတွေက နဝတဟာ အမြဲတမ်းလိမ်နေတယ်လို့ ယုံနေလို့ပါပဲ”။ ကိုယ့်လက်ကို ကိုယ့်မျက်နှာရှေ့ ထောင်ကြည့်မယ်ဆိုရင်တော့ ကျနော့်ဘက်က မြင်ရမှာ လက်ဖဝါး၊ တဖက်လူအတွက်တော့ လက်ဖမိုးပေါ့။ ဒါပေမဲ့ နှစ်ယောက်လုံး မြင်နိုင်အောင် လက်ကို ဘေးထုတ်ကြည့်မယ်ဆိုရင်တော့ နှစ်ဖက်လုံးက တစ်မျိုးပဲ တွေ့ရမှာပါ။ စစ်ထောက်လှမ်းရေးက ကျနော့်ကို သူတို့နဲ့ ပူးပေါင်းစေချင်တယ်။ ကျနော်က သူတို့ကို လူထုနဲ့ပူးပေါင်းစေချင်တယ်။
အလည်ဆုံမှတ်တနေရာရာမှာ ကျနော်တို့ တွေ့ကြမယ်ဆိုရင်တော့ အမြင်တူပြီး လက်တွဲနိုင်မှာပါပဲ၊ သူတို့အတွက် သတင်းပေးလုပ်ဖို့ ကျနော့်ကို ညှိတယ်၊ ကျနော်က “ကောင်းပြီလေ ခင်ဗျားတို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အောင်မြင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်အောင်လဲ လုပ်မယ်၊ မင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလဲ လွှတ်ပေးမယ်ဆိုရင် ခင်ဗျားတို့ပြောတာ ကျနော် သဘောမတူနိုင်စရာ မရှိဘူး”လို့ ပြန်အဖြေပေးလိုက်ပါတယ်။ ဒီအခါမှာ ကျနော့်တောင်းဆိုချက်ကို သူ့ဘက်က လျစ်လျူရှုလိုက်သလို၊ ကျနော့်ဘက်ကလည်း သူတို့လိုအင်ကို ဥပက္ခာပြုလိုက်ရတော့တာပေါ့။ အဲလိုနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲလည်း မအောင်မမြင်နဲ့ လက်စသတ်သွားပါတော့တယ်။ ကျနော့် အနေနဲ့ကတော့ အခု လောလောဆယ်မှာ ကျူရှင်ဆရာတစ်ယောက် အနေနဲ့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့ပဲ ရှိပါတော့တယ်။
ဒီနောက် သိပ်မကြာလိုက်ဘူး၊ စစ်ထောက်လှမ်းရေးနဲ့ ရဲတွေ ဖမ်းဝရမ်းနဲ့ ရှာဖွေပုံစံတွေ တခုမှ မပါဘဲ အိမ်ကိုရောက်ချလာပြီး အတင်းမွှေနှောက်ရှာဖွေကြပါတော့တယ်။ ရှာရင်းနဲ့ ကျနော့်အိမ်မှာ ကဗျာ သုံးပုဒ် သူတို့တွေ့သွားတယ်။ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကြီး ကာလတုန်းက ကျနော်တို့ ဗကသ ကနေ ထုတ်တဲ့ အိုးဝေမဂ္ဂဇင်းမှာ ကျနော် အယ်ဒီတာလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက မဂ္ဂဇင်းမှာ သုံးခဲ့တဲ့ ဆောင်းပါးနဲ့ ကဗျာတွေကို အမှတ်တရ အနေနဲ့ ကျနော် အိမ်မှာသိမ်းထားတာ ရှိတယ်။ အခု သူတို့တွေ့သွားတာ အဲ့ထဲက ကဗျာ သုံးပုဒ်ပါပဲ၊ ဒီကဗျာတွေ ကျနော်ရေးတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဟုတ်တယ်လို့ ဝန်ခံလိုက်ရတယ်။ သို့မဟုတ်ရင် သူတို့ အဖေ့ကို ဖမ်းသွားကြမှာလေ။ အဖေ့ကိုတော့ အဖမ်းမခံနိုင်ဘူး၊ ဖမ်းချင်းဖမ်း ကျနော့်ကိုပဲ ဖမ်းပလေ့စေ ကျနော်အဖမ်းခံမယ်။ ကျနော်က ဘောလုံးဝါသနာအိုးပါ။ နောက်နေ့ဆိုရင် ကမ္ဘာ့ဖလားဘောလုံး ဗိုလ်လုပွဲ ရှိတယ်။ ဘောလုံးကန်မှာကလည်း ဘရာဇီးနဲ့ အီတလီ၊ ပွဲကလည်း တကယ့်ပွဲကောင်း၊ ကျနော်အရမ်းကြည့်ချင်တယ်၊ ဒါကြောင့် နောက်နေ့ဘောလုံးပွဲပြီးမှ ကျနော့်ကိုဖမ်းပေါ့လို့ ပြောကြည့်တယ်၊ မရပါဘူး။ ချက်ခြင်းပဲ သူတို့ ကျနော်ကို ရဲစခန်းပို့၊ အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်ကျတော့ ကျိုက္ကဆံဘုရားမှာ တွေ့တုန်းက ပြောတဲ့စကားတွေ ထပ်ပြောပြန်တယ်။ ချော့လိုက်၊ ခြောက်လိုက် ဒါပဲ ထပ်ပြန်တလဲလဲပြောနေတာ။ အဲဒီမှာ နောက်ထပ် အကြောင်းအရာသစ်တခု ပါလာတယ်။ “မင်း မိသားစု အကြွေးတွေ ပြန်ဆပ်ဖို့ မင်း ဘယ်လို စဉ်းစားထားသလဲ” တဲ့။ ဟုတ်ပါတယ်၊ အဲဒီအချိန်က ကျနော့်မိသားစု ကျပ်တည်းပြီး အကြွေးလည်ပင်းခိုက်နေချိန်ပါ။ ဒီမေးခွန်းဟာ ကျနော့်အတွက်တော့ တော်တော့်ကို စိတ်ထိခိုက်စရာပါပဲ။ မိသားစုဘဝ အားနည်းချက်ကို အညှာကိုင်ပြီး ကျနော့်ကို သိမ်းသွင်းယူတဲ့နည်းပါ။ ကျနော် တော်တော်တွေဝေသွားတယ်၊ ဘာလုပ်ရမလဲ၊ တခုခုတော့ မဖြစ်မနေ ရွေးချယ်ရတော့မယ်။ သူတို့ပြောတာ လက်ခံမယ်ဆိုရင် အဲဒီအကြွေးတွေအတွက် သူတို့တာဝန်ထားလိုက်ပါတဲ့။ မိဘ၊ ညီအစ်ကိုမောင်နှမတွေအတွက်တော့ စိတ်မကောင်းပါဘူး။ မိသားစုဘဝ အဆင်ပြေရေးတစ်ခုတည်းအတွက် လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာဖောက်ပြီး မရိုးမသားဘဝ တစ်ခုကို ရွေးချယ်မလား၊ ဒါမှမဟုတ် ထောင်ထဲသွားမလား။ ဒီမှာတင် ကျနော် ပြတ်ပြတ်သားသားတခုခုကို ရွေးချယ်လိုက်ရပါပြီ။ အဲဒါကတော့ “ထောင်ထဲပဲ သွားမယ်” ။
နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ထောင်ဟာ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ကျနော် ကောင်းကောင်း သိပါတယ်။ တခြား အရာတွေထက် ထောင်ထဲ ပြန်ရောက်ရမှာကို သိပ်ကြောက်မိပါတယ်။ မတတ်နိုင်ဘူးလေ၊ နောက်တလမ်း ရွေးချယ်မယ်ဆိုရင်လည်း ဒီမိုကရေစီရေးအတွက်၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင် ကျဆုံးသွားကြရရှာတဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေအပေါ် ကျနော် သစ္စာဖောက်ရတော့မယ်၊ အဲသလိုတော့ အဖြစ်မခံနိုင်ဘူး၊ သစ္စာဖောက်တစ်ယောက်ရဲ့ အဖြစ်ဟာ အလွန် ကြောက်စရာကောင်းပါတယ်။ လူ့ဘဝမှာ သေမှာထက် ပိုပြီး ကြောက်စရာကောင်းတာတွေ ရှိပါသေးလားဆိုတာကို ကျနော် ကောင်းကောင်း နားလည်လိုက်ပါပြီ။
နေ့လည်လည်း ရောက်ရော ရဲစခန်းကို ညွှန်ကြားချက် ရောက်လာတယ်လို့ သိရတယ်။ ကျနော့်ဆီက သူတို့ရသွားတဲ့ ကဗျာတွေဟာ အများပြည်သူအတွက် အဆိပ်အတောက်ဖြစ်စေတယ်လို့ စွပ်စွဲချက်နဲ့ ရဲစခန်းမှာ ကျနော့်ကို ပုဒ်မ ၅(ည) နဲ့ ဆက်ချုပ်ထားဖို့တဲ့။ အဲသလိုနဲ့ ညရောက်လာပြီ အချုပ်ခန်းထဲ အိပ်မပျော်တာနဲ့ ကဗျာထဲက စာသားတွေ၊ စကားလုံးတွေ ပြန်ဖော်ကြည့်တယ်။ အတိအကျတော့ မမှတ်မိတော့ဘူး၊ ကဗျာရဲ့ ဆိုလိုချက် အနှစ်သာရ ကိုတော့ ကောင်းကောင်း မှတ်မိပါတယ်။
ပထမကဗျာက - ဘယ်သူအဆိုးဆုံးလဲ
ကျနော်တို့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့ကြတဲ့ အစိုးရ သုံးခုကို နှိုင်းယှဉ်ပြထားတာပါ။ ဗြိတိသျှအစိုးရ၊ ဖဆပလ (ဝန်ကြီးချုပ် ဦးနုအစိုးရ)၊ နဝတ (မြန်မာစစ်အစိုးရ)၊ အဲဒီအစိုးရ သုံးခုအနက် လူထုကို ဖိနှိပ်ချုပ်ချယ်တဲ့ နေရာမှာ နဝတ စစ်အစိုးရဟာ လက်စောင်း အထက်ဆုံးဆိုတာကို ကောက်ချက်ဆွဲပြထားတာဖြစ်ပါတယ်။
ဒုတိယ ကဗျာက - အာဏာရှင်ကို တိုက်ဖျက်ပစ်မယ့် ခွပ်ဒေါင်းငှက်
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတလျှောက်မှာ အသက်ပေးခဲ့ကြတဲ့ ဗိုလ်အောင်ကျော်လို ကျောင်းသားတွေကို ဂုဏ်ပြု အမွှန်းတင်ထားတဲ့ ကဗျာပါ၊ ဗိုလ်အောင်ကျော်ဟာ ဗြိတိသျှအစိုးရ လက်အောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြ တိုက်ပွဲဝင်ရင်း နယ်ချဲ့သမားရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ ကဗျာရဲ့ ဆိုလိုရင်းက ဗိုလ်အောင်ကျော်လိုပဲ ကျနော်တို့မှာလည်း ဖိနှိပ်မှုတွေအောက်က လွတ်မြောက်လိုတဲ့ တူညီတဲ့ ဆန္ဒတွေနဲ့ ဘုံရည်မှန်းချက်တွေ ရှိတယ် ဆိုတဲ့အကြောင်း၊ ဒီရည်မှန်းချက်တွေ ပြည့်တဲ့အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားဖို့ သံန္နိဌာန် ချထားကြပြီး ဖြစ်တဲ့အကြောင်း ဖွဲ့ဆိုထားတာဖြစ်ပါတယ်။
တတိယ ကဗျာကတော့ – သူငယ်ချင်းသုံးယောက်ရှိလေသည်
ကဗျာက ညွှန်းတဲ့ သူငယ်ချင်း သုံးယောက် ဆိုတာက မင်းကိုနိုင်၊ မိုးသီးဇွန်နဲ့ စာရေးသူကို ဆိုလိုတာ ဖြစ်ပါတယ်။ ကဗျာမှာ မိုးရာသီအဖွဲ့ကို လှလှပပ ဖွဲ့ဆိုပြပြီး ဒီလောက် အေးစိမ့်နေတဲ့ မိုးကာလမျိုးမှာမှ ထောင်ထဲက ကျနော်တို့ ရဲဘော်တွေ ဘယ်နှယ့်လုပ် အိပ်စက်နိုင်ပါ့မလဲ။ တချိန်တည်းမှာ တောထဲရောက်နေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ ကျတော့ရော မြေကြီးစိုကြီးပေါ်မှာ တကိုယ်လုံး ရေတွေရွှဲလို့၊ အိပ်စက်မရ ဖြစ်နေကြမှာ၊ ထောင်အပြင်မှာ ရှိတဲ့ ကျနော်တို့ကျတော့ အကြောက်တရားနဲ့ ရှင်သန်နေထိုင်ရင်း တိရိစ္ဆာန်တစ်ကောင်လို အနှောင်အဖွဲ့ ခံနေရတာကို ဖွဲ့ဆိုပြထားတာ ဖြစ်ပါတယ်။
ရဲစခန်းအချုပ်မှာ ရာဇဝတ်သားတွေနဲ့အတူ ကျနော့်ကိုထားတယ်၊ သူတို့လည်း သူတို့ဖာသာနေ၊ ကျနော်လည်း ကိုယ့်ဖာသာကိုယ် နေပေါ့၊ ကျနော့်ကိုတော့ ရန်မလုပ်ကြပါဘူး၊ အရေးကြီးတဲ့ အချုပ်သားတစ်ယောက်လို၊ အရေးပါတဲ့လူတစ်ယောက်လို ထင်နေပုံ ရတယ်။ အစောင့်ရဲတွေလည်း မလိုအပ်ဘဲ ကျနော်နဲ့ စကား လာမပြောရဲကြဘူး၊ ခပ်ရွံ့ရွံ့ဖြစ်နေကြတယ်။ ကောင်းကောင်းမွန်မွန်တော့ ဆက်ဆံကြပါတယ်။ အဲဒီအချိန်မှာ ပြဿနာက ကျနော် ဘောလုံးပွဲ အရမ်းကြည့်ချင်နေတာပ။ဲ
ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ စီးဆင်းသွားလိုက်တာ ၁၉၉၈ ခုနှစ်ထဲကို ရောက်ခဲ့ပါပြီ။ ၁၉၉၈ အောက်တိုဘာမှာ ကျနော် ထောင်က လွတ်တယ်။ ပြန်တွက်ကြည့်တော့ ထောင်ထဲမှာ လေးနှစ်ခွဲကြီးတောင် ကြာခဲ့တာပဲ။ ထောင်ထဲနေတုန်းကလည်း စစ်ထောက်လှမ်းရေးတွေ မကြာမကြာဆိုသလို လာပြီးတော့ သဘောထား မေးတာပြုတာတွေ လုပ်လေ့ရှိတယ်။ အပြင်ရောက်တော့လည်း ဒီအတိုင်းပါပဲ။ အလွန် စိတ် အနှောင့် အယှက် ဖြစ်ရတဲ့ကိစ္စပါ။ ၁၉၉၉ ခုနှစ်မှာ လူတွေကို အဓမ္မ မတက်မနေရဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြစ်တင်ရှုံ့ချပွဲကြီးတခု အစိုးရက ကြီးမှူးပြီး လုပ်ခဲ့တာ ရှိပါတယ်၊ အဲဒါအပေါ် ကျနော့်အမြင်ကို မေးတယ်။ “ဒါ ခင်ဗျားတို့ မတရားသဖြင့် လုပ်တာပဲ၊ တရားမျှတမှု မရှိတဲ့ ကိစ္စပဲ၊ NLD ကို ကျတော့ရော ဘာကြောင့် အဲဒီလို အခွင့်အရေးမျိုး မပေးသလဲ” ဒီအတိုင်း ကျနော်ပြန်ဖြေခဲ့တယ်။ နောက် ဆက်မေးတယ် “လက်ရှိအစိုးရကို မင်းဘယ်လိုမြင်သလဲ” “တရားမဝင် အာဏာသိမ်း အစိုးရပဲ”လို့ တည့်တည့်ရှင်းရှင်းပဲ ပြန်ဖြေခဲ့တယ်။
ကြေမွသွားသော နှလုံးသားများ
ချစ်ရခင်ရသူတွေကို ခွဲခွာချန်ထားခဲ့ရပြီး သံတိုင်တွေရဲ့ နောက်ကို အပို့ခံလိုက်ရပြီဆိုရင် တို့တော့ ပျော်စရာ အနာဂတ် ပျောက်ပြီဆိုတဲ့ စိတ်ခံစားမှုဟာ နိုင်ငံရေးအကျဉ်းသားဖြစ်ဖူးသူတိုင်းရဲ့ တူညီတဲ့ ဝေဒနာတခုလို့ဆိုရင် မမှားပါဘူး။ ၁၉၈၃ ခုနှစ်မှာ ကျနော် ဆယ်တန်းအောင်တယ်။ အဲဒီတုန်းက ကျနော့်မှာ ချစ်သူရှိတယ်၊ တနေ့နေ့ကျရင် လက်ထပ်ပြီး ဘဝတခု ထူထောင်ကြမယ်လို့ ရည်ရွယ်ထားပြီးသားပါ။ ၁၉၈၈ ခုနှစ်ဟာ ကျနော်တို့ အတွက်တော့ ပြဿဒါးနှစ်ပါပဲ။ ကျနော်က နိုင်ငံရေးလုပ်ချင်တယ်၊ လုပ်တယ်၊ သူက နိုင်ငံရေး မလုပ်စေချင်ဘူး။ ကျောင်းပြီးရင် စီးပွားရေးလုပ်၊ ငွေရှာ၊ နှစ်ယောက်သား လှပတဲ့ အနာဂတ်တခု ထူထောင်မယ်ပေါ့။ ဒီတော့ ကျနော်က ဘာ့ကြောင့် နိုင်ငံရေးလုပ်ရသလဲ၊ လုပ်ဖို့ လိုအပ်သလဲ ဆိုတာကို အကျိုးသင့် အကြောင်းသင့် သေသေချာချာ ရှင်းပြပြီး သူ နားလည် လက်ခံလာအောင် ကြိုးစားကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မရပါဘူး။ သူ့ဖက်က ကျနော့်ကို တခုခု ပြတ်ပြတ်သားသား ဆုံးဖြတ်ပါတော့တဲ့။ နိုင်ငံရေးနဲ့ သူ ဘာကို ရွေးမှာလဲတဲ့။ နိုင်ငံရေးကို ရွေးမယ် ဆိုရင်တော့ ကျနော်နဲ့ လမ်းခွဲပြီး သူ့လမ်းသူ ဆက်လျှောက်တော့မယ်ပေါ့။ မတတ်နိုင်တော့ဘူး။ ကျနော်ကိုယ်တိုင်လည်း ဝေခွဲမရတွေ ဖြစ်နေပြီ။ ကျနော်ကိုယ်တိုင်က စပြီး ဆုံးဖြတ်သူလည်း မဖြစ်ချင်ဘူး။ ဆုံးလည်း မဆုံးဖြတ်ချင်ဘူး။ ဒါနဲ့ပဲ “မင်းစိတ်ကြိုက်သာ ရွေးချယ်ပါတော့” ဆိုပြီး လက်လျှော့လိုက်ရပါတော့တယ်။
သမဂ္ဂ ကိစ္စတွေ ပိနေတာနဲ့ ကျနော်တို့နှစ်ယောက် သုံးလလောက် အဆက်ပြတ်ခဲ့တယ်။ ၁၉၉ဝ မတ်လမှာ ကျနော် အဖမ်းခံရတာ သူ မသိလိုက်ဘူး။ ထောင်ကျပြီးနောက် အင်းစိန်ထောင်ကို ကျနော့်မိသားစုက ထောင်ဝင်စာလာတွေ့ဖို့ စီစဉ်နေတုန်းမှာပဲ သူ နောက်တယောက်နဲ့ လက်ထပ်လိုက်ပြီဆိုတာကို ကြားရတယ်။ ဒီလိုနဲ့ ၁၉၉၃ မှာ ကျနော် ပထမအကြိမ် ထောင်က လွတ်တယ်။ ချစ်သူအသစ် ထပ်တွေ့တယ်။ ချစ်သူဖြစ်ပြီး တစ်ပတ်အကြာမှာ ကျနော် ပြန်အဖမ်းခံရတယ်။ ရဲစခန်းအချုပ်မှာ ရှိနေတုန်း ကျနော့်ကို လာတွေ့ဖို့ သူကြိုးစားတယ်။ ရဲက ခွင့်မပြုဘူး လုပ်နေတာနဲ့ ကျနော် စိတ်လည်းတို ဒေါသလည်း ထွက်မိတယ်။ ဒါနဲ့ ရဲအရာရှိကို ခေါ်ပြီး ကျနော်တို့နှစ်ယောက်ရဲ့ ဒီတွေ့ဆုံမှုဟာ ကျနော်တို့ဘဝအတွက် ဘယ်လောက် အရေးကြီးကြောင်း ရှင်းပြလိုက်တယ်။ နောက်ဆုံး တွေ့ခွင့်ပေးတယ်။ တွေ့တွေ့ချင်းပဲ သူ ကျနော့်ကို အခုလို မေးတယ်။ “အကို ထောင်ထဲ ဘယ်လောက်ကြာမယ် ထင်လဲဟင်” “အတိအကျတော့ မပြောနိုင်ဘူးကွာ၊ ကြာတော့ ကြာမယ် ထင်တာပဲ၊ ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ် တခုခုပဲ” ကျနော့်စကားဆုံးတော့ “အကြာကြီးပဲနော်” ညည်းညူသံလား၊ မကျေနပ်သံလား ကျနော် မခွဲခြားတတ်ခဲ့၊ သေချာပေါက် ပြောနိုင်တာကတော့ တီးတိုးရေရွတ်သံတခုပဲ ဆိုတာပါ။ ကျနော့်ချစ်သူဟာ ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်နေသူ မဟုတ်တော့ ဒီလောက် အချိန် အကြာကြီး ခံရမယ့် ဒုက္ခဆင်းရဲကို သူ နားလည်နိုင်မှာလည်း မဟုတ်သလို၊ ခံနိုင်ရည်လည်း ရှိဟန် မတူပါဘူး။ ကျနော် နာကျင်စွာနဲ့ပဲ သူ့ကို နားလည်ပေးရတော့မှာပါ။ “အေးလေ ကိုယ်အထဲမှာ ဘယ်လောက် ကြာမယ်မှန်းလဲ မသိရ၊ မင်းအတွက်လဲ ဘာတာဝန်မှ ယူမပေးနိုင်ဆိုတော့ မင်း ချစ်သူအသစ်တွေ့လို့ လက်ထပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင်လဲ ကိုယ့်စိတ်ထဲ ဘယ်လိုမှ သဘောမထားပါဘူး၊ တကယ်လို့ ကိုယ်ပြန်လာတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ စောင့်နိုင်မယ်ဆိုရင်တော့ နှစ်ယောက်အတူ လက်တွဲပြီး ဘဝတခု ထူထောင်ကြတာပေါ့ ”။ ဒါ သူ့ကို နောက်ဆုံး ကျနော်ပြောခဲ့ရတဲ့ မပြောချင်ဆုံးသော စကားတွေပါ။ ဒီလိုနဲ့ နောက်တနှစ်လောက်အကြာမှာ သူ အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပြီတဲ့ ကြေကွဲစရာပါပဲ။ ဒီလိုအဖြစ်မျိုးတွေ ကြုံရတာဟာ ကျနော်တစ်ယောက်တည်း ကြုံရတာ မဟုတ်ပါဘူး၊ အလားတူဖြစ်ရပ်တွေ ဒုနဲ့ဒေးပါ။ တချို့ အိမ်ထောင်သည် နိုင်ငံရေးအကျဉ်းသားတွေ ကြုံရတာဟာလည်း တကယ့်ကို ရင်နာစရာကောင်းပါတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ ဇနီးသည်တွေ သူတို့ဖာသာသူတို့ ဘဝခရီးတခုကို လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်ဖို့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ရတဲ့ အဖြစ်မျိုးပါ။ ကိုယ့်ဆန္ဒအလျောက် ဆုံးဖြတ်ခဲ့ကြတာ မှန်ပေမယ့် လက်မှတ်ထိုးတဲ့အချိန်မှာ သူတို့လက်တွေ တုန်ယင်နေတာ၊ သူတို့မျက်စေ့ထဲမှာ ကြေကွဲရိပ်တွေ ယှက်သန်းနေတာ ဘေးလူမြင်နိုင်ပေမယ့် သူတို့ရင်ထဲမှာ ဆို့ဆို့နင့်နင့် ငိုကြွေးနေတာကိုတော့ သူတို့ပဲ သိနိုင်မယ့်ကိစ္စပါ။ ဒါဟာ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ လူတစ်ယောက်အပေါ် ချစ်တဲ့စိတ် အားပြိုင်ပွဲတခုပဲ ဖြစ်ပါတယ်။ ဒီအဖြစ်မျိုးတွေဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကြုံရတွေ့ရတတ်တဲ့ သဘာဝ တခုလိုတောင် ဖြစ်နေပါပြီ။
အိပ်မက်ဆိုးမှ နိုးထခြင်း
ထောင်ထဲမှာနေပြီး အပြင်ပြန်ရောက်လာပြီ ဆိုရင်တောင် နိုင်ငံရေးအကျဉ်းသားတွေဟာ အိပ်မက်ဆိုးရဲ့ ဒဏ်၊ ဝေဒနာဆိုးရဲ့ ဒဏ်ကို ကာလ တော်တော်ကြာတဲ့အထိ ခံစားရလေ့ ရှိပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း လွတ်လပ်မှု နှစ်ခုလုံး ဆုံးရှုံးခဲ့ရသူတွေအဖို့ လွတ်လပ်မှုဆိုတာ လွယ်လွယ်နဲ့ ပြန်မရတတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဘဝရပ်တည်ရေး အခက်အခဲဟာလည်း မတန်တဆ ကြီးလွန်းလှပါတယ်။ အလုပ်လုပ်ချင်တဲ့ ဆန္ဒ ဘယ်လိုပဲ ရှိရှိ တော်တော်တန်တန် ဘယ်သူကမှ ကျနော်တို့ကို အလုပ်မပေးချင်ဘူး။ သူတို့ဘက်က ကြည့်ပြန်တော့လည်း ကျနော်တို့ကို အလုပ်ခန့်လိုက်ပြီ ဆိုတာနဲ့ အာဏာပိုင်တွေရဲ့ အငြိုအငြင်ခံရမယ့်ကိန်း တန်းဆိုက်သွားတော့တာပါပဲ။ ဒါထက် ပိုဆိုးတာက ထောင်ဟာ ကျနော်တို့ကို ပညာရေးနဲ့ ကင်းဝေးသွားအောင်လို့ ရည်ရွယ်ချက်ရှိရှိ၊ အစီအစဉ်ရှိရှိကို ဖန်တီးထားတာပါ။ ထောင်ထဲမှာ စာရေးစာဖတ်ခွင့်ဆိုတာ ဝေးလာဝေးပါပဲ။ ဒီနေ့ခေတ်ဟာ ပညာခေတ်ပါ (Age of Knowledge) နိုင်ငံခြား ဘာသာစကား တခုခုကို ကျွမ်းကျွမ်းကျင်ကျင် မတတ်ရင်၊ နေ့စဉ်နဲ့အမျှ အသစ်ဖြစ်ထွန်းနေတဲ့ နည်းပညာတွေကို မတီးမိ မခေါက်မိရင် လူတစ်ယောက် အဖို့ ခေတ်နဲ့ အဆက်ပြတ်ပြီး နောက်ကျန်နေရစ်ခဲ့မှာ သေချာပါတယ်။ ကျနော်တို့ဟာ ထောင်ထဲမှာ ကမ္ဘာ လောကကြီး တခုလုံးနဲ့ အဆက်ဖြတ်ခံထားရတာဆိုတော့ ကျနော်တို့လောက် နောက်ကျကျန်ခဲ့သူ ဘယ်သူရှိဦးမှာလဲ။ တိုင်းပြည် တည်ဆောက်တယ်ဆိုတာ လက်နက်နဲ့ တည်ဆောက်လို့ မရပါဘူး၊ ပညာနဲ့ တည်ဆောက်ရတာပါ။ တိုင်းပြည် တည်ဆောက်မယ့် လူတွေကို ပညာနဲ့ ဝေးအောင် လုပ်ထားမှတော့ ဒီတိုင်းပြည် ဘာနဲ့ တည်ဆောက်မလဲ၊ ဘယ်လို တည်ဆောက်မလဲ၊ ဒါဟာ အရေးတကြီး မေးရမယ့် မေးခွန်းဖြစ်လာပါပြီ။
နိုင်ငံရေးအကျဉ်းသားတွေဟာ လူ့အသိုင်းအဝန်းနဲ့ ကာလကြာရှည် ခွဲခွာခံရသူတွေပါ။ လူ့အသိုင်းအဝန်းရဲ့ အပြင်ဖက် ရောက်နေသလိုမျိုး ခံစားကြရပါတယ်။ သဘာဝအားဖြင့် အပြင်ပြန်ရောက်လာတဲ့အခါ ပတ်ဝန်းကျင်နဲ့ အလိုက်သင့်နေတတ်ဖို့ တော်တော့ကို ခက်ပါတယ်။ ဒီကြားထဲ အလုပ်ကလည်း မရှိ၊ ဝင်ငွေကလည်း မရှိ ဆိုတဲ့ အနေအထားဟာ လူတစ်ယောက်အတွက် တော်တော့်ကို စိတ်ဓာတ် ကျစရာ ကောင်းပါတယ်။ တော်ရုံတန်ရုံ ခံနိုင်ရည်နဲ့ ဖြတ်သန်းဖို့ အလွန်ခက်ပါတယ်။ ကြာလာတော့ ကျနော့် စိတ်ထဲမှာ လူတွေနဲ့ ဝးဝေးမှာ နေချင်တယ်။ လူတွေကို ရှောင်ချင်လာတယ်။ စိတ်လည်း တိုတတ်လာပြီ၊ ဒေါသအထွက်လည်း လွယ်လာပါတယ်။ တခါတခါမှာ “ငါဟာ လောကအတွက် ဘာမှ အသုံးမဝင်တဲ့သူ ဖြစ်နေပြီလား”ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်လာပါတယ်။ အဲဒီအတွေးရဲ့ ဖိစီးမှုဟာ အလွန် ကြောက်စရာကောင်းပါတယ်။ ဒီလို ခံစားမှုမျိုး ဖြစ်လာတာဟာ စိတ်ကျရောဂါ အပါအဝင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်နေပြီ ဆိုတဲ့ လက္ခဏာမျိုးလို့ ပြောမယ်ဆိုရင် ရနိုင်မယ် ထင်ပါတယ်။
ထောင်က လွတ်ပြီးနောက်ပိုင်း အာဏာပိုင်တွေရဲ့ အဆက်မပြတ် အနှောင့်အယှက် အပေးခံရတာဟာလည်း ကျနော်တို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း အပေါ် သက်ရောက်မှု တော်တော်ပြင်းပါတယ်။ အဲဒီလုပ်ရပ်ဟာ ပတ်ဝန်းကျင်က ကျနော် တို့ကို မဆက်ဆံရဲအောင်၊ ပတ်ဝန်းကျင်နဲ့ ကျနော်တို့ ကင်းကွာသွားအောင် စနစ်တကျ လုပ်တာပါ။ တခါတခါများ ညဖက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း အပြင်က အသံတသံ ကြားလိုက်လို့ လန့်နိုးသွားပြီ ဆိုရင် “သူတို့တွေ လာပြန်ပြီလား၊ ငါ့ကို လာများ ဖမ်းတာလား”လို့ တွေးပြီး အထိတ်တလန့်နဲ့ ပြန်အိပ်လို့ မရတော့တဲ့ ညပေါင်းတွေဟာလည်း များလှပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ အာဏာပိုင်တွေဘက်က နည်းမျိုးစုံ သုံးပြီး ခြိမ်းခြောက် အကျပ်ကိုင်ခံနေကြရပါတယ်။ သွားလာ လှုပ်ရှားမှုတွေ အကန့်သတ်ခံရတာ၊ ကိုယ့်အကြောင်း ကိုယ်ရေးတာ၊ ပြောတာ၊ အသင်းအပင်း အဖွဲ့အစည်းတွေမှာ ပါဝင် လုပ်ကိုင် ဆောင်ရွက်တာ၊ သူတို့ ဘယ်လိုမှ ခွင့်မပြုကြပါဘူး။ ကျနော်တို့ဟာ ဘဝတခုလုံး စွန့်လွှတ် စွန့်စားပြီး ပြင်းထန်တဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင် ဖြေရှင်းနေကြရတာပါ။ ပေးဆပ်ရတဲ့ အရင်းအနှီးဟာလည်း အဆမတန် ကြီးမားပါတယ်။ ကျနော်တို့ဟာ အမှောင်ထုကြီးအတွင်းမှာ အကြောက်တရားနဲ့ မွေးဖွား ရှင်သန်ကြီးပြင်းရင်း လူဖြစ်လာကြရသူတွေပါ။ ဒါ့ကြောင့် အကြောက်တရားကင်းတဲ့ အလင်းရောင်ကို ကျနော်တို့ တမ်းတတယ်၊ လိုချင်တယ်၊ အမှောင်ထဲမှာ ဘယ်သူ့ကိုမှ မနေစေချင်တော့ဘူး။ ပေးဆပ်ရမှု ဘယ်လောက်ကြီးကြီး အလင်းရောင်အတွက် ကျနော်တို့ ဆက်လျှောက်ကြဦးမှာပါပဲ။ ကျနော် ဒီစာကို ရေးနေတဲ့အချိန်မှာ ကျနော့်စိတ်နှလုံးဟာ ထောင်ထဲမှာ ကျန်နေဆဲ ကျနော့်သူငယ်ချင်းတွေနဲ့အတူ ရှိနေဆဲပါ။ သူတို့ကို အချိန်နဲ့အမျှ သတိရနေပါတယ်။
ကျနော် အပြင်မှာ ဆိုပေမဲ့ တကယ်တမ်းကျတော့ သံတိုင်မဲ့အကျဉ်းထောင်ရဲ့အတွင်းမှာပဲ ရှိနေတယ်လို့ ခံစားနေမိပါတော့တယ်။
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှုး၊ AAPPB)
from burmavjmedia.net (or) burmavjmedia.org (or) burmavjmedia.com
0 comments:
Post a Comment